← Chapters

အခန်း ၁၀၇၈

Vol. 72 Ch. 1078

အခန်း ၁၀၇၈

Vol. 72 Ch. 1078

အခန်း ( ၁၀၇၈ ) ကျွင်းရှောင်ယောက်၏ နတ်ဆိုးဟန်။

မိုးနှင့်မြေကြားရှိ အသံအားလုံး တိတ်ဆိတ်သွားပြန်သည်။

အကြည့်အားလုံးက ကျွင်းရှောင်ယောက်အပေါ်ကို တပြိုင်နက်တည်း ကျရောက်သွား၏။

ဤအခိုက်တွင် ကျွင်းရှောင်ယောက်က ယခင်ကနှင့် လုံးဝ မတူတော့ပေ။

သူ၏ အနက်ရောင် ဆံပင်များက နှင်းများကဲ့သို့ ဆွတ်ဆွတ်ဖြူနေသည်။

အဖြူရောင် ဆံပင်များက လေထဲတွင် လွင့်မျောနေ၏။

သူ၏ မျက်လုံးများကိုတော့ တင်းတင်းစေ့မှိတ်ထားဆဲ ဖြစ်သည်။

အဖြူရောင်ဆံပင်၊ အဖြူရောင် အဝတ်အစားများနှင့် သူ့အသွင်က ဤအခိုက်တွင် နတ်တစ်ပါးကဲ့သို့ပင်။

ထိုသန့်စင်မှုအတွင်း၌ ဖော်ပြရန်ခက်သော မိစ္ဆာဆန်ခြင်း ခံစားချက်တစ်မျိုး ပေါ်လွင်နေပြန်သည်။

ဤထူးဆန်းသော ခံစားချက်က နာရာကူ၊ ကျူးယဲ့၊ ယွင်ရှောင်ဟေးနှင့် အခြားသူများ၏ နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။

တစ်ခုခု မှားနေပြီ။

တစ်ခုခုတော့ တကယ်မှားနေပြီ။

"ပထမဘုရင်သခင်က အနက်ရောင်သွေးစက်နဲ့ တကယ် ပေါင်းစပ်နိုင်ခဲ့တာလား"

ကာကူရာလည်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေမိခဲ့သည်။

ထိုအခိုက်တွင်၊ ကျွင်းရှောင်ယောက်၏ အငွေ့အသက်များက နက်နဲပြီး နားမလည်နိုင်လောက်အောင်ပင်။

သူ့အခြေအနေကို မည်သူမျှ နားမလည်နိုင်တော့ပါ။

"သခင်လေးကိုကြည့်ရတာ အရင်နဲ့မတူဘူး"

အမြဲတမ်း တိတ်ဆိတ်နေတတ်သော စူးဟုန်ယီက ရုတ်တရက် ပြောလိုက်သည်။

"နင် ဘာပြောချင်တာလဲ"

ကာကူရာ စိတ်ရှုပ်ထွေးသွား၏။

"သခင်လေးရဲ့ စိတ်နေစိတ်ထားက အရင်ကနဲ့ မတူသလို ခံစားရတယ်။ အရင် သခင်လေးနဲ့ မတူသလိုပဲ"

စူးဟုန်ယီက ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါက ပထမဘုရင်သခင်နဲ့ မတူဘူး... ဟုတ်လား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ အနက်ရောင်သွေးစက်က ပထမဘုရင်သခင်အပေါ်မှာ သက်ရောက်မှုရှိသွားတာများလား"

ကာကူရာ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

"ဘယ်လိုကြီးလဲ၊ သူ အောင်မြင်သွားပြီလား"

မိုဟူလာလည်း လွန်စွာ သိချင်နေတော့သည်။

လူတိုင်း၏ အတွေးအမြင်များ ပြောင်းလဲလာချိန်တွင်...

