အခန်း ၁၀၃၁
Vol. 69 Ch. 1031
အခန်း ( ၁၀၃၁ ) အကြွင်းမဲ့ ချေမှုန်းခြင်း။
ယခုအချိန်တွင်၊ ယွင်ရှောင်ဟေး၏ ရင်ဘတ်က ပွင့်ထွက်သွားပြီး သွေးများရွှဲနစ်နေသည်။ တဒုတ်ဒုတ် ခုန်နေသော နှလုံးသားနှင့် ကိုယ်တွင်းအင်္ဂါများကိုပင် မြင်ကြရ၏။
နတ်ဆိုးနတ်ဘုရား ကောင်းကင်ခွင်းလက်သီးက လက်သီးတစ်ချက်ဖြင့် ကောင်းကင်ကို ဖွင့်နိုင်သည်ဟု ဆိုနိုင်သည်။
ယွင်ရှောင်ဟေးသာ အမြီးဆယ်ချောင်း မြေခွေးနက်၏ စွမ်းအားဖြင့် မကာကွယ်နိုင်ခဲ့ပါက၊ ဤလက်သီးဖြင့် နှစ်ခြမ်းကွဲသွားလိမ့်မည်။
သို့တိုင်၊ ယွမ်ရှောင်ဟေးမှာ ဤအခိုက်အတန့်တွင် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့သေးသည်။
ယခုလေးတင် ပတ်ဝန်းကျင်ကို လွှမ်းခြုံထားခဲ့သည့် ကြီးမားသော ဖိအားများလည်း သဲလွန်စမရှိဘဲ ပျောက်သွားသည်။
ဤဆန့်ကျင်ဘက် ပြောင်းလဲမှုက လူအားလုံးကို အံ့ဩလွန်းသဖြင့် ဘာပြောရမှန်းမသိအောင် ဖြစ်စေခဲ့ပေသည်။
ဝက်အယောင်ဆောင်ကာ ကျားသားစားချင်သော်လည်း နောက်ဆုံးမှာတော့ အမှန်တကယ် ဝက်တစ်ကောင် ဖြစ်သွားခဲ့ရသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ။ အမြီးဆယ်ချောင်း မြေခွေးနက်ရဲ့ စွမ်းအားကို ငါ နိုးထစေခဲ့ပြီးပြီ မဟုတ်ဘူးလား"
ယွင်ရှောင်ဟေးကိုယ်တိုင်လည်း ကြောင်တက်တက် ဖြစ်နေခဲ့သည်။ သူ့ဦးခေါင်းကို မိုးကြိုးအစင်းတစ်ရာ ပစ်ခွင်းခံလိုက်ရသလို ခံစားလိုက်ရ၏။
ငါတို့နှစ်ဦးစလုံးက ဖျက်ဆီးခြင်းဘုရင်တွေချည်းပဲ မဟုတ်လား။ ငါက ဘာဖြစ်လို့ မင်းထက် အားနည်းနေရတာလဲ။
ယွင်ရှောင်ဟေးလည်း သူ့ကိုယ်သူ ဖျက်ဆီးခြင်းဘုရင်အတုများ ဖြစ်နေမလားဟု သံသယဖြစ်သွားမိသည်။
"မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး"
ယွင်ရှောင်ဟေးက သူ့ကိုယ်သူ အတုအယောင်ဟု ဘယ်သောအခါမှ ဝန်ခံမည် မဟုတ်ပါ။
နိမ့်ကျသူတစ်ဦးမှ မြင့်မားသော အနေအထားသို့ ရောက်ရှိလာခဲ့ပြီးမှ အောက်ပြန်ပြုတ်ကျရသည့်အဖြစ်မျိုး လုံးဝ လက်ခံမည် မဟုတ်ပေ။
နေအလင်းကို မမြင်ဖူးမှသာ အမှောင်ထုကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။
ယွင်ရှောင်ဟေးကတော့ နေအလင်းရောင်ကို မြင်ပြီးပြီမို့ အတိတ်က အမှောင်ထုထဲသို့ ပြန်သွားနိုင်တော့မည် မဟုတ်ပါ။
ယွင်ရှောင်ဟေး၏ ခန္ဓာကိုယ်မှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာခဲ့သည်။
သူ့ရင်ဘတ်ပေါ်ရှိ ဒဏ်ရာကြီးက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကင်းလာ၏။
"ဒါက ငါ သတိလက်လွတ် ဖြစ်သွားလို့ပဲ"
ယွင်ရှောင်ဟေးက အံကြိတ်ပြီး ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။
ယင်းက အနက်ရောင် လှည့်ဘီးတစ်ခု ဖြစ်၏။ အနက်ရောင်လှည့်ဘီးက ကောင်းကင်ကို လွှမ်းခြုံတော့မည်ကဲ့သို့ လျင်မြန်စွာ ကြီးမားလာတော့သည်။
