အခန်း ၁၀၇၀
Vol. 72 Ch. 1070
အခန်း ( ၁၀၇၀ ) နောက်ဆုံးဘုရင် ပေါ်လာပြီ။
ကစဉ့်ကလျားနတ်ဆိုးပင်လယ်နှင့် အမည်မဲ့နယ်မြေကြား နယ်စပ်တွင် မြူခိုးများ ဝေဆိုင်းနေသည်။
မြူများက ထူထပ်လွန်း၍ ကောင်းကင်နှင့် မြေပြင်ကို ဖုံးလွှမ်းနေ၏။
ရံဖန်ရံခါလည်း အသည်းထဲထိ စိမ့်တက်သွားလောက်အောင် ကြောက်စရာကောင်းသော သားရဲကြီးများ၏ ဟိန်းဟောက်သံများကို ကြားရသည်။
ဤနေရာကား ကစဉ့်ကလျားနတ်ဆိုးပင်လယ်မှ အမည်မဲ့နယ်မြေသို့ သွားရာလမ်းမှ မြူခိုးဧရိယာ ဖြစ်ချေသည်။
အမည်မဲ့နယ်မြေမှ နယ်မြေခံလမ်းပြသူ မရှိဘဲ အပြင်လူများ အလောတကြီးဝင်ရောက်ပါက...
လမ်းပျောက်သွားခြင်းမှာ ကံကောင်းသည်ဟု ဆိုရမည်။
အန္တရာယ်နယ်မြေ သို့မဟုတ် တားမြစ်နယ်မြေ တစ်ခုခုကို ရောက်သွားပါက မည်သို့မည်ပုံ သေသွားရမှန်းပင် သိလိုက်ရမည် မဟုတ်ပေ။
မှောင်မိုက်သောအက်ကြောင်းများ၊ သေမင်းတမန် ဝဲကတောကြီးများ စသည်တို့ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းသောနေရာများ အမျိုးမျိုးရှိနေကြောင်း ကောလဟာလများပင် ရှိသည်။
အဓိပဓိများအတွက် ဤဧရိယာမှာ အန္တရာယ်အလွန်များပေသည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း သို့မဟုတ် သူ့အထက် အကျော်အမော်များသာလျှင် တိုက်ရိုက် ဖြတ်ကျော်နိုင်ကြသည်။
သို့သော်လည်း တိုင်းတပါးတစ်ခုလုံးကိုကြည့်လျှင်ပင်... အင်မော်တယ်ဘုရင်တစ်ပိုင်းနယ်ပယ်နှင့်အထက်မှ အကျော်အမော်က ဘယ်လောက်များများ ရှိသနည်း။
ထို့ကြောင့်ပင်၊ ဤနယ်မြေက အမည်မဲ့နယ်မြေအား ပို၍ပင် လျှို့ဝှက်ဆန်းကျယ်စေခဲ့သည်။
၎င်းက တိုင်းတပါးသတ္တဝါ အများစုအတွက် ဖြတ်ကျော်၍မရသော ကန့်သတ်နယ်မြေတစ်ခုဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
သို့သော်...
ဤအခိုက်တွင် မြူခိုးနယ်မြေအတွင်း၌ လှေတစ်စင်း ရုတ်တရက် ပေါ်လာခဲ့သည်။
ပင်လယ်ရေက လှိုင်းတွန့်လေးများ ဖြစ်ပေါ်လာ၏။
မြူခိုးများကြားမှ လှေကလေး၏ ပုံစံကလည်း တဖြည်းဖြည်း ပို၍ ရှင်းလင်းလာပြီ။
အမှန်တကယ်ပင် လှေငယ်တစ်စင်း ဖြစ်သည်။
လှေပေါ်တွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦး ရပ်လျက် လိုက်ပါလာသည်။
အဘိုးအိုက ဝါးခမောက်ကို ဆောင်းထားပြီး သစ်သားလှော်တက်ကို ကိုင်ဆောင်ကာ လှော်ခတ်နေ၏။
လူငယ်လေးက အလွန်ချောမောပုံရသည်။ သို့သော်လည်း သူ့မျက်လုံးများက အနက်ရောင်စစ်စစ်ဖြစ်ပြီး နက်နဲ၍ မကောင်းဆိုးဝါးဆန်ဆန် ဆွဲဆောင်မှုတစ်မျိုး ရှိ၏။
ဤမြင်ကွင်းကို ရုတ်တရက် မြင်လိုက်ရသူတိုင်း အံ့ဩမိမည်မှာ သေချာသည်။
လူအားလုံးအတွက် ကန့်သတ်နယ်မြေဟု ခေါ်နိုင်သော မြူခိုးနယ်မြေပင် ဖြစ်လင့်ကစား...
အဘိုးကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်က လှေငယ်တစ်စင်းနှင့် အေးအေးလူလူ လှော်ခတ်လာနေသည်။
ယင်းကိုကြည့်လျှင် ဖြစ်နိုင်ချေက တစ်ခုသာ ရှိတော့သည်။
အဘိုးအိုနှင့် လူငယ်တို့က အမည်မဲ့နယ်မြေမှ လာရောက်သူများ ဖြစ်ကြသည်။
မြူခိုးနယ်မြေမှာ တိုင်းတပါးသားများအတွက် ဖြတ်ကျော်ရန်ခက်ခဲသော အန္တရာယ်နယ်မြေဖြစ်သော်လည်း...
အမည်မဲ့နယ်မြေရှိ သတ္တဝါများက ပေါ့ပေါ့ပါးပါး သွားလာနိုင်ပေသည်။
"အချိန်နီးလာပြီ... မျိုးနွယ်စုက ဟောကိန်းအတိုင်းဆိုရင် ဒီခေတ်ဟာ အင်မော်တယ်နယ်မြေကြီးကို လုံးဝ ချေမှုန်းနိုင်မဲ့ခေတ်ပဲ"
"ဒီလိုအခွင့်အရေးကို ငါတို့ စောင့်ခဲ့ရတာ ဘယ်လောက်တောင်ကြာပြီလဲ။ ကြီးကျယ်မြင့်မြတ်တဲ့ အန္တိမကပ်ဘေးကြီးလည်း အချိန်အကြာကြီး စောင့်ခဲ့ရတာ ထင်ရှားတယ်"
ထိုလူငယ်လေးက အသက်ပြင်းပြင်းရှူရင်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
အန္တိမကပ်ဘေးကြီးအပေါ်တွင် လွန်စွာမှ ရိုသေလေးစားပုံရ၏။
သူက လက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်ကြည့်လိုက်သည်။ ထိုအခါ သူ့လက်ဝါးပေါ်တွင် ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခုကို မြင်လာရတော့သည်။
"ဘုရင်အားလုံး စုဝေးပြီးရင် အမည်မဲ့နယ်မြေကို သွားဖို့အတွက် အချိန်ကျပြီ"
လူငယ်က ပြောလိုက်သည်။
သူ့စကားအဆုံးတွင်... မှောင်မိုက်သော ခြောက်ထောင့်ကြယ်အမှတ်အသားမှ အနက်ရောင်အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွား၏။
ကောင်းကင်ထက်မှ တိမ်မည်းများက လွင့်ပါးလာပြီး ပတ်ဝန်းကျင် အခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
အနက်ရောင် ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခုက ကောင်းကင်တွင် ပေါ်လာပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကစဉ့်ကလျားနတ်ဆိုးပင်လယ်၏ နယ်မြေအသီးသီးတွင်ရှိသော ဖျက်ဆီးခြင်းဘုရင်များလည်း ခံစားမိခဲ့ရပေသည်။
"နောက်ထပ် ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တစ်ပါး... အခု အားလုံး စုံညီသွားခဲ့ပြီ"
သင်္ဘောပေါ်တွင်...
အဝေးမှ ကောင်းကင်ယံရှိ ခြောက်ထောင့်ကြယ်အမှတ်အသားကိုကြည့်ရင်း ယွင်ရှောင်ဟေး၏ မျက်လုံးများက အရောင်လက်သွားသည်။
နောက်ဆုံး ဘုရင်လည်း ပေါ်လာပြီ။
ယွင်ရှောင်ဟေး၏ ဝမ်းဗိုက်ရှိ ခြောက်ထေင့်ကြယ်အမှတ်အသားမှလည်း အနက်ရောင် အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။
ဒုတိယ အမှောင်စီကွမ် အမှတ်အသား ပေါ်လာပြီ။
ထို့နောက်တော့ တုံ့ဆိုင်းမနေတော့ဘဲ ထိုနေရာသို့ ဦးတည်သွားတော့သည်။
ဖာချီကျွန်းပေါ်တွင်...
