အခန်း ၁၀၆၂
Vol. 71 Ch. 1062
အခန်း ( ၁၀၆၂ ) နာရာကူ ပေါက်ကွဲခြင်း။
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ မျက်စိမျက်နှာမကောင်းတော့ဘဲ ဖြူဖျော့လာသော ယိုမီ၏ မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုများ ရုတ်တရက် ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်မှ သူမအတွက် ကူညီကာ စကားပြောပေးမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
နောက်ဆုံးတွင်၊ ထိုသို့ပြုလုပ်ခြင်းက အင်မော်တယ်ဧကရာဇ် မျိုးနွယ်စုနှစ်ခု၏ အငြိုးအတေး ခံရနိုင်သည်။
"အိုး...၊ သခင်လေးရှောင်ယောက်၊ ဒီမင်္ဂလာပွဲက မင်းနဲ့မဆိုင်ဘူး မဟုတ်လား"
ကျူးဟွမ်က မျက်လုံးများကို အနည်းငယ်မှေးစင်းပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်၏ နာမည်ကို သဘာဝအတိုင်း သူ ကြားဖူးပေသည်။
သို့သော် သူက မီးနဂါးမျိုးနွယ်မှဖြစ်ပြီး ထူးကဲသော အစွမ်းသတ္တိဖြင့် အစ်ကိုတစ်ဦးလည်း ရှိသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရသည့်အခါတွင် အားနည်းသည်ဟု လုံးဝ မခံစားရပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်က မပြောရသေးမီ...
ကာကူရာက ဝင်ပြောလိုက်သည်။
"ယိုမီက ငါ့ရဲ့ဝမ်းကွဲပဲ။ ငါက ပထမဘုရင်သခင်နဲ့ ပတ်သက်တယ်။ ဒီလိုဆိုရင် မဆိုင်ဘူးလို့ နင်ထင်လား"
စကားနိုင်လုရာတွင် ကျွမ်းကျင်လိမ္မာခြင်းက အမျိုးသမီးများ၏ ထူးခြားချက်ဟု ဆိုရမည်။
သူတို့နှင့် ယှဉ်ပြိုင်ငြင်းခုန်ရန် ခက်လှသည်။
"ကြည့်ရတာ လူတိုင်းက အမြင့်ကိုရောက်ရင် အောက်ခြေလွတ်လာတတ်ပုံပဲ။ မင်း အမြင့်ကိုရောက်မှ ပြန်ပြုတ်ကျနေမယ်၊ သတိထားပါ"
ကျူးဟွမ်က လျစ်လျူရှုစွာ ပြောလိုက်သည်။
"အဲဒီအတွက် မင်း စိတ်ပူစရာမလိုပါဘူး"
ကျွင်းရှောင်ယောက်ကလည်း လုံးဝ ဂရုမစိုက်ပေ။
ကျွင်းရှောင်ယောက်၏ ပံ့ပိုးမှုဖြင့် ယိမီမှာ ယုံကြည်ချက်မြင့်မားလာခဲ့သည်။
သူမသည် နာရာကူအား လှပသော မျက်လုံးများဖြင့် တစ်ချက်ကြည့်ပြီးနောက် ပြန်လှည့်ပြောလိုက်၏။
"ငါတို့ အတူတူနေဖို့က မဖြစ်နိုင်ဘူးဆိုတာ နင်သိသင့်တယ်"
"ဒီကမ္ဘာကြီးဟာ တောတွင်းဥပဒေထင်ရှားပြီး အင်အားကြီးသူပဲ ရှင်သန်နိုင်တာ၊ ဒါပေမဲ့ နင်က ငါ့ကို နည်းနည်းလေးမှ လုံခြုံမှု မခံစားရစေဘူး"
စကားအဆုံးတွင်၊ ယိုမီက တောင့်တနေသော မျက်လုံးများဖြင့် ကျွင်းရှောင်ယောက်ကို လှမ်းကြည့်လိုက်သည်။
နာရာကူက သူမအား အနည်းငယ်သော လုံခြုံမှုခံစားမှုကိုပင် မပေးစွမ်းနိုင်သော်လည်း...
