အခန်း ၁၀၅၃
Vol. 71 Ch. 1053
အခန်း ( ၁၀၅၃ ) ဆင်တူသောပန်းတစ်ပွင့်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးနှင့်ပတ်သက်သည့် အဖြေကို ကျွင်းရှောင်ယောက်ဟာ အမြဲတမ်း လိုချင်နေခဲ့သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးထံမှ ကျန်ရစ်ခဲ့သော ခြေရာများကို ယခင်က သူ အကြိမ်များစွာ တွေ့ခဲ့ဖူးပေသည်။
သို့သော်လည်း သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက သူ့ကို သူမ၏အစ်ကိုဟု လွဲမှားစွာ ထင်မြင်နေပုံရသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်က အမှန်တရားကို ရှာဖွေလိုခဲ့ပေသည်။
ယခင်က သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး ကျန်ရစ်ခဲ့သည့် ခြေရာများထဲတွင် ခုနစ်ရောင်လီလီပန်းလည်း ပါဝင်သည်။
ရွယ်ယွဲ့ဝတ်ဆင်ထားသော သရဲမျက်နှာဖုံးလည်း ရှိ၏။
ဤသဲလွန်စများအားလုံးက ပိအန်းဧကရာဇ်မျိုးနွယ်ကို ညွှန်ပြနေသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ အဖြေကိုရှာဖွေရန် လာရောက်ခဲ့ခြင်း ဖြစ်ချေသည်။
သရဲမျက်နှာဖုံးကို ထုတ်ယူလိုက်ပြီးနောက် အနီရောင်လီလီပန်းလေးများမိခင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပုံရသည်။
ထို့နောက် သူမက ပလ္လင်ပေါ်မှ အမှန်တကယ်ထရပ်လိုက်၏။
နူးညံ့ပြီး အပြစ်အနာအဆာကင်းသော ကျောက်စိမ်းခြေထောက်များက လေထဲကို ပေါ့ပေါ့ပါးပါး နင်းလိုက်သည်။
သူမ ခြေချလိုက်တိုင်း ခြေဖဝါးအောက်တွင် လီလီပန်းပွင့်များက ပေါ်လာခဲ့လေသည်။
နောက်အခိုက်အတန့်တွင် အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်အနားသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် ဖိအားတစ်ခုကို ခံစားလိုက်ရသည်။
ဤဖိအားက တမင်တကာ ထုတ်ဖော်လိုက်ခြင်းမဟုတ်သော်လည်း အဓိပဓိတစ်ပါးကို ပေါက်ကွဲသွားစေရန် လုံလောက်၏။
ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာဖြစ်ပြီး ခန္ဓာနိယာမကိုလည်း လေ့ကျင့်ထားခဲ့သည်။
သို့တိုင်၊ ဤအခိုက်အတန့်မှာ အရိုးများ အနည်းငယ်တုန်ခါပြီး ကြောက်စရာကောင်းသောဖိအားကို ခံစားလိုက်ရသေးသည်။
တစ်ဖက်တွင်၊ ရွယ်ယွဲ့မှာလည်း ဝိညာဉ်လွင့်စဉ်မတတ် ခံစားခဲ့ရသည်။
ကျွင်းရှောင်ယောက်သာ ကူညီပြီး မတားဆီးပေးထားပါက၊ ရွယ်ယွဲ့၏ခန္ဓာကိုယ် ပြိုကျသွားလိမ့်မည်။
ကြောက်စရာကောင်းလွန်းသည်။
အနီရောင်လီလီပန်းလေးများမိခင်၏ ကျင့်ကြံခြင်းက နားမလည်နိုင်လောက်အောင်ပင်။
"ဒီမျက်နှာဖုံးကို မင်း ဘယ်ကရလာတာလဲ"
အနီရောင်လီလီပန်းလေးများ၏မိခင်က မေးသည်။
"အကြီးအကဲ ကျွန်တော်ရဲ့ သံသယတွေကို အရင်ဖြေရှင်းပေးစေချင်ပါတယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။
တိုင်းတပါးမှ ထိပ်တန်း အကျော်အမော်ကို ရင်ဆိုင်နေရသည့်တိုင် သူ့အမူအရာက မပြောင်းလဲသေးပေ။
သူ၏ မိသားစုနောက်ခံနှင့် သူ့ကိုယ်ပိုင်စရိုက်လက္ခဏာက အင်မော်တယ်ဘုရင်နှင့် ရင်ဆိုင်ရချိန်၌ပင် သူ့ကို အလွန်တည်ငြိမ်အေးဆေးစေသည်။