မိစ္ဆာနတ်ဘုရား၏ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် နာရာကူသည်လည်း ဖာချီဧကရာဇ်မျိုးနွယ်မှ လူများစွာ၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်တွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ထွက်ခဲ့တော့သည်။
ယခုအခါ သူက မင်္ဂလာပွဲမှ ရှက်ရွံ့ပြီး ကြောက်ရွံ့တုန်လှုပ်နေသော ဟန်အမူအရာနှင့် လုံးဝ ခြားနားနေပြီ ဖြစ်သည်။
"ယွီရှောင်ယောက်... ငါ မင်းနဲ့ထပ်တွေ့ရဖို့ မျှော်လင့်နေတယ်"
နာရာကူ၏ မျက်လုံးများက တိုက်ခိုက်လိုစိတ်တို့ ပြည့်နေသည်။ ကြီးမားသော ခွန်အားက ယုံကြည်မှုကို ပေးစွမ်းခဲ့ပေသည်။
အခြားတစ်ဖက်တွင်...
မီးနဂါးကျွန်းမှာ...
ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာပြီး မြေအောက်နန်းတော်ကြီးပင် တုန်ခါလာခဲ့သည်။
လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုလူက အနက်ရောင် ၀တ်စုံကို ၀တ်ထားပြီး အနက်ရောင် ဆံပင်များကလည်း လေထဲတွင် လွင့်နေသည်။
သူ့မျက်ခုံးနှစ်ခုကြားတွင် အကြေးခွံတစ်ခု ရှိသည်။ အကြေးခွံပေါ်တွင် ခြောက်ထောင့်ကြယ် အမှတ်အသားတစ်ခု ရှိ၏။ ဤအခိုက်တွင် ခြောက်ထောင့်ကြယ် အမှတ်အသားမှ အနက်ရောင် အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
တတိယမြောက် အမှောင်စီကွမ် အမှတ်အသား ပေါ်လာပြီ။
"နောက်ဆုံးတော့ ဘုရင်ခြောက်ပါးနဲ့ နတ်ဆိုးဧကရာဇ်တို့ တွေ့ဆုံဖို့အတွက် အချိန်တန်ပြီ"
"ပြီးတော့ ယွီရှောင်ယောက်... ငါ့ညီရဲ့ အသက်က အလကားမဖြစ်စေရဘူး"
ဤလူငယ်မှာ သဘာဝအတိုင်း ကျူးယဲ့ ဖြစ်သည်။
သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ အချိန်က ရပ်တန့်သွားပုံရပြီး အဝေးသို့ ရောက်သွား၏။
သူ၏ သွေးမျိုးဆက် သဘာဝစွမ်းရည်နှင့် အချိန်စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းမှာ...
ကျူးဟွမ်ထက် များစွာ ပိုနက်နဲကြောင်း ထင်ရှားသည်။
သူတို့နှစ်ယောက်က တူညီသောအဆင့်တွင် လုံးဝ မရှိပေ။
တစ်ဖက်တွင်...
ယီရှဲ့ဧကရာဇ်မျိုးနွယ်မှ လူရိပ်သုံးခု ပျံသန်းထွက်လာခဲ့ကြသည်။
ကျွင်းရှောင်ယောက်၊ စူးဟုန်ယီနှင့် ကာကူရာတို့ ဖြစ်၏။
သူတို့ သုံးယောက်ထံမှလည်း အနက်ရောင် အလင်းတန်းများ ဖြာထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
တခဏချင်းမှာပင်၊ ခြောက်ထောင့်ကြယ် အမှတ်အသား ခြောက်ခုက ကောင်းကင်တွင် ထင်ရှားလာခဲ့ပြီ ဖြစ်သည်။
"နောက်ဆုံးတော့ ဘုရင်ခြောက်ပါးစလုံး ပေါ်လာပြီ။ ငါတို့ ဘုရင်ခြောက်ပါး စုဝေးဖို့အချိန်ကျပြီ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာဖြင့် ကောင်းကင်မှ ခြောက်ထောင့်ကြယ် အမှတ်အသားများကို ကြည့်လိုက်သည်။
တိုင်းတစ်ပါး၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်များနှင့် သူ ထိတွေ့တော့မည်။
ယင်းမှာ အင်မော်တယ်နယ်မြေကြီးမှ မည်သူမျှ မလုပ်နိုင်သေးသောအရာ ဖြစ်သည်။
လျှို့ဝှက်ချက်တစ်ခုခုကို အမှန်တကယ် သိခဲ့ရပါက...
