အခန်း ၁၀၄၆
Vol. 70 Ch. 1046
အခန်း ( ၁၀၄၆ ) လော့ရှန်းလင်က လူသားတစ်ယောက် မဟုတ်ဘူး။
မြင်ကွင်းက ခဏတာ အေးခဲသွားသည်။
ကျက်သရေရှိစွာ လှပသော အမျိုးသမီးတစ်ဦးနှင့် ချောမောသော လူငယ် တစ်ဦး။
တစ်ဦးက တိုင်းပါး၏ အင်မော်တယ်ဘုရင်တစ်ပိုင်း လော့ဝမ် ဖြစ်သည်။
နောက်တစ်ဦးကတော့ အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစု၏ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက် ဖြစ်၏။
ဤအခိုက်အတန့်တွင် လေထုက တင်းမာသွားသည်။
"နင် လူတိုင်းကို လိမ်နေခဲ့တာပဲ"
လော့ရှန်းလင်က စတင် ပြောလိုက်သည်။ သူ့လေသံလေးကတော့ အနည်းငယ် တုန်ယင်နေ၏။
ကျွင်းရှောင်ယောက်ကို ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ပေ။
မယုံကြည်နိုင်မှုနှင့် လှည့်စားခံရခြင်းတို့ကြောင့် တည်ငြိမ်မှု ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
"ဟုတ်ပါတယ်၊ ကျွန်တော် လူတိုင်းကို လိမ်ခဲ့တယ်"
ကျွင်းရှောင်ယောက်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"နင် ငါ့ကိုလည်း လိမ်ခဲ့တယ်"
လော့ရှန်းလင်၏ လေသံက တင်းမာလာသည်။ သူ့လက်ထဲမှ ရေခဲဓားကလည်း ကျွင်းရှောင်ယောက်၏ ရင်ဘတ်နှင့် ပို၍ နီးကပ်လာခဲ့ပြီ။
"ကျွန်တော် ရှန်းလင်ကိုတော့ မလိမ်ခဲ့ပါဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
"နင်က အခုထိ မလိမ်ပါဘူးလို့ ပြောနေသေးတုန်းကိုး၊ နင် ငါ့ကို ဒိုင်းတစ်ခုအနေနဲ့ပဲ အမြဲသုံးခဲ့တာ။ ပျက်စီးခြင်းနယ်စပ်ကနေ နင် ဒဏ်ရာရလာတုန်းကဆိုရင် နင့်ရဲ့ဒဏ်ရာတွေကို ကုသဖို့အတွက်... စစ်နတ်ဘုရားနန်းတော်ရဲ့ နဂါးသွေးကြောကို ထုတ်ပေးဖို့တောင် ငါတောင်းဆိုခဲ့တာ"
လော့ရှန်းလင် အမှန်တကယ် စိတ်မကောင်းဖြစ်နေခဲ့သည်။
သူမ၏ နှလုံးသားက အမြဲတမ်း ဖြူစင်ကာ မည်သူ့အပေါ်မှ ခံစားချက် မရှိခဲ့ဖူးပါ။
ယခုတော့ သူမ၏ နှလုံးသားကို ပထမဆုံး လှုပ်ရှားစေခဲ့သူကပင် သူ့နှလုံးသားကို နာကျင်စေခဲ့ပြီ ဖြစ်သည်။
"ရှန်းလင်မှန်ပါတယ်၊ အထောက်အထားကို ကျွန်တော်လိမ်ခဲ့တယ်"
"ဒါပေမဲ့... ရှန်းလင်နဲ့ ပေါင်းသင်းဆက်ဆံခဲ့တဲ့အချိန်တွေမှာတော့ လုံးဝ မလိမ်ညာခဲ့ပါဘူး"
"ရှန်းလင်အတွက် ပန်းချီဆွဲပေးတယ်၊ ရှန်းလင်အတွက်ပဲ ကဗျာတွေရေးတယ်"
"ရှန်းလင်နဲ့အတူ စစ်တုရင်ကစားရတာကို ကြိုက်တယ်"
"ကျွန်တော်အမြင်မှာ ရှန်းလင်က သာလွန်မြင့်မြတ်တဲ့ လော့ဝမ်မဟုတ်ဘူး၊ ကျွန်တော် ရိုးရိုးသားသား ဆက်ဆံနိုင်တဲ့သူ..."
