အခန်း ၁၀၇၁
Vol. 72 Ch. 1071
အခန်း ( ၁၀၇၁ ) ကျွင်းမိသားစု၏ လှုပ်ရှားမှုများ။
ဖျက်ဆီးခြင်း ဘုရ်ငခြောက်ပါးကြောင့် ကစဉ့်ကလျားနတ်ဆိုးပင်လယ်နှင့် တိုင်းတစ်ပါးတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြချိန်...
အင်မော်တယ်နယ်မြေကြီးဘက်မှာလည်း လှုပ်ရှားမှုများ ရှိလာသည်။
အမြဲတစေ တည်ငြိမ်စွာ ရှိနေခဲ့သော ကျွင်းမိသားစုက လှုပ်ရှားမှုများရှိကြောင်း တွေ့လာကြရ၏။
အမျိုးမျိုးသော ရှေးဟောင်းနေရာများနှင့် တားမြစ်နယ်မြေများတွင် ပြန့်ကျဲနေသော ကျွင်းမိသားစု၏ ဧကရာဇ်တစ်ပိုင်းဘိုးဘေးအချို့သည်ပင် စုရုံးလာတော့သည်။
ကျွင်းမိသားစု၏ ဂိုဏ်းခွဲတချို့လည်း စုစည်းလာခဲ့ကြသည်။
ယင်းက အင်မော်တယ်အင်အားစုများစွာကို အလွန်အံ့အားသင့်စေခဲ့ပေသည်။
ယခင် အင်မော်တယ်နယ်မြေကြီးနှင့် တိုင်းတပါးကြားမှ ထိပ်တိုက်ရင်ဆိုင်မှုများတွင်ပင်...
ကျွင်းမိသားစုက လူစေလွှတ်ရုံ ရှိခဲ့သည်။ သူတို့က ပါဝင်ရုံမျှသာဖြစ်ပြီး အမှန်တကယ် လှုပ်ရှားခြင်းမျိုး မရှိခဲ့ပေ။
အင်မော်တယ်နယ်မြေကြီးက အမှန်တကယ် ချိုးဖောက်ခံလိုက်ရလျှင်ပင်...
ကျွင်းမိသားစုက အန္တရာယ်မများဘဲ သာသာယာယာ နေနိုင်ဦးမည်ဟု ထင်မှတ်သူများ ရှိခဲ့သည်။
ထို့ကြောင့်ပင် ကျွင်းမိသားစုက အင်အားစိုက်ထုတ်ခြင်း မပြုခဲ့ပါ။
ယခုမူကား...
ကျွင်းမိသားစု၏ လှုပ်ရှားမှုများက လူအများကို အံ့အားသင့်စေခဲ့သည်။
"ဒါက အနောက်ဘက်ကနေ နေထွက်လာတာများလား"
ရှေးဟောင်းတော်ဝင်မိသားစုမှ ပုဂ္ဂိုလ်ကြီးတချို့က တီးတိုး ပြောဆိုသည်။
"ကျွင်းမိသားစု ဘာတွေ စီစဉ်နေတာလဲဆိုတာ ကြည့်ကြသေးတာပေါ့။ ဒါပေမဲ့... ကျွင်းမိသားစုရဲ့ ရည်ရွယ်ချက်တွေက အဲ့လောက်မရိုးရှင်းဘူးလို့ အမြဲခံစားနေရတယ်။ သူတို့ ကြီးကြီးမားမား တစ်ခုခုစီစဉ်နေတာ ဖြစ်နိုင်မလား"
အဓိပဓိအင်မော််တယ်ခုံရုံးဘက်မှ ပုဂ္ဂိုလ်ကြီးများကလည်း စဉ်းစဉ်းစားစားဖြင့် ပြောပေသည်။
မည်သို့ပင်ဖြစ်စေ၊ အင်မော်တယ်နယ်မြေကြီးရှိ လူတိုင်းလိုလို မရေရာသော ကြိုတင်သတိပေးချက်တစ်ခု ခံစားနေခဲ့ရသည်။
ကိစ္စကြီးတစ်ခု ဖြစ်ပျက်ချေတော့မည်။
ထိုအဖြစ်အပျက်က ကမ္ဘာနှစ်ဖက်ကြားရှိ စစ်ပွဲအခြေအနေကို လုံးဝပြောင်းလဲသွားစေနိုင်လောက်သည်။
..........