"မင်းက ငါနဲ့ ညှိနှိုင်းနေတာလား"
အနီရောင်လီလီပန်းလေးများ၏မိခင်သည် ကျွင်းရှောင်ယောက်ကို ထိုသဘောထားမျိုးရှိမည်ဟု မထင်ထားခဲ့ပေ။
ယခင်ကဆိုလျှင်၊ သူမ၏ မျိုးနွယ်စုဝင်များပင်လျှင် သူမကို မျက်နှာချင်းဆိုင်ပြီး မော်မကြည့်ဝံ့ကြပါ။
"ကျွန်တော်က အဖြေရှာဖို့အတွက်ပဲ ရောက်လာခဲ့တာပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူ အလွန်တည်ငြိမ်နေရခြင်းက နောက်ထပ် အကြောင်းရင်းတစ်ခု ရှိသေးသည်။
ယင်းက သူ ကိုးဆယ်ရာခိုင်နှုန်း သေချာသည်။
အနီရောင်လီလီပန်းလေးများ၏မိခင်က သူ့ကိုဒုက္ခပေးမည် မဟုတ်ပေ။
"မင်းရဲ့ ကမ္မရေစက်ကြိုးတွေက မရေမရာဖြစ်နေတာပဲ"
အနီရောင်လီလီပန်းလေးများ၏မိခင်က ထူးခြားမှုမရှိသောလေသံဖြင့် ပြောလိုက်သည်။
သူမက အင်မော်တယ်ဘုရင်နယ်ပယ်ထက် ပို၍ နက်ရှိုင်းစွာ ရောက်နေပြီ။
သူ့အတွက် အကြောင်းအကျိုးကို တွက်ချက်ရန်မှာ ထမင်းစားရေသောက်သကဲ့သို့ ရိုးရှင်းသည်။
သို့သော်... ကျွင်းရှောင်ယောက်၏ အတိတ်ကိုမူ သူမ ဖမ်းဆုပ်နိုင်ခြင်း မရှိပေ။
ယင်းက ဗလာလွတ်နေသကဲ့သို့ ဖြစ်သည်။
ကျွင်းရှောင်ယောက်လည်း ပြုံးပြီး သူ၏ ဖုံးကွယ်နည်းများဖယ်ရှားလိုက်လေသည်။
ထို့နောက် သူမ၏ ရုပ်အမှန်ကို ထုတ်ဖော်လိုက်သည်။
"ကျွန်တော်ကိုယ် ကျွန်တော် မိတ်ဆက်ပေးပါရစေ၊ ကျွန်တော်က ကျွင်းရှောင်ယောက်... အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပါ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြုံးပြီး ပြောလိုက်သည်။
အနောက်ဘက်တွင်၊ ရွယ်ယွဲ့ ထိတ်လန့်တုန်လှုပ်သွား၏။
ကျွင်းရှောင်ယောက် သေချင်နေပြီလား။
တိုင်းတစ်ပါးမှ ဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပါးရှေ့တွင်... အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစု၏ လူတစ်ဦးဖြစ်သော သူ့အထောက်အထားကို ဖော်ထုတ်ပြခဲ့သည်။
ဤအရာက ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းနှင့် အဘယ်မှာ ခြားနားပါမည်နည်း။
"ဒါ..."
မျက်နှာဖုံးအောက်မှ အနီရောင်လီလီပန်းလေးများမိခင်၏ မျက်လုံးများက ကျွင်းရှောင်ယောက်၏မျက်နှာကို ရုတ်တရက် စူးစိုက်ကြည့်လာခဲ့သည်။
သူမက အင်မော်တယ်နယ်မြေကြီးမှ ကျွင်းရှောင်ယောက်၏ အထောက်အထားနှင့် နောက်ခံကို ဂရုမစိုက်ပါ။
ထိုအစား မျက်နှာကိုသာ ကြည့်လိုက်သည်။
သူ့မှတ်ဉာဏ်ထဲတွင် မျက်နှာသွင်ပြင်တစ်ခု ပေါ်လာပြီး တဖြည်းဖြည်း ကြည်လင်လာ၏။
သူ့အား အဆုံးမရှိသော နွေးထွေးမှုကို ယူဆောင်လာပေးသော ထိုမျက်နှာက ကျွင်းရှောင်ယောက်၏မျက်နှာနှင့် အလွန် ဆင်တူသည်။
ယင်းက တူညီသောပန်းတစ်ပွင့်ကဲ့သို့ပင်။
နှစ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ပြီးနောက် သူမ၏ အေးစက်တိတ်ဆိတ်သော နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားခဲ့ပြီ ဖြစ်သည်။
နားမလည်နိုင်သော ခံစားချက်များလည်း သူ့နှလုံးသားထဲမှ ထွက်ပေါ်လာတော့သည်။
"မင်းက... ကျွင်းရှောင်ယောက်..."