"ချစ်စရာကောင်းတဲ့ အမျိုးသမီးတစ်ဦးပဲ"
ကျွင်းရှောင်ယောက်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
သူ၏ သရုပ်ဆောင်နိုင်စွမ်းဖြင့် မျက်နှာတစ်ချက် မပျက်မိခဲ့ပေ။
သူ့အတွက် ဤစကားများက အနည်းငယ် တစ်မျိုးဖြစ်ရသော်လည်း... ဤသည်မှာ သူ၏ အနာဂတ်အစီအစဉ်များနှင့် သက်ဆိုင်သည်။
ထို့ကြောင့် အမှားအယွင်းမရှိနိုင်ပေ။
"နင့်ပါးစပ်ကိုပိတ်ထား..."
လော့ရှန်းလင်က စိတ်ရှုပ်ထွေးစွာ အော်ဟစ်လိုက်သည်။
ယခင်၊ ကျွင်းရှောင်ယောက်နှင့် အတူရှိခဲ့ချိန်မှ မြင်ကွင်းများက သူ့စိတ်ထဲတွင် ပြန်ပေါ်လာခဲ့၏။
"မင်းရဲ့ အထောက်အထား ပေါက်ကြားသွားရင် သေခြင်းတရားဟာ မင်းအတွက် အသက်ညှာဆုံးအရာဖြစ်မယ်ဆိုတာ မင်းသိလား"
"မင်း ဆက်ပြီးတော့ ဖုံးကွယ်ထားနိုင်တယ်၊ လှည့်စားနေနိုင်တယ်"
လော့ရှန်းလင်က နှုတ်ခမ်းကိုကိုက်လိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော် အမြဲတမ်း ဖုံးကွယ်ထားနိုင်တယ်၊ ဒါပေမဲ့ ကျွန်တော် ဒီလိုမလုပ်ချင်ဘူး"
"ကျွန်တော် လူတိုင်းကို လှည့်စားနိုင်ပေမဲ့... ရှန်းလင်ကိုတော့ အမြဲတမ်း မလှည့်စားချင်ဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
"ဒါဆိုရင် မင်းသေရမှာပေါ့"
လော့ရှန်းလင်၏ မျက်လုံးများက အနည်းငယ်နီလာသည်။
"ဒါဆိုရင်လည်း သေလိုက်ရုံပါပဲ။ လော့ဝမ်ရဲ့လက်ထဲမှာ သေရမယ်ဆိုရင် ထိုက်တန်ပါတယ်"
ကျွင်းရှောင်ယောက်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
သူက လော့ရှန်းလင်၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။
သူက လောင်းကစားလုပ်နေသည်။
အလောင်းအစားကြီး ဖြစ်၏။
သူ အနိုင်ရပါက လော့ရှန်းလင်နှင့် အပြည့်အဝ ခိုင်မာသောဆက်ဆံရေးကို ထူထောင်နိုင်မည်ဖြစ်သည်။
ရှုံးနိမ့်လျှင်တော့...
သဘာဝအတိုင်း၊ ကျွင်းရှောင်ယောက်က သေခံလိုက်မည် မဟုတ်ပါ။
သူ့အတွက် အစီအစဉ်နှင့် အရန်အစီအစဉ်များကို စီစဉ်ပြီး ဖြစ်သည်။
ကျွင်းရှောင်ယောက်က ထာဝရအချစ်သူတော်စင်မဟုတ်သလို အချစ်ရူးလေးလည်း မဟုတ်ပေ။
သူ့စရိုက်ဖြင့် မိန်းမတစ်ယောက်၏ လက်ထဲတွင် အသေခံရန်မှာ ပို၍ပင် မဖြစ်နိုင်ပါ။
"မင်း..."
လော့ရှန်းလင်က ကျွင်းရှောင်ယောက် စိုက်ကြည့်လိုက်သည်။ ဤအခိုက်တွင် ကျွင်းရှောင်ယောက်က မီးကိုမကြောက်သည့် ပိုးဖလံတစ်ကောင်ကဲ့သို့ပင်။
လော့ရှန်းလင်၏ ဓားကိုင်လက်က အနည်းငယ် တုန်ယင်လာခဲ့သည်။
သူ့ကိုယ်သူ ပြန်မေးမိ၏။
ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ဖြစ်မှန်း သိနေသော်လည်း...
သူ လုပ်နိုင်ပါ့မလား။
ကျွင်းရှောင်ယောက်သာ ဆန္ဒရှိလျှင် သူ့ကို အမြဲတမ်း ဖုံးကွယ်ထားနိုင်သည်။
သို့သော်လည်း သူက အမှန်အတိုင်း ဖွင့်ပြောရန် ဆန္ဒရှိပေသည်။
ရေခဲဓားက ကျွင်းရှောင်ယောက်၏ ရင်ဘတ်ကို ချိန်ရွယ်ထားသော်လည်း ရှေ့ကို ဆက်မတိုးလာခဲ့ပေ။
ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး ရေခဲဓားကို ဆုပ်ကိုင်လိုက်သည်။
"ရှန်းလင်၊ မင်းရဲ့ခွန်အားနဲ့ ကျွန်တော်ကို အတွေးတစ်ခုနဲ့ သတ်နိုင်တယ် မဟုတ်လား"
ကျွင်းရှောင်ယောက်က မည်မျှပင် အင်အားကြီးစေကာမူ...
