အခန်း ၁၀၆၅
Vol. 71 Ch. 1065
အခန်း ( ၁၀၆၅ ) အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ကျဆုံးခြင်း။
ကောင်းကင်တခွင်မှာ အနီရောင် လီလီပန်းများက မိုးရေစက်များကဲ့သို့ ပြည့်နေသည်။
ကောင်းကင်ယံရှိ အနီရောင် ပန်းပွင့်များကြားမှ တုနှိုင်းမရအောင် လှပပြီး ကျက်သရေရှိသော ပုံရိပ်တစ်ခု ပေါ်လာ၏။
သူမက အရပ်မြင့်ပြီး ဖိနပ်မစီးဘဲ ခြေဗလာနှင့် ဖြစ်သည်။
မရေမတွက်နိုင်သော နိယာမများနှင့် နတ်အမိန့်ချိန်းများကလည်း သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသေးသည်။
သူပေါ်လာသည်နှင့် တပြိုင်နက်၊ အားကောင်းသော အရှိန်အဝါတစ်ခုက ပေါက်ကွဲထွက်လာပြီး ကျွန်းတစ်ခုလုံးပင်လျှင် တုန်ခါသွားခဲ့ပုံရသည်။
ယီရှဲ့မျိုးနွယ်၏ကျွန်းတွင် အကာကွယ်အစီရင် မရှိပါက ကြောက်စရာကောင်းသော ဖိအားအောက်တွင် ပြိုကျသွားမည်ဟု လူတိုင်း ခံစားခဲ့ကြရပေသည်။
သို့သော်လည်း အစီရင်ဖြင့် ကာကွယ်ထားသည့်တိုင်...
ကြီးမားသော အရှိန်အဝါမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို လူတိုင်း ခံစားလိုက်ရသေးသည်။
ထို့ထက်ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ဤသည်မှက မူလခန္ဓာ ရောက်လာခြင်းပင် မဟုတ်ပေ။
သူ၏ စွမ်းအား အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။
ယင်းက ကြောက်စရာအကောင်းဆုံး အချက်ပင်။
ကောင်းကင်ယံမှ ပုံရိပ်ကိုကြည့်ရင်း လူတိုင်း တုန်လှုပ်သွားကြသည်။
သူ့မျက်နှာမှာ မှုန်ဝါးနေပြီး အဆုံးမဲ့ စွမ်းအင်များဖြင့် ကာကွယ်ထားကြောင့် တွေ့လိုက်ရ၏။
သို့သော်လည်း ထူးခြားသော သရဲမျက်နှာဖုံးကို ယောင်ဝါးဝါး မြင်နိုင်သေးသည်။
ကောင်းကင်ယံမှ အနီရောင်လီလီပန်းများနှင့် သရဲမျက်နှာဖုံးကို ဆက်စပ်ကြည့်ပြီးနောက်...
အနှိုင်းမဲ့ စွမ်းအားကြီးမားပြီး လွှမ်းမိုးနိုင်သော နာမည်တစ်ခုက လူတိုင်း၏စိတ်မှာ တစ်ပြိုင်နက်တည်း ပေါ်လာခဲ့သည်။
အနီရောင်လီလီပန်းလေးများ၏ မိခင်။
"ဒါ ပိအန်းမျိုးနွယ်က အနီရောင်လီလီပန်းလေးများရဲ့မိခင်ပဲ"
"စစ်နတ်ဘုရားက အနီရောင်လီလီပန်းလေးများရဲ့မိခင်နဲ့ ဘယ်အချိန်က အဆက်အသွယ်ရသွားပြန်တာလဲ"
"အဲဒါက ပိအန်းဧကရာဇ်မျိုးနွယ်ရဲ့ အဓိပဓိပဲ၊ သူ့ရဲ့ အစွမ်းသတ္တိက မှန်းဆဖို့တောင် မလွယ်ဘူး"
ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုသံများကို ကြားလာခဲ့ရသည်။
ပရိသတ်အားလုံး အံ့အားသင့်သွားကြ၏။
ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းလေးများ၏ မိခင်နှင့် မည်သည့်အချိန်က အဆက်အသွယ်ရှိသွားသနည်း။
ထို့ပြင်၊ သူက အနီရောင်လီလီပန်းလေးများမိခင်၏ အမှတ်အသားကိုပင် ထုတ်ယူခဲ့သည်။
