အခန်း ၁၀၆၇
Vol. 72 Ch. 1067
အခန်း ( ၁၀၆၇ ) အမှောင်နတ်ဆိုးဧကရာဇ်၏ အခြေအနေ။
ကိုယ့်မျက်စိနှင့် ကိုယ်တိုင် မမြင်ရလျှင်...
ယီရဲ့ဧကရာဇ်မျိုးနွယ်မှ မိန်းမလှလေးနှစ်ဦးကို ဤမျှတက်ကြွနေမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
ကျွင်းရှောင်ယောက်က မိန်းမလှလေးများစွာ၏ ဝန်းရံခံရခြင်း ကောင်းချီးကို အမှန်တကယ် ပိုင်ဆိုင်ထားပုံရသည်။
"ဒါကြီးကကွာ... ကောင်းကင်မှာ တရားမျှတမှုရော ရှိသေးရဲ့လား။ ပထမဆုံး တုရှန်အလှလေးငါးဦး... အခု ယီရှဲ့ဧကရာဇ်မျိုးနွယ်ရဲ့ ဝမ်းကွဲအလှလေး..."
တိုင်းတပါးသား အမျိုးသားများလည်း မနာလိုစွာဖြင့် ပြောဆိုလိုက်ကြသည်။
သို့သော်လည်း သူတို့ နားလည်နိုင်ပေသည်။
တိုင်းတစ်ပါးတွင် သန်မာသော အမျိုးသားများက မိန်းမများစွာကို ယူတတ်သည်။
ကျွင်းရှောင်ယောက်ကဲ့သို့ ထူးချွန်ထက်မြက်သူတစ်ဦးတွင် မိန်းမအနည်းငယ် ရှိနေခြင်းက အံ့ဩစရာတော့ မဟုတ်ပေ။
တုရှန်အလှလေးငါးဦးနှင့် အခြေအနေမှာ အားလုံးက နားလည်မှုလွဲနေခြင်း ဖြစ်သည်။ သို့သော်လည်း ကျွင်းရှောင်ယောက်က အားလုံးကို လိုက်ရှင်းပြရန် စိတ်ကူးမရှိပါ။
ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
"ကာကူရာ၊ ငါ့ကို လာမနောက်နေပါနဲ့"
"ပထမဘုရင်သခင်၊ ငါ နင့်ကို နောက်နေတယ်ထင်လို့လား"
ကာကူရာက မျက်တောင်လေး တဖျပ်ဖျပ်ခတ်ရင်း ပြောလိုက်၏။
သူ့အမူအရာမှာ၊ ကျွင်းရှောင်ယောက်က သူမ၏ ရိုးသားမှုကို အထင်မြင်လွဲနေသကဲ့သို့ပင်။
ကျွင်းရှောင်ယောက် ဆွံ့အသွားသည်။
သို့သော်လည်း သူ လက်ခံရန် မဖြစ်နိုင်ပေ။
ယီရှဲ့ဧကရာဇ်မျိုးနွယ်မှ အကြီးအကဲများကတော့ ကျွင်းရှောင်ယောက်ကို စိတ်လှုပ်ရှားသော မျက်လုံးများဖြင့် ကြည့်နေသည်။
ကျွင်းရှောင်ယောက်သာ အမှန်တကယ် သဘောတူပါက...
