← Chapters

အခန်း ၁၀၅၀

Vol. 70 Ch. 1050

အခန်း ၁၀၅၀

Vol. 70 Ch. 1050

အခန်း ( ၁၀၅၀ ) ကောင်းကင်အဓိပဓိငယ်ကို သတ်ခြင်း။

လေထဲတွင်၊ ကောင်းကင်အဓိပဓိငယ် ကျွမ်းကျင်သူမှာ ခြေလှမ်း ထောင်ချီပြီး ဆုတ်ခွာသွားခဲ့ရသည်။

သူ့မျက်ခုံးနှစ်ခုကြားမှ နဖူးရိုးက အက်ကွဲပြီး သွေးများလည်း အဆက်မပြတ် စီးကျနေ၏။

သူ၏ ရှေးဦးဝိညာဉ်က ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီ။

သူ၏ ကျင့်ကြံခြင်းအဆင့်သာ အနည်းငယ် ပိုမမြင့်ပါက...

တူညီသောနယ်ပယ်တွင်၊ ကျွင်းရှောင်ယောက်၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်က သူ၏ဝိညာဉ်ကို လုံးဝ ချေမှုန်းပစ်လိုက်လိမ့်မည်။

သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်လုံးများက ကြောက်ရွံ့မှုတို့ ပေါ်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က ကောင်းကင်ကို ဆန့်ကျင်နေသည့်အပြင်၊ ရှေးဦးဝိညာဉ်ကလည်း အလွန်ကြောက်စရာကောင်းမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကစဉ့်ကလျားခန္ဓာက ရုပ်ခန္ဓာပိုင်းတွင် အင်အားကြီးခြင်းကြောင့် သူ နားလည်ပေးနိုင်သည်။

သို့ရာတွင်၊ ရှေးဦးဝိညာဉ်ကလည်း အလွန်ရှားပါးသော မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် ဖြစ်ဦးမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပါ။

"ငါ့လမ်းကို တားဆီးချင်သူတိုင်း တန်ရာတန်ကြေးကို ပေးဆပ်ကြရမယ်"

ကျွင်းရှောင်ယောက်က အေးစက်စက်ပြောပြီး သက်လတ်ပိုင်းအမျိုးသားကို ထပ်မံတိုက်ခိုက်လိုက်သည်။

ယခုအခါ လူလတ်ပိုင်း အမျိုးသား၏ ဝိညာဉ် ပြင်းထန်စွာ ပျက်စီးသွားပြီး သူ၏ ခန္ဓာကိုယ်ကလည်း ကျွင်းရှောင်ယောက်နှင့် မယှဉ်နိုင်ပေ။

နတ်ဘုရားစွမ်းရည်ပိုင်းတွင်လည်း ကျွင်းရှောင်ယောက်က သူ့ထက် အားမနည်းပါ။

ထို့ကြောင့် တိုက်ခိုက်လိုစိတ်တို့ မရှိတော့ဘဲ ကသောကမျော ဆုတ်ခွာသွားခဲ့သည်။

"ဦးလေး"

လန်တျဲနှင့် အခြားလူငယ်များလည်း သူတို့ မြင်နေရသည်ကို မယုံနိုင်ဘဲ အော်ဟစ်လိုက်ကြသည်။

ကောင်းကင်အဓိပဓိငယ် ကျွမ်းကျင်သူတစ်ဦးက ခွေးတစ်ကောင်ကဲ့သို့ အသက်လုပြေးချေပြီ။

ယင်းကို မည်သူကယုံမည်နည်း။

ကျွင်းရှောင်ယောက်က လဲတျဲနှင့် အခြားသူများကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်သည်။

သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်၏။

ကြီးမားလှသော ကစဉ့်ကလျား စွမ်းအင်များက လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လှိမ့်ဝင်သွားတော့သည်။

လဲတျဲနှင့် အခြားသူများမှာ အော်ဟစ်ရန်ပင် အချိန်မရလိုက်ပေ။

ကစဉ့်ကလျား စွမ်းအင်လှိုင်းကြီးအောက်တွင် သူတို့၏ ရှေးဦးဝိညာဉ်နှင့် ခန္ဓာကိုယ်များက ဖုန်မှုန့်အဖြစ်သို့ ကြေမွသွားခဲ့သည်။

ပိအန်းမင်းသား၏ မျိုးရိုးမှ ပါရမီရှင်များ တခဏချင်း ပျောက်ကွယ်သွားခဲ့ပြီ။

"ဒါ..."

