← Chapters

အခန်း ၁၀၅၈

Vol. 71 Ch. 1058

အခန်း ၁၀၅၈

Vol. 71 Ch. 1058

အခန်း ( ၁၀၅၈ ) ယီရှဲ့ဧကရာဇ်မျိုးနွယ်။

ကစဉ့်ကလျားနတ်ဆိုးပင်လယ်က အလွန်ကျယ်ပြောပြီး အကန့်အသတ်မရှိပေ။

ကျွန်းစုများကလည်း မရေမတွက်နိုင်အောင် ရှိပေသည်။

ကျွန်းများပေါ်တွင် မျိုးနွယ်စုများလည်း အများအပြား ရှိ၏။

သူတို့ထဲတွင် အင်အားကြီး ဧကရာဇ်မျိုးနွယ်စုများပင် ရှိသေးသည်။

ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ အလယ်ပိုင်းရေပြင်တွင် တိုက်ကြီးတစ်ခုကဲ့သို့ ကြီးမားသော ကျွန်းတစ်ခုရှိနေသည်။

ကျွန်းပေါ်တွင် ထူးကဲသော မြင်ကွင်းများစွာ ရှိ၏။

လေထဲတွင် ဆိုင်းငံ့ထားသည့် လှပတင့်တယ်သော နန်းတော်များလည်း ရှိသေးသည်။

ရေတံခွန်ကဲ့သို့ လေထဲမှ ကျဆင်းနေသည့် ယင်စွမ်းအင်မြစ်တစ်စင်းလည်း ရှိသည်။

ထိုနေရာကား ယီရှဲ့မျိုးနွယ်၏ တည်နေရာဖြစ်ချေသည်။

ယီရှဲ့မျိုးနွယ်မှာ အမှောင်ကမ္ဘာ၏ နတ်ဘုရားမ အီဇာနာမီမှ ဆင်းသက်လာခြင်းဖြစ်သည်။

၎င်းက ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် လွှမ်းမိုးမှုရှိသော အင်အားစုတစ်ခု ဖြစ်ချေသည်။

ယခုအချိန်တွင်၊ ကျွန်း၏ ပင်မနေရာရှိ နန်းတော်တစ်ခုတွင်...

လူတစ်စုက တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည်။

"မင်း ယိုမီကို ဖာချီမျိုးနွယ်ရဲ့ အသုံးမကျတဲ့ သခင်လေးနဲ့ လက်ထပ်စေဖို့ တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား"

တစ်ယောက်က မေးသည်။

"ကာကူရာကလွဲရင် ယိုမီက ငါတို့မျိုးနွယ်ရဲ့ အထူးချွန်ဆုံး မိန်းကလေးပဲ။ သူ့ကို အရှုံးသမားတစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး လက်ထပ်ပေးရမှာလဲ"

ထူးကဲသော အသွင်ပြင်နှင့် ဆံပင်၊ မုတ်ဆိတ်များ ဖြူဆွတ်နေသော အဘိုးအိုတစ်ဦးက အေးစက်စက် ပြောလိုက်၏။

သူသည်ကား ယီရှဲ့မျိုးနွယ်စု၏ ပဉ္စမမြောက် အကြီးအကဲ ဖြစ်သည်။

သူက ယိုမီ၏ မျိုးရိုးမှ အကျော်အမော်တစ်ဦးလည်း ဖြစ်ချေသည်။

ယိုမီဆိုသည်မှာ ကာကူရာ၏ ဝမ်းကွဲ ဖြစ်သည်။

ကာကူရာမှလွဲ၍ ယီရှဲ့ဧကရာဇ်မျိုးနွယ်တစ်ခုလုံးတွင် အရည်အချင်းအရှိဆုံး မျိုးဆက်သစ်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

"ဒါပေမဲ့ ဒီလက်ထပ်ထိမ်းမြားမှုကို သဘောတူပြီးပြီ။ ငါတို့ဘက်က ဖောက်ဖျက်လိုက်ရင် ဖာချီဧကရာဇ်မျိုးနွယ်ရဲ့မျက်နှာကို ဘယ်လိုလုပ်မလဲ"