ဘီးလည်ပတ်လာသည်နှင့် လေဟာပြင်က အလွယ်တကူ ကြေမွသွားရသည်။
ဤလှည့်ဘီးရှေ့တွင် ကမ္ဘာကြီးတစ်ခုလုံး အမှုန့်ဖြစ်သွားတော့မည်ကဲ့သို့ပင်။
"ကြောက်စရာကောင်းလိုက်တဲ့ ဖိအား၊ ဒါက ဘယ်လိုလက်နက်မျိုးလဲ"
ဤလှည့်ဘီးအောက်တွင် လူအားလုံးက ပုရွက်ဆိတ်များကဲ့သို့ သေးငယ်လွန်းသလို ခံစားလိုက်ကြရသည်။
ကံမကောင်းစွာဖြင့်၊ ယခုအချိန်တွင် လှည့်ဘီးကို ထိန်းချုပ်ထားသူမှာ ယွင်ရှောင်ဟေး ဖြစ်သည်။
အကယ်၍ ဤနေရာတွင် ထိပ်သီး အကျော်အမော်တစ်ဦးဖြစ်ပါက ကမ္ဘာကြီးကို ဖျက်ဆီးပစ်ရန် သေချာပေါက် စွမ်းအားရှိလိမ့်မည်။
'သေချာတာပေါ့'
ကျွင်းရှောင်ယောက်ကတော့ ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်၍ သိပ်ပြီး မအံ့ဩမိပေ။
ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးစလုံးတွင် ကိုယ်ပိုင် ကမ္ဘာ့ဖျက်ဆီးခြင်း တားမြစ်လက်နက်တစ်ခုစီ ရှိသည်။
ထို့အပြင်၊ ဤတားမြစ်လက်နက်ခြောက်ခုမှာ လျှို့ဝှက်ချက်တစ်ခု တည်ရှိနေပုံရ၏။
ယွင်ရှောင်ဟေး၏ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်ရတနာကတော့ ဤလှည့်ဘီး ဖြစ်ပုံရပေသည်။
"အမြီးဆယ်ချောင်းက ကောင်းကင်ဖျက်ဆီးခြင်း ချပ်ပြား"
ယွင်ရှောင်ဟေးက သူ၏ ကိုယ်ပိုင် တားမြစ်လက်နက်ကို အသက်သွင်းလိုက်သည်။
အနက်ရောင်အလင်းတန်းများက ကောင်းကင်ဖျက်ဆီးခြင်း ချပ်ပြားမှ ဖြာထွက်လာသည်။ အနက်ရောင်အလင်းတန်း တစ်ခုစီက ကောင်းကင်ကို ကွဲအက်သွားစေခဲ့၏။
ဤအလင်းတန်း ဖျက်သွားသည့် နေရာတိုင်းရှိ အရာအားလုံး ပြိုကျသွားတော့သည်။
အကယ်၍ ဤတားမြစ်လက်နက်သာ အင်မော်တယ်ဘုရင်၏ လက်ထဲတွင် ရှိနေခဲ့ပါက...
ကြီးမားကျယ်ပြန့်သော ကြယ်စက်ဝိုင်းတစ်ခုကို အလွယ်တကူ ဖျက်ဆီးနိုင်လောက်သည်။
"သေစမ်း"
ယွင်ရှောင်ဟေးက ဟိန်းဟောက်ပြီး အစွမ်းကုန်ထုတ်ဖော်လိုက်သည်။ သူ့နောက်မှ မြေခွေးအမြီးဆယ်ခုက ထောင်မတ်လာ၏။
အမြီးဆယ်ချောင်း ကောင်းကင်ဖျက်ဆီးခြင်းချပ်ပြား လှည့်ပတ်လိုက်သောအခါ ဖျက်ဆီးခြင်း၏ အနက်ရောင်အလင်းတန်းများက ကျွင်းရှောင်ယောက်ထံသို့ ဦးတည်လာတော့သည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို မထုတ်ယူခဲ့ပါ။
တာ့လော့ဓားသန္ဓေကိုလည်း မထုတ်ယူခဲ့ပေ။
အကြောင်းမူ၊ မြင်းထိန်းတစ်ဦးကို ရင်ဆိုင်ရန်အတွက် လက်နက်အသုံးပြုစရာ မလိုခြင်းကြောင့်ပင်။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှ ဆဲလ်များက ကျယ်လောင်စွာ မြည်ဟီးလာခဲ့သည်။
မေယုကမ္ဘာငါးရာနှစ်ဆယ်၏ စွမ်းအားက လက်သီးတွင် ရစ်ပတ်သွား၏။
ထို့အပြင်၊ ခန္ဓာနိယာမနှင့် နတ်ဆိုးနှင့်နတ်ဘုရား စွမ်းအား၏ ထောက်ပံ့မှုဖြင့်...