အဓိပဓိနှင့် အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ကြားမှ ကွာဟချက်က ဖြည့်ဆည်း၍ မရပါ။
ဟုတ်သည်၊ ကျွင်းရှောင်ယောက်က သူ၏ အခြားဝှက်ဖဲများကို အသုံးမပြုမှသာ ဖြစ်ချေသည်။
"မင်းငါ့ကို အတင်းဖိအားပေးနေတာပဲ"
လော့ရှန်းလင်၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်လာသည်။
ကျွင်းရှောင်ယောက်က သူမကို ရွေးချယ်မှုပြုလုပ်ရန် အတင်းအကြပ် ဖိအားပေးနေ၏။
သူ့ကိုသတ်ပြီး အဖြေမှန်ကို အများသိအောင် ဖော်ထုတ်နိုင်သည်။
မဟုတ်လျှင်တော့...
သူ့ကို ကူညီဖုံးကွယ်ပြီး ကြံရာပါဖြစ်လာရတော့မည်။
"ရှန်းလင်၊ ကျွန်တော်က ရှန်းလင်ကို ဘာဖြစိလ်လို့ အတင်းအကြပ် လုပ်ရမှာလဲ။ ကျွန်တော်က ရှန်းလင်ကို ယုံကြည်လို့ပါ"
ကျွင်းရှောင်ယောက်က ငြင်သာစွာပြောပြီး ပြုံးလိုက်သည်။
သူ့ရင်ဘတ်ကို ချိန်ရွယ်ထားသော ရေခဲဓားက အလင်းစက်များအဖြစ်သို့ ပြောင်းလဲကာ တိတ်တဆိတ် ပျောက်ကွယ်သွားလေသည်။
လော့ရှန်းလင်က ရီဝေသော မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။
"ဒါက မင်းရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်လား"
"ဟုတ်ပါတယ်"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။
သူ့စိတ်ထဲမှလည်း သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။
ဤအဆင့်ကိုတော့ သူ ကျော်ဖြတ်နိုင်သွားပြီဟု ထင်ရသည်။
သူက မှန်ကန်သော အလောင်းအစားကို ပြုလုပ်ခဲ့ခြင်းပင်။
"ငါ့မှာလည်း ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတယ်ဆိုတာ မင်းသိတယ် မဟုတ်လား"
လော့ရှန်းလင်က ခပ်တိုးတိုး ပြောလိုက်သည်။
"အရင်က ကျွန်တော်ပြောခဲ့သလိုပါပဲ။ ရှန်းလင် ဆန္ဒမရှိရင် ကျွန်တော်က အတင်းအကြပ်လုပ်မှာ မဟုတ်ဘူး။ တကယ်လို့ ပြောချင်တယ်ဆိုရင်တော့ ကျွန်တော်က နားထောင်တဲ့သူ ဖြစ်နိုင်တယ်"
ကျွင်းရှောင်ယောက်က ညင်သာစွာ ပြောလိုက်၏။
"ငါက လူသားမဟုတ်ဘူးလို့ မင်းကိုပြောရင် ဘာဖြစ်မလဲ"
လော့ရှန်းလင်၏ စကားများက လေထုကို ချက်ချင်း တိတ်ဆိတ်သွားစေခဲ့သည်။
ကျွင်းရှောင်ယောက်၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွား၏။
အမှန်တကယ်ပင် သူ အနည်းငယ် အံ့အားသင့်မိသည်။
သို့သော်လည်း တွေးကြည့်ရလျှင် ဖြစ်နိုင်ပုံရပေသည်။
အကြောင်းမူ၊ ကျွင်းရှောင်ယောက်ကိုယ်တိုင် ယခင်က ထူးခြားမှုကို ခံစားဖူးသောကြောင့် ဖြစ်သည်။
လော့ရှန်းလင်က စွမ်းအားကြီးမားသည့် အကျော်အမော်တစ်ဦးဖြစ်သော်လည်း...
