အခန်း ၁၀၇၆
Vol. 72 Ch. 1076
အခန်း ( ၁၀၇၆ ) အနက်ရောင်သွေးစက် ပေါ်လာပြီ။
ကျွင်းရှောင်ယောက်၏ လျစ်လျူရှုခြင်းကို မြင်လိုက်ရတော့ နာရာကူ၏ နှလုံးသားတွင် မကျေမနပ်ဖြစ်သွားကာ အကြည့်ပြန်ရုတ်လိုက်သည်။
မင်္ဂလာပွဲမှ အရှက်ရခြင်းတွေအတွက် ကျွင်းရှောင်ယောက်ထံမှ အကြွေး ပြန်တောင်းရဦးမည်။
"သွားကြစို့"
မိုဟူလာက ပြောလိုက်သည်။ နာရာကူက ကျွင်းရှောင်ယောက်နှင့် ပြဿနာရှိပုံရကြောင်း သဘာဝအတိုင်း သူ သိ၏။
သို့သော်လည်း သူ၏ ရပ်တည်မှုကို ရှင်းရှင်းလင်းလင်း ထုတ်မပြသေးပေ။
သို့ရာတွင်... နာရာကူသာ နတ်ဆိုးဧကရာဇ် ဧကန်ဖြစ်ပါက၊ သူဟာ နတ်ဆိုးဧကရာဇ်ဘက်ကို သဘာဝအတိုင်း ရောက်သွားမည် ဖြစ်သည်။
နောက်ဆုံးတွင်၊ နတ်ဆိုးဧကရာဇ်က အန္တိမကပ်ဘေးကြီးမှ ခန့်အပ်ထားသော တည်ရှိမှုပင် မဟုတ်လော။
ထို့နောက်တွင် မိုဟူလာက လူတိုင်းကို အမှောင်ကုန်းမြေဆီသို့ ခေါ်သွားခဲ့သည်။
ခယ့်အကြီးအကဲကတော့ ဆက်မလိုက်ဘဲ လှေကိုလှော်ခတ်ကာ မြူခိုးများထဲတွင် ပြန်လည် ပျောက်ကွယ်သွားတော့သည်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း မိုဟူလာ၏ ဦးဆောင်မှုဖြင့် အမှောင်မြစ်၏ အဆုံးသို့ ဦးတည်ပျံသန်းသွားခဲ့သည်။
တစ်ချက်ကြည့်လိုက်ပါက အမည်မဲ့နယ်မြေက အကျယ်ကြီး ဖြစ်၏။ ကောင်းကင်ယံမှာလည်း အဆုံးမဲ့ မှောင်မိုက်ပြီး ကြယ်ပွင့်များသာ စိန်ပွင့်များကဲ့သို့ တလက်လက် တောက်ပနေသည်။
ဤသည်က အန္တိမဧကရာဇ်မျိုးနွယ်တို့၏ ဘိုးဘွားနယ်မြေ ဖြစ်ချေသည်။
လမ်းတစ်လျှောက်လုံးတော့ ကျွင်းရှောင်ယောက်ဟာ သက်ရှိသတ္တဝါများကို မတွေ့ခဲ့ရပါ။
အခြား သတ္တဝါမျိုးစုံနှင့် တောရိုင်းတိရိစ္ဆာန်များပင် တွေ့ရခဲသည်။
တိတ်ဆိတ်သည်။
ဤကဲ့သို့ တိတ်ဆိတ်ခြင်းမျိုးက လူများကို တစ်မျိုးတစ်ဖုံ ကြောက်ရွံ့စေ၏။
သို့သော်လည်း ယခု ရောက်ရှိလာသူတိုင်းက သာမန်လူများ မဟုတ်သောကြောင့် ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ လိုက်လျောညီထွေဖြစ်ခဲ့သည်။
"ဒါနဲ့ အမည်မဲ့နယ်မြေရဲ့ နက်နဲရာဆိုတာ... သီးခြားနာမည်ရှိတာလား"
ကျူးယဲ့က ပျင်းရိလာသောကြောင့် မိုဟူလာကို မေးလိုက်သည်။