နောက်အဘိုးအိုတစ်ဦးက စိုးရိမ်ပူပန်စွာ မေးသည်။

"ဒါက နောက်ဆုံးကျရင် သမိုင်းမှာ ပျောက်ကွယ်သွားတော့မဲ့ ကျဆင်းနေတဲ့ မျိုးနွယ်စုတစ်ခုပဲလေ"

ပဉ္စမအကြီးအကဲက လုံးဝ ဂရုမစိုက်ပေ။

"သူတို့က ကျဆင်းနေတယ်ဆိုရင်တောင်... ဆင်ပိန် ဆိတ်လောက်တော့ ရှိသေးတယ်လေ။ သူတို့ အမှန်တကယ် ဒေါသထွက်တဲ့အခါ ဘာလုပ်နိုင်မယ်ဆိုတာ ဘယ်သူသိမှာလဲ"

"နောက်ပြီးတော့ သူတို့မှာ တိတ်တဆိတ် လေ့ကျင့်နေတဲ့ အင်မော်တယ်ဘုရင် ရှိသေးတယ်"

"နောက်ပြီးတော့ မီးနဂါးမျိုးနွယ်ကို မေ့နေကြပြီလား"

ခေါင်းဆောင်ထိုင်ခုံပေါ်မှ အမျိုးသမီးကြီးတစ်ဦးက ပြောလိုက်သည်။

သူမက ယီရှဲ့ဧကရာဇ်မျိုးနွယ်၏ မဟာအကြီးအကဲ ဖြစ်သည်။ သူ၏ အရှိန်အဝါကလည်း အလွန်နက်နဲပြီး မှန်းဆ၍မရပေ။

မီးနဂါးမျိုးနွယ်အကြောင်း ကြားရသောအခါ ပဉ္စမအကြီးအကဲပင် နှုတ်ဆိတ်သွားသည်။

မီးနဂါးမျိုးနွယ်က ဖာချီဧကရာဇ်မျိုးနွယ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပေသည်။

ဤမင်္ဂလာပွဲကို မီးနဂါးမျိုးနွယ်မှ လူများလည်း တက်ရောက်မည် ဖြစ်သည်။

အိမ်ထောင်ရေးကို ဖျက်သိမ်းမည်ဆိုလျှင်...

မီးနဂါးမျိုးနွယ်က ယီရှဲ့မျိုးနွယ်ကို တိုက်ခိုက်မည်မဟုတ်လျှင်ပင် ဖာချီဧကရာဇ်မျိုးနွယ်အတွက် ဖိအားပေးလာနိုင်သည်။

"ငါ့မျိုးနွယ်ရဲ့ ကာကူရာက ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တွေထဲက တစ်ပါးပဲ။ မီးနဂါးမျိုးနွယ်က ငါတို့ကို ဘယ်လိုရန်ပြုဝံ့မှာလဲ"

ပဉ္စမအကြီးအကဲက လက်မခံချင်သေးဟန်ဖြင့် ပြောလိုက်သည်။

"ဘယ်သူသိမှာလဲ။ မီးနဂါးမျိုးနွယ်က ကောင်းကောင်း ဖုံးကွယ်ထားတာ၊ အဲဒီကောင်တွေအကြောင်းကို ဘယ်သူမှ ကောင်းကောင်းမသိဘူး"

အကြီးအကဲတစ်ဦးက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်လေသည်။

"ဒါနဲ့ ကာကူရာက စစ်နတ်ဘုရားနဲ့ ပတ်သက်မှုရှိတယ် မဟုတ်လား။ သူသာဆိုရင်..."

