အခန်း ၁၀၅၄
Vol. 71 Ch. 1054
အခန်း ( ၁၀၅၄ ) အမှန်တရား ပေါ်လွင်မည့်အချိန်။
အနီရောင်လီလီပန်းလေးများမိခင်၏ စကားများက ရှုပ်ထွေးနေသည်။
ကျွင်းရှောင်ယောက်သည် အနီရောင်လီလီပန်းလေးများ၏မိခင်က သရုပ်ဆောင်နေသည်ဟုတော့ မထင်ပေ။
"အကြီးအကဲ၊ အသေးစိတ်ပြောပြလို့ရမလား"
ကျွင်းရှောင်ယောက်၏ အမူအရာက လေးနက်လာခဲ့သည်။
အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်ကို ကြည့်နေသည်။
ပုံမှန်အားဖြင့် သူမ၏ အထောက်အထားအရ ကျွင်းရှောင်ယောက်ကို တိုက်ရိုက်သတ်သင့်သည်။
သို့သော်လည်း သူ့စိတ်ထဲတွင် မရေရာသော ခံစားချက်တို့ ပေါ်လာခဲ့၏။
ကျွင်းရှောင်ယောက်ကို မြင်ရချိန်တွင် အရင်းနှီးဆုံးလူတစ်ယောက်ကို မြင်နေရသကဲ့သို့ပင်။
ထို့ကြောင့်ပင် အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်ကို မတိုက်ခိုက်ဖြစ်ခဲ့ပါ။
မည်သည့်အရာ ဖြစ်လာပါစေ၊ ကျွင်းရှောင်ယောက်ကို တိုက်ခိုက်မိမည် မဟုတ်ပေ။
ဤအရာက စိတ်ဝိညာဉ်၌ ရေးထွင်းထားသော အရာ ဖြစ်သည်။
"တစ်ချိန်က၊ ငါဟာ အမှောင်မြစ်ကမ်းနားမှာ ပွင့်နေတဲ့ ပန်းတစ်ပွင့်ပါပဲ"
"နှစ်ပေါင်း မရေမတွက်နိုင်အောင် နှစ်ခြင်းခံပြီးတဲ့ နောက်မှာတော့ အင်မော်တယ်ဘုရင်အဖြစ် ကြီးပြင်းလာခဲ့တယ်"
"ဒါပေမဲ့ ပိုနက်နဲတဲ့နယ်ပယ်ကို ရောက်ရှိဖို့ ကြိုးစားတဲ့အခါ ကျရှုံးပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်။ ငါ့ရဲ့ ကျင့်ကြံမှုအားလုံးလည်း တဒင်္ဂလေးအတွင်းမှာပဲ ပျက်သုဉ်းခဲ့ရတော့တာပဲ"
အနီရောင်လီလီပန်းလေးများ၏မိခင်က အတိတ်ကို အမှတ်ရနေဟန်ဖြင့် ပြောလိုက်သည်။
အနီရောင်လီလီပန်းတွင် အထူး ပြန်လည်ဝင်စားခြင်းစွမ်းရည်တစ်ခု ရှိသည်။
အကြောင်းမူ၊ သူတို့က ဝိညာဉ်ကို လမ်းညွှန်နိုင်စွမ်းရှိသောကြောင့်ပင်။
ဤအရာသည် အခြားသက်ရှိသတ္တဝါများ ပိုင်ဆိုင်ရန်ခက်ခဲသော စွမ်းရည်တစ်ခု ဖြစ်သည်။
သူတို့က ပြန်လည်ဝင်စားခြင်း၏တံဆိပ်ထဲသို့ ပေါင်းထည့်နိုင်ပြီး သေဆုံးခြင်းမှ ပြန်လည်ရှင်သန်လာနိုင်သည်။
သို့သော်လည်း ထိုအချိန်က အနီရောင်လီလီပန်းလေးများ၏မိခင်မှာ ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့သည်။ တာအိုပင် ပျက်စီးသွားတော့မည်။
ထိုအချိန်တွင် သရဲမျက်နှာဖုံးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာသည်။
သူမက တိုင်းတစ်ပါးသတ္တဝါမဟုတ်သော်လည်း အရှိန်အဝါကြီးစွာဖြင့် ဝင်ရောက်လာခဲ့၏။
သူမကို မည်သူမျှ မတားဆီးနိုင်ပေ။
အင်မော်တယ်ဘုရင်များပင်လျှင် သူ့ကို လွန်စွာကြောက်ရွံ့ကြရသည်။
သို့သော်လည်း သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက သူတို့ကို ဂရုမစိုက်ပေ။