မိုရှီဧကရာဇ်မျိုးနွယ်မှ လူတစ်ယောက်အနေဖြင့် မိုဟူလာက သူတို့အားလုံးထက် အချက်အလက်များစွာကို ပို၍ သိလိမ့်မည်။
မိုဟူလာကလည်း စိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါး ပြောပြလိုက်သည်။
"အမည်မဲ့နယ်မြေရဲ့ နက်နဲရာမှာ ကောင်းကင်မဲ့အမှောင်နယ်မြေလို့ခေါ်တဲ့ ဒေသတစ်ခု ရှိတယ်"
"ကောင်းကင်မဲ့အမှောင်နယ်မြေလား"
ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း မိုဟူလာကို ပို၍ အာရုံစိုက်လာခဲ့၏။
ဤအကြောင်းများက အလွန် အရေးကြီးသည်။
"ဟုတ်တယ်၊ အမည်မဲ့နယ်မြေက ငါတို့ရဲ့ ဘိုးဘွားမြေဖြစ်ရင် ကောင်းကင်မဲ့အမှောင်နယ်မြေက အမည်မဲ့နယ်မြေရဲ့ အဓိကနှလုံးသားပဲ"
"အဲဒီမှာ အန္တိမကပ်ဘေးကြီး နေထိုင်တယ်လို့တောင် ကောလဟာလတွေ ရှိတယ်"
"ငါတို့ ဘုရင်ခြောက်ပါးပိုင်ဆိုင်တဲ့ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ခြောက်ခုက ကောင်းကင်မဲ့အမှောင်နယ်မြေရဲ့ သော့တွေပဲ"
"ငါတို့ထဲက တစ်ယောက်ယောက်မရှိရင် ကောင်းကင်မဲ့အမှောင်နယ်မြေကို ဘယ်သူမှ ဝင်နိုင်မှာမဟုတ်ဘူး"
မိုဟူလာက ပြောလိုက်သည်။
"ဒါဆိုရင် အန္တိမကပ်ဘေးကြီးဆိုတာ ဘာလဲ သိလား"
ကာကူရာက မနေနိုင်ဘဲ မေးလိုက်၏။
အန္တိမကပ်ဘေးကြီးက အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည်။ သူလည်း လွန်စွာသိချင်နေခဲ့ပေသည်။
သို့သော်လည်း အန္တိမကပ်ဘေးကြီး၏ ရင်းမြစ်ကို ရှာဖွေရန်မှာ အင်မော်တယ်ဧကရာဇ်မျိုးနွယ်များအတွက် ခက်ခဲသည်။
သို့ရာတွင်၊ အမည်မဲ့နယ်မြေရှိ အန္တိမဧကရာဇ်မျိုးနွယ်များမှာတော့ မှတ်တမ်းအချို့ ရှိသင့်၏။
သို့သော်လည်း မိုဟူလာက သူ့နှုတ်ခမ်းကို လက်ညိုးဖြင့်ကပ်ပြကာ မထင်မှတ်ထားသော စကားများကို ပြောလာသည်။
"ဟင့်အင်း၊ အန္တိမကပ်ဘေးကြီးက ဘယ်လိုဆိုတာကို စုံစမ်းဖို့အတွက် မကြိုးစားနဲ့"
"သူ့ကို ဖော်ပြလို့မရဘူး၊ သူ့အကြောင်းကို ဘယ်သူမှ မသိသလို၊ ငါတို့ မျိုးနွယ်ထဲမှာလည်း အသေးစိတ် မှတ်တမ်းတွေ မရှိဘူး"
"ဘာပဲဖြစ်ဖြစ် ငါတို့ မကြာခင်တွေ့ရမှာပါ"
မိုဟူလာ၏ ရိုသေလေးစားမှုတို့ ပြည့်နေသော မျက်နှာကိုကြည့်ရင်း...
