အခန်း ၁၀၃၄
Vol. 69 Ch. 1034
အခန်း ( ၁၀၃၄ ) တုရှန်အလှလေးငါးဦးနှင့် လက်ထပ်ခြင်း။
တုရှန်မင်ဖေး ရှက်သွားသည်။
သူသည် ရင့်ကျက်သူတစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် အပျိုလေးတစ်ယောက်ကဲ့သို့ ရှက်ရွံ့မှုကို ခံစားနေရ၏။
သို့သော်လည်း ကစဉ့်ကလျားသွေးအနှစ်သာရက အမှန်ပင် သူမအတွက် အလွန်အရေးကြီးပြီး ကြီးမားသောအကျိုးသက်ရောက်မှု ရှိသည်။
အကြောင်းမူ၊ တုရှန်မင်ဖေးက နတ်ဖန်ဆင်းခြင်းအဓိပဓိအဆင့်တွင် အချိန်အတော်ကြာ ရပ်တန့်နေခြင်းကြောင့်ပင်။
နောက်တစ်ဆင့်က ပျက်စီးခြင်းတာအိုသခင်အဆင့်သို့ ဖြတ်ကျော်ရန် ဖြစ်သည်။
အကယ်၍၊ ကစဉ့်ကလျားသွေးအနှစ်သာရကို ရရှိနိုင်လျှင် ပျက်စီးခြင်းတာအိုသခင်အဆင့်သို့ ဖြတ်ကျော်ရန် သူမအတွက် များစွာအထောက်အကူဖြစ်လိမ့်မည်။
ကစဉ့်ကလျားခန္ဓာက အလွန်ရှားပါးပြီး ခေတ်တခေတ်တွင် တစ်ဦးပေါ်ထွက်ရန် မလွယ်ပါ။
ယခုတော့ သူ့ရှေ့တွင် ကျွင်းရှောင်ယောက်ရှိနေပြီဖြစ်သောကြောင့် တုရှန်မင်ဖေးဟာ ဤအခွင့်အရေးကို သဘာဝအတိုင်း လက်လွှတ်မခံချင်တော့ပေ။
ထိုစကားကိုကြားတော့ အားလုံးက အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
ကစဉ့်ကလျားသွေးအနှစ်သာရ တောင်းခံခြင်းက မမှားပေ။
သို့သော်လည်း ဤအချိန်မျိုးတွင် တစ်ခုခုလွဲနေသလို ခံစားလိုက်ကြရသည်။
"ကောင်းပြီ"
ကျွင်းရှောင်ယောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
တုရှန်ဧကရာဇ်မျိုးနွယ်ကို အနိုင်ယူရန် ဤနည်းလမ်းကို အသုံးပြုနိုင်ပါက ရှုံးမည်မဟုတ်ပါ။
သူတို့ကို အနိုင်မယူနိုင်လျှင်ပင် အနည်းဆုံးတော့ ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်နိုင်သည်။
မည်သို့ပင်ဆိုစေ၊ ကျွင်းရှောင်ယောက်အတွက် သွေးအနှစ်သာရက ပေးရန်မခက်ပေ။
ကျွင်းရှောင်ယောက်လည်း သူ့နှလုံးသားမှ ကစဉ့်ကလျား သွေးအနှစ်သာရတစ်စက် ထုတ်ယူပြီး တုရှန်မင်ဖေးကို ပေးလိုက်သည်။
တုရှန်မင်ဖေး၏ မျက်နှာက ဝင်းပသွားပြီး တောက်ပစွာပြုံးရင်း လက်ခံလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် မိတ်ဆွေလေးရှောင်ယောက်၊ ဒါဆို နောက်ထပ်က မင်္ဂလာပွဲ ကျင်းပသင့်ပြီ"
"ဒါက..."