"ပထမဘုရင်သခင်က ပိအန်းမျိုးနွယ်ကို သွားခဲ့တာဟာ အနာဂတ်မှာ ပဋိပက္ခတွေ ဖြစ်လာနိုင်မှန်း ခန့်မှန်းမိလို့ ကြိုတင်ပြီးတော့ ပြင်ဆင်ထားခဲ့တာများလား"
ကာကူရာ၏ မျက်လုံးများမှာလည်း အံ့သြမှုတို့ ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်က ပိအန်းဧကရာဇ်မျိုးနွယ်ကိုသွားရောက်ကြောင်း သိရစဉ်မှာ သူမ အနည်းငယ် နားမလည်နိုင် ဖြစ်ခဲ့ရသည်။
ယခုတော့ သူ နားလည်သွားပြီ။
'ထမဘုရင်သခင်က အမှန်တကယ် ဉာဏ်ပညာအမြော်အမြင် ကြီးမားပါပေတယ်။ သူက အန္တရာယ်တွေကို ကြိုတင်ပြီး သတိပြုနိုင်တယ်'
ကာကူရာလည်း သူ့စိတ်ထဲမှတွေးလိုက်သည်။ ထို့နောက်မှာတော့ သူ့မျက်နှာမှာ ကြည်ညိုလေးစားမှုတို့ ပြည့်သွားတော့သည်။
ယီရှဲ့ဧကရာဇ်မျိုးနွယ်မှ အကြီးအကဲများစွာသည်လည်း အလွန်အံ့သြနေကြသည်။
အနီရောင်လီလီပန်းလေးများ၏ မိခင်က တိုင်းတပါးတွင် အလွန် နာမည်ကျော်ကြားသည်။
ထို့ပြင် သူက အလွန်မြင့်မား ဝေးကွာပြီး မာနကြီးသည်ဟု ကောလဟာလများ ရှိ၏။ သူတို့ မျိုးနွယ်ဝင်များပင်လျှင် သူမကို စိတ်ရှိတိုင်း တွေ့ခွင့်မရပေ။
ယခုတော့ သူမက ကျွင်းရှောင်ယောက်ကို အမှတ်အသားတစ်ခု ပေးခဲ့သည်။
ယင်းက မည်သို့သော အဓိပ္ပာယ်ဖြစ်သနည်း။
တစ်နည်းဆိုရသော်၊ အနီရောင်လီလီပန်းလေးများ၏ မိခင်က ကျွင်းရှောင်ယောက်နှင့်ပတ်သက်ပြီး လွန်စွာ အကောင်းမြင်ထားခြင်း ဖြစ်သည်။
ယီရှဲ့နွယ်စုမှ အကြီးအကဲများလည်း ကျွင်းရှောင်ယောက်နှင့် မည်သို့မည်ပုံ ရင်းနှီးမှု တိုးပွားစေရမည်ကို ထပ်မံစဉ်းစားကြပြန်တော့သည်။
ယီရှဲ့မျိုးနွယ်နှင့် ဆန့်ကျင်ဘက်တွင်...
ဖာချီဧကရာဇ်မျိုးနွယ်ဘက်မှ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
"အနီရောင်လီလီပန်းလေးများရဲ့မိခင်... ဒါက ဘယ်လိုဖြစ်ရတာလဲ"
နာရာကူ၏အဖိုးလည်း တုန်လှုပ်သွား၏။
နာရာကူ၏ နှလုံးသားဆိုလျှင် တုန်လှုပ်လွန်းသဖြင့် တဒုန်းဒုန်း ခုန်ပေါက်နေတော့သည်။
တုနှိုင်းမရအောင် စွမ်းအားကြီးမားသည့်လူက အမှန်တကယ် ကျွင်းရှောင်ယောက်နှင့် ပတ်သက်နေသည်။
ယင်းကို မည်သူမဆို မနာလိုဖြစ်လိမ့်မည်။
တုန်လှုပ်ဆုံးလူက ဖာချီဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ပုံရိပ် ဖြစ်သည်။
အနီရောင်လီလီပန်းလေးများ၏ မိခင်ကို မြင်လိုက်ရသည့်အခိုက်တွင်... သူ့ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲလုနီး ခံစားလိုက်ရသည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်က တိုင်းတပါးတွင် အရှိန်အဝါကြီးလွန်း၏။
သူတို့ ဒေါသထွက်ပါက မိုးနှင့်မြေ တုန်ဟီးသွားစေနိုင်သည်။
သို့ရာတွင်...
စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါး၏ ရှေ့မှာတော့ ညီငယ်လေးတစ်ဦးထက် မပိုပေ။
ထို့ပြင်၊ အနီရောင်လီလီပန်းလေးများ၏ မိခင်က သာမန် အင်မော်တယ်ဘုရင်များ နှိုင်းယှဉ်နိုင်သူ မဟုတ်ပါ။
သူတို့ ဖာချီဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်က တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာလျှင်ပင်... မျက်နှာသာပေးကာ ရှောင်ထွက်သွားရမည် ဖြစ်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒီကောင်လေးက ဒီလိုဖြစ်တည်မှုနဲ့ ဘယ်လို ပတ်သက်နိုင်မှာလဲ"
ဤအင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်က တုန်လှုပ်လွန်းသဖြင့် ပြိုလဲတော့မည်။
မူလက သူဟာ သူ့မျိုးနွယ်၏ မျိုးဆက်များကို ထောက်ပံ့ရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့်၊ ထမ်းပိုးရလွန်းသောကြောင့် သူ့ခါးကျိုးတော့မည်။
"ဒါ... ဒါ..."
ဖာချီဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်မှာ မူလက အရှိန်အဝါကြီးမားခဲ့သည်။
ယခုမူကား စကားပြောရန်ပင် ခက်နေပြီ။
အနီရောင်လီလီပန်းလေးများ၏ မိခင်ရှေ့မှာ ပေါက်ကရလေးဆယ် ပြောဆိုခြင်းက...
ကိုယ့်သေတွင်းကိုယ်တူးခြင်းနှင့် မခြားနားပြီ မဟုတ်ပါလား။
သူ နောက်ဆုတ်လိုက်ရမည်လော။
သို့ဆိုလျှင် သူ့မျက်နှာကို ဘယ်သွားထားရပါမည်နည်း။
ထို့ကြောင့် ဤအခိုက်တွင် အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်လည်း မည်သို့မည်ပုံ ကိုင်တွယ်ရမှန်း မသိတော့ပါ။
ဤမြင်ကွင်းက တိုင်းတပါးသတ္တဝါများစွာကို ဆွံ့အစေခဲ့သည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်သည်ပင် ဤအခြေအနေသို့ ရောက်နေပြီ။
"အခု ဘယ်သူက လုပ်ဝံ့လဲ"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး လေထဲတွင် ရပ်နေသည်။
သူ့လေသံတွင် လှောင်ပြောင်သရော်ခြင်းများ ပြည့်နေ၏။
အထူးနည်းလမ်း၊ ဝှက်ဖဲများနှင့် ပတ်သက်လာလျှင်လည်း ကျွင်းရှောင်ယောက်က လုံးဝ အားမနည်းပေ။
ထိုစကားကိုကြားတော့ ဖာချီဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ဒေါသထွက်သွားသည်။ သူ့ထံမှ အရှိန်အဝါများက အလိုအလျောက် ပေါက်ကွဲထွက်လာပြီး ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာစေခဲ့၏။
ထိုအချိန်တွင် အနီရောင်လီလီပန်းလေးများ၏ မိခင်က လှုပ်ရှားလိုက်သည်။
သူမက စကားအများကြီး မပြောပေ။ ကျောက်စိမ်းလက်တစ်ဖက်ကို ရိုးရိုးရှင်းရှင်း ဆန့်တန်းကာ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ပုံရိပ်ကို ဖမ်းဆုပ်ဟန်ပြုလိုက်သည်။
"ဝုန်း"
ကောင်းကင်ယံတွင် ဟင်းလင်းပြင်က ရုတ်တရက် ပြိုကျသွား၏။
ဖာချီဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ပုံရိပ်လည်း မခုခံနိုင်ခဲ့ဘဲ တိုက်ရိုက် ပျက်သုဉ်းသွားတော့သည်။
"ဘုရား... အနီရောင်လီလီပန်းလေးများရဲ့မိခင်က တကယ်ကို ကြောက်စရာကောင်းတယ်"
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူအားလုံး တုန်လှုပ်ချောက်ချားသွားကြသည်။
သို့သော်လည်း တွေးကြည့်ရလျှင် ယင်းက ပုံမှန်ပင်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ပုံရိပ်ကို စက္ကန့်ပိုင်းအတွင်း မချေမှုန်းနိုင်မှပင် အံ့ဩရမည် ဖြစ်သည်။
"အိုး"
ကျွင်းရှောင်ယောက်၏ မျက်နှာပေါ်မှ အပြုံးက ပို၍ ပီပြင်လာခဲ့သည်။
အနီရောင်လီလီပန်းလေးများ၏ မိခင်က ကြင်နာသနားစိတ် ကြီးမားလွန်းသူ မဟုတ်ပေ။
အထူးသဖြင့် ကျွင်းရှောင်ယောက်နှင့်ပတ်သက်လျှင် ဖြစ်သည်။
ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းလေးများ၏ မိခင်အတွက် အလွန်ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်ချေသည်။
ကျွင်းရှောင်ယောက်ကို ပြဿနာဝံ့ပါက...