တိုင်းတစ်ပါးပြည်၊ ကစဉ့်ကလျားနတ်ဆိုးပင်လယ်...
လူရိပ်သုံးခုက လေထဲမှ ပျံသန်းသွားနေသည်။
ကျွင်းရှောင်ယောက်တို့ သုံးဦး ဖြစ်၏။
ကျွင်းရှောင်ယောက်က သဘာဝအတိုင်း သူ့ကိုယ်ပိုင်ခြံဝင်းတွင် လမ်းလျှောက်နေသကဲ့သို့ လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးလူလူပင်။
ကျွင်းရှောင်ယောက်မှာ အကြွင်းမဲ့ခွန်ပန်အမြန်နှုန်းအပြင် ဟင်းလင်းပြင်ကျမ်းကို ထိန်းချုပ်ထားသူ ဖြစ်သည်။ ထို့ကြောင့် သူ့အရှိန်ကို တမင်မလျှော့ထားလျှင် စူးဟုန်ယီနှင့် ကာကူရာတို့ လိုက်မီနိုင်မည် မဟုတ်ပေ။
"ငါတို့ သိပ်မလိုတော့ဘူး"
ကျွင်းရှောင်ယောက်က အဝေးကို လှမ်းကြည့်လိုက်သည်။
"အဲဒီနေရာက ကစဉ့်ကလျားနတ်ဆိုးပင်လယ်နဲ့ အမည်မဲ့နယ်မြေရဲ့ လမ်းဆုံက မြူခိုးနယ်မြေ ဖြစ်သင့်တယ်"
ကာကူရာက ပြောလိုက်၏။
"ဒါဆိုရင်... အမည်မဲ့နယ်မြေကနေ ထွက်လာတဲ့ နောက်ဆုံးဘုရင်က အန္တိမဧကရာဇ်မျိုးနွယ်ရဲ့ လူများလား"
ကျွင်းရှောင်ယောက်က မှန်းဆလိုက်သည်။
"ဖြစ်နိုင်လောက်တယ်"
ကာကူရာလည်း အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
အန္တိမဧကရာဇ်မျိုးနွယ်မှာ တိုင်းတစ်ပါးတွင် လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးအကျဆုံး အင်အားစုဖြစ်သည်။
သူတို့၏ အဆင့်အတန်းက ကျွင်းမိသားစု၊ အဓိပဓိအင်မော်တယ်ခုံရုံးနှင့် အင်မော်တယ်နယ်မြေကြီးရှိ အမှောင်ကမ္ဘာကဲ့သို့ အင်အားစုများနှင့် အတူတူပင်။
တိုင်းတစ်ပါးပြည်က ဤမျှ အင်အားကြီးနေသည့် အကြောင်းရင်းမှာ အန္တိမဧကရာဇ်မျိုးနွယ်၏ ပံ့ပိုးမှုကြောင့်ဟု ဆိုနိုင်သည်။
"စိတ်ဝင်စားစရာပဲ၊ အန္တိမဧကရာဇ်မျိုးနွယ်ရဲ့ ပါရမီရှင်ဆိုတာကို တွေ့ချင်မိတယ်"
ကျွင်းရှောင်ယောက်က စိုးရွံ့ခြင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။
ကာကူရာလည်း တအံ့တဩဖြင့် ဘာပြောရမည်မှန်း မသိတော့ပေ။
အန္တိမဧကရာဇ်မျိုးနွယ်မှ လူများနှင့် ကြုံတွေ့ရလျှင်ပင် သူမ၏စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားရလိမ့်မည် ဖြစ်သည်။
ကောလဟာလများအရ၊ အန္တိမဧကရာဇ်မျိုးနွယ်စု၏ ရှေးအကျဆုံး မျိုးဆက်များက အဆုံးစွန်ကပ်ဘေးကြီးနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိပုံရပေသည်။
ဟုတ်သည်၊ ဤသည်အချက်မှာ တိုင်းတပါး၏ တားမြစ်ချက်တစ်ခုဖြစ်၍ ကာကူရာလည်း အများကြီး မစုံစမ်းနိုင်ပေ။
ထိုအချိန်တွင်... ကျွင်းရှောင်ယောက်၏ ခြေလှမ်းများက ရုတ်တရက် ရပ်သွားသည်။
သူက လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်၏။
"နောက်ဆုတ်"
စူးဟုန်ယီနှင့် ကာကူရာလည်း တုန်လှုပ်သွားပြီး ချက်ချင်း နောက်ဆုတ်သွားတော့သည်။
ကျွင်းရှောင်ယောက်မှာ သူ့ပတ်ဝန်းကျင်မှ နယ်မြေတစ်ခုက အချိန်စီးဆင်းမှု ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
သူ့ရှေ့မှ ဟင်းလင်းပြင်က ရုတ်တရက် အက်ကြောင်းတစ်ခု ပွင့်သွား၏။
အက်ကြောင်းအတွင်းမှ ပုံရိပ်တစ်ခုက ကျွင်းရှောင်ယောက်ကို တိုက်ရိုက် ဖိနှိပ်လာတော့သည်။
"မီးနဂါးမျိုးနွယ်..."