ကျွင်းရှောင်ယောက်၏ လက်သီးမှာ အလွန်အားကောင်းလာတော့သည်။
သူက လက်သီးချက် မထုတ်ဖော်ရသေးသော်လည်း ဟင်းလင်းပြင်မှာ ကြောက်စရာကောင်းသော စွမ်းအားကို မခံနိုင်သလို ပြိုကျသွားရသည်။
"ဝုန်း"
ကျယ်လောင်စွာ ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။
မိုင်ပေါင်းတစ်သိန်း ကျယ်ပြောလှသော ကောင်းကင်ကြီးက ပြိုကျကာ ဟင်းလင်းပြင် အပိုင်းအစများအဖြစ် အရပ်ရပ်သို့ လွင့်စဉ်သွားခဲ့သည်။
ယင်းကိုမြင်တော့ တုရှန်မင်ဖေးက လျင်မြန်စွာလှုပ်ရှားပြီး တိုက်ခိုက်မှုလှိုင်းများကို တွန်းလှန်ရန် အတားအဆီးအလွှာတစ်ခု ပြုလုပ်လိုက်သည်။
"ဝုန်း"
ကမ္ဘာနှစ်ခု တိုက်မိသွားသကဲ့သို့ ပေါက်ကွဲသံကျယ်ကြီး ထွက်ပေါ်လာ၏။
အမြီးဆယ်ချောင်း ကောင်းကင်ဖျက်ဆီးခြင်းချပ်ပြားက ကျွင်းရှောင်ယောက်၏ လက်သီးချက်ကြောင့် လွင့်စဉ်ပြီး ယွင်ရှောင်ဟေးကို ပြန်လည်တိုက်မိသွားတော့သည်။
"ဖြောင်း"
ယခုလေးတင်၊ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာခဲ့သည့် ယွင်ရှောင်ဟေးမှာ ဒဏ်ရာပြင်းထန်စွာ ထပ်မံ ရရှိသွားခဲ့ရသည်။
သူ့ခန္ဓာကိုယ် တစ်ဝက်လောက် ပေါက်ကွဲသွားပြီး သွေးများနှင့် အသားစများမှာလည်း နေရာအနှံ့သို့ လွင့်စဉ်သွားတော့သည်။
ယင်းက သူ့အသက်တစ်ဝက်ကို နှုတ်ယူလိုက်သကဲ့သို့ ဖြစ်သည်။
ယွင်ရှောင်ဟေး လုံးဝ လက်ခံနိုင်တော့ပါ။ မယုံကြည်နိုင်တော့ပါ။
"ဘာလို့လဲ၊ ငါကလည်း ဖျက်ဆီးခြင်းဘုရင်ပဲ။ ဘာဖြစ်လို့ ဒီလိုရလဒ်မျိုးကို ကြုံရသေးတာလဲ"
သူဟာ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ကိုပင် ထုတ်ဖော်ထားခဲ့ပြီး ဖြစ်သည်။ သို့တိုင်၊ အဘယ်ကြောင့် ကျွင်းရှောင်ယောက်၏ ပြိုင်ဘက် မဖြစ်သေးသနည်း။
ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော အမူအရာဖြင့် ပြောလိုက်သည်။
"ငါတို့နှစ်ဦးစလုံးဟာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက နှစ်ပါးဖြစ်တာ မှန်ပေမဲ့ ငါ့စွမ်းရည်က မင်းကို အကြိမ်ပေါင်းထောင်ချီပြီး သေဆုံးစေဖို့ လုံလောက်တယ်"
"ဒါကြောင့် ငါ့ရှေ့မှာ ဖုန်မထနဲ့"
ကျွင်းရှောင်ယောက်က လျှော့လျှော့ပေါ့ပေါ့ ပြောလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုစကားများကိုကြားတော့ ယွင်ရှောင်ဟေး၏ တာအိုနှလုံးသားမှာ ပြိုလဲလုနီး ဖြစ်သွားရ၏။
ထို့အပြင်၊ သူ့နတ်သမီး၏ရှေ့တွင် ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
အမြင့်သို့ပစ်တင်ပြီးမှ ရိုက်ချခံရသည့် ခံစားချက်ကြီးကို ယွင်ရှောင်ဟေး မခံစားနိုင်တော့ပေ။
"သခင်လေးက တကယ်ကို ပြိုင်ဘက်ကင်းတာပဲ"
အမြီးဆယ်ချောင်း ကမ္ဘာဖျက်ဆီးခြင်း မြေခွေးနက်ကိုပင် လှုပ်ရှားမှုအနည်းငယ်မျှဖြင့် အနိုင်ယူခဲ့ကြောင်း တွေ့လိုက်ရတော့...