ယင်းကိုမြင်တော့ သက်လတ်ပိုင်းအမျိုးသား၏ မျက်နှာက ပျက်ယွင်းသွားခဲ့သည်။ သူ့မျက်လုံးမှာလည်း နောင်တရနေသည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။

စောစောကသာ ကြိုသိခဲ့လျှင်၊ ဤကဲ့သို့ စိတ်မြန်လက်မြန်နှင့် လက်စားချေရန် လာရောက်ခဲ့မည် မဟုတ်ပေ။

နောက်ဆုံးတွင်၊ ပိအန်းမျိုးနွယ်စုဝင် အများစုက ကျွင်းရှောင်ယောက်ကို ထပ်၍ရန်စရန် စိတ်ကူးမရှိကြပါ။

ကျွင်းရှောင်ယောက်၏ အမူအရာက အစမှအဆုံးထိ မပြောင်းလဲပေ။ သူ့ခန္ဓာကိုယ်အတွင်းမှာလည်း အနှိုင်းမဲ့နတ်ဘုရားသွေးက ဆူပွက်နေဆဲဖြစ်ပြီး သူ့ကို အဆုံးမဲ့စွမ်းအင်များ ပေးစွမ်းနေခဲ့သည်။

သူက တာ့လော့ဓားသန္ဓေကို ထုတ်ယူပြီး မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ တစ်ခုဖြစ်သည့်၊ ကောင်းကင်ဖျက်ဆီးခြင်းကျမ်းကို အသုံးပြုလိုက်၏။

ကြီးမားကျယ်ပြန့်သော ရွှေရောင်ဓားအလင်းက လေဟာပြင်ကိုဖြတ်၍ သက်လတ်ပိုင်းအမျိုးသားကို ခုတ်ပိုင်းလိုက်တော့သည်။

ထို့နောက် ကျွင်းရှောင်ယောက်၏ အခြားလက်တစ်ဖက်က လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။

တားမြစ်အင်မော်တယ် တံဆိပ်တော်၏ စတုတ္ထမြောက် တံဆိပ်‌၊ ဟင်းလင်းပြင်တားမြစ်ခြင်းကို အသက်သွင်းလိုက်၏။

ကျွင်းရှောင်ယောက်၏ လက်ရှိအင်အားဖြင့် စတုတ္ထတံဆိပ်ကို အသုံးပြုရန် မည်သည့်အရာကိုမျှ ကြိုတင်စီစဉ်ထားရန် မလိုတော့ပါ။

ဟင်းလင်းပြင်ကို တိုက်ရိုက်ပိတ်လှောင်ထားလိုက်သည်။

ဤနည်းလမ်းက ကောင်းကင်အဓိပဓိငယ်တစ်ပါးကို ခဏသာ တားဆီးနိုင်သော်လည်း...

ကျွမ်းကျင်သူများကြားတွင် အချိန်တခဏက အနိုင်အရှုံးကို ဆုံးဖြတ်ရန် လုံလောက်သည်။

ထိုအချိန်တွင်...

ချိုလွင်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာသည်။

"သခင်လေးရှောင်ယောက်၊ ရပ်လိုက်ပါ"

အဝေးမှ ကောင်းကင်တွင် ပန်းများပွင့်လန်းလာ၏။

သို့သော်လည်း ၎င်းက အပြာမဟုတ်ဘဲ အနီရောင်လီလီပန်းများပင် ဖြစ်တော့သည်။

ယင်းက စစ်မှန်သော ပိအန်းမျိုးနွယ်၏ အမှတ်အသား ဖြစ်သည်။

အနီရောင် ပန်းပင်လယ်အတွင်းမှ လှပသော ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

သူမ၏ အသားအရည်က ကြည်လင်နေပြီး မျက်လုံးများမှာလည်း ဖျတ်လတ်တက်ကြွမှုဖြင့် တောက်ပနေ၏။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လရောင်အောက်မှ နတ်သမီးလေးတစ်ပါးကဲ့သို့ပင်...