ရုတ်တရက်၊ ပဉ္စမအကြီးအကဲမှာ ရေနစ်နေစဉ် ကောက်ရိုးတစ်မျှင်ကို ဆွဲမိသကဲ့သို့ တစ်စုံတစ်ခုကို သတိရသွားသည်။

တိုင်းတပါးတွင် ကျွင်းရှောင်ယောက်၏ ဂုဏ်သတင်းက ယခုအခါ အလွန်ကြီးမားနေပြီ။

အဝေးမှ ကစဉ့်ကလျားနတ်ဆိုးပင်လယ်မှာပင် ကျွင်းရှောင်ယောက်၏ ဒဏ္ဍာရီက ပျံ့နှံ့နေဆဲ ဖြစ်သည်။

သူက လျှို့ဝှက်ဆန်းကျယ်သော ဇစ်မြစ်ဖြင့် တုနှိုင်းမယှဉ်သာသော ကစဉ့်ကလျားခန္ဓာ ဖြစ်သည်။

သူနောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အင်မော်တယ်ဘုရင်၏ အကာအကွယ်လည်း ရှိ၏။

စစ်နတ်နန်းတော်၏ ရှန်းအောင်ဘုရင်သည်လည်း သူ့အား ကျောထောက်နောက်ခံ ပြုနေသေးသည်။

နောက်ပိုင်းတွင် သူက တုရှန်ဧကရာဇ်မျိုးနွယ်၏ သမက်တစ်ဦး ထပ်ဖြစ်လာခဲ့သည်။

ကျွင်းရှောင်ယောက်သာ ကူညီချင်လျှင် သူ၏ ပြောပိုင်ခွင့်က မီးနဂါးမျိုးနွယ်ထက် မနိမ့်ကျမည်မှာ သေချာလှပေသည်။

"ငါလည်း သူ့နာမည်ကို ကြားဖူးပါတယ်... ဒါပေမဲ့ အဲဒီကိစ္စက မိန်းကလေးကာကူရာကိုပဲ အားကိုးရလိမ့်မယ်။ ကံကြမ္မာက ဘယ်လိုဖြစ်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့"

မဟာအကြီးအကဲက ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ သူက ထိုအတွက် မျှော်လင့်ချက်များစွာ မထားခဲ့ပေ။

နောက်ဆုံးမှာတော့ လူတိုင်းက မီးနဂါးမျိုးနွယ်ကို စော်ကားလိုစိတ်မရှိကြပါ။

ထိုအချိန်တွင်...

အခြား နန်းတော်တစ်ခုမှာ...

မိန်းကလေးတစ်ယောက် ရှိနေသည်။

မိန်းကလေးတွင် ဖြောင့်စင်းပြီး တောက်ပြောင်သော အနက်ရောင်ဆံနွယ်ရှည်များ ရှိ၏။

မျက်နှာအသွင်အပြင်က လှပသော်လည်း အနီရောင်ဖီးနစ်မျက်လုံးများက ပို၍ ဆွဲဆောင်မှုရှိပုံရလေသည်။

သူမ၏အသားအရေက ဖြူစင်ပြီး ချောမောသူ ဖြစ်သည်။

ဤမိန်းကလေးသည်ကား မင်္ဂလာသတို့သမီးလောင်း ယိုမီ ဖြစ်ပေသည်။ သူက ကာကူရာ၏ ဝမ်းကွဲလည်း ဖြစ်သည်။

ယခုအချိန်မှာတော့ သူ့အမူအရာက အေးစက်‌နေပြီး ပျော်ရွှင်ပုံမရပေ။

"ဘာဖြစ်လို့ သမီးလဲ။ ဖာချီဧကရာဇ်မျိုးနွယ်က သခင်လေးရဲ့ အရည်အချင်းက အလယ်လတ်လောက်ရှိ‌ရင်တောင် မပြောဘူး"

"အခုတော့ သူက တကယ်ကို အမှိုက်ဖြစ်ပြီး လေ့ကျင့်လို့တောင်မရဘူးတဲ့"

"ပြီးတော့ သမီးက ဝမ်းကွဲကူရာပြီးရင် အထူးချွန်ဆုံးလူ"

ယိုမီက သူ့မိဘများကို ကြည့်လိုက်သည်။

ယိုမီ၏ မိဘများလည်း ဤအခိုက်တွင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေသည့်ဟန်ဖြင့် မျက်နှာမကောင်းကြပေ။