သူမက အနီရောင်လီလီပန်းလေးများ၏မိခင်အတွက် သက်သက်လာခဲ့ခြင်း ဖြစ်သည်။
သူမက အနီရောင်လီလီပန်း၏ ပြန်လည်ဝင်စားစွမ်းရည်ကိုအသုံးပြုပြီး အခြားဘဝတွင် နေထိုင်လိုပေသည်။
ဖျက်ဆီးခံမလား သို့တည်းမဟုတ် ပူးပေါင်းမှာလား။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက သူ့ကို ရွေးချယ်ခွင့်ပေးခဲ့သည်။
သူမ၏ ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးပြီး သူမ၏ခန္ဓာကိုယ်ကို သိမ်းပိုက်မည်။
သို့မဟုတ်ပါက သူမနှင့် ပူးပေါင်းနေရလိမ့်မည်။
ပြန်လည်ဝင်စားပြီးနောက် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ပြန်လည်ဝင်စားခြင်းလီလီပန်း၏ စွမ်းရည်ကို အပြည့်အဝ ကျွမ်းကျင်ပါက...
သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် အနီရောင်လီလီပန်းကလေးလည်း ပူးပေါင်းရန် လုံးဝ မတွန့်ဆုတ်တော့ပေ။
ထို့အပြင် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ အစွမ်းသတ္တိက အလွန်ကြောက်စရာကောင်းမည်ဟု ခံစားမိသောကြောင့် ဖြစ်သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးနှင့် ပေါင်းစည်းခြင်းကြောင့်လည်း အနီရောင်လီလီပန်းလေးများ၏မိခင်မှာ ဆုံးရှုံးမှု လုံးဝ မရှိပေ။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကို သူပေးနိုင်သည့် တစ်ခုတည်းသောအရာက အနီရောင်လီလီပန်းများ၏ ပြန်လည်ဝင်စားခြင်းစွမ်းရည် ဖြစ်သည်။
နောက်ပိုင်းမှာတော့ သဘာဝအတိုင်း ဖြစ်ပျက်ခဲ့ပေသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက ပြန်လည်ဝင်စားခဲ့သည်။
သူမ၏ ခန္ဓာအဟောင်းကိုစွန့်ခွာကာ နတ်သန္ဓေအဖြစ် ပြောင်းလဲပြီး အနီရောင်လီလီပန်းလေးများ၏မိခင်အဖြစ် ပေါင်းစည်းခဲ့သည်။
ထိုဘဝတွင် အနီရောင်လီလီပန်းလေးများ၏မိခင်က သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဖြစ်ပြီး သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အနီရောင်လီလီပန်းလေးများ၏မိခင် ဖြစ်ချေသည်။
ပိအန်းဧကရာဇ်မျိုးနွယ်ကိုလည်း ထိုအချိန်မှ စတင်တည်ထောင်ခဲ့သည်။
ယင်းကို သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အနီရောင်လီလီပန်းလေးများ၏မိခင်ထံ ပြန်ပေးသော အကျိုးကျေးဇူးဟု မှတ်ယူနိုင်ပေသည်။
"သူက အရမ်းအစွမ်းထက်တယ်၊ အဲဒီဘဝမှာ အနီရောင်လီလီပန်းမျိုးနွယ်ရဲ့ နက်ရှိုင်းမှုအားလုံးကို နားလည်ပြီး ပိအန်းပြန်လည်ဝင်စားခြင်းအင်မော်တယ်ကျမ်းကို ဖန်တီးနိုင်ခဲ့တယ်"
"ထိပ်တန်း အင်မော်တယ်ကျမ်းတွေနဲ့ နှိုင်းယှဉ်နိုင်တဲ့ နည်းလမ်းပဲ"
"အဲဒီဘဝတစ်ခုအပြီးမှာ သူထွက်သွားတယ်"