သေမျိုးလောကနှင့် ကင်းကွာပြီး အမှီအခိုကင်းသော စိတ်နေစိတ်ထားမျိုး ရှိသည်။

အနီရောင် ပန်းပင်လယ်အတွင်းမှ မိန်းမလှလေးတစ်ဦး လျှောက်လှမ်းလာနေသည့် မြင်ကွင်းမှာ အမှန်တကယ် စိတ်လှုပ်ရှားစရာကောင်းလေသည်။

သို့ရာတွင်... ကျွင်းရှောင်ယောက်၏ အမူအရာက လုံးဝ ပြောင်းလဲမသွားပါ။

သူက လူလတ်ပိုင်း အမျိုးသားကို ဓားဖြင့် ဆက်လက်ခုတ်ပိုင်းနေဆဲ ဖြစ်သည်။

ထို့နောက်မှာတော့ တာ့လော့ဓားသန္ဓေက လျှပ်စီးကဲ့သို့ ထိုလူ၏ဦးခေါင်းကို ထိုးဖောက်သွားပြီး ရှေးဦးဝိညာဉ်ပါမကျန် ပျက်သုဉ်းသွားစေခဲ့တော့သည်။

ပန်းပင်လယ်အတွင်းမှ မိန်းကလေးလည်း အံ့အားသင့်သွားသည်။

ကျွင်းရှောင်ယောက်က သူ့စကားများကို လျစ်လျူရှုထားမည်ဟု မထင်ထားခဲ့ပေ။

ယခုတော့ ကောင်းကင်အဓိပဓိငယ်တစ်ပါး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

ကျွင်းရှောင်ယောက်၏ လက်ထဲတွင် သေဆုံးသွားခဲ့ပြီ။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ မျက်နှာမှာ ဂုဏ်ယူဝံ့ကြွားမှုတို့ မရှိပါ။

ဤလူက ကောင်းကင်အဓိပဓိငယ်များကြားတွင် သာမန်အဆင့်မှသာ ဖြစ်သည်။

အကယ်၍၊ ထိပ်သီး အင်အားစုကြီးမှ သန်မာသော ကောင်းကင်အဓိပဓိငယ်တစ်ဦးဖြစ်ပါက... ကျွင်းရှောင်ယောက်ပင်လျှင် ဤမျှလွယ်ကူစွာ သတ်နိုင်မည် မဟုတ်ပေ။

အတားအဆီးများကို ဖယ်ရှားပြီးနောက် ကျွင်းရှောင်ယောက်က ပန်းပင်လယ်ထဲမှ မိန်းကလေးကို ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်၊ ငါ လက်ချော်သွားတယ်"

'အရူးမှပဲ ယုံလိမ့်မယ်'

မိန်းကလေးက သူ့စိတ်ထဲမှ ရေရွတ်လိုက်သော်လည်း အပေါ်ယံမှာတော့ ပြုံးရွှင်စွာ ပြောနေဆဲပင်။

"ငါက ပိအန်းဧကရာဇ်မျိုးနွယ်ရဲ့ နတ်သမီး မုန့်နုအာပါ"

ကျွင်းရှောင်ယောက်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်လည်း ထိုမိန်းကလေး၏ အထောက်အထားကို ကောင်းစွာ ခန့်မှန်းမိပေသည်။

ပိအန်းဧကရာဇ်မျိုးနွယ်မှ မုန့်နုအာမှယ တိုင်းတပါးတွင် အလွန်ကျော်ကြားသည်။ သူမက ဧကရာဇ်ငယ် ခုနစ်ပါးထဲမှ တစ်ပါးလည်း ဖြစ်၏။