အနီရောင်လီလီပန်းလေးများ၏မိခင်က ရေရွတ်လိုက်သည်။ သို့ရာတွင်၊ သူမ၏ အကြည့်ကတော့ ကျွင်းရှောင်ယောက်၏ မျက်နှာမှ မဖယ်ခွာခဲ့ပေ။
'ဘယ်လိုဖြစ်သွားတာလဲ'
နောက်ကွယ်တွင် ရွယ်ယွဲ့က အလွန်အံ့သြသွားခဲ့သည်။
ကျွင်းရှောင်ယောက်၏ မူလဇစ်မြစ်ကို သိပြီးနောက်တွင်ပင်...
အနီရောင်လီလီပန်းလေးများ၏မိခင်က သတ်ဖြတ်ချင်စိတ်များကို အမှန်တကယ် မထုတ်ဖော်ခဲ့ပေ။
ထိုအစား သူက အနည်းငယ် အံ့အားသင့်သွားပြီး ကျွင်းရှောင်ယောက်၏မျက်နှာကို မှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။
ကျွင်းရှောင်ယောက်ကတော့ ဤအခြေအနေကို သူ့စိတ်ထဲမှ မျှော်လင့်ထားပြီးသားပင်။
သူ့တွင် ကမ္ဘာပေါ်မှ အမျိုးသမီးတိုင်း တစ်ချက်ကြည့်မိရုံဖြင့် ချစ်သွားလောက်အောင် စွမ်းနိုင်သော ရုပ်ရည်ရှိသည်မှာမှန်သော်လည်း...
အနီရောင်လီလီပန်းလေးများ၏မိခင်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးက သူ့မျက်နှာကြောင့် ကြွေဆင်းမည့်သူမဟုတ်ကြောင်း ထင်ရှားသည်။
တစ်နည်းဆိုရသော်၊ ကျွင်းရှောင်ယောက်၏ မျက်နှာဟာ အနီရောင်လီလီပန်းလေးများမိခင်၏ နှလုံးသားထဲမှ တစ်စုံတစ်ယောက်ကို ထင်ဟပ်စေခဲ့ခြင်း ဖြစ်သည်။
'ကြည့်ရတာ အနီရောင်လီလီပန်းလေးများရဲ့မိခင်က သရဲမျက်နှာဖုံးနဲ့ အမျိုးသမီးဖြစ်ပုံရတယ်'
'သူရှာနေတဲ့သူက ငါ့နဲ့တူတဲ့ သူ့အစ်ကိုဖြစ်ရမယ်'
'ရွယ်ယွဲ့ကို ရွေးချယ်ရတဲ့ အကြောင်းရင်းကတော့ သူနဲ့တူညီတဲ့ ဘဝအတွေ့အကြုံတွေ ပဲ့တင်ထပ်နေတာကြောင့် ဖြစ်နိုင်တယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ အခြေအနေများစွာကို ခန့်မှန်းကြည့်လိုက်သည်။
သို့သော်၊ ထိုအခိုက်တွင်...
နွေးထွေးကာ နူးညံ့သော ကျောက်စိမ်းလက်က ကျွင်းရှောင်ယောက်၏ ပါးပြင်ကို ထိတို့လာခဲ့သည်။
အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်ကိုသာ စိုက်ကြည့်မြဲ စိုက်ကြည့်နေ၏။
သရဲမျက်နှာဖုံးသည် သူမ၏အမူအရာကို ဖုံးကွယ်ထားသော်လည်း ရှုပ်ထွေးနေသော မျက်လုံးအကြည့်များကိုတော့ မဖုံးကွယ်နိုင်ပေ။
"ဒီကမ္ဘာမှာ ပန်းတစ်ပွင့် ညှိုးနွမ်းသွားတဲ့အခါ နောင်တစ်ချိန်မှာ တစ်ဖန် ပြန်ပွင့်လာမှာလား"
အနီရောင်လီလီပန်းလေးများ၏မိခင်က ရေဉါတ်ပြောဆိုလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်သွားပြီးနောက် တည်တည်ငြိမ်ငြိမ် ပြောလိုက်လေသည်။
"ဒီကမ္ဘာမှာ တူညီတဲ့ပန်းမရှိသလို အတိအကျတူညီတဲ့ လူဆိုတာလည်း မရှိပါဘူး"
"တကယ်ပဲလား"
အနီရောင်လီလီပန်းလေးများ၏မိခင်က တိုးတိတ်စွာ ပြောလိုက်သည်။
"အကြီးအကဲ၊ အခု ကျွန်တော်ရဲ့ သံသယတွေကို ဖြေပေးနိုင်မလား"
ကျွင်းရှောင်ယောက်ဟာ အနီရောင်လီလီပန်းလေးများ၏မိခင်က သူရှာနေသည့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး ဟုတ်၊မဟုတ် သိချင်နေပြီ ဖြစ်သည်။