ကျွင်းရှောင်ယောက် အနည်းငယ် တုံ့ဆိုင်းသွားသည်။
သူဟာ ဤတစ်ကြိမ်တွင် ကြက်သွန်မြိတ်များ ရိတ်သိမ်းရန်အတွက် ရောက်လာခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့်၊ သူကိုယ်တိုင် သတိမထားမိဘဲ ဤပွဲ၏ အဓိကဇာတ်ဆောင်ဖြစ်လာပြီ။
ထို့အပြင် မြေခွေးတစ်ကောင်တည်းမဟုတ်ဘဲ၊ ငါးယောက တပြိုင်တည်း ဖြစ်သည်။
"သခင်လေး..."
တုရှန်ချွန်းချွန်းက ခပ်တိုးတိုးခေါ်ရင်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
“သခင်လေး...”
တုရှန်ဝမ်ဝမ်လည်း စိုးရွံ့သွား၏။
ကျွင်းရှောင်ယောက်သာ လူရှေ့သူရှေ့တွင် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါက သူတို့အရှက်ကွဲပေလိမ့်မည်။
တုရှန်ယွဲ့ယွဲ့၊ တုရှန်ထောင်ထောင်နှင့် တုရှန်ရှောင်ရှောင်းတို့လည်း စိုးရိမ်ပူပန်သော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်နေခဲ့ကြသည်။
"အားလုံးက အခုလို လက်ထပ်ပွဲတွေ ကျင်းပရတဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ သူတို့လေ့ကျင့်ထားတဲ့ အင်မော်တယ်ကျမ်းကြောင့်ပဲ။ အချိန်ကျရင် ဖြေရှင်းဖို့ နည်းလမ်းရှိ၊မရှိ ကြည့်ကြရအောင်"
ကျွင်းရှောင်ယောက်လည်း အဆင်မပြေသော လေထုကို ပြေလျော့စေရန် ပြုံးလိုက်သည်။
ထိုအချိန်တွင် ဘေးနားမှ ကာကူရာက ရုတ်တရက် ဝင်ပြောလိုက်၏။
"ပထမဘုရင်နန်းတော်က လက်ထပ်မယ်ဆိုရင် ငါ့ကိုလည်း ဘာလို့ လက်မထပ်ရမှာလဲ"
"ငါက နင့်မှာ မိန်းမဘယ်နှယောက်ရှိလဲဆိုတာကို စိတ်မ၀င်စားပါဘူး။ ဘာပဲဖြစ်ဖြစ်၊ သန်မာတဲ့ ယောက်ျားတစ်ယောက်မှာ မိန်းမများများရှိတာက မထူးဆန်းဘူး"
ဤကိစ္စတွင် ကာကူရာက အလွန်ပွင့်လင်းည်။
ကျွင်းရှောင်ယောက်လည်း ဘာပြောရမည်မှန်း မသိတော့ပေ။
မိန်းကလေးများကြားတွင် ရေပန်းစားခြင်းကလည်း တော်တော်ဒုက္ခများကြောင်း ပထမဆုံးအကြိမ် သိလိုက်ရသည်။
"ကောင်းပြီ၊ အဲဒီကိစ္စကိုတော့ နောက်မှပေါ့။ အခု အရင်ဆုံး လက်ထပ်လိုက်ကြတာက ပိုမကောင်းဘူးလား"
တုရှန်မင်ဖေးက လက်ခုပ်တီးပြီး ပြောလိုက်သည်။
"ကောင်းတယ်"
တုရှန်ချွန်းချွန်းက တောက်ပစွာ ပြုံးလိုက်သည်။
"လုပ်နိုင်ပါတယ်"
တုရှန်ဝမ်ဝမ်လည်း မျက်နှာလေးနီနေပြီး ခေါင်းညိတ်လိုက်၏။
"သမီးလည်း ကန့်ကွက်စရာ မရှိဘူး"
တုရှန်ရှောင်ရှောင်းက ဆိုသည်။
"စိတ်လှုပ်ရှားမိတယ်"
တုရှန်ထောင်ထောင်က သူ့လက်ညိုးလေးများကို တို့ထိဆော့ကစားရင်း ပြောလိုက်လေသည်။
"ဒါဆိုရင် ညီမတွေနဲ့ စမ်းကြည့်ရအောင်"