ယခင်က သူဟာ အိပ်စက်နေပြီး မနိုးထခဲ့ပေ။

ဧကရာဇ်ငယ်ခုနစ်ပါးတွင် မုန့်နုအာက နက်နဲသော နောက်ခံရှိသူတစ်ဦးဖြစ်မည်မှာ သေချာသည်။

နောက်ဆုံးမှာတော့ ပိအန်းဧကရာဇ်မျိုးနွယ်က အလွန်လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်မျိုးနွယ်တစ်ခု မဟုတ်ပါလော။

"မုန့်မိန်းကလေးက သူတို့အတွက် လက်စားချေချင်တာလား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဟင်း၊ သူတို့ကို အမြင်မရှိကြသူတွေလို့ပဲ ပြောရမယ်။ ငါ့ရဲ့ ပိအန်းမျိုးနွယ်က သခင်လေးရဲ့ ရန်သူဖြစ်လိုစိတ် မရှိပါဘူး"

မုန့်နုအာက ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်သည်။

ကျွင်းရှောင်ယောက်၏ လက်ရှိနောက်ခံဖြင့် အင်မော်တယ်ဧကရာဇ်မျိုးနွယ်များပင်လျှင် သတိထားကာ ကိုင်တွယ်ရလိမ့်မည်။

ထိုအချိန်တွင် ရွယ်ယွဲ့က ကျွင်းရှောင်ယောက်အနားသို့ ရောက်လာခဲ့သည်။

"သခင်လေးလို လူကောင်းတစ်ယောက်နဲ့ တွေ့ရတာက နင့်အတွက် ကံကောင်းခြင်းပဲ"

မုန့်နုအာက ရွယ်ယွဲ့ကိုကြည့်ပြီး ပြောလိုက်သည်။

ကျွင်းရှောင်ယောက်ကြောင့်သာမဟုတ်လျှင်၊ ရွယ်ယွဲ့အတွက် သေခြင်းတရားမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

ထိုအချိန်က မုန့်နုအာလည်း မနိုးထသေးသောကြောင့် ပိအန်းမင်းသားကို တားဆီးနိုင်မည် မဟုတ်ပါ။

"ငါ့ကို ဧည့်သည်အဖြစ် ပိအန်းမျိုးနွယ်က လက်ခံနိုင်ရဲ့လား"

ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။

"ဟုတ်ပါတယ်၊ ငါ ဒီကိုရောက်လာတာကလည်း သခင်လေးကို ကြိုဆိုဖို့အတွက်ပါ"

မုန့်နုအာက ပြုံးလျက် ပြော၏။

"အိုး"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်တစ်ချက်လက်သွားသည်။

"သခင်လေးက ငါ့ပိအန်းမျိုးနွယ်နဲ့ အထူးကံကြမ္မာ ရှိကောင်းရှိနိုင်တယ်"

မုန့်နုအာက လေးလေးနက်နက် ပြောလိုက်သည်။

ယင်းကြောင့် ပိအန်းဧကရာဇ်မျိုးနွယ်တွင် လျှို့ဝှက်ချက်များ ရှိနေသည်ဟု ကျွင်းရှောင်ယောက် ပို၍ပင် သေချာလာတော့သည်။

မုန့်နုအာက ကျွင်းရှောင်ယောက်နှင့် ရွယ်ယွဲ့ကို ပိအန်းဧကရာဇ်မျိုးနွယ်သို့ ခေါ်ဆောင်သွားခဲ့သည်။