ထိုစကားကိုကြားတော့ အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်၏ပါးပြင်ကို ထိတွေ့ထားသော သူမ၏ ကျောက်စိမ်းလက်ကို ပြန်ရုတ်လိုက်သည်။
ထို့နောက် သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး မျက်နှာပေါ်ရှိ သရဲမျက်နှာဖုံးကို ချွတ်လိုက်၏။
မျက်နှာဖုံးကို ချွတ်လိုက်သော်လည်း မြူခိုးများကြောင့် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရန် ခက်ခဲနေဆဲပင်။
သို့သော်လည်း ကစဉ့်ကလျားမျက်လုံးဖြင့် ကျွင်းရှောင်ယောက်က ကောင်းစွာမြင်လိုက်ရသည်။
သူမ၏ မျက်နှာသွင်ပြင်က အလွန်လှပသည်ဟု ပြောနိုင်ပေသည်။ ကျွင်းရှောင်ယောက် တွေ့ဖူးသည့် အလှပဆုံး အမျိုးသမီးငါးဦးထဲမှာပင် တစ်ဦးပါအဝင်ဟု သတ်မှတ်နိုင်သည်။
သူမ၏ မျက်ခုံးနှစ်ခုကြားမှာလည်း အနီရောင်လီလီပန်းပွင့်သဏ္ဍာန် အမှတ်အသားတစ်ခု ရှိနေသေးသည်။
သူမ၏အသက်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှည်လျားလှပြီဖြစ်သော်လည်း ဇရာ၏ အရိပ်အယောင်တို့မရှိဘဲ ကျက်သရေရှိစွာ လှပနေဆဲ ဖြစ်သည်။
"မင်းပြောသလိုဆိုရင် ငါ မင်းကို လူတယောက်နဲ့ ထင်မှတ်မှားခဲ့တာဖြစ်နိုင်ပါတယ်"
"ဒါပေမဲ့ တကယ်တော့ မင်းလည်း ငါ့ကို နားလည်မှုလွဲနေတာလို့ ပြောရမယ်"
အနီရောင်လီလီပန်းလေးများ၏မိခင်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက် အနည်းငယ် အံ့သြသွား၏။
သူ့ခန့်မှန်းချက် မှားနေပါသလော။
အနီရောင်လီလီပန်းလေးများ၏မိခင်နှင့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကြားတွင် ပတ်သက်မှု မရှိ ဖြစ်နေပါသလော။
သို့သော်လည်း သရဲမျက်နှာဖုံးနှင့် အမျိုးသမီးနှင့်ပတ်သက်သော ယခင်သဲလွန်စများအားလုံးက ပိအန်းဧကရာဇ်မျိုးနွယ်ကိုသာ ညွှန်ပြနေသည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှ အံ့သြမှုကို မြင်လိုက်ပုံရသည်။
အနီရောင်လီလီပန်းလေးများ၏မိခင်က ခေါင်းကိုခါယမ်းပြီး ပြောလိုက်လေသည်။
"အနီရောင်လီလီပန်းက နှစ်တစ်ထောင်ပွင့်လန်းပြီး နှစ်တစ်ထောင်မှာ ကြွေကျတယ်... အဲဒီအခါ အပွင့်နဲ့အရွက်က ဘယ်တော့မှ ပြန်မဆုံနိုင်တော့ဘူး။ ချစ်ခြင်းတရားက ရေစက်ကြောင့်ဆိုရင်တောင် သေခြင်းတရားကြောင့် ကွေကွင်းရနိုင်တယ်"
"သူမက လူတစ်ယောက် ပြန်လာတာကို စောင့်နေခဲ့တာ"
"အနှစ်တစ်ထောင်ပြီးတော့ နောက်ထပ် နှစ်ပေါင်းတစ်ထောင်..."
"တစ်ခေတ်ပြီးရင် နောက်တစ်ခေတ်..."
"ဒါပေမဲ့ နောက်ဆုံးမှာတော့ သူစောင့်ဆိုင်းခဲ့ရတဲ့ ပန်းက ဆင်တူတဲ့ ပန်းတစ်ပွင့်ပဲ ဖြစ်နေတယ်။ ဘယ်လောက်တောင် ဝမ်းနည်းစရာကောင်းလိုက်လဲ"
အနီရောင်လီလီပန်းလေးများ၏မိခင်က သက်ပြင်းချလိုက်သည်။
ကျွင်းရှောင်ယောက်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။
"အဲ့ဒါ အကြီးအကဲ မဟုတ်ဘူးလား..."
ကျွင်းရှောင်ယောက် အံ့ဩနေမိသည်။
"မဟုတ်ပါဘူး၊ မင်း ခန့်မှန်းတာ မမှားပေမဲ့ အပြည့်အဝတော့ မမှန်ဘူး"
"ငါက သူပါပဲ၊ ဒါပေမဲ့ သူ မဟုတ်ဘူး"