← Chapters

အခန်း ၁၀၇၉

Vol. 72 Ch. 1079

အခန်း ၁၀၇၉

Vol. 72 Ch. 1079

အခန်း ( ၁၀၇၉ ) လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ခြင်း။

ကြီးစိုးပြီး ဩဇာအာဏာ အပြည့်ပါသော အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်မှာတော့ မည်သူမျှ ငြင်းဆိုခြင်း မရှိတော့ပေ။

စူးဟုန်ယီနှင့် ကာကူရာက သဘာဝအတိုင်း ငြင်းပယ်မည် မဟုတ်ပါ။

မိုဟူလာကိုလည်း ကျွင်းရှောင်ယောက်၏ စွမ်းဆောင်မှုက အနိုင်ယူသွားပြီ ဖြစ်သည်။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးသာ ကျန်တော့သည်။

သို့သော်လည်း ဤအခိုက်တွင် သူတို့က ဆန့်ကျင်ဘက်ပြုရန် မဆိုထားဘိ...

'မဟုတ်'ဟု အဓိပ္ပာယ်ရသော စကားကိုပင် မပြောဝံ့တော့ပါ။

ကျွင်းရှောင်ယောက်က နာရာကူကို သတ်နိုင်သောကြောင့် သူတို့ကိုလည်း သဘာဝအတိုင်း အလွယ်တကူ သတ်နိုင်သည်။

"ကာကူရာက ဧကရာဇ်ကို ကြိုဆိုပါတယ်"

"စူးဟုန်ယီက ဧကရာဇ်ကို ကြိုဆိုပါတယ်"

"မိုဟူလာက ဧကရာဇ်ကို ကြိုဆိုပါတယ်"

ကျူးယဲ့နှင့် ယွင်ရှောင်ဟေး၏ မျက်နှာကြီးများက မအီမသာကြီး ဖြစ်နေခဲ့ကြသည်။

အဆုံးမှာတော့ ကျူးယဲ့က အံကြိတ်ပြီး ကျွင်းရှောင်ယောက်ရှေ့တွင် ဒူးထောက်လိုက်လေသည်။

"ကျူးယဲ့... ဧကရာဇ်ကို ကြိုဆိုပါတယ်"

ယင်းကိုမြင်တော့ ယွင်ရှောင်ဟေးလည်း လက်လျှော့လိုက်သည်။

ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်က သူ့ကို မသတ်စေရန်သာ တောင်းပန်နိုင်တော့သည်။

"ယွင်ရှောင်ဟေးက ဧကရာဇ်ကို ကြိုဆိုပါတယ်"

ဤဖျက်ဆီးခြင်းဘုရင် ငါးပါးသည် အနာဂတ်၏ မဟာပုဂ္ဂိုလ်လောင်းလျာများ ဖြစ်ကြသည်။

ယခုအချိန်မှာတော့ သူတို့အားလုံး ကျွင်းရှောင်ယောက်ထံ ဦးညွတ်နေခဲ့ရပြီ။

ကျွင်းရှောင်ယောက်က အေးစက်ပြီး အပြောင်းအလဲမရှိသော အမူအရာဖြင့် သူ့ရှေ့တွင် ဒူးထောက်ထိုင်နေသော လူငါးယောက်ကို ကြည့်လိုက်သည်။

အမှောင်စွမ်အင်က ကျွင်းရှောင်ယောက်ကို မရူးသွပ်စေနိုင်သော်လည်း သူ့စရိုက်ကိုတော့ အနည်းငယ် ထိခိုက်စေခဲ့သေးသည်။

၎င်းက သူ့ကို ပို၍ပင် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်လာစေသည်။

အသက်များကို ကစားစရာအဖြစ် သဘောထားသည်။

သက်ရှိသတ္တဝါများကို ပုရွက်ဆိတ်များကဲ့သို့ ဆက်ဆံ၏။

ဟုတ်သည်၊ ဤအရာအားလုံးက ကျွင်းရှောင်ယောက်၏ ထိန်းချုပ်နိုင်စွမ်းအောက်တွင် ရှိနေဆဲ ဖြစ်သည်။

အနက်ရောင်သွေးစက်၏ စွမ်းအားကို ဖိနှိမ်လိုက်သရွေ့...

