အခန်း ၁၀၃၂
Vol. 69 Ch. 1032
အခန်း ( ၁၀၃၂ ) ဘုရင်ခြောက်ပါး၏ လျှို့ဝှက်ချက်။
ထိုဧကရာဇ်မျိုးနွယ်မှ လူများ ပေါ်လာသည်ကို မြင်လိုက်ရတော့ ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွားသည်။
သူက ယွင်ရှောင်ဟေးကို လှမ်းကြည့်လိုက်၏။
"ဟုတ်တယ်၊ မင်းကို ငါလျှော့တွက်ခဲ့မိတယ်"
ယွင်ရှောင်ဟေးက ဖျက်ဆီးခြင်းမြေခွေးနက်၏ စွမ်းအားကို အသက်သွင်းကာ သူ့ဒဏ်ရာများကို ကုသလိုက်သည်။
ယခုအချိန်တွင် သူက လှောင်ပြုံးပြုံးနေပြီး ဘာမျှမပြောပေ။
လူတိုင်းက သူ့ကို လူမိုက်ဟု ထင်ကောင်းထင်နိုင်သည်။
သို့ရာတွင်၊ ယွင်ရှောင်ဟေးက မတုံးအပေ။
သတို့သမီးကို သူတစ်ယောက်တည်း လုယူရန်က သဘာဝအတိုင်း မဖြစ်နိုင်ပါ။
ထို့ကြောင့်ပင် အပြည့်အဝ ကြိုတင်ပြင်ဆင်ထားခဲ့သည်။
ကမ္ဘာဖျက်ဆီးခြင်းဘုရင်ဟူသော သူ့ကိုယ်ပိုင်လက္ခဏာကို လျှို့ဝှက်အသုံးပြုပြီး ကျွင်းရှောင်ယောက်နှင့် ရန်ငြိုးဖွဲ့ထားသည့် အင်မော်တယ်ဧကရာဇ်မျိုးနွယ်စုများနှင့် ဆက်သွယ်ခဲ့သည်။
ထိုသို့ဖြင့် သဘောတူညီချက် ရရှိခဲ့၏။
ဤအင်မော်တယ်ဧကရာဇ်မျိုးနွယ်စုများကလည်း ကမ္ဘာဖျက်ဆီးခြင်းဘုရင်နှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် သဘာဝအတိုင်း ဆန္ဒရှိကြသည်။
ထို့အပြင်၊ ကျွင်းရှောင်ယောက်က သူတို့အားလုံး၏ ဘုံရန်သူဖြစ်နေခဲ့သည် မဟုတ်လော။
"အခု မင်းငါ့ကို အထင်သေးနိုင်သေးလား"
ယွင်ရှောင်ဟေးက အေးစက်စက် ပြုံးလိုက်သည်။
"ငါ အရင်က မင်းကို လုံးဝ အရူးတစ်ယောက်လို့ပဲ ထင်ခဲ့တာ၊ အခုတော့ မင်းက နည်းနည်းဉာဏ်ကောင်းပုံရတယ်"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ဘာကွ"
ယွင်ရှောင်ဟေး ဒေါသထွက်လွန်းသဖြင့် သူ့နှလုံးသားတွေ ပေါက်ကွဲလုမတတ် ဖြစ်သွားသည်။
ဒါက သူ့ကို ချီးကျူးနေတာလား၊ စော်ကားလိုက်တာလား။
ထိုစကားကိုကြားတော့ တုရှန်အလှလေးငါးဦးလည်း သူတို့၏ပါးစပ်ကို လက်နှင့်ကွယ်ပြီး မရယ်မောဘဲ မနေနိုင်တော့ပေ။
"သခင်လေးက စကားသိပ်မပြောပေမဲ့ တကယ် လျှာဆိပ်ပြင်းလိုက်တာ။ မဟုတ်မှလွဲ၊ ကျူအန်းမျိုးနွယ်ကများလား"
တုရှန်ချွန်းချွန်းက ရယ်မောလိုက်သည်။