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။ သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး ကစဉ့်ကလျားစွမ်းအင်များက မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာ၏။
ကစဉ့်ကလျားစွမ်းအင်က အမြင့်ဆုံးသော စွမ်းရည်တစ်မျိုး ဖြစ်သည်။
ယင်းက အချိန်စွမ်းအားထက် နိမ့်ကျမှုမရှိပေ။
ချက်ချင်းဆိုသလိုပင်၊ ကျွင်းရှောင်ယောက်က သူ၏လွတ်လပ်မှုကို ပြန်လည်ရရှိခဲ့သည်။
ထို့နောက် လက်သီးဆုပ်ပြီး ထိုလူရိပ်ကို ထိုးနှက်လိုက်၏။
"ဟင်"
ထိုလူရိပ်မှာ အံ့အားသင့်သွားသည်။ ကျွင်းရှောင်ယောက်မှ အချုပ်အနှောင်ကို အလွယ်တကူ ကျော်ဖြတ်နိုင်မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်လည်း မတုံ့ဆိုင်းဘဲ လက်သီးဖြင့် ထိုးလိုက်သည်။
ထို့နောက် လက်သီးနှစ်လုံးက ထိပ်တိုက်တွေ့ဆုံသွား၏။
"ဝုန်း"
နှစ်ဖက်တိုက်မိခြင်းက မိုးကြိုးထစ်ချုန်းသကဲ့သို့ အသံကျယ်ကြီး ထွက်ပေါ်လာစေခဲ့သည်။ အားကောင်းသော စွမ်းအင်လှိုင်းများက အရပ်ရပ်သို့ ဖြာထွက်သွား၏။
ကြီးမားသော အင်အားများ၏ဖိအားကြောင့် ပင်လယ်ရေမျက်နှာပြင်တစ်ခုလုံး လှိုင်းထန်နေတော့သည်။
"အဟွတ်... အဟွတ်"
ချောင်းဆိုးသံနှင့်အတူ လူရိပ်တစ်ခုမှာ နောက်ဆုံး မရပ်တန့်မီ မီတာရာနှင့်ချီပြီး နောက်ဆုတ်သွားရသည်။
ကျွင်းရှောင်ယောက်က သူ့လက်သီးကို ပြန်ရုတ်ပြီး တစ်ဖက်လူကို ကြည့်လိုက်သည်။
"ကျူးယဲ့၊ နင် အတင့်ရဲလှချေလား"
အနောက်ဘက်မှ ကာကူရာ၏ အော်သံ ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်က အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ချောမောသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ အနက်ရောင်ဆံပင်များက လေထဲတွင် တဖျတ်ဖျတ်လွင့်နေသည်။ သူ့မျက်ခုံးနှစ်ခုကြားတွင်လည်း နဂါးအကြေးခွံတစ်ခု ရှိ၏။
ထိုလူငယ်ကား မီးနဂါးမျိုးနွယ်မှ ဧကရာဇ်သားတော်... ဒုတိယဘုရင် ကျူးယဲ့ ဖြစ်ချေတော့သည်။
"ကစဉ့်ကလျားခန္ဓာက တကယ်ကို နာမည်ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"
ကျူးယဲ့က သူ့လက်ကို ဖြည်းညှင်းစွာ ရုတ်လိုက်သည်။
သူ့လက်များကတော့ အနည်းငယ်တုန်ယင်နေသေးသည်။
အက်ကြောင်းများလည်း ရှိနေသည်။
မီးနဂါးမျိုးရိုး၏ အလွန်အားကောင်းသော ခန္ဓာကိုယ်ကြံ့ခိုင်မှုကြောင့် မဟုတ်ပါက...