ကျွင်းရှောင်ယောက်ဟာ အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ပံ့ပိုးပေးသူ ဖြစ်မည်မှာ သေချာသည်။
"ဒါနဲ့ ငါ မင်းတို့ကို တစ်ခုလောက်မေးချင်တယ်"
ကျွင်းရှောင်ယောက်က မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
ကာကူရာနှင့် စူးဟုန်ယီတို့လည်း ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ကြ၏။
"တကယ်လို့ နာရာကူသာ နတ်ဆိုးဧကရာဇ်ဖြစ်ခဲ့ရင်... သူက မင်းတို့ကိုလည်း အမိန့်ပေးပိုင်ခွင့်ရှိမယ် မဟုတ်လား"
"ဒါဆိုရင် မင်းတို့ ဘယ်လိုလုပ်မှာလဲ"
ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးကို အမှောင်နတ်ဆိုးဧကရာဇ်က ဦးဆောင်သည်။
သို့ဆိုလျှင် ကာကူရာနှင့် စူးဟုန်ယီက ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးအနက်မှ နှစ်ပါးဖြစ်ခြင်းကြောင့်... နာရာကူ၏ လက်အောက်ခံများ ဖြစ်လာရမည် မဟုတ်လော။
သို့ရာတွင် စူးဟုန်ယီက အနည်းငယ်မျှ မတုံ့ဆိုင်းခဲ့ပေ။ သူမ၏ သွေးနီရောင်မျက်လုံးများက သစ္စာစောင့်သိမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုတို့ ပေါ်လာခဲ့သည်။
"သခင်လေးက ဟုန်ယီကို ဘဝအသစ် ပေးအပ်ခဲ့တာပါ။ ဟုန်ယီက သခင်လေးရဲ့ အမိန့်ကိုပဲ နာခံမယ်"
"သူက နတ်ဆိုးဧကရာဇ်ဆိုရင်တောင် ဂရုမစိုက်ဘူး... သူကသာ သခင်လေးကို အန္တရာယ်ပြုဝံ့ရင် ဟုန်ယီက သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး"
စူးဟုန်ယီ၏ သွေးနီရောင် မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာခဲ့သည်။
ကျွင်းရှောင်ယောက်၏ ရန်သူက သူမ၏ရန်သူပင်။
ကာကူရာကတော့ ခဏတာ အံသြသွားသည်။
ထို့နောက် လှပစွာပြုံးပြီး ပြောလိုက်လေသည်။
"ပထမဘုရင် ဘာတွေပြောနေတာလဲ။ ကူရာက သခင်လေးအနားမှာပဲ အမြဲရှိနေတာပါ"
"နောက်ပြီးတော့ နင်က ပထမဘုရင်ဖြစ်တာကြောင့် နတ်ဆိုးဧကရာဇ်ရှေ့မှာ ခေါင်းငုံ့နေစရာ မလိုပါဘူး"
ကာကူရာက အသက်ကိုပင် စွန့်လွှတ်လိုစိတ်ရှိသော စူးဟုန်ယီကဲ့သို့ သစ္စာမရှိကြောင်း ထင်ရှားသည်။
သူမက ကျွင်းရှောင်ယောက်နှင့်ပတ်သက်ပြီး ကျေးဇူးတင်ခြင်းနှင့် လေးစားခြင်းသာ ရှိပေသည်။
စိတ်ဝင်စားမှု အရိပ်အယောင်များလည်း ရှိသည်။
ကျွင်းရှောင်ယောက်လည်း ပေါ့ပေါ့ပါးပါးပြုံးကာ ပြောလိုက်သည်။
"ကောင်းပါပြီ၊ သွားကြရအောင်"
လူရိပ်သုံးခုက ပထမဆုံး ခြောက်ထောင့်ကြယ်အမှတ်အသား ပေါ်လာရာသို့ ပျံသန်းသွားတော့သည်။
ကစဉ့်ကလျားနတ်ဆိုးပင်လယ် တစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့သည်။
ဤသည်က ကစဉ့်ကလျားနတ်ဆိုးပင်လယ်တစ်ခုသာမကပေ။
တိုင်းတပါး ပြည်နယ်ဆယ်ခုမှလည်း အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားခြောက်ခုကို တွေ့နေကြရသည်။
"ကမ္ဘာဖျက်ဆီးခြင်း ဘုရင်ခြောက်ပါး စည်းဝေးကြကုန်ပြီ"
အကျော်အမော် ပုဂ္ဂိုလ်ကြီးများစွာတို့ သက်ပြင်းချလိုက်ကြသည်။
ဘုရင်ခြောက်ပါးက အရွယ်မရောက်ကြသေးပါ။
သို့ရာတွင်... အချိန်ကြာလာသည်နှင့်အမျှ ဘုရင်ခြောက်ပါးသည် ကမ္ဘာကြီးကို ကြီးပြင်းလာမည်ဖြစ်သည်။ ထိုအချိန်တွင် အင်မော်တယ်နယ်မြေကြီးအတွက် ကြီးစွာသော ဘေးဥပဒ်တစ်ခု ဖြစ်လာစေလိမ့်မည်။
အမှောင်မြစ်ပြည်နယ်...