ကျူအန်းမျိုးနွယ်စုသည် တိုင်းတစ်ပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်တစ်ခု ဖြစ်သည်။
ဤမျိုးနွယ်ကား အလွန်ထူးဆန်း၏။ ဤမျိုးနွယ်စုရှိ သတ္တဝါများတွင် မိခင်များမရှိဘဲ ရာဂစိတ်ဖြင့် မျိုးပွားကြသည်။
ထိုမျှသာမကဘဲ တခြား ကိုယ်ဝန်ဆောင်နိုင်သော မိခင်သတ္တဝါများကိုလည်း မုန်းတီးကြသေးသည်။
ထို့အပြင် သူတို့၏ သွေးမျိုးဆက်စွမ်းရည်က ထူးခြားပြီး စကားလုံးနိယာမ ဖြစ်သည်။
စကားတစ်ခွန်းဖြင့် လူတစ်ဦးကို သတ်နိုင်ကြ၏။
ဤစွမ်းရည်ကြောင့် မရေတွက်နိုင်သော မိခင်များ သေဆုံးခဲ့ရသည်။
ထို့ကြောင့် ဤမျိုးနွယ်ကို အမဲလိုက်သူများဟုလည်း ခေါ်ကြပေသည်။
ယခုလည်း ကျွင်းရှောင်ယောက်၏ စကားများသည် အနည်းငယ် အဆိပ်ပြင်းသောကြောင့် ကျူအန်းမျိုးနွယ်ကိုပင် သတိရစေခဲ့သည်။
ဟုတ်ပေသည်၊ ဟာသတစ်ခုသာ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ကျူအန်းမျိုးနွယ်မှ မဖြစ်နိုင်ကြောင်း သူတို့ကောင်းစွာသိကြသည်။
မဟုတ်ပါက၊ တုရှန်မင်ဖေးမှာ ဤမတိုင်မီကပင် အန္တရာယ်ရှိနေပေလိမ့်မည်။
ကျွင်းရှောင်ယောက်က ယွင်ရှောင်ဟေးကိုကြည့်ပြီး ပြောလိုက်သည်။
"ငါ ဘာဖြစ်လို့ ဒီလိုပြောရသလဲ သိရဲ့လား"
"မင်းက မိုက်မဲသေးလို့ပဲ၊ မင်းမှာ နောက်ခံနည်းနည်း ရှိလာတာနဲ့ ယုံကြည်မှုတို့ရှိလာတယ်။ ငါ မင်းကို သတ်ချင်ရင် ဘယ်သူမှ ငါ့ကို တားလို့မရဘူး"
"မင်းလုပ်ရဲလား"
မင်ကျောက်ဧကရာဇ်မျိုးနွယ်နှင့် မော့ကျဲဧကရာဇ်မျိုးနွယ်မှ အကြီးအကဲများက အေးစက်စက် ပြောလိုက်၏။
သူတို့အားလုံး ပေါ်လာသော်လည်း ကျွင်းရှောင်ယောက်က သူတို့ကို အလေးအနက်မထားသေးပေ။
"ဒါဆို စမ်းကြည့်ရအောင်"
လုမင်က တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ ထို့နောက် တစ်စုံတစ်ခုကို သတိပြုမိဟန်ဖြင့် ခဏ ရပ်လိုက်၏။
"မင်းဒီကိုရောက်နေမှတော့ ဘာလို့ ကိုယ်ထင်မပြရတာလဲ"
ကျွင်းရှောင်ယောက် ရုတ်တရက် ပြောလိုက်သော စကားကြောင့် လူအများ စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။
"မင်း ဘာတွေ လျှို့ဝှက်ဆန်းကျယ်ဟန်ဆောင်နေတာလဲ"
ယွင်ရှောင်ဟေးက အေးစက်စက်ဖြင့် စိုက်ကြည့်လိုက်၏။
လေထုက တိတ်ဆိတ်သွားသည်။
ထိုအချိန်တွင်...