တုရှန်ယွဲ့ယွဲ့လည်း ဆွဲဆောင်မှုရှိသော အပြုံးကို လှစ်ဟလိုက်သည်။
တုရှန်အလှလေးငါးဦးကတော့ ကန့်ကွက်ခြင်းမရှိတော့ပေ။
တစ်ဖက်တွင်၊ ကျွင်းရှောင်ယောက်က ခေါင်းကိုက်သွားသည်။
သို့သော်လည်း လူပရိသတ်များစွာ၏ ရှေ့မှောက်မှာမို့ ရင်ဆိုင်ရန်သာ ရှိတော့သည်။
အချိန်တန်သည်အထိ စောင့်ဆိုင်းပြီးမှ နည်းလမ်းရှာရမည် ဖြစ်သည်။
မကြာမီ၊ အိမ်ထောင်ရေးညီလာခံမှ မင်္ဂလာပွဲ ကျင်းပခဲ့လေသည်။
တုရှန်မျိုးနွယ်တစ်ခုလုံးက မီးရောင်စုံများ ထွန်းညှိထားပြီး ပျော်ရွှင်မှုတို့ အပြည့်ရှိခဲ့သည်။
ထိုအထဲတွင်၊ ချီဟုန်ယွိတစ်ဦးသာ အသက်မဲ့သော မျက်လုံးများဖြင့် ရပ်နေခဲ့လေသည်။
ဤအဖြစ်အပျက်များက သူ့အပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုရှိကာ အချိန်အတော်ကြာသည်အထိ ပြန်ကောင်းနိုင်တော့မည် မဟုတ်ပေ။ ကျွင်းရှောင်ယောက်၏ အရိပ်အောက်တွင် နစ်မြုပ်နေတော့မည် ဖြစ်သည်။
သို့သော်လည်း အရှုံးသမားကို မည်သူမျှ ဂရုမစိုက်တော့ပေ။
တုရှန်မင်းသမီး ငါးပါးစလုံးက ဖီးနစ်သဖူများကိုဆောင်ပြီး အနီရောင် သတို့သမီးဝတ်စုံများကို ဝတ်ဆင်ထားခဲ့သည်။
သတို့သမီးငါးယောက်က တပြိုင်နက်တည်း ပေါ်လာကြ၏။
ကာကူရာအပြင် သူတို့နှင့်နှိုင်းယှဉ်နိုင်သော အမျိုးသမီးက အနည်းငယ်သာ ရှိတော့သည်။
ဖူခွေ့နတ်သမီးပင်လျှင် သူတို့နှင့်ယှဉ်ပါက အနည်းငယ် မှေးမှိန်သွားရသည်။
"ဒါက ပျော်ရွှင်မှု ငါးဆပဲ"
ပါရမီရှင်တစ်ဦးက မနာလို အားကျစွာဖြင့် ပြောလိုက်သည်။
"မင်းမှာ စစ်နတ်ဘုရားရဲ့ အရည်အချင်းရှိရင် ငါးဆ၊ ဆယ်ဆမပြောနဲ့... အဆတစ်ရာတောင် ပျော်ရွှင်နိုင်တယ်"
တစ်ယောက်က အရွှန်းဖောက်လိုက်၏။
"မနှိုင်းရဘူး၊ ငါက နှိုင်းယှဥ်လို့ မရပါဘူး။ ဒါပေမဲ့ စစ်နတ်ဘုရားက ဒါကို ခံနိုင်ပါ့မလား"
"မင်းက ထာဝရ တုနှိုင်းမရတဲ့ ကစဉ့်ကလျားခန္ဓာကို အထင်သေးနေတာလား"
ရယ်ရယ်မောမော ပြောဆိုသံများဖြင့် လေထုက သဟဇာတ ဖြစ်ခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ အဖြူရောင်ကို ၀တ်ဆင်ထားဆဲဖြစ်ကာ အနီရောင်အဝတ်အစားသို့ ပြောင်းလဲခြင်းမရှိပေ။
သူ့အတွက်တော့ ဤသည်မှာ တုရှန်ဧကရာဇ်မျိုးနွယ်ကို အရှက်မရစေရန်အတွက် ကာကွယ်ပေးခြင်းမျှသာ ဖြစ်သည်။
သူ၏ တကယ့်မင်္ဂလာပွဲက သူ့ကိုယ်ပိုင်ဆန္ဒဖြင့်သာ ဖြစ်လိမ့်မည်။
သူ လက်ထပ်မည့်အချိန်တွင် ခေတ်တစ်ခေတ်၏ အခမ်းနားဆုံး မင်္ဂလာပွဲ ဖြစ်နိုင်သည်။
ထို့အပြင်၊ သူ့ခွန်အားက အနည်းဆုံး ဧကရာဇ်အဆင့်သို့ ရောက်ရမည်။