ကျွင်းရှောင်ယောက်၏ တင်းတင်းစေ့မှိတ်ထားသော မျက်လုံးများက နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

သူ့မျက်လုံးများ ပွင့်လာသည်နှင့် တပြိုင်နက် ဟင်းလင်းပြင်က တုန်လှုပ်သွား၏။

အမည်မဲ့နယ်မြေတွင် အထူးနိယာမများရှိခြင်းကြောင့် မြေသားများက အလွန်ခိုင်မာသည်။ သာမန်အဓိပဓိများအတွက် ချိုးဖြတ်ရန် ခက်ခဲလှပေသည်။

ယခုမူကား...

ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်ရှိ မြေပြင်တစ်ခုလုံး တုန်ခါပြီး အက်ကွဲသွားရပြီ ဖြစ်သည်။

ထိုအခိုက်တွင် လူတိုင်း အသက်ရှူရပ်သွားသည်။

အကြောင်းမူ၊ ဤအခိုက်တွင် ကျွင်းရှောင်ယောက်၏ မျက်လုံးများက မှောင်မိုက်သော ခရမ်းရောင် နတ်ဆိုးအလင်းများ ပြည့်နှက်နေသောကြောင့်ပင်။

သူ့မျက်လုံးများတွင် လျှို့ဝှက်ဆန်းကြယ်သော နိယာမများ ပေါ်လာခဲ့သည်။

ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်ကာ လေးနက်၏။

ထို့ပြင်၊ အလွန်အေးစက်သည်။

သူ့ကိုကြည့်ရသည်မှာ ကမ္ဘာကြီးကို အထင်မြင်သေးပြီး အထက်စီးမှ ရပ်တည်နေသည့် နတ်ဆိုးဧကရာဇ်ကဲ့သို့ပင်။

"အဲဒါ... နိဂုံးရဲ့မျက်လုံးပဲ"

ကျွင်းရှောင်ယောက်၏ မျက်လုံးများမှ မှောင်မိုက်သော ခရမ်းရောင်အလင်းများကို မြင်လိုက်ရသောအခါ၊ စိတ်လှုပ်ရှားမှုကြောင့် မိုဟူလာ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားသည်။

"နိဂုံးရဲ့မျက်လုံး ပွင့်လာတဲ့အခါ ကမ္ဘာပျက်စီးခြင်းရဲ့ အစဖြစ်မယ်လို့ ဆိုထားတယ်"

"နိဂုံးရဲ့မျက်လုံးက အင်မော်တယ်နယ်မြေကြီးရဲ့ အဆုံးသတ်ကို ယူဆောင်လာလိမ့်မယ်"

"ငယ်သား မိုဟူလာက အမှောင်နတ်ဆိုးဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

မိုဟူလာက စိတ်လှုပ်ရှားစွာ အော်ပြောပြီး ကျွင်းရှောင်ယောက်၏ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။

မိုရှီဧကရာဇ်မျိုးနွယ်၏ ပါရမီရှင်က အခြားသူတစ်ဦးကို ဒူးထောက်နေခဲ့ပြီ။

ယင်းက စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။

သို့သော်လည်း ယခုအချိန်မှာတော့ ထိုမြင်ကွင်းက အမှန်တကယ် ဖြစ်နေပြီ ဖြစ်သည်။

"သူက တကယ်ကို အမှောင်နတ်ဆိုးဧကရာဇ် ဖြစ်နိုင်ပါ့မလား"

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့ မျက်စိမျက်နှာပျက်သွားသည်။

ကျွင်းရှောင်ယောက်က အနက်ရောင်သွေးစက်နှင့် အမှန်တကယ် ပေါင်းစပ်ခဲ့၏။

အမှောင်နတ်ဆိုးဧကရာဇ် တစ်ပါးတည်းသာ ပိုင်ဆိုင်နိုင်သော နိဂုံး၏မျက်လုံးပင် ရှိသေးသည်။