ကာကူရာလည်း မသိမသာ နှုတ်ခမ်းမဲ့လိုက်သည်။
ဒါက ဘာမှ မပြောတာနဲ့ အတူတူပဲ မဟုတ်လား။
ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ တိတ်တဆိတ် တွေးနေမိသည်။
စင်စစ်တွင်၊ ကောင်းကင်မဲ့အမှောင်နယ်မြေထဲသို့ အမှန်တကယ် ဝင်ရောက်ခဲ့ပါက သူ ဘာဆက်လုပ်ရမလဲဆိုတာကို စဉ်းစားနေခြင်း ဖြစ်သည်။
နောက်ဆုံးမှာတော့ အန္တိမကပ်ဘေးကြီးက သာမန်ဖြစ်တည်မှု မဟုတ်ပေ။
အင်မော်တယ်ဘုရင်များထက် အဆများစွာ ပို၍ ကြောက်စရာကောင်းသည်။
ကျွင်းရှောင်ယောက်လည်း အန္တိမကပ်ဘေးကြီးကို လှည့်စားနိုင်မည်ဟု ယုံကြည်မှုမရှိပါ။
နောက်ဆုံးတွင်၊ အန္တိမကပ်ဘေးကြီးက ဘာဆိုတာတောင် သူ မသိရသေးပေ။
ရန်သူက အမှောင်ထဲရောက်နေပြီး သူက အလင်းထဲမှာ ဖြစ်သည်။
ဤခံစားချက်မျိုးက ကျွင်းရှောင်ယောက်ကို မကြည်မသာ ဖြစ်စေသည်။
'မေ့လိုက်ပါ၊ ဒီအခြေအနေကို ရောက်နေမှတော့ ငါ နောက်မဆုတ်နိုင်ဘူး'
ကျွင်းရှောင်ယောက်လည်း သူ့စိတ်ထဲမှ ရေရွတ်လိုက်သည်။
ထို့ပြင်၊ ယခင် စနစ်၏ အသိပေးချက်အရ အမည်မဲ့နယ်မြေတွင် လက်မှတ်ထိုးဝင်ရန် ရှိသည်။
ယခုတော့ လှုပ်ရှားမှု မရှိသေးပေ။
ကျွင်းရှောင်ယောက်လည်း အမည်မဲ့နယ်မြေ၏ နက်နဲရာဖြစ်သော ကောင်းကင်မဲ့အမှောင်နယ်မြေသို့ ရောက်သောအခါမှ လက်မှတ်ထိုးဝင်ရလောက်မည်ဟု ခန့်မှန်းမိခဲ့သည်။
ထို့နောက် ဆက်လျှောက်ခဲ့ကြသည်။
မကြာမီ၊ ခုနစ်ရက်ပြည့်သွားပြီ။
ကျွင်းရှောင်ယောက်နှင့် အခြားသူများက အမှောင်မြစ်၏ အဆုံးသို့ ရောက်ရှိလာကြသည်။
မြစ်ရေစီးသံများကို ကြားလာရ၏။
ထူထဲသော မီးခိုးရောင် မြူခိုးများကလည်း နေရာအနှံ့ကို လွှမ်းခြုံထားသေးသည်။
ယခင် မြူခိုးဒေသရှိ မြူများထက်ပင် ပိုမိုထူထပ်သည်။
အင်အားကြီးသော မြစ်ရေက တဟုန်ထိုး စီးဆင်းနေခဲ့ပေသည်။
ထိုမြစ်ရေအတွင်းရှိ အမှောင်စွမ်းအားက အခြားနေရာများထက် များစွာ ပို၍ အားကြီးပေသည်။
"ရှေ့က အမှောင်မြစ်ရဲ့ အဆုံးပဲ။ ဒါက အဆုံးဖြစ်သလို အစလို့လည်း ဆိုနိုင်တယ်"
မိုဟူလာက ပြောလိုက်သည်။
အားလုံးက ဂရုတစိုက်ကြည့်လိုက်သောအခါ တံတိုင်းတစ်ခုသဖွယ် အနက်ရောင် အလင်းကန့်လန့်ကာတစ်ခုကို တွေ့လိုက်ရသည်။
'ဒါက အမှောင်မြစ်ရဲ့ အရင်းမြစ်ကို လွှမ်းခြုံထားတဲ့ ရှေးဟောင်းအစီရင်ဆိုတာပဲ ဖြစ်ရမယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
ထို့နောက်တွင် နက်ပြာရောင်ပုလဲတစ်လုံး ပေါ်လာသည်ကို သူ မြင်လိုက်ရ၏။
ပုလဲထဲတွင် အလွန်နက်မှောင်ပြီး နက်နဲသော သွေးတစ်စက် ရှိနေသည်။
ကြီးမားသော အမှောင်မြစ်က ပုလဲကိုဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် စီးဆင်းနေခြင်း ဖြစ်ချေသည်။