မဟုတ်ဘဲ၊ လုံလောက်သောအင်အား မရှိသေးပါက ကိုယ့်ဇနီးသည်ကို မည်သို့ကာကွယ်ရမည်နည်း။
ကျွင်းရှောင်ယောက်ဟာ ကျွင်းမိသားစု၊ ကျန်းမိသားစုနှင့် အခြားသော ထိပ်တန်းအင်အားစုကြီးများ၏ နောက်ခံကြောင့် လုံခြုံရေးအတွက် လုံးဝ စိတ်ပူစရာမလိုပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့မိသားစု၏ စွမ်းအားကို အားကိုးရမည့်အစား၊ သူချစ်ရသူများကို ကာကွယ်ရန် သူ့ကိုယ်ပိုင်ခွန်အားကို အားကိုးလိုသေးသည်။
ဤကိစ္စနှင့် ပတ်သက်လျှင်တော့ ကျွင်းရှောင်ယောက်ဟာ အနည်းငယ် လောကီသတ်မှတ်ချက်များကို လိုက်နာဆဲ ဖြစ်သည်။
အမျိုးသားများက အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်သင့်သည်။
ကျွင်းရှောင်ယောက်က လေးလေးနက်နက် စဉ်းစားနေချိန်တွင် မင်္ဂလာဆောင်ပွဲကို စတင်နေပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက်ကို မြင်ရသောကြောင့် တုရှန်ဧကရာဇ်မျိုးနွယ်က အိမ်ထောင်ရေးထုံးတမ်းများကို မပြုလုပ်ပေ။
အကြင်လင်မယား အချင်းချင်း ဦးညွတ်ခြင်းကဲ့သို့ ကျင့်ဝတ်များလည်း မရှိပါ။
ယင်းကြောင့် တုရှန်ဝမ်ဝမ်နှင့် အခြားမိန်းကလေးများ၏ မျက်လုံးများတွင် စိတ်ပျက်မှုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူတို့ကိုဂရုစိုက်သေးကြောင်း တွေးမိသောအခါ ကျေနပ်သွားကြလေသည်။
ဤမင်္ဂလာပွဲက သုံးရက်ကြာခဲ့သည်။
သုံးရက်ကြာပြီးနောက် ဧည့်သည်များအားလုံး ထွက်သွားကြ၏။
ဤသတင်းပြန့်နှံ့သွားပါက ကျွင်းရှောင်ယောက်ကို အမျိုးသားများ ဘယ်လောက်များများ မနာလိုဖြစ်မလဲဆိုတာကို တွေးကြည့်ရန်ပင် မလွယ်ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်ကို ခေါင်းကိုက်စေသည့်အချက်မှာ...
လော့ရှန်းလင် သတင်းရသွားမှာကို ဖြစ်သည်။ ထိုအချိန်တွင် လော့ရှန်းလင် မည်သို့ခံစားရမလဲ သူ မသိပေ။
ထို့နောက်မှာတော့ သတို့သမီး အခန်းထဲသို့ ဝင်ရန် အချိန်တန်ပြီ ဖြစ်သည်။
သတို့သမီးအခန်းထဲ မ၀င်ခင်မှာ ကျွင်းရှောင်ယောက် ကာကူရာကို ပြောလိုက်သည်။
"မသွားပါနဲ့ဦး၊ ငါမင်းကို မေးစရာနည်းနည်းရှိသေးတယ်"
"ဒါက သဘာဝအတိုင်းပါပဲ။ ပထမဘုရင် သခင်သာ မောင်းမထုတ်ရင် ငါ ထွက်သွားဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး"
ကာကူရာက တိုးတိုးလေး ပြောလိုက်၏။
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သတို့သမီးအခန်းထဲသို့ ဝင်ခါနီးသောအခါ...