ချိုလွင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ခစ်ခစ်၊ ပထမဘုရင်အရှင်... နင်က ငါ့အငွေ့အသက်တွေကို အရမ်း ရင်းနှီးနေတာလား။ ငါ့ကို ချက်ချင်း သတိပြုမိတာ"
ဤအသံသည် အလွန်ရှင်းလင်းပြတ်သားပြီး လူများစွာကို အံ့အားသင့်စေခဲ့၏။
အဝေးတွင်၊ လေဟာပြင်က ပွင့်လာပြီး အတွင်းမှ လှပသော ပုံရိပ်တစ်ခု ထွက်ပေါ်လာတော့သည်။
အသက်တစ်ရှိုက်စာအတွင်း လှပသောအရိပ်က တစ္ဆေတစ်ကောင်ကဲ့သို့ ကျွင်းရှောင်ယောက်၏နံဘေးသို့ တိုက်ရိုက်ပျံသန်းလာခဲ့သည်။
သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်ကလေးက ကျွင်းရှောင်ယောက်နှင့် လွန်စွာ နီးကပ်သွား၏။
ထိုမှသာ ကျွင်းရှောင်ယောက်လည်း သူ့ရှေ့ရှိ မိန်းကလေး၏ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
လှပသောမျက်နှာ၊ အချိုးအစားကျသော ခန္ဓာကိုယ်နှင့် တိုင်းပြည်များကိုပင် ပြိုလဲစေနိုင်လောက်သော အလှပိုင်ရှင် မိန်းကလေးတစ်ဦး ဖြစ်၏။
အသွင်အပြင်အရ၊ သူဟာ တုရှန်အလှလေးငါးဦးထက် မနိမ့်ကျသည်မှာ သေချာသည်။
ကွေးညွှတ်နေသော မျက်ခုံးမွှေး၊ ရှည်လျားသော မျက်တောင်ကော့၊ ဖြောင့်စင်းသောနှာတံ၊ နီရဲသောနှုတ်ခမ်းတို့ဖြင့်... မျက်မှောင်ကြုတ်လိုက်သည်ကပင် ချစ်စရာကောင်းနိုင်သည်။
ကြည်လင်သော အသားအရေနှင့် သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းကလည်း လွန်စွာမှ ဆွဲဆောင်မှုရှိ၏။
ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထိုမိန်းကလေး၏ ရင်ဘတ်ပေါ်သို့ မရည်ရွယ်ဘဲ စိုက်ကြည့်မိသွားသည်။
ယင်းကြောင့် မိန်းကလေးက အော်ဟစ်ပြီး ကိုယ်ကလေးရို့လိုက်လေသည်။
"ပထမဘုရင် သခင်၊ လူကို ဘယ်နေရာကြည့်နေတာလဲ"
"ဟားဟားဟား၊ စိတ်ဝင်စားစရာပဲ"
ကျွင်းရှောင်ယောက် ရယ်မောလိုက်သည်။
ဤမိန်းကလေး၏ ဖြူဖွေးသော ရင်ဘတ်ပေါ်တွင် အနက်ရောင် ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခု အမှန်တကယ် ရှိနေပေသည်။
အခြား ဖျက်ဆီးခြင်းဘုရင်များ၏ ခြောက်ထောင့်ကြယ် အမှတ်အသားများက ၎င်းတို့၏ လက်ကောက်ဝတ် သို့မဟုတ် ဝမ်းဗိုက်ပေါ်တွင် ရှိကြသည်။
ဤမိန်းကလေးမှာတော့ သူမ၏ ရင်ဘတ်ပေါ်တွင် စွဲထင်နေကာ တုန်လှုပ်ခြင်းများဖြင့် လိုက်ပါ လှုပ်ရှားနေရတော့သည်။