ကျွင်းရှောင်ယောက်မှ လူများကို ပေးစွမ်းနေသော လုံခြုံမှုခံစားချက်မှာ မပြောပြတတ်လောက်အောင်ပင်။
ကျွင်းရှောင်ယောက်၏ဘေးတွင် ရပ်နေရုံဖြင့် တည်ငြိမ်မှုကို ခံစားရစေနိုင်သည်။
"မင်း..."
ယိုမီ၏ သဘောထားက နာရာကူအား ဒေါသချောင်းချောင်းထွက်စေခဲ့သည်။
သူ လုံးဝ သည်းမခံနိုင်တော့ပေ။
"ဒါက မင်းတို့ ယီရှဲ့မျိုးနွယ် ကတိဖောက်လိုက်တာပဲ"
နာရာကူ၏အဖိုးလည်း ဒေါသပေါက်ကွဲသွားသည်။ သူ့ထံမှ ဆန်းကျယ်ကောင်းကင်အဓိပဓိ အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။
"ဟမ့်၊ မင်းက ဘာလုပ်ချင်လို့လဲ"
ပဉ္စမ အကြီးအကဲကလည်း ရှေ့ကို တိုးလာသည်။
ရုတ်ချည်းဆိုသလိုပင်၊ မူလက ပျော်ရွှင်ဖွယ်မမင်္ဂလာပွဲမှာ တင်းမာလာတော့သည်။
ထိုအချိန်တွင် ရယ်မောသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုသူကိုကြည့်လိုက်မိတော့ လူတိုင်း အံ့သြသွားကြ၏။
အမှန်တကယ်ပင် နာရာကူ ဖြစ်နေသည်။
"သူ ဒေါသထွက်လွန်းပြီး စိတ်ဖောက်သွားပြီလား"
တစ်ယောက်က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
သို့သော်လည်း တွေးကြည့်ပါလျှင်...
သူတို့သာ နာရာကူနေရာတွင် အစားထိုးခံရပါက၊ သူတို့လည်း ဒေါသထွက်လွန်းလို့ ရူးသွားလောက်သည်။
"ရယ်စရာပဲ၊ တကယ်ရယ်စရာကောင်းတယ်..."
နာရာကူက ခေါင်းခါယမ်းပြီး ရယ်မောလိုက်သည်။
"နင်ဘာပြောချင်တာလဲ"
ယိုမီ မျက်မှောင်ကြုတ်လိုက်၏။
"ရေတွင်းထဲက ဖားတစ်ကောင်လို အမြင်ကျဉ်းပြီး ကမ္ဘာကြီးကိုသေချာမသိဘဲ ဆုံးဖြတ်နေတဲ့ မင်းနဲ့ ယီရှဲ့မျိုးနွယ်ကို ရယ်နေတာ"
နာရာကူက လှောင်ပြုံးပြုံးပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
စကားအဆုံးတွင်၊ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
"ဘယ်လိုဖြစ်တာလဲ"
ဤထူးဆန်းသော အခြေခံကို ခံစားလိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိ လူများစွာတို့ အံ့သြသွားကြသည်။
ကျင့်ကြံသူမဟုတ်သော အမှိုက်သခင်လေးမှ ထိုသို့သော အငွေ့အသက်မျိုး ထွက်ပေါ်လာခြင်းမှာ ထူးခြားလွန်းသည် မဟုတ်လော။
ကျွင်းရှောင်ယောက်လည်း စူးစူးစိုက်စိုက်ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူထင်တာမမှားပေ။