စစ်မြေပြင်ကို ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အကြောင်းမူ၊ သတို့သမီးအခန်းထဲကို ဝင်ရခြင်းက စစ်မြေပြင်ကိုသွားရသကဲ့သို့ အင်အားအပြည့် အသုံးပြုရမည် ဖြစ်သောကြောင့်ပင်။
ကျွင်းရှောင်ယောက် သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင်၊ သူက လူပျိုစစ်စစ် ဖြစ်နေသေးသည်။
ထို့နောက် ချောမောလှပသော အစေခံနှစ်ယောက်က ကျွင်းရှောင်ယောက်ကို တုရှန်ဧကရာဇ်မျိုးနွယ် အတွင်းပိုင်းသို့ ပို့ဆောင်ပေးခဲ့သည်။
မကြာမီ၊ လှပသော နန်းတော်တစ်ခုသို့ ရောက်သွား၏။
တံခါးပွင့်လာပြီးနောက် ကျွင်းရှောင်ယောက် တစ်ယောက်တည်း ဝင်သွားတော့သည်။
အတွင်းတွင် ဖယောင်းတိုင်များ ထွန်းထားပြီး အနီရောင် ကုလားကာစများက တဖျတ်ဖျတ်လှုပ်ရှားနေသည်။
အလယ်ဗဟိုမှာတော့ အနီရောင် ကုတင်ကြီးတစ်ခု ရှိ၏။
လူငါးယောက် မဆိုထားဘိ၊ လူငါးဆယ်တောင် အိပ်နိုင်သည်။
အဖွဲ့လိုက် လှုပ်ရှားရန်အတွက် ပြဿနာ လုံးဝ မရှိပေ။
ယခုအချိန်တွင်၊ ဖီးနစ်သရဖူများနှင့် နူးညံ့သိမ်မွေ့သော အလှလေးငါးဦးက ကုတင်အစွန်းတွင် ငြိမ်ငြိမ်လေး ထိုင်နေကြသည်။
အငယ်ဆုံး၊ အသွက်ဆုံးဖြစ်သည့် တုရှန်ချွန်းချွန်းပင်လျှင် အနည်းငယ် စိတ်လှုပ်ရှားနေပုံရပြီး သွက်လက်ခြင်း မရှိတော့ပေ။
ကျွင်းရှောင်ယောက် ရောက်လာတာကိုမြင်တော့ မိန်းကလေးများ၏ စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများ ဝင်လာကြခဲ့ကြသည်။
ဤအခိုက်တွင်၊ စနစ်၏စက်သံက ကျွင်းရှောင်ယောက်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဒင်၊ ဂုဏ်ပြုပါတယ် ပိုင်ရှင်။ လက်မှတ်ထိုးဝင်မဲ့ နေရာကို ရောက်ပြီ၊ လက်မှတ်ထိုးဝင်ချင်ပါသလား"
"ဝင်မယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဒင်၊ ဂုဏ်ပြုပါတယ် ပိုင်ရှင်။ ကြယ်ရှစ်ပွင့်ဆုလာဘ်... အမျိုးသားတွေအတွက် လက်ဆောင်ထုပ်တစ်ခု ချီးမြှင့်ခဲ့ပြီ"
"ယောက်ျားတွေအတွက် လက်ဆောင်ထုပ်... ဘာလဲဟ"
ကျွင်းရှောင်ယောက် စိတ်ရှုပ်ထွေးသွားသည်။ ယင်းက လက်ဆောင်ထုပ်တစ်ခုကို ပထမဆုံးအကြိမ် လက်မှတ်ထိုးဝင်မိခဲ့ခြင်း ဖြစ်၏။
ထို့အပြင် ကြယ်ရှစ်ပွင့် လက်ဆောင်ထုပ်တစ်ခုလည်းဖြစ်ပေရာ ပို၍ သိချင်သွားတော့သည်။