တစ်ချိန်က သူတို့ဟာ မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ဖာချီဧကရာဇ်မျိုးနွယ်မှ သခင်လေး၏ အဘိုးဖြစ်သူမှ ကယ်တင်ခြင်း ခံခဲ့ရသည်။

ထိုအချိန်က ဖာချီဧကရာဇ်မျိုးနွယ်၏ သခင်လေးဟာ အရှုံးသမားဖြစ်ကြောင်း သတင်းမရရှိသေးပေ။

ကျေးဇူးတင်စိတ်ကြောင့် ယိုမီနှင့် လက်ထပ်ပေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဖြစ်လာမည်ဟု မည်သူကထင်ထားခဲ့မည်နည်း။

ဧကရာဇ်မျိုးနွယ်စု၏ အရှိန်အဝါကြီးမားသော ငယ်ရွယ်သော သခင်လေးက အရှုံးသမားတစ်ဦး ဖြစ်နေသည်။

ဤသည်က တကယ်ကို ဟာသပင်။

"ဒီအိမ်ထောင်ရေးကို သမီးလက်မခံဘူး။ မင်္ဂလာပွဲကျင်းပတဲ့နေ့မှာ ဖျက်သိမ်းကြောင်း လူသိရှင်ကြား ကြေညာမယ်"

ယိုမီက အေးစက်သောလေသံဖြင့် ပြောသည်။

အမှန်အတိုင်းပြောရလျှင်၊ သူ့အမြင်ကို ထိုမျှမြင့်မြင့် မထားခဲ့ပါ။

သို့သော်လည်း လုံးဝ အသုံးမကျသည့် အရှုံးသမားနှင့် လက်ထပ်ရန်တော့ သူ လုံးဝ လက်မခံနိုင်ပေ။

"သမီးရယ်... ဒါက..."

ယိုမီ၏ မိဘများလည်း အကူအညီမဲ့ဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

"အမေတို့ ကာကူရာအကြောင်းကို သိသင့်တယ် မဟုတ်လား။ သူနဲ့ အဆင်ပြေနေသူက စစ်နတ်ဘုရား၊ တုနှိုင်းမရတဲ့ ကစဉ့်ကလျားခန္ဓာပဲ။ သူက ပျက်စီးခြင်းနယ်စပ်မှာလည်း ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့တာ"

"ဒါပေမဲ့ သမီးရဲ့ ယောက်ျားက အသုံးမကျတဲ့လူတဲ့။ ဒါကို ဘယ်လိုလက်ခံရမှာလဲ"

ယိုမီ လုံးဝ လက်မခံနိုင်ပါ။

အထူးသဖြင့် ဤသို့နှိုင်းယှဉ်မိချိန်တွင်...

သူ့အစ်မဝမ်းကွဲ ကာကူရာ သဘောကျသူက ပထမဘုရင်၊ ကစဉ့်ကလျားခန္ဓာနှင့် စစ်နတ်ဘုရား ဖြစ်သည်။

သို့သော်လည်း သူမကို လက်ထပ်တော့မည့် အမျိုးသားကတော့ လေ့ကျင့်မှုပင် မလုပ်နိုင်သော အရှုံးသမားတစ်ယောက်ပင်။

ဤကွာဟချက်က ကြီးမားလွန်းလှသည်။

ယင်းကို မည်သူမျှ လက်ခံနိုင်မည် မဟုတ်ပေ။

လေထုက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။

ထိုအချိန်တွင် အဘိုးအိုတစ်ယောက် ဝင်လာခဲ့သည်။ ပဉ္စမြောက် အကြီးအကဲ ဖြစ်၏။

"ပဉ္စမအဘိုး"

အဘိုးအိုကိုမြင်သောအခါ ယိုမီ၏ လှပသောမျက်လုံးများက တောက်ပလာခဲ့သည်။

ပဉ္စမအကြီးအကဲက ဘာမျှမပြောသေးဘဲ သက်ပြင်းချလိုက်၏။

“ဖြစ်နိုင်မလား…”