"ဒါက အမှောင်မြစ်ရဲ့ စွမ်းအား အရင်းမြစ်ဖြစ်တဲ့ ထျန်းမင်နတ်ပုလဲ ပဲ။ မင်း အလိုရှိတဲ့အရာက အဲဒီပုလဲထဲမှာ ရှိတယ်"
မိုဟူလာက ပြောလိုက်သည်။
နာရာကူ အသက်ရှူမြန်လာသည်။
သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက ထိုသွေးတစ်စက်ကို တောင်းဆိုနေသည်ဟု သူခံစားရ၏။
မှတ်ဉာဏ်ဟောင်းများကလည်း သူ့စိတ်ထဲတွင် ထင်ဟပ်လာပြီ။
ထိုသွေးတစ်စက်ကို ရနိုင်ပါက...
နာရာကူတွင် စစ်မှန်သော အရည်အသွေး အပြောင်းအလဲ ရှိလာမည်မှာ သံသယဖြစ်စရာ မလိုပေ။
၎င်းက ပြီးပြည့်စုံသော အသွင်ကူးပြောင်းမှု တစ်ခုဖြစ်သည်။
မိစ္ဆာနတ်ဘုရားချပ်ဝတ်နှင့် နတ်ဆိုးဧကရာဇ်တို့၏ စွမ်းအားများကို အပြည့်အဝ လှုံ့ဆော်နိုင်လိမ့်မည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်ကို မဆိုထားဘိ...
ဘုရင်ခြောက်ပါးစလုံးကိုပင် အပြည့်အဝ ဖိနှိပ်ရန် သူ ယုံကြည်မှုရှိသည်။
နာရာကူလည်း စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ရင်း ရှေးဟောင်း အစီရင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။
သူ့လှုပ်ရှားမှုကို အခြားလူများကလည်း ဂရုတစိုက် ကြည့်နေကြ၏။
ကျူးယဲ့နှင့် ယွင်ရှောင်ဟေးကတော့ နာရာကူက နတ်ဆိုးဧကရာဇ်ဖြစ်သည်ကို သံသယမရှိပေ။
သူတို့က တစ်လှေတည်း စီးနေကြသူများ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ မိုဟူလာက သံသယအရိပ်အမြွက်တို့ ပေါ်လာခဲ့သည်။
နာရာကူ၏ ယခင် စွမ်းဆောင်ရည်များက ဆိုးရွားလွန်းသဖြင့် သူ့စိတ်ထဲတွင် ကောင်းမွန်သောအမြင် မရှိတော့ပေ။
သို့သော်လည်း၊ နာရာကူသာ အနက်ရောင်သွေးစက်နှင့် အမှန်တကယ် ပေါင်းစပ်နိုင်ပါက သူ၏အထောက်အထားကို သဘာဝအတိုင်း လက်ခံမည် ဖြစ်သည်။
ကာကူရာမှာတော့ လွန်စွာ စိတ်လှုပ်ရှားနေပြီး နာရာကူ မအောင်မြင်ပါစေနှင့်ဟု တိတ်တဆိတ် ဆုတောင်းနေတော့သည်။
မဟုတ်ပါက၊ ကျွင်းရှောင်ယောက် အမှန်တကယ် ဒုက္ခရောက်ရမည် ဖြစ်သည်။
စူးဟုန်ယီ၏ အမူအရာကတော့ အစမှအဆုံးထိ မပြောင်းလဲခဲ့ပါ။
နာရာကူက နတ်ဆိုးဧကရာဇ် ဟုတ်သည်ဖြစ်စေ... မဟုတ်သည်ဖြစ်စေ၊ သူမ အမြဲတမ်း သစ္စာရှိနေမည့်လူမှာ ကျွင်းရှောင်ယောက် တစ်ဦးတည်းသာ ရှိသည်။
တစ်ဖက်တွင်မူ၊ ကျွင်းရှောင်ယောက်က ဘုရင်ခြောက်ပါးကြားတွင် အတည်ငြိမ်ဆုံးနှင့် ပေါ့ပေါ့ပါးပါး အရှိဆုံးပင်။ သူက ဖိအားများကို လုံးဝ မခံစားရပါ။
သို့ရာတွင်... ကျွင်းရှောင်ယောက်က ဘာမျှမလုပ်ဘဲ ရပ်ကြည့်နေမည်တော့ မဟုတ်ပေ။
သူက သူ၏အတွင်းစကြာဝဠာအတွင်းရှိ ကောင်းကင်အားလုံး၏ အနက်ရောင်သွေးစက်ကို တိတ်တဆိတ် အသက်သွင်းလိုက်သည်။
ရုတ်တရက်...