တစ်ခါတလေ အနည်းငယ် ဖြူစင်ကာ ရိုးရိုးရှင်းရှင်းလေး ဖြစ်သည်။
လောကီလူဘောင်၏ အညစ်အကြေးတို့ ကင်းစင်သော မိန်းကလေးတစ်ယောက်ကဲ့သို့ ဖြစ်လေသည်။
ထိုအချက်ကို သိခဲ့သောကြောင့်လည်း ကျွင်းရှောင်ယောက်က လောင်းကြေးထပ်ဝံ့ခဲ့ခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ တိတ်ဆိတ်ခြင်းကို မြင်လိုက်ရတော့ လော့ရှန်းလင်က အနည်းငယ် ခါးသီးဟန်ဖြင့် ပြုံးလိုက်လေသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးပြီး ပြောလိုက်သည်။
"အဲဒီလိုဆိုရင်တောင် ဘာဖြစ်လဲ။ ကျွန်ကတော့ ရှန်းလင်ဟာ ရှန်းလင်ဆိုတာပဲ သိတယ်၊ ဒီလောက်ဆိုရင် လုံလောက်ပါပြီ"
လော့ရှန်းလင်၏ နှလုံးသားက ထပ်မံတုန်ခါသွားပြန်လေသည်။
ထို့နောက်တွင်၊ သူမက အနည်းငယ်ပြုံးပြီး ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။
"ငါ မင်းကို တကယ် နားမလည်နိုင်တော့တာ ဖြစ်ရမယ်"
"တကယ်လို့သာ ငါကလည်း အင်မော်တယ်နယ်မြေကြီးက လာတဲ့သူလို့ပြောရင် မင်းဘယ်လိုထင်မလဲ"
ဤတစ်ကြိမ်တွင် လော့ရှန်းလင်၏ စကားကြောင့် ကျွင်းရှောင်ယောက် အံ့ဩသွားမိသည်။
"ဘာလဲ၊ မင်းငါ့ကို မယုံဘူးလား။ ဒါဆိုရင် ငါ့ရဲ့ဇာတ်လမ်းကို ပြောပြလို့ရတယ်"
လော့ရှန်းလင်က အနည်းငယ် သက်ပြင်းချလိုက်သည်။
သူမက အမှန်ပင် သက်ရှိလူသား မဟုတ်ပါ။
အခြား မျိုးနွယ်စုဝင် သတ္တဝါများပင် မဟုတ်ပေ။
မြစ်တစ်စင်းသာ ဖြစ်သည်။
ယင်းက 'ရှန်းဟဲ'အမည်ရှိသော မြစ်တစ်စင်းပင်။
ယခင်က ရှန်းဟဲမှာ သာမန်မြစ်တစ်စင်းမျှသာ ဖြစ်သည်။
သို့သော်လည်း တစ်နေ့သောအခါမှာတော့...
ကစဉ့်ကလျားစွမ်းအင်များဖြင့် ရစ်ပတ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရောက်လာခဲ့သည်။
ထိုအမျိုးသားက မြစ်ကမ်းစပ်တွင် တင်ပျဉ်ခွေထိုင်ပြီး တာအိုကို နားလည်ဆင်ခြင်လေ၏။
ထိုလူရောက်လာခြင်းကြောင့် ရှန်းဟဲမြစ်မှာ သာမန်မဟုတ်တော့ပေ။
တာအိုတရားသံက နေ့စဉ်နှင့်အမျှ မြစ်ထဲတွင် ပဲ့တင်ထပ်နေပြီး...
မိုးနှင့်မြေ၏ အလင်းများကလည်း ရံဖန်ရံခါ မြစ်ထဲသို့ ကျဆင်းသွားရသည်။
မည်သည့်အချိန်မှ အသိစိတ် စဝင်လာသည်မသိ...
မြစ်ကမ်းဘေးမှ ထိုလူကို လော့ရှန်းလင် ပထမဆုံး မြင်လိုက်ရသည်။
တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်...
အချိန်များ ကုန်လွန်လာခဲ့သလို ရှန်းဟဲမြစ်ကလည်း သာမန်မြစ်တစ်စင်း မဟုတ်တော့ပေ။
၎င်းက ဝိညာဉ်အသိဉာဏ်ကို ပိုင်ဆိုင်လာပြီး မြစ်ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
လော့မြစ်ကမ်းမှ ရှန်းဟဲမြစ်က ဝိညာဉ်ရှိလာခြင်းကြောင့်...
သူ့ကို လော့ရှန်းလင်ဟု ခေါ်ခဲ့လေသည်။
ရိုးရှင်းသော အသိစိတ်ကိုသာ ပိုင်ဆိုင်သေးသည့် လော့ရှန်းလင်က သက်လတ်ပိုင်း ထိုအမျိုးသားကို ဆွေမျိုးတစ်ဦးအဖြစ် မှတ်ယူထားခဲ့သည်။ သူ့အတွက် သူမ၏အသက်ကိုပင် ပေးနိုင်သည်။
သို့ရာတွင်...