သူတို့၏ ယီရှဲ့ဧကရာဇ်မျိုးနွယ်က အကျိုးများစွာ ရှိလိမ့်မည်။
"ဟားဟားဟား၊ ပျော်စရာပွဲလေးက ဒီမှာ ပြီးသွားပြီ။ အားလုံးပဲ ကျေနပ်ကြပြီ ထင်ပါတယ်"
ကျွင်းရှောင်ယောက်က ရယ်မောပြီး ဧည့်သည်များကို ဝေ့ကြည့်လိုက်သည်။
"မဟုတ်တာ၊ သခင်လေးရှောင်ယောက်က နောက်နေပါပြီ"
"အမှန်ပါပဲ... သခင်လေးရှောင်ယောက်က တကယ်ကို စစ်နတ်ဘုရားဘွဲ့နဲ့ ထိုက်တန်သူဖြစ်ကြောင်းကို ဒီနေ့ ကျုပ်တို့ တွေ့လိုက်ရပြီ"
"ဒါဆိုရင် ကျုပ်တို့ အရင်သွားပါတော့မယ်"
လူအများက ယဉ်ကျေးစွာပြောဆိုရင်း ထွက်သွားကြသည်။
မကြာမီ၊ ဧည့်သည်များ ရှဲသွားကြလေသည်။
ယီရှဲ့ဧကရာဇ်မျိုးနွယ်မှ အကြီးအကဲများ၏ မျက်လုံးများမှာတော့ စိတ်ပျက်ခြင်းအရိပ်အယောင်များ ပေါ်လာခဲ့သည်။ သို့သော်လည်း သူတို့ အံ့ဩခြင်းတော့ မဖြစ်ပေ။
အလှအပကို မက်မောနေသူတစ်ဦးဖြစ်ပါက၊ စစ်နတ်ဘုရားဖြစ်ရန် မည်သို့ အရည်အချင်းရှိမည်နည်း။
ထို့ပြင်၊ အနည်းဆုံးတော့ ယီရှဲ့ဧကရာဇ်မျိုးနွယ်က ကျွင်းရှောင်ယောက်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသေးသည်။
ယင်းက လုံလောက်ပြီ။
"ကျေးဇူးတင်ပါတယ် သခင်လေးရှောင်ယောက်၊ မဟုတ်ရင် ဒီကောင်မလေး ယိုမီ အခက်ကြုံရလိမ့်မယ်"
ပဉ္စမမြောက်အကြီးအကဲက ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။
"အားနာစရာမလိုပါဘူး"
ကျွင်းရှောင်ယောက် ပြန်ပြောလိုက်၏။
"စိတ်မပူပါနဲ့ သခင်လေးရှောင်ယောက်... ဖာချီဧကရာဇ်မျိုးနွယ်နဲ့ မီးနဂါးမျိုးနွယ်က သခင်လေးကို ရန်ပြုဝံ့တယ်ဆိုရင် ငါတို့ ယီရှဲ့ဧကရာဇ်မျိုးနွယ်က လျစ်လျူမရှုထားပါဘူး"
ပဉ္စမအကြီးအကဲက အခိုင်အမာ ပြောလိုက်သည်။
ယနေ့တွင် ကျွင်းရှောင်ယောက်က ယိုမီအတွက် ရပ်တည်ပေးခဲ့သည်။
နောင်အခါတွင်၊ ကျွင်းရှောင်ယောက် အခက်ကြုံသောအခါ သူတို့က သဘာဝအတိုင်း လျစ်လျူရှုထားမည် မဟုတ်ပေ။
"ဒီအတွက်ဆိုရင် သူတို့မှာ သတ္တိရှိရမယ်"
ကျွင်းရှောင်ယောက်က စိတ်ထဲမထားဟန်ဖြင့် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်တစ်ဦး ကျဆုံးသွားပြီးနောက်...
ဖာချီဧကရာဇ်မျိုးနွယ်နှင့် မီးနဂါးမျိုးနွယ်က သူ့ကို ပြဿနာထပ်ရှာသည်အထိ မိုက်မဲမည်ဟု သူမထင်ပေ။
"မှန်ပါတယ်"
ပဉ္စမအကြီးအကဲလည်း ခေါင်းညိတ်လိုက်သည်။
အနီရောင်လီလီပန်းလေးများ၏ မိခင် ကျောထောက်နောက်ခံဖြင့် အန္တိမဧကရာဇ်မျိုးနွယ်မှတပါး...