တစ်ဖက်တွင်၊ ကျူးဟွမ်၏ မျက်လုံးများက အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ရုတ်တရက်၊ သူ သဘောပေါက်သွား၏။
'ငါ့အစ်ကိုက နာရာကူကို ကိုကူညီခိုင်းတာ အံ့သြစရာမဟုတ်တော့ပါဘူး၊ သူ့မှာ လျှို့ဝှက်ချက်တစ်ခု တကယ်ရှိနေတယ်'
ဤအခိုက်တွင်၊ နာရာကူ၏ ခန္ဓာကိုယ်က ခရမ်းနှင့် မှောင်မိုက်သောခရမ်းရောင် မိစ္ဆာစွမ်းအားများဖြင့် ပြည့်နှက်နေတော့သည်။
သူ၏ ဒေါသ၊ မလိုလားမှုနှင့် နာကြည်းမှုတို့က ပြိုကျလုနီးတံဆိပ်ကို တိုက်ရိုက်ချိုးဖျက်နိုင်သော ကြီးမားသောစွမ်းအားကို ဖြစ်ပေါ်စေခဲ့သည်။
"ဝုန်း"
မကြုံစဖူး မှောင်မိုက်သောခရမ်းရောင် မိစ္ဆာစွမ်းအားတစ်ခုက မုန်တိုင်းတစ်ခုကဲ့သို့ နာရာကူ၏ ခန္ဓာကိုယ်မှ ထွက်လာတော့သည်။
သူ့ အရှိန်အဝါလည်း ခဏချင်း တိုးလာသည်။
အခြေတည်နတ်ဘုရား၊ အစစ်အမှန်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ တာအိုနတ်ဘုရား...
သူတော်စင်၊ သူတော်စင်ဘုရင်၊ မဟာသူတော်စင်၊ သူတော်စင်သခင်...
အဓိပဓိတစ်ပိုင်း...
အဓိပတိ။
အသက်ရှူချိန် အနည်းငယ်မျှဖြင့် နာရာကူက အဓိပဓိနယ်ပယ်သို့ တိုက်ရိုက် ချိုးဖြတ်သွားခဲ့ပြီ ဖြစ်သည်။
ဟုတ်ပေသည်၊ ဤသည်မှာ နာရာကူ၏ အရည်အချင်းက မြင့်မားလွန်းသဖြင့် အဓိပဓိအဆင့်ထိ ခဏချင်း ဖြတ်ကျော်သွားနိုင်ခြင်း မဟုတ်ပေ။
ထိုအစား၊ သူ၏စွမ်းအားများက အချိန်အတော်ကြာအောင် တံဆိပ်ခတ်ခံထားခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ ၎င်းက တိုက်ရိုက်ပေါက်ကွဲသွားသည့်အပြင် မှောင်မိုက်သောခရမ်းရောင် မိစ္ဆာစွမ်းအား၏ သက်ရောက်မှုကြောင့် ထိုကဲ့သို့ တိုးတက်မှုကို ရရှိစေခဲ့ခြင်းပင်။
"ဝုန်း"
ကောင်းကင်ထက်တွင် ကပ်ဘေးကျရောက်တော့မည်ကဲ့သို့ အနက်ရောင် တိမ်တိုက်များ ထိုးတက်လာခဲ့သည်။
သို့ရာတွင်...
နာရာကူက သူ့လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
မှောင်မိုက်သောခရမ်းရောင် မိစ္ဆာစွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမြွေအရိပ်ကဲ့သို့ ပေါက်ကွဲထွက်လာခဲ့၏။
၎င်းက ကောင်းကင်သို့ တိုက်ရိုက်ပြေးသွားကာ ကပ်ဘေးတိမ်တိုက်အားလုံးကို ချေဖျက်ပစ်လိုက်တော့သည်။
ကြောက်စရာကောင်းလွန်းသည်။
တိတ်ဆိတ်သည်။
တနေရာလုံး တိတ်ဆိတ်သွား၏။
ကိုယ့်မျက်စိနှင့် မမြင်ရပါက...
ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ နာမည်ကျော် အမှိုက်သခင်လေးမှ အဓိပဓိအဆင့်သို့ ခဏချင်း ချိုးဖြတ်သွားခြင်းကို မည်သူမျှ ယုံနိုင်မည်မဟုတ်ပေ။
ကစဉ့်ကလျားနတ်ဆိုးပင်လယ်အပြင် တိုင်းတပါးတစ်ခုလုံးမှာတောင် သူ့ကို တကယ့်မကောင်းဆိုးရွားဟု ဆိုနိုင်သည်။
"ငါအိပ်မက်မက်နေတာများလား"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ အဲဒီအသုံးမကျတဲ့ သခင်ငယ်လေးက တကယ်ကြီး အဓိပဓိအဆင့်ကို ရောက်သွားပြီ"
"ဘုရားရေ၊ ဒါကြီးကိုတော့ ငါ လက်မခံနိုင်တော့ဘူး"
လူအများမှာ ထိတ်လန့်တုန်လှုပ်သွားပြီး မျက်လုံးများ ကျွတ်ကျလုနီးပါး ပြူးကျယ်ကုန်ကြသည်။
ဤပြောင်းလဲမှုက ကြီးမားလွန်းပေသည်။
"အရင်တုန်းက အနက်ရောင်ခြောက်ထောင့်ကြယ် အမှတ်အသားကို ထင်ပေါ်စေခဲ့သူက နာရာကူများ ဖြစ်မလား။ သူကလည်း ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါး ဖြစ်နိုင်မလား"
တချို့လူများက ခန့်မှန်းပြောဆိုလိုက်ကြသည်။
"မဟုတ်ဘူး၊ ဒီတစ်ကြိမ်မှာ အမှောင်စီကွမ်အမှတ်အသား ပေါ်မလာဘူး"
လူအများက တုန်လှုပ်ခြောက်ခြားနေကြသော်လည်း တချိန်တည်းမှာပင် အလွန်စိတ်ရှုပ်သွားကြသည်။
"နာရာကူ၊ မင်း..."
နာရာကူ၏ အဖိုးမှာလည်း အလွန်စိတ်လှုပ်ရှားသွားသည်။
သူ၏မြေးက အမှိုက်မဟုတ်ပေ။
ထိုအစား ပြိုင်စံရှားသော ပါရမီရှင်တစ်ယောက် ဖြစ်သည်။
"ဒါကြောင့် ငါပြောတာ၊ မင်းတို့အားလုံးဟာ အသိဉာဏ်မဲ့သူတွေပဲ"
နာရာကူက အလွန်အေးစက်သော အပြုံးမျိုးဖြင့် ပြုံးလိုက်သည်။
တံဆိပ်ပျက်စီးသွားပြီးနောက် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက မကြုံစဖူး စွမ်းအားများဖြင့် ပြည့်နှက်နေပြီဟု နာရာကူ ခံစားရပေသည်။
မွေးရာပါ မိစ္ဆာစွမ်းအားကလည်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပံ့ပေးနေခဲ့သည်။
ယောင်ဝါးဝါးဖြင့် သူ့နောက်ကွယ်တွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးသဏ္ဍာန်တစ်ခု ပေါ်လာ၏။
ထိုရုပ်သွင်က ခေါင်းရှစ်လုံးပါသော ဧရာမ မိစ္ဆာနတ်ဆိုးအရိပ်တစ်ခု ဖြစ်တော့သည်။
ယာကီမိစ္ဆာနတ်ဘုရား။
နာရာကူ ချက်ချင်း မှတ်မိသွားသည်။
သူက မိစ္ဆာနတ်ဘုရား၏ ကောင်းချီးပေးခံရသူဖြစ်ကြောင်း ထင်ရှားလာခဲ့ပြီ။
နာရာကူလည်း သူ့စိတ်ထဲမှ ပျော်ရွှင်မှုကို မျိုသိပ်ရင်း ယိုမီကို တစ်ဖန်ကြည့်လိုက်သည်။
"ငါ့ကိုလက်ထပ်ဖို့ ငြင်းဆိုလိုက်တာက ဘယ်လောက်ရယ်စရာကောင်းလဲ မင်းနားလည်ပြီလား"
နာရာကူ၏ မျက်နှာက အေးစက်သွားသည်။
ကြီးမားသော အင်အားက အကြွင်းမဲ့ယုံကြည်မှုကို သယ်ဆောင်လာပေသည်။
ယိုမီ၏ မျက်နှာအမူအရာက ပြောင်းလဲသွားသော်လည်း အံကြိတ်ကာ ပြောလိုက်သည်။
“နင့်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ ငါမသိဘူး-
"ဒါပေမဲ့... ငါ့ဘဝအတွက် ငါပဲ ဆုံးဖြတ်မယ်။ အခုအခြေအနေနဲ့ဆိုရင်တောင် နင်နဲ့လက်ထပ်ဖို့က မဖြစ်နိုင်ဘူး"
ယိုမီ၏ လေသံက ပြတ်သားသည်။
နာရာကူ၏ လက်ရှိအခြေအနေက ယခင်နှင့် မတူတော့သော်လည်း...