သူတို့က ထိုအကြောင်းကို သိပ်မသိသော်လည်း မိုဟူလာကတော့ သူတို့ထက်ပိုသိနိုင်သည်။

"ငယ်သား ကာကူရာက နတ်ဆိုးဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်"

ကာကူရာလည်း အလွန် စိတ်လှုပ်ရှားနေလေသည်။

ကျွင်းရှောင်ယောက်က အမှန်တကယ်ပင် အမှောင်နတ်ဆိုးဧကရာဇ်ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် မတုံ့ဆိုင်းတော့ဘဲ ဒူးထောက်လိုက်တော့သည်။

စူးဟုန်ယီသည်လည်း ကျွင်းရှောင်ယောက်ရှေ့တွင် ဒူးထောက်ချလိုက်သည်။

"မဟုတ်ဘူး...မဖြစ်နိုင်ဘူး... ဒါ လုံးဝမဖြစ်နိုင်ဘူး..."

"မင်းက ဘယ်လိုလုပ်ပြီး အမှောင်နတ်ဆိုးဧကရာဇ် ဖြစ်ရမှာလဲ။ ဒါက တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်"

နာရာကူ၏ မျက်နှာက သွေးမရှိတော့သကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ အရူးတစ်ယောက်ပမာ အော်ဟစ်ပြောဆိုလိုက်၏။

သူနားမလည်နိုင်ပေ။

သူ လုံးဝ နားမလည်နိုင်တော့ပါ။

ကျွင်းရှောင်ယောက်က အခြားသူများကို လျစ်လျူရှုထားပြီး သူ့လက်တစ််ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။

'ဒါက အနက်ရောင်သွေးစက်ရဲ့ စွမ်းအားလား'

'တကယ်ကို မူးယစ်စေတာပဲ'

ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး မိစ္ဆာဆန်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။

စူးဟုန်ယီသည် ကျွင်းရှောင်ယောက်၏ စိတ်နေစိတ်ထားက ယခင်ကနှင့် မတူဘူးဟု ဆိုခဲ့သည်။

သူမ မမှားပေ။

ယခင်က ကျွင်းရှောင်ယောက်၏ ပုံစံမှာ အင်မော်တယ်တစ်ပါးကဲ့သို့ သာလွန်မြင့်မြတ်ပြီး သန့်စင်သည်။

ယခုအချိန်မှာတော့...

ကျွင်းရှောင်ယောက်က ဝိညာဉ်အားလုံး၏ အသက်နှင့် သေဆုံးခြင်းကို ထိန်းချုပ်ထားသော ငရဲပြည်မှ နတ်ဆိုးဧကရာဇ်ကဲ့သို့ ဖြစ်နေပြီ။

အေးစက်ပြီး မိစ္ဆာဆန်ကာ ချောမောသည်။

လူတိုင်းကို သူ့လက်ထဲတွင် လိုလိုလားလား အသေခံပြီး အရိုးများအဖြစ်‌ ဆွေးမြေ့ခံစေနိုင်သကဲ့သို့ပင်။

ဤသည်မှာ အနက်ရောင်သွေးစက်၏ စွမ်းအားကို ရရှိပြီးနောက်...

ကျွင်းရှောင်ယောက်၏ နတ်ဆိုးဟန် ဖြစ်သည်။

"ရလဒ်က ဆုံးဖြတ်ပြီးပြီထင်တယ်"

ကျွင်းရှောင်ယောက်က နာရာကူကို ကြည့်လိုက်သည်။

စင်စစ်တွင်၊ ကျွင်းရှောင်ယောက်က ကောင်းကင်အားလုံး၏ အနက်ရောင်သွေးကို လက်မှတ်ထိုးဝင်ကာ ရရှိခဲ့ကတည်းက...