တုရှန်ဝမ်ဝမ်၏ လှပသော မျက်လုံးများမှာ ပို၍ တောက်ပသွားခဲ့သည်။
ဒဏ်ရာအပြင်းအထန်ရပြီး သနားစဖွယ်ဖြစ်နေရှာသော ယွင်ရှောင်ဟေးကိုတော့...
တုရှန်ဝမ်ဝမ်က ကြည့်ပင်မကြည့်တော့ပေ။
အကယ်၍သာ ယခင်ကဖြစ်ခဲ့လျှင် တုရှန်ဝမ်ဝမ်မှာ သူ့မြင်းထိန်းဖြစ်ခြင်းအတွက် စောင့်ရှောက်မိဦးမည် ဖြစ်သည်။
သို့သော်လည်း စွမ်းအားကြီးလာသည်နှင့် အချိုးပြောင်းသွားသော ယွင်ရှောင်ဟေး၏ပုံစံက တုရှန်ဝမ်ဝမ်အား လုံးဝစက်ဆုပ်သွားစေခဲ့သည်။
ဤကဲ့သို့ ကောက်ကျစ်သော မြေခွေးတစ်ကောင်ကို ဘယ်လိုကောက်ယူခဲ့သလဲဟုပင် သူ့ကိုယ်သူ ပြန်တွေးလိုက်မိလေသည်။
တုရှန်ဝမ်ဝမ်၏ အမူအရာနှင့် သူ့ကို ကြည့်ပင်မကြည့်ကြောင်း မြင်ရပြီးနောက် ယွင်ရှောင်ဟေး၏ နှလုံးသားမှာ ပို၍ နာကျင်သွားရသည်။
ယခုတော့ သူနှင့် တုရှန်ဝမ်ဝမ်ဟာ တကယ်ကို သူစိမ်းများ ဖြစ်သွားကြပြီ။
အမှန်ဆိုလျှင်၊ တုရှန်ဝမ်ဝမ်က သူ့ကို ရန်လိုပြီး ရွံ့ရှာမုန်းတီးမှုတို့ဖြင့်သာ ကြည့်ခဲ့ပြီ ဖြစ်သည်။
ယွင်ရှောင်ဟေး၏ မျက်လုံးများတွင် မကျေနပ်ခြင်းများ ပေါ်လာခဲ့သည်။
ယွင်ရှောင်ဟေး၏ အကြည့်ကို မြင်လိုက်ရတော့၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။
ကြက်သွန်မြိတ်အဖြစ် မမွေးချင်ပါက၊ အမြစ်ပါမကျန် တူးထုတ်တတ်သော သူ့အမူအကျင့်အတိုင်း...