သူမ၏ခန္ဓာကိုယ်ကို စုစည်းပြီး ထိုလူ၏ရှေ့တွင် ရပ်လိုက်သော်လည်း...
ထိုလူ၏ အမူအရာက ကောင်းကင်လမ်းစဉ်ကဲ့သို့ လျစ်လျူရှုထားဆဲပင်။
"ကောင်းကင်နဲ့မြေကြီးမှာ စည်းမျဉ်းတွေရှိတယ်။ မင်းဟာ သာမန်မြစ်တစ်စင်းဖြစ်တာကြောင့် သာမန်မြစ်ပဲ ပြန်ဖြစ်သင့်တယ်"
"ငါ ရောက်ရှိတဲ့အကြောင်း မင်းအတွက် အကျိုးသက်ရောက်မှု ရှိခဲ့မှတော့ ဒီအကျိုးသက်ရောက်မှုကို ငါကိုယ်တိုင်ပဲ ဖျက်ပစ်ရလိမ့်မယ်"
“ကောင်းကင်စည်းမျဉ်းကို ဖောက်ဖျက်လို့မရဘူး၊ ကောင်းကင်ကို ဆန့်ကျင်မယ်ဆိုရင် အပြစ်ပေးခံရမယ်"
စကားအဆုံးတွင်၊ ထိုလူ၏ ခန္ဓာကိုယ်မှ ကစဉ့်ကလျားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လော့ရှန်းလင်၏ဝိညာဉ်ကို ဖျက်ဆီးလိုက်တော့သည်။
သို့ရာတွင်...
သူမမျှော်လင့်ထားသည်မှာ...
ရှန်းဟဲမြစ်ရေက ကောင်းကင်သို့ အငွေ့ပျံသွားပြီး မိုးဖွဲဖွဲလေး ဖြစ်သွားသော်လည်း မိုးရေတစ်စက်တွင် လော့ရှန်းလင်၏ အသိစိတ်အနည်းငယ် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤမိုးရေစက်လေးက လေထဲတွင် ထိုအတိုင်း မျောလွင့်နေကာ နှစ်ပေါင်းဘယ်လောက်ကြာသွားမှန်းပင် မသိတော့ပေ။
မြစ်တစ်စင်းထဲသို့ တစ်ဖန်ကျရောက်သွားခဲ့သည်။
ထိုမြစ်က တိုင်းတပါးမှ အမှောင်မြစ်၏ မြစ်လက်တက်တစ်ခု ဖြစ်၏။
အမှောင်မြစ်က တိုင်းတပါးပြည်နယ်ဆယ်ခုကို လွှမ်းခြုံထားကာ မိခင်မြစ်ကဲ့သို့ တည်ရှိမှု ဖြစ်သည်။
စစ်နတ်ဘုရားနန်းတော်တည်ရှိရာ အမှောင်မြစ်ပြည်နယ်ကိုပင် အမှောင်မြစ်ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်း ဖြစ်ပေသည်။
အချိန်များ ကုန်လွန်လာပြီးနောက် လော့ရှန်းလင် တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
သို့ရာတွင်၊ သူမ၏ ခန္ဓာကိုယ်ကို တစ်ဖန်ပြန်လည်ဖွဲ့စည်းပြီးနောက်မှာတော့ သူ့ခွန်အားက ယခင်ကနှင့် မတူတော့ပေ။
အမှောင်မြစ်၏ စွမ်းအားဖြင့် သူဟာ လူအားလုံး လေးစားခံရသော အင်မော်တယ်ဘုရင် တစ်ပိုင်း အကျော်အမော်တစ်ဦး ဖြစ်လာခဲ့ရသည်။
ဆွေမျိုးနှင့် သူငယ်ချင်းများမရှိသော သူမအတွက်တော့ အမှောင်မြစ်ပြည်နယ်ရှိ စစ်နတ်ဘုရားနန်းတော်က သူမ နေထိုင်ရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ခဲ့ပေသည်။
ထိုအချိန်မှစ၍ စစ်နတ်ဘုရားနန်းတော်ရှိ ခရမ်းရောင်ဝါးတောအတွင်း၌ သီးခြားနေထိုင်ကာ မြင့်မားပြီး တုနှိုင်းမယှဉ်သာအောင် လှပသော လော့ဝမ် ရှိလာခဲ့ရသည်။
ယင်းက လော့ရှန်းလင်၏ ဘဝဇာတ်လမ်းပင်။