နာရာကူ၏ ကံကြမ္မာသည် ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

"ငါမယုံဘူးကွ၊ ယွီရှောင်ယောက်... မင်းဘယ်လိုနည်းလမ်းတွေသုံးခဲ့တာလဲ"

"ငါက ယာကီမိစ္ဆာနတ်ဘုရားရဲ့ ဆက်ခံသူ... ငါကမှ နတ်ဆိုးဧကရာဇ်ပဲ"

နာရာကူက အရူးတပိုင်း အော်ဟစ်လိုက်သည်။

သူ့မျက်လုံးများက ကျွတ်ကျတော့မည်ကဲ့သို့ ပြူးပြဲနေပြီး မျက်နှာကလည်း ပြာနှမ်းနေပြီ။

ကျွင်းရှောင်ယောက်ကတော့ သူ့ကို လျစ်လျူရှုထားသည်။ သူ့လက်ကို တစ်ချက်လှုပ်ပြီး နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်ကို ကိုင်ဆွဲလိုက်၏။

အနက်ရောင်သွေးစက်၏ ကောင်းချီးကြောင့်လား မသိ။ နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်တွင် မှောင်မိုက်သော ခရမ်းရောင်မိစ္ဆာအလင်းများ စီးဆင်းလာခဲ့သည်။

လှံပုဆိန်က အနည်းငယ် တုန်ခါနေပြီး မကြုံစဖူး အေးစက်မှုတို့ကို ထုတ်လွှတ်လာတော့သည်။

"မင်းကို တစ်ချက်တည်းနဲ့ မသတ်နိုင်ရင် ငါ အသေခံလိုက်မယ်"

ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားများက ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

"ဟားဟားဟား၊ ငါ့ကိုသတ်ချင်တယ်... မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ။ မိစ္ဆာနတ်ဘုရားချပ်ဝတ်နဲ့ ငါ့မှာ ပြိုင်ဘက်ကင်း ခုခံကာကွယ်နိုင်စွမ်း ရှိတယ်။ ဘယ်သူက ငါ့ကိုသတ်နိုင်မှာလဲ၊ ဟားဟားဟား..."

နာရာကူက ရင်ခေါင်းသံကြီးဖြင့်‌ အော်ဟစ်ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ယာကီမိစ္ဆာနတ်ဘုရား၏ စွမ်းအားကို အပြည့်အဝ အသက်သွင်းလိုက်၏။

ရုတ်ခြည်းဆိုသလို၊ နာရာကူထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ယခင်က ကျွင်းရှောင်ယောက်ဟာ သူ့ကို ဘာမျှမလုပ်နိုင်ခဲ့ပေ။

ယခုတော့...

ကျွင်းရှောင်ယောက်၏ မျက်လုံးများက ခရမ်းရောင်ဖျော့ဖျော့ အလင်းရောင်များဖြင့် လင်းလက်လာခဲ့သည်။

နိဂုံးရဲ့မျက်လုံး၏ စွမ်းရည်များထဲမှ တစ်ခုသည် တည်ရှိမှုအားလုံး၏ အားနည်းချက်များကို ရှာဖွေရန် ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဘာစကားမျှမပြောဘဲ လှံပုဆိန်ဖြင့် လွှဲခုတ်လိုက်၏။

ကောင်းကင်တစ်ခုလုံး မှောင်မိုက်ပြီး မြေပြင်မှာလည်း ပြိုကျသွားခဲ့သည်။

လှံပုဆိန်အောက်တွင် ကမ္ဘာသုံးထောင် ပြိုကွဲသွားခဲ့ပုံရ၏။

"ရွှပ်"

အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မိစ္ဆာနတ်ဘုရား၏ ချပ်ဝတ်တန်ဆာက ကွဲအက်သွား၏။

၎င်းက မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားပြီး နေရာအနှံ့ လွင့်စဉ်သွားတော့သည်။