အနီရောင်လီလီပန်းလေးများ၏ မိခင်ဟာ သက်ညှာမည်မဟုတ်ကြောင်း ထင်ရှားသည်။
အခြားတစ်ဖက်တွင်...
ဝေးကွာသောအရပ်ရှိ ကျွန်းတစ်ကျွန်းမှ ဖာချီဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားမြေတွင်...
တင်ပျဉ်ခွေထိုင်နေသော ဝိုးတဝါးရုပ်သွင်တစ်ခုက ရုတ်တရက် တုန်လှုပ်သွားသည်။
"ကြောက်စရာကောင်းလိုက်တာ... အနီရောင်လီလီပန်းလေးများရဲ့ မိခင်က ဘယ်အဆင့်ကို ရောက်နေပြီလဲ"
"အင်မော်တယ်ဘုရင်၊ မဟုတ်သေးဘူး... သူက အခြား အဆင့်တစ်ခုကို ရောက်နေသင့်တယ်"
"သေစမ်း၊ အမည်မဲ့နယ်မြေက အန္တိမဧကရာဇ်မျိုးနွယ်ရဲ့ ဘိုးဘေးတွေကလွဲပြီး သူ့ကို ဘယ်သူက ဖိနှိပ်နိုင်ဦးတော့မှာလဲ"
"ပြီးတော့ ဒီကောင်လေး..."
ထိုပုံရိပ်ထံမှ ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ကံကောင်းထောက်မလို့ အဲဒါက ပုံရိပ်တစ်ခုပဲ။ ငါကိုယ်တိုင်သာ အဲဒီကိုသွားမယ်ဆိုရင် ရလဒ်က ကြောက်စရာကောင်းလိမ့်မယ်"
ပုံရိပ်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူကား ယခင် ထွက်ပေါ်လာခဲ့သည့် အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ဖြစ်ချေသည်။
အနီရောင်လီလီပန်းလေးများ၏ မိခင်ကလည်း ပုံရိပ်တစ်ခုသာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့တိုင် ကြောက်စရာကောင်းသည့် သတ်ဖြတ်ချင်စိတ်ကို ခံစားခဲ့ရသေးသည်။
ထိုနေရာတွင် သာမန် အင်မော်တယ်ဘုရင် ပုံရိပ်ဖြစ်ပါက သူရှင်သန်ရန် နည်းလမ်းရှိနိုင်သည်။
သို့ရာတွင်၊ အနီရောင်လီလီပန်းလေးများ၏ မိခင်က မတူပေ။
"မင်းကများ ငါ့ဖာချီဧကရာဇ်မျိုးနွယ်ကို စော်ကားဝံ့တယ်။ မင်းက ဖျက်ဆီးခြင်းဘုရင် ခြောက်ပါးထဲက တစ်ပါးဖြစ်နေရင်တောင်... လွယ်လွယ်နဲ့ ငါ အလွတ်မပေးဘူး"
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်က အံကြိတ်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သို့သော်၊ ထိုအချိန်တွင်...