"ဒါပေမဲ့ အဲဒီအချိန်မှာ သူက အနီရောင်လီလီပန်းမျိုးနွယ်ရဲ့ စွမ်းရည်ကို အပြည့်အဝ ထိန်းချုပ်ထားခဲ့ပြီ။ ပြန်လည်ဝင်စားခြင်းရဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး ပြန်လည်ဝင်စားခြင်းရဲ့တံဆိပ်ကို ဖွဲ့တည်နိုင်ခဲ့တယ်"
"အချိန်က သူ့ကို မတားဆီးနိုင်တော့ဘူး"
စကားအဆုံးတွင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်က စိတ်လှုပ်ရှားမှုတို့ဖြင့် သက်ပြင်းချလိုက်သည်။
တိုင်းတစ်ပါးမှ မရေတွက်နိုင်သောလူများ၏ အထင်ကြီးလေးစားမှုခံရသော အနီရောင်လီလီပန်းလေးများ၏မိခင်က လူတစ်ဦးအကြောင်း ရိုသေလေးစားသောလေသံဖြင့် ပြောဆိုလာမည်မှာ စိတ်ကူးကြည့်ရန်ပင် မလွယ်ပေ။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးကို လေးစားလွန်းသဖြင့် သက်ပြင်းကိုသာ ချနိုင်သည်။
ကျွင်းရှောင်ယောက်လည်း ဤတော့မှ အကြောင်းရာများစွာကို ရုတ်တရက် နားလည်လာခဲ့သည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အဘယ်ကြောင့် အနီရောင်လီလီပန်း၏စွမ်းရည်ကို ပိုင်ဆိုင်ထားသနည်း။
သူမက အဘယ်ကြောင့် ရှေးသမိုင်းတွင် လွပ်လပ်စွာ လှုပ်ရှားနိုင်ခဲ့သနည်း။
သင်္ချိုင်းကမ္ဘာတွင် မြှုပ်နှံထားသော သုသာန်ဧကရီလည်း ရှိသေးသည်။
ကျွင်းရှောင်ယောက်က သင်္ချိုင်းကမ္ဘာထဲသို့ ဝင်ရောက်သောအခါ သရဲမျက်နှာဖုံးဖြင့် သင်္ချိုင်းဧကရီက သူ့ကို ကူညီခဲ့သည်။
သရဲမျက်နှာသုသာန်ဧကရီကလည်း ပြန်လည်ဝင်စားခြင်းလီလီပန်း၏ စွမ်းရည်ကို အသုံးပြုနိုင်သည်။
ယခု ပြန်စဉ်းစားကြည့်တော့ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးဟာ သူ့ခန္ဓာဟောင်းကို သင်္ချိုင်းကမ္ဘာတွင် မြှုပ်နှံထားခဲ့ခြင်း ဖြစ်လိမ့်မည်။ ထို့နောက် သူမ၏ဝိညာဉ်က ပြန်လည်မွေးဖွားလာခဲ့သည်။
"ဒါဆို အခု အကြီးအကဲက သူ့အပေါ် သက်ရောက်မှုရှိနေသေးလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
အနီရောင်လီလီပန်းလေးများ၏မိခင်က ခေါင်းညိတ်လိုက်လေသည်။
"တကယ်တော့ ငါ့အသိစိတ်ထဲမှာ သူ့အသိစိတ်တစ်စိတ်တစ်ပိုင်း ရှိနေပါသေးတယ်။ မဟုတ်ရင် သူက ပိအန်းမျိုးနွယ်မှာ ပါဝင်ခဲ့မှာမဟုတ်ဘူး"
အနီရောင်လီလီပန်းလေးများ၏မိခင်က ရွယ်ယွဲ့ကို ကြည့်လိုက်သည်။
ထိုမှသာ ရွယ်ယွဲ့လည်း သူမကို ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းကို နားလည်ခဲ့ပေသည်။
သူမ၏ ဘဝအတွေ့အကြုံက သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးနှင့် တူညီမှုအချို့ ရှိကောင်းရှိနိုင်သည်။
ကျွင်းရှောင်ယောက်၏ ပဟေဋ္ဌိများစွာကို ဖြေရှင်းပြီးပြီ။
သို့သော်လည်း သူ့ကို အနည်းငယ်နောင်တရစေသည့် တစ်ခုတည်းသောအရာမှာ...