သူမ၏ နှလုံးသားထဲတွင် ကျွင်းရှောင်ယောက်နှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိသေးပေ။
"ဟားဟားဟား... ရယ်စရာကောင်းလိုက်တာ၊ မင်းမျက်လုံးထဲမှာ သူက အရမ်းတော်တဲ့လူပဲ... ဟုတ်တယ်မလား"
"ဒီလိုဆိုမှတော့ ယွီရှောင်ယောက်... မင်း ငါနဲ့ တိုက်ခိုက်ဝံ့လား"
နာရာကူက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
သူ့လေသံက မာကျောပြီး အေးစက်၏။
စွမ်းအားကြီးလာသည်နှင့် လေသံပြောင်းသွားသည်။
နာရာကူက သူ့ကိုယ်သူ မိစ္ဆာနတ်ဘုရား၏ ကောင်းချီးပေးခံရသူဟု တွေးထားပြီးပြီ။
ထို့ကြောင့် ကမ္ဘာဖျက်ဆီးခြင်းဘုရင် ကျွင်းရှောင်ယောက်နှင့် ရင်ဆိုင်ရသည့်အခါတွင်ပင်၊ သူ့တွင် ယုံကြည်မှုရှိနေဆဲ ဖြစ်သည်။
"ငါလား"
ကျွင်းရှောင်ယောက်က သူ့ကိုယ်သူ ထောက်ပြလိုက်သည်။
ဤနာရာကူက အရှိန်အဝါပြရန် မည်သို့လှုပ်ရှားရမည်မှန်း ကောင်းစွာသိသည်။
"အမှန်ပဲ၊ မင်း လုပ်ဝံ့လား ဒါမှမ..."
နာရာကူက တစ်ခုခုပြောလိုသော်လည်း စကားမဆုံးလိုက်ပေ။
ခဏလေးအတွင်း ကျွင်းရှောင်ယောက်က သူ့ရှေ့မှာ ပေါ်လာသည်။
လက်သီးတစ်ချက်က သူ့အပေါ် ကျရောက်လာ၏။
"ဝုန်း"
နာရာကူ၏ ခန္ဓာကိုယ်က ကြိုးပြတ်သွားသော စွန်ပမာ လွင့်စဉ်သွားတော့သည်။
အဝေးမှ ပင်လယ်ထဲသို့ ဇောက်ထိုးပြုတ်ကျပြီး ရေလှိုင်းလုံးကြီးများ ဖြာထွက်လာခဲ့သည်။
"စိတ်မရှိပါနဲ့၊ ထပ်ပြောပါဦး"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကိုနောက်ပစ်ပြီး လေထဲတွင် ရပ်လိုက်သည်။
ဟိတ်ဟန်ကြီးသည့် စကားများကို သူ့ရှေ့တွင် ပြောလိုပါသလော။
စိတ်မကောင်းစရာပင်။
ကျွင်းရှောင်ယောက်က နာရာကူအား ဂန္တဝင်စကားများကို ပြောခွင့်ပင် မပေးခဲ့ပေ။