ကျွင်းရှောင်ယောက်ကို ထိပါးဝံ့သူဟာ များများမရှိနိုင်တော့ပေ။
ထို့နောက် ဧည့်ခံပွဲပြီးကာ အားလုံး လူစုခွဲသွားကြသည်။
ယိုမီကတော့ မျက်လုံးများ အရောင်လက်နေပြီ ဖြစ်သည်။
သူမ၏ မျက်လုံးများမှ ကျွင်းရှောင်ယောက်ကို သဘောကျမှုများကို မဖုံးကွယ်နိုင်တော့ပေ။
သို့သော်လည်း သူ ကောင်းကောင်းသိသည်။
ကျွင်းရှောင်ယောက်နှင့် စကားပြောခွင့်ရခြင်းသည်ပင် သူ ကံကောင်းနေပြီဟု ဆိုနိုင်ပေသည်။
ယိုမီနှင့် အချိန်အတော်ကြာ စကားပြောပြီးနောက်...
ကျွင်းရှောင်ယောက်ဟာ ကာကူရာနှင့်အတူ သီးခြားအခန်းတစ်ခုသို့ ရောက်လာခဲ့သည်။
"ပထမဘုရင်သခင်... နင်က အရမ်း အကြင်နာမဲ့တာပဲ။ ငါတို့ကို ဘာဖြစ်လို့ ငြင်းပယ်လိုက်ရတာလဲ"
ကာကူရာက ညှိုးငယ်သော မျက်နှာလေးဖြင့် ကြည့်လိုက်သည်။
"အဲဒါကို ထားပါ၊ အခု မင်းရထားတဲ့ သတင်းတွေကို ပြောပါဦး"
ကျွင်းရှောင်ယောက် ပြောလိုက်၏။
ကာကူရာ၏ အမူအရာက အနည်းငယ် လေးနက်လာသည်။
"ပြောရမယ်ဆိုရင် ကူရာက ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲက တစ်ပါးပဲလေ။ ဒါကြောင့် ယုတ္တိဗေဒအရ ယီရှဲ့မျိုးနွယ်ကို ဘယ်သူမှ ပစ်မှားဝံ့မှာ မဟုတ်ဘူး"
"ဒါပေမဲ့ မီးနဂါးမျိုးနွယ်က ကြောက်ပုံမရဘူး"
"ဒါဆို မင်းပြောချင်တာက..."
ကျွင်းရှောင်ယောက်လည်း တစ်ခုခုကို ခန့်မှန်းမိလာသည်။
"ဟုတ်တယ်၊ အရင်က အမှောင် ခြောက်ထောင့်ကြယ်အမှတ်အသားကို ထင်ရှားစေခဲ့သူက မီးနဂါးမျိုးနွယ်ရဲ့ ကျူးယဲ့ပဲ ဖြစ်ရမယ်။ သူက ကျူးဟွမ်ရဲ့ အစ်ကိုကြီးပဲ"
ကာကူရာက ပြောလိုက်၏။
"ဖြစ်နိုင်တယ်"
ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။
ကျူးဟွမ်သည် ထိုအချိန်က သူ့အပေါ်တွင် အဘယ်ကြောင့် အေးစက်သော သဘောထား လျှို့ဝှက်စွာ ပေါ်လာခဲ့သနည်း။
သူ့အစ်ကိုက သူ့အတွက် ကလဲ့စားချေနိုင်မည်ဟု သူ ယုံကြည်ထားခြင်းကြောင့် ဖြစ်သည်။
ထို့ပြင်၊ နောက်ဆုံး ဖျက်ဆီးခြင်းဘုရင်က မီးနဂါးမျိုးနွယ်မှ ပေါ်လာသည်ဟု ခန့်မှန်းစေနိုင်သော အချက်တစ်ခုလည်း ရှိသေးသည်။
နောက်ဆုံးတွင်၊ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးမှာ တစ်ဦးစီက ထူးခြားသည့် အမွေဆက်ခံသူများ ဖြစ်ကြသည်။
ပထမမျိုးဆက် စစ်နတ်ဘုရား၊ မဟာကာလီ၊ အမှောင်ကမ္ဘာ၏ မိခင်နတ်ဘုရား၊ အမြီးဆယ်ချောင်း ဖျက်ဆီးခြင်း မြေခွေးနက် စသည်ဖြင့်...