ထျန်းမင်နတ်ပုလဲအတွင်းမှ ငြိမ်သက်နေသော အနက်ရောင်သွေးက တုန်ခါလာ၏။
၎င်းက အသိစိတ်ရှိသော သက်ရှိကဲ့သို့ လှုပ်ရှားလာတော့သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ တုံ့ပြန်မှုရှိတယ်"
ယွင်ရှောင်ဟေး၏ မျက်လုံးများက အရောင်လက်သွားသည်။
"သူက တကယ်ကို နတ်ဆိုးဧကရာဇ်ပဲ"
ကျူးယဲ့ ပြောလိုက်၏။
နာရာကူလည်း စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူရန်ပင် မေ့သွားတော့သည်။
နောက်ဆုံးတွင် သူက ရှေးဟောင်း အစီရင် အနီးသို့ ရောက်လာခဲ့သည်။
ထိုအခါ ထျန်းမင်နတ်ပုလဲအတွင်းမှ အနက်ရောင်သွေးစက်က တစ်စုံတစ်ခုနှင့် ပဲ့တင်ထပ်သကဲ့သို့ လှုပ်ရှားလာ၏။
၎င်းက ထျန်းမင်နတ်ပုလဲအတွင်းမှ ထွက်ခွာပြီး နာရာကူဆီသို့ ဦးတည်ပျံသန်းလာတော့သည်။
"လာ... ငါနဲ့ပေါင်းစပ်လိုက်၊ ဒီကမ္ဘာကြီးပေါ်မှာ နတ်ဆိုးဧကရာဇ် နောက်တစ်ဖန် ပြန်လည်နိုးထလာပါစေ"
နာရာကူက လက်နှစ်ဖက်ကိုဆန့်ပြီး ရင်ဖွင့်ကာ အနက်ရောင်သွေးစက်၏ ပေါင်းစည်းခြင်းကို ကြိုဆိုလိုက်သည်။
သို့သော်...
အနက်ရောင်သွေးစက်က နာရာကူဆီသို့ ပျံသန်းလာပြီး သူ့ကို ကျော်ဖြတ်သွား၏။
နောက်ဆုံးတော့၊ ကျွင်းရှောင်ယောက်ရှေ့တွင် လွင့်မျောနေတော့သည်။
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ကို နောက်ပစ်ပြီး၊ ကျန်လက်တစ်ဖက်ကို ဆန့်လိုက်သည်။ အနက်ရောင်သွေးစက်က သူ့လက်ဖဝါးထဲတွင်သာ မျောလွင့်နေတော့၏။
သူက ခေါင်းကိုခါယမ်းပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။
"ငါက ဧကရာဇ်မဖြစ်ချင်ပေမဲ့ ကံကြမ္မာက ငါ့ကိုတွန်းပို့ခဲ့တယ်"
"နာရာကူ... အခု မင်းရဲ့ နောက်ဆုံးစကားကို ပြောလို့ရပြီ"