အနီရောင်လီလီပန်းလေးများ၏မိခင်က သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ ဘဝတစ်ခုသာ ဖြစ်နေခြင်း ဖြစ်သည်။
ထို့အပြင်၊ ပြီးပြည့်စုံသော ဘဝတစ်ခုပင် မဟုတ်ပါ။ အကြောင်းမှာ၊ ယင်းက အကျိုးတူပူးပေါင်းမှုတစ်ခုမျှသာ ဖြစ်ခဲ့ခြင်းကြောင့်ပင်။
သို့ဆိုလျှင် သူ အစစ်အမှန်က ဘယ်မှာလဲ။
နေရာတိုင်းမှာလည်း သူမ၏ သဲလွန်စများ ရှိခဲ့သည်။
ကျွင်းရှောင်ယောက်ဟာ သူမနှင့် လူချင်းမတွေ့ဖူးသော်လည်း သူ့ကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။
အလားသဏ္ဍာန်တူသော ပန်းတစ်ပွင့်ဖြစ်လျှင်...
ကျွင်းရှောင်ယောက်ကိုယ်တိုင် ဤကြင်နာမှုကို မခံနိုင်ပေ။
"သူ ဘယ်မှာလဲလို့ တွေးနေတာလား"
ကျွင်းရှောင်ယောက်၏ အမူအရာကိုမြင်တော့ အနီရောင်လီလီပန်းလေးများ၏မိခင်က မေးလိုက်သည်။
"တကယ်ပါပဲ"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်၏။
"မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် သူနဲ့တွေ့ဖို့က သိပ်ကြာမှာမဟုတ်ပါဘူး"
"သူကလည်း စောင့်နေတယ်"
"ဘာကိုစောင့်နေတာလဲ"
ကျွင်းရှောင်ယောက်က မေးသည်။
"မင်း အပြည့်အဝ ကြီးပြင်းလာပြီး အရာအားလုံးကို နှိမ့်ချနိုင်တဲ့ တည်ရှိမှုတစ်ခု ဖြစ်လာမဲ့အချိန်ကို စောင့်နေတယ်"
“အဲဒီအချိန်ကျရင် သူရှာနေတဲ့ အမှန်တရားကို ဖော်ထုတ်နိုင်လိမ့်မယ်”
"အမှန်တရားလား"
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
ပြန်လည်ဝင်စားခြင်းတံဆိပ်ကို ကိုင်ဆောင်ကာ ရှေးသမိုင်းတစ်လျှောက် လှည့်လည်သွားလာနေသော...