ဤတစ်ကြိမ်မှာတော့ သူ့ကိုတားဆီးမည့်သူ မရှိတော့ပေ။

အပြာရောင်လီလီပန်းမျိုးနွယ်မှ လူများလည်း တိတ်တဆိတ်သာ ကြေကွဲနေခဲ့ကြသည်။

မကြာမီ၊ ပိအန်းဧကရာဇ်မျိုးနွယ်သို့ ရောက်လာခဲ့ကြသည်။

မျက်စိတစ်ဆုံး မြင်နိုင်သမျှက ပန်းပွင့်များ ဖြစ်၏။

နန်းတော် အဆောက်အဦး အမျိုးမျိုးလည်း လေထဲတွင် ရှိနေကြသေးသည်။

လူသွားလူလာနည်းသော်လည်း ဖြတ်သွားသူတိုင်းက ကျွင်းရှောင်ယောက်ကို အကဲခတ်သလို ကြည့်သွားကြသည်။

ကျွင်းရှောင်ယောက်လည်း ထိုလူများ၏ မျက်နှာများမှာ သရဲမျက်နှာဖုံးများ ဝတ်ဆင်ထားသည်ကို တွေ့ခဲ့ရပေသည်။

"ဒီမျက်နှာဖုံးက..."

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"ဒီသရဲမျက်နှာဖုံးကို ငါတို့ မျိုးနွယ်စုရဲ့ အမှတ်အသားတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ အဲဒါက အဓိပဓိအတွက် လေးစားမှုတစ်မျိုးပဲ"

မုန့်နုအာက ရှင်းပြလိုက်၏။

"အဓိပတိလား"

ကျွင်းရှောင်ယောက် သိချင်သွားမိသည်။

"ဒါက ငါတို့ ပိအန်းမျိုးနွယ်ရဲ့ ရင်းမြစ်... ငါတို့ကိုးကွယ်တဲ့ ပထမဆုံးဘိုးဘေး... ငါတို့မျိုးနွယ်ရဲ့ ကျောရိုးနဲ့ ငါတို့ရဲ့ယုံကြည်ချက်ပဲ"

ထိုအကြောင်းများကို ပြောနေစဉ်တွင် မုန့်နုအာ၏ မျက်နှာက ရိုသေလေးစားမှုတို့ ပြည့်နေခဲ့လေသည်။

"အဓိပဓိရဲ့ အမည်ကို သိလို့ရမလား"

ကျွင်းရှောင်ယောက်လည်း စူးစမ်းချင်စိတ်တို့ ပေါ်လာခဲ့သည်။ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ပိအန်းမျိုးနွယ်၏ အဓိပဓိနှင့် အကျိုးအကြောင်း ဆက်စပ်မှုရှိနေမည်ဟု သူ မှန်းဆထားပေသည်။

"ငါ့မျိုးနွယ်ရဲ့ အဓိပဓိကို ငါတို့ကတော့ 'ပန်းကလေးများရဲ့မိခင်'လို့ ခေါ်တယ်"

"ပန်းကလေးတွေရဲ့မိခင်..."

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ဤနာမည်မှ သာမန်မဟုတ်သင့်ကြောင်း ခန့်မှန်းမိပေသည်။

နောက်ဆုံးတွင်၊ ပိအန်းဧကရာဇ်မျိုးနွယ်က လျှို့ဝှက်ဆန်းကြယ်ပြီး ချမ်းသာကြွယ်ဝသော မျိုးနွယ်တစ်ခု ဖြစ်သည်။ တိုင်းတစ်ပါးတွင် သူတို့က သာမန် ဧကရာဇ်မျိုးနွယ်များထက် အဆင့်မြင့်မားပုံရ၏။

၎င်းက သူတို့၏ အထွတ်အထိပ်ကာလမှ ကောင်းကင်နက်မျိုးနွယ်ကဲ့သို့ပင် ဖြစ်သည်။

အန္တိမဧကရာဇ်မျိုးနွယ်၏ အောက်ဘက်တွင် အသန်မာဆုံး မျိုးနွယ်များဟု ဆိုနိုင်ပေသည်။

"ပန်းကလေးတွေရဲ့မိခင်နဲ့ တွေ့ရတဲ့အထိ ငါကံကောင်းနိုင်မလား သိချင်တယ်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

"အဓိပတိနဲ့ တွေ့ချင်လို့လား"

မုန့်နုအာ အနည်းငယ် အံ့သြသွားခဲ့သည်။

All Chapters