ဤလက်သီးချက်တွင် သူ့လက်က သေချာပေါက် ပေါက်ကွဲသွားလိမ့်မည်။
"မင်းက ကျူးဟွမ်ရဲ့ အစ်ကို၊ ဒုတိယဘုရင် ကျူးယဲ့ထင်ပါ့"
ကျွင်းရှောင်ယောက်က အပြောင်းအလဲမရှိသော လေသံဖြင့် ပြောလိုက်သည်။
သူက ကျူးယဲ့ကိုကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
ကျူးယဲ့ထံမှ ထူးခြားသော အငွေ့အသက်များ ရှိနေသည်ကို သူသတိပြုမိသည်။
အလွန်ရင်းနှီးသော အငွေ့အသက်...
ကောင်းကင်ကျမ်း၏ အရှိန်အဝါ...
သို့သော်လည်း ကျွင်းရှောင်ယောက်ကို မျက်မှောင်ကြုတ်သွားစေသည်မှာ...
ကောင်းကင်ကျမ်း၏ အရှိန်အဝါပင် ဖြစ်လင့်ကစား၊ တစ်ခုခု လွဲမှားနေပုံရပေသည်။
ကျူးယဲ့က ကာကူရာနှင့် စူးဟုန်ယီကို လျစ်လျူရှုပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"မင်းမှာ ကောင်းကင်ကျမ်းကိုးအုပ်ထဲက တစ်အုပ်ဖြစ်တဲ့ ဝိဉာဉ်ကျမ်းရှိတယ်လို့ ငါကြားတယ်"
"မင်းမှာလည်း တစ်ခုရှိပုံရတယ်"
ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်၏။
အမှန်က သူ့တွင် ဝိညာဉ်ကျမ်းတစ်အုပ်တည်းရှိသည် မဟုတ်ပါ။
ခန္ဓာကျမ်း၊ ဟင်းလင်းပြင်ကျမ်း၊ ရတနာကျမ်းနှင့် ရှင်သန်ခြင်းကျမ်းလည်း ရှိသည်။
ဟုတ်ပေသည်၊ ကျွင်းရှောင်ယောက်က ထိုအကြောင်းများကို ထုတ်ပြောပြသည်အထိ မမိုက်မဲပါ။
"မင်းရဲ့ ဝိညာဉ်ကျမ်းကို ငါတကယ်ပဲ စိတ်ဝင်စားတယ်"
ကျူးယဲ့က ပြောသည်။
"မင်းရဲ့ ကောင်းကင်ကျမ်းကိုလည်း ငါစိတ်ဝင်စားတယ်။ ငါ ခန့်မှန်းချက်မမှားရင် မင်းရရှိထားတာက ကောင်းကင်ကျမ်းကိုးအုပ်ထဲက တစ်အုပ်ဖြစ်တဲ့ အချိန်ကျမ်းပဲ ဖြစ်ရမယ်"
ဟင်းလင်းပြင်ကျမ်းက ဟင်းလင်းပြင်စွမ်းရည်၏ အဆုံးစွန်နည်းလမ်းများကို ဖော်ပြထားပေသည်။
အချိန်ကျမ်းကတော့ အချိန်၏ အန္တိမနည်းလမ်းများကို မှတ်တမ်းတင်ထားသည်။
၎င်းက မီးနဂါးမျိုးနွယ်၏ သဘာဝစွမ်းရည်နှင့်လည်း လိုက်ဖက်ပေသည်။
ကျူးယဲ့၏ အချိန်စွမ်းရည်ကို ထိန်းချုပ်နိုင်စွမ်းက ကျူးဟွမ်နှင့် နှိုင်းယှဉ်ရန် ဝေးကွာကြောင်း...
ယခုလေးတင် ကျွင်းရှောင်ယောက်က ခံစားရသည်မှာ အံ့သြစရာမဟုတ်တော့ပါ။
သူ၏ ပင်ကိုယ်ပါရမီအပြင်...