မည်သို့ပင်ဆိုစေကာမူ၊ မိန်းကလေး၏ အထောက်အထားက ထင်ရှားနေခဲ့ပြီ ဖြစ်သည်။
သူသည်လည်း ဘုရင်ခြောက်ပါးထဲမှ တစ်ပါး ဖြစ်ချေသည်။
သို့ရာတွင်၊ သူမ၏ အခေါ်အဝေါ်ကြောင့် ကျွင်းရှောင်ယောက်မှာ အနည်းငယ် သိချင်လာမိသည်။
ပထမဘုရင်။
'ဒီမိန်းကလေးက နက်နဲတဲ့ အချက်အလက်တွေကို ပိုပြီးသိထားပုံရတယ်'
ကျွင်းရှောင်ယောက် သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
"မင်းကလည်း ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲက တစ်ယောက်ပဲ"
ထိုမိန်းကလေး၏ တည်ရှိမှုကို အာရုံခံစားပြီးနောက် ယွင်ရှောင်ဟေး ပြောလိုက်သည်။
ထိုစကားတစ်ခွန်းကြောင့် လူထုမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်တော့သည်။
"ဘာ၊ နောက်ထပ် ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တစ်ပါး ပေါ်လာတာလား"
"ဒီနေ့ ဘုရင်သုံးပါး စုဝေးမှုကို ငါတို့ သက်သေခံနိုင်ပြီ"
"စစ်နတ်ဘုရားရဲ့နောက်လိုက် စူးဟုန်ယီ အပါအဝင် လေးယောက်ရှိနေပြီ"
"သေချာတာပေါ့၊ ဖျက်ဆီးခြင်းဒဏ္ဍာရီက လက်တွေ့ဖြစ်လာတော့မယ်"
မရေမတွက်နိုင်သော သတ္တဝါများ တုန်လှုပ်သွားကြသည်။
မမျှော်လင့်ဘဲ၊ ယနေ့တွင် ကမ္ဘာဖျက်စီးခြင်း ဘုရင်သုံးပါး၏ စုဝေးမှုကို သူတို့ မြင်တွေ့ကြရပြီ။
ဤသည်မှ သေချာပေါက် သမိုင်းဝင် အခိုက်အတန့် ဖြစ်သည်။
"မင်းက ယီရှဲ့ဧကရာဇ်မျိုးနွယ်ထဲကလား"
အန်းလန်ဧကရာဇ်သားတော်က တစ်ခုခုကို တွေးမိဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ယခင်က သူဟာ ဖူခွေ့နတ်သမီးနှင့် ဆွေးနွေးဖူးသည်။
နတ်ဘုရားဝါးမျို ဧကရာဇ်သားတော်ကို ကျွင်းရှောင်ယောက် သတ်လိုက်ပြီးနောက်...
နတ်ဘုရားဝါးမျို ဧကရာဇ်မျိုးနွယ်က တရားမျှတမှုကို ရှာဖွေလိုသော်လည်း အခြားမျိုးနွယ်တစ်ခု၏ တားဆီးခံခဲ့ရပေသည်။
ထိုမျိုးနွယ်စုကတော့ ယီရှဲ့ဧကရာဇ်မျိုးနွယ်မှလွဲ၍ အခြားမဟုတ်ပေ။
"ယီရှဲ့ဧကရာဇ်မျိုးနွယ်လား"
ကျွင်းရှောင်ယောက်လည်း သူ့ကိုမှီခိုနေသော မိန်းကလေးကိုကြည့်ရင်း အံ့သြသွားမိသည်။
ယီရှဲ့ဧကရာဇ်မျိုးနွယ်အကြောင်း သူလည်း ကြားခဲ့ဖူးပေသည်။ ယင်းက အမည်မဲ့နယ်မြေနှင့် ဆက်နွှယ်သည်ဟူသော ကောလဟာလများ ရှိသည်။
ဤမျိုးနွယ်စုကို တည်ထောင်ခဲ့သူမှာ အမှောင်ကမ္ဘာ၏ မိခင်နတ်ဘုရားမ အီဇာနာမီ ဖြစ်သည်။