စစ်နတ်ဘုရားနန်းတော်၏ အနက်ရှိုင်းဆုံး မြေအောက်တွင်...
ဤသည်မှာ နန်းတော်၏ မည်သူမျှ ခြေချခွင့်မရှိသော တားမြစ်နေရာတစ်ခု ဖြစ်သည်။
အကြောင်းမူ... ဤနေရာက စစ်နတ်ဘုရားနန်းတော်၏ ရှန်းအောင်ဘုရင် တံခါးပိတ်လေ့ကျင့်သော နေရာ ဖြစ်နေသောကြောင့်ပင်။
ဤအခိုက်တွင်... မြေအောက်ဂူ၌...
နောက်ကျောဘက်တွင် လိပ်ခွံနှင့် ကတုံးပြောင် အဖိုးအိုတစ်ဦးက ဂူ၏ နက်နဲရာသို့ ရောက်လာသည်။
ထိုအဖိုးအိုက သာမန်လူတစ်ဦးနှင့်တူပြီး အရှိန်အဝါ အနည်းငယ်မျှပင် မရှိပေ။
သို့ရာတွင်... သာမန်အသွင်ပြင်ရှိသော ဤအဖိုးအိုက စစ်နတ်ဘုရားနန်းတော်၏ ကျော်ကြားသော ရှန်းအောင်ဘုရင် ဖြစ်သည်။
ဤအခိုက်တွင် ရှန်းအောင်ဘုရင်က ဂူအတွင်းပိုင်း နက်နဲရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ဝိညာဉ်အသိ ခံစားချက်အားလုံးကို ခွဲထုတ်ထားသော မှုန်ဝါးဝါးလေထုက ပြည့်နေလေ၏။
ယင်းက အကြောင်းအကျိုးနှင့် ကမ္မသက်ရောက်မှုကိုပင် ပိတ်ဆို့ထားခဲ့သည်။
ထိုနေရာမှာတော့ ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်နေသော ဝတ်စုံဖြူဝတ် ပုံရိပ်တစ်ခုကို ဝိုးတဝါး မြင်တွေ့ရလိမ့်မည်။
သူ့ထံမှ မိုးနှင့်မြေကို တုန်ခါစေနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကိုလည်း ဝေဝါးဝါး ခံစားရသည်။
၎င်းက ချောက်နက်အတွင်းမှ ပုန်းအောင်းနေသော နဂါးကြီးတစ်ကောင်ကဲ့သို့ပင်။
“အရှင်၊ ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးစလုံး ပေါ်ပေါက်လာပြီး အမည်မဲ့နယ်မြေကို သွားကြပါတော့မယ်"
ရှန်းအောင်ဘုရင်က ထိုလူရိပ်ကို ရိုသေလေးစားစွာဖြင့် လက်ယှက်ပြီး ဦးညွတ်ကာ ပြောလိုက်သည်။
ဤမြင်ကွင်းကိုသာ အခြားသူများ မြင်ရပါက မျက်လုံးများပင် ကျွတ်ကျသွားလိမ့်မည်။
တိုင်းတစ်ပါးမှ နာမည်ကျော်ကြားသော အင်မော်တယ်ဘုရင်တစ်ပါးက အမှန်တကယ်ပင် တစ်စုံတစ်ယောက်ကို ရိုသေလေးစားစွာဖြင့် 'အရှင်'ဟု ခေါ်နေသည်။
ယင်းက တကယ်ကို မယုံနိုင်စရာပင်။