သူ့ဘေးပတ်ပတ်လည်တွင် အနီရောင်လီလီပန်းများ ပွင့်လန်းလာခဲ့သည်။
"ဒါက..."
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားသည်။ မကောင်းသော ခံစားချက်တစ်ခုက သူ့ကို ဖုံးလွှမ်းသွား၏။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်များ၏ အာရုံခံစားနိုင်စွမ်းက အလွန်မြင့်မားသည်။
ယခု သူဟာ မကောင်းသော အငွေ့အသက်ကို ခံစားနေရပြီ။
သို့ရာတွင် အချိန်မမီတော့ပါ။
"ဝုန်း"
ထိုအင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်၏ ခန္ဓာကိုယ်က ရုတ်တရက် ပေါက်ကွဲသွားသည်။
အနီရောင်လီလီပန်းတစ်ပွင့်က သူ့ခန္ဓာကိုယ်မှ ပွင့်လန်းလာ၏။
သူ၏ ဝိညာဉ်သည်ပင် မလွတ်မြောက်နိုင်တော့ဘဲ ဤပန်းပွင့်ဖြင့် မရဏကမ္ဘာသို့ ရောက်သွားရတော့သည်။
"ဘာတွေဖြစ်နေတာလဲ"
"မကောင်းတော့ဘူး"
ဖာချီဧကရာဇ်မျိုးနွယ်၏ အခြား အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်များလည်း လှုပ်ရှားမှုကို သတိပြုမိပြီး ချက်ခြင်းပင် ရောက်ရှိလာခဲ့သည်။
သို့သော်လည်း သူတို့ရောက်လာချိန်တွင် အရိုးစုတစ်ခုသာ ကျန်တော့သည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်တစ်ဦး ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။
"ဝုန်း"
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော် ကျဆုံးသွားသည့်အခိုက်တွင်... ကစဉ့်ကလျားနတ်ဆိုးပင်လယ်ကြီးတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။
ကောင်းကင်နှင့်မြေပြင်ကြားမှ မရေမတွက်နိုင်သော နိယာမများ ပေါ်ထွန်းလာ၏။
ကောင်းကင်ထက်တွင်လည်း အဆုံးမရှိ ခမ်းနားသော မြင်ကွင်းများ ထွက်ပေါ်လာတော့သည်။
ဤသည်မှာ သဘာဝလောကသို့ ပြန်လည်ပေါင်းစည်းနေသော နိယာမများ ဖြစ်ကြသည်။
"ကောင်းကင်သို့ပြန်လာခြင်း... ဘယ်အကျော်အမော်များ ကျဆုံးသွားခဲ့တာလဲ"
မင်္ဂလာပွဲသို့ ရောက်နေကြသူများလည်း ဤရူပါရုံကြောင့် အနည်းငယ် တုန်လှုပ်သွားကြသည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်က အလွန်စွမ်းအားကြီးမားပြီး သူတို့ကိုသတ်ရန် မလွယ်ပေ။
သို့သော်လည်း သူတို့ ကျဆုံးသွားပါက၊ သူတို့၏ နိယာမများက မိုးနှင့်မြေသို့ ပြန်သွားမည် ဖြစ်သည်။
ကောင်းကင်ဘုံသို့ အသက်ပြန်လာခြင်းဟု ခေါ်သည်။
ဤရူပါရုံ ပေါ်လာခြင်းက အကျော်အမော်တစ်ဦး ကျဆုံးသွားပြီဟု အဓိပ္ပာယ်ရပေသည်။
"ဒါ မဖြစ်နိုင်ဘူးမို့လား..."
လူအများက ချက်ချင်း တုံ့ပြန်လာပြီး ကျွင်းရှောင်ယောက်နှင့် အနီရောင်လီလီပန်းလေးများ၏ မိခင်ကို တုန်လှုပ်ချောက်ချားစွာဖြင့် ကြည့်လိုက်သည်။
ဖာချီဧကရာဇ်မျိုးနွယ်ဘက်မှ နာရာကူနှင့် အခြားသူများ၏ မျက်နှာများမှာလည်း မယုံကြည်နိုင်စွာဖြင့် သွေးဆုတ်ဖြူရော်သွားတော့သည်။