ယိုမီ၏ မျက်နှာက အနည်းငယ် ဖြူဖျော့သွားတော့သည်။

အဆုံးမှာတော့ မျိုးနွယ်စုက သူမကို ဘာမှမဖြစ်သလို လက်ထပ်စေချင်သေးတာလား။

"ယိုမီလေး၊ မင်း သိပ်လည်းစိတ်မပူပါနဲ့"

"မင်းရဲ့ မင်္ဂလာပွဲနေ့မှာ ကာကူရာ သဘာဝအတိုင်း ပြန်လာလိမ့်မယ်။ သူသာ အဲဒီလူကို ဖိတ်ခေါ်လာနိုင်ရင် အခြေအနေတွေက ပြောင်းလဲသွားနိုင်တယ်"

ပဉ္စမ အကြီးအကဲက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

"သူလာမှာလား"

ယိုမီ၏ မျက်လုံးများက မျှော်လင့်ချက်အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ဖာချီဧကရာဇ်မျိုးနွယ်မှ အသုံးမကျသော သခင်လေးက ကျွင်းရှောင်ယောက်နှင့်ယှဉ်လျှင် မိုးနှင့်မြေပမာ ကွာခြားလွန်း၏။

သူရဲကောင်းကို မည်သည့်အမျိုးသမီးက စိတ်မဝင်စားဘဲ နေမည်နည်း။

ကျွင်းရှောင်ယောက် လာရောက်နိုင်ကြောင်း တွေးမိသောအခါ ယိုမီ၏စိတ်ထဲတွင် အနည်းငယ် သက်တောင့်သက်သာရှိသလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းမှာပင်...

ကစဉ့်ကလျားနတ်ဆိုးပင်လယ်ရှိ နောက်ထပ်ကျွန်းတစ်ခုမှာ...

ဤကျွန်းက ရှေးကျပြီး တောရိုင်းဆန်သောအငွေ့အသက်တို့ ပြည့်နေသည်။ နတ်ဆိုးကျွန်းကဲ့သို့ အလွန်မှောင်မိုက်နေ၏။

ကျွန်းပေါ်မှာလည်း နောက်ထပ် ဧကရာဇ်မျိုးနွယ်စုတစ်ခု ရှိပေသည်။

ဖာချီဧကရာဇ်မျိုးနွယ်...

ယခုအချိန်၊ ကျွန်း၏အလယ်ဗဟိုရှိ အလွန်ရှေးကျသော နတ်ကွန်းတစ်ခုရှေ့တွင်...

အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရပ်နေသည်။ သူ့မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်နေ၏။

"ဖျက်ဆီးခြင်းဘုရင်အားလုံး မွေးဖွားလာတဲ့အခါ ငါ့ကိုယ်ထဲက တံဆိပ်ကို ဖယ်ရှားနိုင်လိမ့်မယ်"

“နှစ်ပေါင်းများစွာ သယ်ဆောင်လာခဲ့ရတဲ့ အမှိုက်ဆိုတဲ့ မကောင်းသတင်းကိုလည်း နောက်ဆုံးတော့ လွှင့်ပစ်နိုင်တော့မယ်"

"မင်္ဂလာပွဲမှာ ကမ္ဘာကြီးကို ငါ အသိပေးမယ်"

"ငါ ဖာချီဧကရာဇ်မျိုးနွယ်ရဲ့ သခင်လေးက အမှိုက်မဟုတ်ဘူး၊ ပါရမီရှင်တွေထက်ကို ပိုပြီး မကောင်းဆိုးရွားဆန်တဲ့သူပဲ"

"ယိုမီ၊ ငါ မင်းကို လက်ထပ်လိုက်တာက မင်းအတွက် ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ ငါမင်းကိုပြောပြမယ်"

လူငယ်က လက်သီးကိုဆုပ်ပြီး ရေရွတ်လိုက်သည်။

All Chapters