ယခု မီးနဂါးမျိုးနွယ်မှာလည်း ထူးခြားသော အမွေခံဟု ဆိုနိုင်သည်။
"နာရာကူက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးထဲက တစ်ပါးမဟုတ်ဘူး။ ဒါဆိုရင် သူက..."
ကျွင်းရှောင်ယောက်မှာ နာရာကူနှင့် ပတ်သက်၍ သံသယအချို့ ရှိနေသည်။
နာရာကူကို တိုက်ခိုက်မှု အနည်းငယ်ဖြင့် ဖိနှိပ်ခဲ့သော်လည်း ထိုမျှလောက် မရိုးရှင်းဟု ခံစားမိနေဆဲပင်။
ထိုစကားကိုကြားတော့ နာရာကူက အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
"ပထမဘုရင် သခင်... အရင်တုန်းက ကူရာကို ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးအကြောင်း မေးခဲ့ဖူးတယ်နော်"
"တကယ်တော့ ကူရာ မပြောခဲ့တာ တစ်ခုရှိသေးတယ်"
"ဟုတ်လား"
ကျွင်းရှောင်ယောက်က ကာကူရာကို ကြည့်လိုက်၏။
"သိပ်မထင်ရှားတဲ့ ဒဏ္ဍာရီတစ်ခု ရှိတယ်... အဲဒါက မသေချာလို့ ပထမဘုရင်သခင်ကို မပြောခဲ့တာပါ"
"ဒဏ္ဍာရီအရ... ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါး စုရုံးလာတဲ့အခါ တန်ခိုးကြီးတဲ့ နတ်ဆိုးဘုရင်တစ်ပါး ပေါ်လာပြီး အင်မော်တယ်နယ်မြေကြီးကို ဖြိုခွင်းဖို့ ဘုရင်ခြောက်ပါးကို ဦးစီးဦးဆောင်ပြုလိမ့်မယ်"
"ဒါပေါ့... သမိုင်းမှာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးက တစ်ခါမှ မစုစည်းခဲ့ဖူးတာကြောင့် ဒီဒဏ္ဍာရီကလည်း ဒဏ္ဍာရီသက်သက်ဖြစ်ပြီး ဘယ်သူမှ အတည်မပြုနိုင်သေးဘူး"
ကာကူရာ၏ စကားများက ကျွင်းရှောင်ယောက်ကို လေးလေးနက်နက် တွေးတောစေခဲ့သည်။
"သူက အမှောင်နတ်ဆိုးဧကရာဇ်များ ဖြစ်နိုင်မလား..."
ထိုအခိုက်တွင် ကျွင်းရှောင်ယောက်က ရုတ်တရက် သဘောပေါက်သွားသည်။
နာရာကူက အဘယ်ကြောင့် ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး မဟုတ်ရသနည်း။
ယာကီမိစ္ဆာနတ်ဘုရား၏ ဒဏ္ဍာရီကို သူ ပြန်တွေးလိုက်မိသည်။
ဤသည်က တိုင်းတစ်ပါးတွင် ရှေးအကျဆုံး တားမြစ်ချက်တစ်ခုပင်။
၎င်းက အန္တိမကပ်ဘေးကြီးအပြင် တားမြစ်ချက်အဖြစ်ဆုံး တည်ရှိမှုတစ်ခု ဖြစ်သည်။
နာရာကူ၏ ခန္ဓာကိုယ်တွင်းမှ ပေါက်ကွဲထွက်လာသော မိစ္ဆာစွမ်းအားများက သူ၏ ကိုယ်ပိုင်လက္ခဏာနှင့် ဆက်စပ်နေလိမ့်မည်။
"ဒီအတိုင်းဆိုရင် နာရာကူက အမှောင်နတ်ဆိုးဧကရာဇ်ဖြစ်နိုင်တယ်"
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ထိုအတိုင်းမှန်လျှင်...