ခေတ်အဆက်ဆက် အံ့အားသင့်ဖွယ် အရည်အချင်းများရှိသော ဤသရဲမျက်နှာဖုံးဖြင့် အမျိုးသမီးနှင့် သူလည်း တွေ့ဆုံချင်ပေသည်။
"ကျွန်တော်ရဲ့ မေးခွန်းတွေကို ဖြေပေးလို့ ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် လက်ယှက်ပြလိုက်သည်။
ထိုက်သင့်သော သဲလွန်စများကိုလည်း သူ ရရှိခဲ့ပြီ။
"ဒါ့အပြင် ငါမင်းကို နောက်တစ်ခု ပြောပြနိုင်တယ်။ တစ်ခါက သူဟာ အမည်မဲ့နယ်မြေကို ဝင်သွားတယ်"
အနီရောင်လီလီပန်းလေးများ၏မိခင်က ပြောလိုက်သည်။
"အလို"
ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် နောက်ထပ် သံသယတစ်ခု ပေါ်လာသည်။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အမည်မဲ့နယ်မြေသို့ ဝင်ရောက်ခဲ့၏။
သို့ဆိုလျှင် အန္တိမကပ်ဘေးကြီးကို သူ တွေ့ခဲ့မည်လော။
ယင်းက ကျွင်းရှောင်ယောက်ကို အမှန်တကယ် သိချင်စိတ်များ ဖြစ်စေသည်။
တစ်ဦးမှာ ရှေးသမိုင်းကို ဖြတ်သန်းသွားလာနေသော အံ့သြဖွယ်စွမ်းရည်နှင့် အလှတရားရှိသည့် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး ဖြစ်သည်။
တစ်ဖက်မှာတော့ တိုင်းတပါး ဒဏ္ဍာရီများမှ ဖော်ပြရခက်ခဲသော အန္တိမကပ်ဘေးကြီး ဖြစ်၏။
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီးက အဘယ်ကြောင့် အမည်မဲ့နယ်မြေကို သွားရောက်ခဲ့သနည်း။
အန္တိမကပ်ဘေးကြီးကို သူကိုယ်တိုင် တွေ့ခဲ့ပါမည်လော။
သူ့နှလုံးသားထဲမှာ လျှို့ဝှက်ဆန်းကြယ်မှုများ ရှိနေသော်လည်း အနီရောင်လီလီပန်းလေးများ၏မိခင်က ထပ်မပြောသောကြောင့် ကျွင်းရှောင်ယောက်လည်း မမေးတော့ပေ။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ၊ ကျွန်တော် အရင်သွားပါတော့မယ်"
ကျွင်းရှောင်ယောက်က ထွက်ခွာရန် အသင့်ဖြစ်နေပြီ။
"ဒီအတိုင်း ထွက်သွားမှာလား"
အနီရောင်လီလီပန်းလေးများ၏မိခင်က ရုတ်တရက် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က ခဏရပ်လိုက်၏။
အနီရောင်လီလီပန်းလေးများ၏မိခင်က သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ...
ကျွင်းရှောင်ယောက်၏ သိုလှောင်ခြင်းရတနာအတွင်းသို့ တစ်စုံတစ်ခု ရောက်လာတော့သည်။
"သူက ဒါကို မင်းအတွက် ထားခဲ့တာ"
အနီရောင်လီလီပန်းလေးများ၏မိခင်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက် အံ့သြသွား၏။
ပေါ်လာသော အရာက ပန်းတစ်ပွင့် ဖြစ်သည်။
"အကြီးအကဲ၊ ဒါက ဘာလဲလို့မေးပါရစေ"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
ကြည့်ရတာတော့ ယင်းက အပွင့်လေးပွင့်ပါသည့် သာမန်ပန်းတစ်ပွင့်ဖြစ်ပုံပင်။
ကျွင်းရှောင်ယောက်လည်း ၎င်း၏ အရင်းမြစ်ကို မသိနိုင်ခဲ့ပါ။
"ဒါက ပြန်လည်ဝင်စားခြင်းတံဆိပ်နဲ့ ပေါင်းစည်းထားတဲ့ ဝိညာဉ်လေးပါးရဲ့ပန်းပွင့်ပဲ။ အနာဂတ်မှာ မင်း သေခြင်းရှင်ခြင်းဆိုင်ရာ ကပ်ဆိုးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သူက ကြိုမြင်ထားပုံရတယ်"
အနီရောင်လီလီပန်းလေးများ၏မိခင်က အနည်းငယ် လေးနက်သောလေသံဖြင့် ပြောလိုက်သည်။