နာရာကူ၏ ခန္ဓာကိုယ်လည်း ချက်ချင်း ပေါက်ကွဲသွားခဲ့သည်။

ထိတ်လန့်တကြားဖြင့် အော်ဟစ်ရန်ပင် အချိန်မရှိခဲ့ပေ။

တိတ်ဆိတ်ငြိမ်သက်သည်။

အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

အမှောင်မြစ်၏ အဆုံးသတ်ရှိ မြေတစ်ပြင်လုံး ပြိုကွဲသွားခဲ့ပြီ။

ကောင်းကင်ယံမှာလည်း မိုင်ပေါင်းတစ်ရာကျော် ရှည်လျားသော အက်ကြောင်းကြီးတစ်ခုက အထင်အရှား ကျန်ရှိနေခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့် အခြားဘုရင်များအားလုံး သွေးပျက်ချောက်ချားသွားလေသည်။

မိစ္ဆာနတ်ဘုရား၏ ချပ်ဝတ်နှင့်အတူ နာရာကူ၏ ခံစစ်စွမ်းရည်က ထိုးဖောက်မရလောက်အောင် ခိုင်မာသည်။

သို့တိုင်၊ ကျွင်းရှောင်ယောက်က သူ့ကို လှံပုဆိန်တစ်ချက်ဖြင့် ခုတ်သတ်လိုက်ပြီ။

အရိုးနှင့် အသွေးအသား အပိုင်းအစလေးပင် မကျန်ရစ်ခဲ့ပေ။

ကောင်းကင်နှင့် မြေပြင်ကြားတွင် ပြန့်ကျဲနေသော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားရရှာသည်။

"ဒါက နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားလား"

ဒူးထောက်နေသော မိုဟူလာ၏ ခန္ဓာကိုယ်မှာ တုန်ယင်နေခဲ့သည်။

သူသည် အန္တိမဧကရာဇ်မျိုးနွယ်မှ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ယခုအချိန်မှာတော့ လွန်စွာ တုန်လှုပ်ချောက်ချားနေမိပြီ။

တစ်ဖက်တွင်လည်း ယွင်ရှောင်ဟေးနှင့် ကျူးယဲ့၏ ခြေထောက်များက ပျော့ခွေကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။

သူတို့၏ ခန္ဓာကိုယ်ထဲမှ ခွန်အား အကုန်လုံး ပျောက်ကွယ်သွားသကဲ့သို့ပင်။

ကာကူရာမှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သည်။

ယခုအချိန်တွင် နတ်ဆိုးဧကရာဇ် ကျွင်းရှောင်ယောက်က အလွန်ကြီးစိုးထားပေသည်။

"သခင်လေး..."

စူးဟုန်ယီလည်း အနည်းငယ် စွဲလမ်းသွားသည်။

ယခုအချိန်တွင် ကျွင်းရှောင်ယောက်က ယခင်ကဲ့သို့ အင်မော်တယ်တစ်ပါး၏ အငွေ့အသက်မျိုး မရှိတော့ပေ။

သို့ရာတွင်... မိစ္ဆာဆန်ပြီး ထူးကဲသော ဆွဲဆောင်မှုတစ်မျိုး ရှိနေသည်။

ကျွင်းရှောင်ယောက်က နတ်ဘုရားငိုကြွေးစစ်လှံပုဆိန်ကို ဖြည်းညှင်းစွာ ဖယ်ရှားပြီး အခြားသူများကို ဝေ့ကြည့်လိုက်သည်။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာတော့ ကျွင်းရှောင်ယောက်ကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ခေါင်းကိုငုံ့ထားကြတော့သည်။

"အခု ဘုရင်နဲ့ မှူး‌မတ်တွေက ဘာကွာသလဲဆိုတာ မင်းတို့သိအောင် ငါသင်ပေးမယ်"

"ငါက ဘုရင်... မင်းတို့က မှူးမတ်တွေထက် မပိုဘူး"

"မင်းတို့ လက်မခံရင် သေရမယ်"

All Chapters