နာရာကူက ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးကို ဦးဆောင်မည့် အမှောင်နတ်ဆိုးဧကရာဇ် ဖြစ်လာတော့မည် မဟုတ်လော။ သူ့ကို ခေါင်းဆောင်မည့်သူ ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
ရယ်စရာကောင်းလှသည်။
"ကူရာလည်း အတိအကျတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့... ပထမဘုရင်သခင်ကို ဘယ်သူကမှ မချုပ်နှောင်နိုင်ဘူးဆိုတာ ယုံကြည်ပါတယ်"
ကာကူရာက ပြောလိုက်သည်။
တစ်ပါးသူကို အလွယ်တကူ ဦးညွတ်ပါက...
ကျွင်းရှောင်ယောက် မဟုတ်နိုင်သလို... ကာကူရာ သဘောကျသော ပထမဘုရင်လည်း ဖြစ်မည် မဟုတ်ပေ။
"ဒီအတိုင်းမှန်ရင် ငါက နတ်ဆိုးဧကရာဇ်နဲ့ တခြားဖျက်ဆီးခြင်းဘုရင်ကို တိုက်ရိုက် စော်ကားလိုက်ပြီးပြီပဲ"
"ဒါပေမဲ့လည်း ကောင်းပါတယ်။ ဒီလိုမှမဟုတ်ရင် ပျင်းစရာသိပ်ကောင်းနေလိမ့်မယ်"
ကျွင်းရှောင်ယောက်က မကြောက်ရွံ့သည့်အပြင် မျှော်လင့်ချက်တို့ဖြင့် ပြောလိုက်သည်။
ထိုအချိန်... အခြားတစ်ဖက်တွင်...
မျက်နှာပျက်ကာ ပြန်လာခဲ့သော ဖာချီဧကရာဇ်မျိုးနွယ်၏အဖွဲ့က... ဖာချီဧကရာဇ်မျိုးနွယ်၏ ဌာနချုပ်သို့ ပြန်ရောက်လာခဲ့သည်။
ဖာချီဧကရာဇ်မျိုးနွယ်၏ ဘိုးဘွားမြေမှ နာကျင်မှု၊ ပူဆွေးမှုများဖြင့် အော်ဟစ်ညည်းညူသံများကို ကြားလာရ၏။
၎င်းမှာ ကျဆုံးသွားသော အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်၏ မျိုးရိုးမှ လူများဖြစ်တော့သည်။ ဤအခိုက်တွင် ဝမ်းနည်းပူဆွေးစွာဖြင့် အားလုံးက အော်ဟစ်ငိုယိုနေခဲ့သည်။
နာရာကူလည်း ပြန်ရောက်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရတော့... သူ့နှလုံးသားမှာ နာကျင်သွားရသည်။
ထိုအရာအားလုံးက သူ့ကြောင့်ပင်။
ပြင်းထန်သော နာကြည်းမှုနှင့် လက်မခံလိုစိတ်များက သူ့နှလုံးသားထဲမှ ထွက်လာခဲ့သည်။
"ယာကီဗိမာန်ကို ကျုပ်ဝင်မယ်"
နာရာကူ၏ အော်ဟစ်လိုက်သံက ဖာချီကျွန်းတစ်ခုလုံး ပဲ့တင်ထပ်သွား၏။
ထိုစကားသံအဆုံးတွင် နာကျင်ငိုကြွေးသံများအားလုံး ရုတ်ချည်း တိတ်ဆိတ်သွားတော့သည်။