"ငါ့နာမည်က ကာကူရာပါ။ နောက်ဆုံးတော့ ပထမဘုရင်သခင်နဲ့ တွေ့နိုင်ပြီ"
ကာကူရာအမည်ရှိသော မိန်းကလေးက တောက်ပစွာပြုံးရင်း ပြောလိုက်သည်။
"ငါတို့ အချင်းချင်း သိကြလား"
ကျွင်းရှောင်ယောက် မျက်ခုံးပင့်ကြည့်လိုက်၏။
"ငါတို့က အခု လူပြန်ဝင်စားနေပြီဆိုပေမဲ့ အရင်လူဝင်စားတုန်းက ပထမဘုရင်သခင်ဟာ ငါ့ကို တစ်ကြိမ်ထက်ပိုပြီး ကယ်တင်ခဲ့ပါတယ်"
ကာကူရာက ကျွင်းရှောင်ယောက်ကိုမှီပြီး ချွဲနွဲ့သောလေသံလေးဖြင့် ပြောလိုက်သည်။
"ဒီလိုပဲ"
ကျွင်းရှောင်ယောက် သဘောပေါက်သွား၏။
ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးမှာ ပထမဘုရင်မှ ဆဋ္ဌမဘုရင်အထိ ဖြစ်သင့်သည်။
စစ်နတ်ဘုရားနန်းတော်၏ ပထမမျိုးဆက် စစ်နတ်ဘုရားက ပထမဆုံးဘုရင် ဖြစ်လိမ့်မည်။
ထိုသွေးမျိုးဆက်၏ ဘုရင်ဟောင်းက ကာကူရာ၏ မျိုးဆက်မှ ဘုင်ဟောင်းကို ကယ်တင်ခဲ့ပုံရသည်။
ထို့ကြောင့် အခုအချိန်အထိ သူတို့ဟာ ရေစက်ကြိုးများဖြင့် ရောထွေးနေခဲ့ပုံရလေသည်။
ယခု ကာကူရာအဖြစ် နိုးလာချိန်အထိ သူ့အပေါ် တောင့်တပြီး မှီခိုနေဆဲ ဖြစ်သည်။
"ဒါဆို သူက..."
ကျွင်းရှောင်ယောက်က ယွင်ရှောင်ဟေးကို ကြည့်လိုက်သည်။
"သူက ပဉ္စမမြောက် ဘုရင့်အဆက်အနွယ်ဖြစ်ပြီး နင့်ရဲ့နောက်လိုက် စူးဟုန်ယီကတော့ ဆဋ္ဌမမြောက် ဘုရင်ရဲ့အဆက်အနွယ်ပဲ"
ကာကူရာ ပြောလိုက်၏။
"မင်းကရော"
"ပထမဘုရင် သခင်က တကယ်ကို မေ့နေတောပဲ။ ငါက စတုတ္ထမြောက်ဘုရင်ရဲ့ အဆက်အနွယ်ပါ"
ကျွင်းရှောင်ယောက်လည်း ယခုမှပင် နားလည်သွားခဲ့သည်။
ပထမမျိုးဆက် စစ်နတ်ဘုရားက ဘုရင်များ၏ ပထမမျိုးဆက် ဖြစ်သည်။
ယီရှဲ့ဧကရာဇ်မျိုးနွယ်စုမှ အမှောင်ကမ္ဘာ၏ မိခင်နတ်ဘုရားမက စတုတ္ထမြောက်ဘုရင် ဖြစ်၏။
ကမ္ဘာဖျက် အမြီးဆယ်ချောင်း မြေခွေးနက်က ပဉ္စမမြောက် ဘုရင့်မျိုးရိုးဖြစ်ပြီး မဟာကာလီကတော့ ဆဋ္ဌမမြောက်ဘုရင်၏ အဆက်အနွယ်ပင်။
ဤနည်းဖြင့်ကြည့်လျှင် ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးစလုံးက မယုံကြည်နိုင်သော မျိုးရိုးတစ်ခု၏ အမွေဆက်ခံမှုကို ကိုယ်စားပြုသည်။
ကျွင်းရှောင်ယောက်လည်း ထိုအကြောင်းများကိုတွေးလေလေ၊ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးတွင် လျှို့ဝှက်ချက်အချို့ ရှိနေနိုင်သည်ဟု ပို၍ ခံစားလာရလေလေပင်။
ထို့အပြင်၊ ဤကာကူရာက အတော်များများကို သိထားသင့်သည်။