ကျွင်းရှောင်ယောက်က ယွင်ရှောင်ဟေးကိုသတ်ရန် အကဲစမ်းကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်တော့ တုရှန်မင်ဖေးက တစ်ခုခုပြောလိုဟန်ဖြင့် ပါးစပ်ဟလိုက်၏။ သို့သော်လည်း အဆုံးမှာတော့ ဘာမျှမပြောဖြစ်ခဲ့ပေ။
သူမစိတ်ထဲတွင် တုံ့ဆိုင်းနေမိသည်။
မည်သို့ပင်ဆိုစေ၊ ယွင်ရှောင်ဟေးကို တုရှန်မြေခွေးမျိုးနွယ်၏ မျိုးနွယ်ဝင်အဖြစ် သတ်မှတ်နိုင်သည်။ ထို့အပြင် သူကက အမြီးဆယ်ချောင်း ကမ္ဘာဖျက်ဆီးခြင်း မြေခွေးနက် သွေးမျိုးဆက်ကိုလည်း နိုးထစေခဲ့သေးသည်။
ယင်းက တုရှန်ဧကရာဇ်မျိုးနွယ်အတွက် အလွန်တန်ဖိုးရှိသည်။
အကောင်းဆုံးရလဒ်က ကျွင်းရှောင်ယောက်နှင့် ယွင်ရှောင်ဟေးတို့ နှစ်ဦးစလုံး တုရှန်ဧကရာဇ်မျိုးနွယ်၏ သားမက်များ ဖြစ်လာကြခြင်းပင်။
သို့သော်လည်း ယခုအခါမှာတော့ တုရှန်မင်ဖေးဟာ ဤအရာက ရိုးရှင်းစွာ မဖြစ်နိုင်ကြောင်း သိလိုက်သည်။
သူ၏ သမီးငါးယောက်ကလည်း တစ်ယောက်မှ ယွင်ရှောင်ဟေးကို မကြည့်ပေ။
နှစ်ယောက်ကြား ရွေးရမည်ဆိုလျှင်ပင် ကျွင်းရှောင်ယောက်ကိုသာ မဆိုင်းမတွ ရွေးချယ်မည့်သူများ ဖြစ်သည်။
ထိုနေရာတွင်၊ သေချာတာကတော့ သူရုပ်ချောခြင်း တစ်ခုတည်းကြောင့် မဟုတ်ပေ။
ရှုထောင့်အားလုံးတွင်၊ ယွင်ရှောင်ဟေးက နိမ့်ပါးသည်။
ထို့အပြင်၊ သူ၏ စိတ်ဓာတ်မတည်ငြိမ်ပုံမျိုးဖြင့် အနာဂတ်တွင် မည်သို့သောဒုက္ခများ ဖြစ်လာမလဲဆိုတာ မည်သူသိမည်နည်း။
ထို့ကြောင့် တုရှန်မင်ဖေးက ဝင်စွတ်ဖက်ရန် စိတ်မကူးတော့ဘဲ သက်ပြင်းကိုသာ ချလိုက်တော့သည်။
ထိုအချိန်တွင်...
"ဟမ့်"
အေးစက်သော နှာချေသံတစ်ခု ထွက်ပေါ်လာသည်။
"ရပ်လိုက်စမ်း၊ ဒဏ္ဍာရီလာ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တွေက အချင်းချင်း သတ်ဖြတ်နေကြတာ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ"
အားကောင်းသော အရှိန်အဝါများဖြင့် အကြီးအကဲ အများအပြားက ကောင်းကင်တွင် ပေါ်လာကြ၏။
သူတို့အားလုံးက ကောင်းကင်အဓိပဓိနှင့် ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့်တွင် ရှိကြသည်။
"ဟင်၊ အဲ့ဒါ မင်ကျောက်ဧကရာဇ်မျိုးနွယ်ရဲ့ အကြီးအကဲပဲ"
"မော့ကျဲဧကရာဇ်မျိုးနွယ်က အကြီးအကဲတွေလည်း ရှိတယ်။"
"နောက်ပြီးတော့ ကျိမန်ဧကရာဇ်မျိုးနွယ်စုရဲ့ အကြီးအကဲရောပဲ"
ရုတ်တရက် တအံ့တဩ စကားသံများ ထွက်ပေါ်လာခဲ့သည်။
ရောက်လာသူအားလုံးက အင်မော်တယ်ဧကရာဇ်မျိုးနွယ်များမှ ကျွမ်းကျင်သူများ ဖြစ်၏။ ဤအခိုက်တွင်၊ သူတို့က အတူတကွ ပေါ်လာသောကြောင့် လူတိုင်း အံ့အားသင့်သွားကြတော့သည်။
သူတို့က ယွင်ရှောင်ဟေးကို ထောက်ပံ့ရန် ရောက်လာကြပုံပေါ်သည်။
ထို့အပြင်၊ သူတို့အားလုံးမှာ တူညီသော အရာတစ်ခု ရှိ၏။
ယင်းမှာ၊ သူတို့အားလုံးက ကျွင်းရှောင်ယောက်ကို မုန်းတီးသော အင်အားစုများမှ ဖြစ်နေခြင်းသာ ဖြစ်ပေတော့သည်။