အချိန်ကျမ်းအပေါ် နားလည်သဘောပေါက်မှုနှင့်လည်း ဆက်စပ်နေသင့်သည်။
"ကောင်းပြီလေ၊ မင်းငါ့ကို ဝိညာဉ်ကျမ်းပေးရင် ငါ့ညီကို သတ်ခဲ့တဲ့ကိစ္စကို ခွင့်လွှတ်ပေးလိုက်မယ်။ မင်း ဘယ်လိုသဘောရလဲ"
ကျူးယဲ့က ပြောလိုက်သည်။
မိသားစုဝင် ချစ်ခင်ကြင်နာမှုကဲ့သို့သော အရာများက သူ့အကျိုးအတွက် တန်ဖိုးမရှိပေ။
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။
"ဒါက ငါပြောရမဲ့စကားပါ၊ မင်း ဘယ်လိုထင်လဲ"
"မင်း..."
ကျူးယဲ့၏ မျက်လုံးများက အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။
"မင်းက နာရာကူကို ရန်စခဲ့တယ်၊ သူက ဘုရင်ခြောက်ပါးကို ဦးဆောင်မဲ့ နတ်ဆိုးဧကရာဇ်ဆိုတာ မင်းသိရဲ့လား"
"အခု မင်းက ငါနဲ့ပါထပ်ပြီး ရန်သူဖြစ်ချင်နေပုံရတယ်"
ကျူးယဲ့က လျစ်လျူရှုစွာ ပြောသည်။
"နာရာကူက နတ်ဆိုးဧကရာဇ် ဟုတ်တာ မဟုတ်တာကို ထားဦး၊ သူ တကယ်ဖြစ်ရင်တောင်မှ ငါက ဘာလုပ်ရမှာလဲ"
"နောက်ပြီးတော့ မင်းကိုယ်မင်း ဘယ်သူထင်လို့လဲ"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ယင်းက ကျူးယဲ့၏ မျက်လုံးများကို ပိုအေးစေသည်။
"ငါ့ရဲ့ အချိန်ကျမ်းကို မင်း စိတ်မဝင်စားဘူးထင်တယ်"
ကျွင်းရှောင်ယောက်၏ခွန်အားကို အနည်းငယ် ဖြုံသွားခြင်းကြောင့်သာ မဟုတ်လျှင်...
ထို့အပြင် စူးဟုန်ယီနှင့် ကာကူရာက ကျွင်းရှောင်ယောက်ဘက်တွင် ရှိနေခြင်းကြောင့် မဟုတ်ပါလျှင်...
ကျူးယဲ့က တိုက်ရိုက် တိုက်ခိုက်ပြီးနေပြီ ဖြစ်သည်။
"မင်းရဲ့ အချိန်ကျမ်းက အချိန်ကျမ်းအစစ် မဟုတ်တာကို မင်း မသိဘူးလို့တော့ ငါမထင်ဘူး"
ကျွင်းရှောင်ယောက်က လှောင်ပြောင်ပြောဆိုလိုက်၏။
သူ့လက်ထဲတွင် ကောင်းကင်ကျမ်းငါးအုပ်ရှိသောကြောင့် ကောင်းကင်ကျမ်းများအကြောင်းကို ကောင်းစွာသိသည်။
ကျူးယဲ့တွင် ကောင်းကင်ကျမ်း၏ အရှိန်အဝါမျိုးရှိသော်လည်း ၎င်းက ကောင်းကင်ကျမ်းအစစ်ကဲ့သို့ မခံစားရပေ။
ကျူးယဲ့၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သို့သော်လည်း ချက်ချင်း ပြန်တည်ပြီး လှောင်ပြောင်ပြောဆိုလိုက်ဆဲပင်။
"အဲဒါက အစစ်မဟုတ်ရင်တောင် ဘာဖြစ်လဲ၊ အနည်းဆုံးတော့ ငါတို့ဘိုးဘေးတွေက မှတ်တမ်းတင်ထားတဲ့အရာပဲ"
"နောက်ပြီး အချိန်ကျမ်းရဲ့ တည်နေရာအမှန်ကို မင်းမသိချင်ဘူးလား"
"အချိန်ကျမ်းရဲ့ နေ..."
ကျူးယဲ့က ပြောလိုက်သည်။ သူစကားမဆုံးမီတွင်၊ ကျွင်းရှောင်ယောက်က လက်တစ်ဖက်ဖြင့် ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်၏။
ပထမဘုရင်နှင့် ဒုတိယဘုရင်တို့ တိုက်ပွဲစတော့မည်။