နတ်ဆိုးဟန်မှ သဘာဝအတိုင်း ထွက်သွားလိမ့်မည်။

'ဒီသွေးနက် တစ်စက်တည်းက ငါ့ကို ဒီလို စွမ်းအားမျိုး ပေးခဲ့တယ်။ တကယ်လို့ ကောင်းကင်အားလုံးရဲ့ အနက်ရောင်သွေးစက်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ယခုအချိန်မှာတော့ သူ့စိတ်ထဲတွင် သံသယမရှိတော့ပေ။

ကောင်းကင်အဓိပဓိငယ်ကို မဆိုထားဘိ၊ မဟာကောင်းကင်အဓိပဓိပင်လျှင် တိုက်ရိုက် ဆုပ်ဖြဲပစ်နိုင်လောက်သည်။

ဤသည်က အနက်ရောင်သွေးစက်၏ စွမ်းအားပင်။

ထို့ပြင်၊ ယခုက ကနဦးပေါင်းစည်းမှုသာ ဖြစ်သည်။ ကျွင်းရှောင်ယောက်က အနက်ရောင်သွေးစက်မှ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဖိနှိပ်ထားသေးသည်။

မဟုတ်ပါက၊ သူကိုယ်တိုင် ထိန်းချုပ်နိုင်မည် မဟုတ်တော့ပေ။

"အရှင်၊ နောက်ပိုင်း ဘာဆက်လုပ်ရမလဲ"

မိုဟူလာက အနည်းငယ် သတိထားပြီး မေးလိုက်သည်။

သူ့နောက်ခံက အလွန်နက်နဲသည်။

သို့သော်လည် နိဂုံး၏မျက်လုံးဖြင့် နတ်ဆိုးဧကရာဇ်က အနာဂတ်တွင် အန္တိမဧကရာဇ်မျိုးနွယ်ထက် သာလွန်သွားလိမ့်မည်။

ထို့ပြင် နတ်ဆိုးဧကရာဇ်က အန္တိမကပ်ဘေးကြီးမှ တိုက်ရိုက်ဆင်းသက်လာသူဟု ဆိုနိုင်သည်။

သူ့နောက်ခံက မိုရှီဧကရာဇ်မျိုးနွယ်သာ...

နတ်ဆိုးဧကရာဇ်၏ နောက်ခံတော့ အန္တိမကပ်ဘေးကြီး ဖြစ်သည်။

ထို့ကြောင့် သူ့တွင် မိုရှီဧကရာဇ်မျိုးနွယ် နောက်ခံရှိသော်လည်း ကျွင်းရှောင်ယောက်ကို မရိုမသေ မလေးမစား မလုပ်ဝံ့ပေ။

ကျွင်းရှောင်ယောက်က ဘာမျှမပြောဘဲ ရှေးဟောင်းအစီရင်ထဲသို့ တိုက်ရိုက် လှမ်းဝင်သွားခဲ့သည်။

ထျန်းမင်နတ်ပုလဲကို ဆွဲယူလိူက်၏။

အမှောင်မြစ်၏ စွမ်းအားများမှာ ချက်ချင်း ထက်ဝက် လျော့ကျသွားတော့သည်။

ထျန်းမင်နတ်ပုလဲက အမှောင်မြစ်၏ အရင်းအမြစ် ဖြစ်သည်။

ဟုတ်ပေသည်၊ အမှောင်မြစ်တွင် အနက်ရောင်သွေးစက် မရှိတော့ပြီမို့ အမှောင်ဓာတ်က တိုင်းတပါးသားများကို ဆက်လက် စိမ့်ဝင်နိုင်တော့မည် မဟုတ်ပါ။

"မင်းတို့ အရင်သွားနှင့်ပါ... ငါလုပ်စရာရှိတယ်။ အချိန်ကျရင် မင်းတို့ဆီကို တိုက်ရိုက်လာမယ်"

ကျွင်းရှောင်ယောက်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မျိုးနွယ်ကို အရင်သွားနှင့်မယ်။ ပြီးတော့မှ ကောင်းကင်မဲ့အမှောင်နယ်မြေကို သွားပါ့မယ်"

မိုဟူလာက ပြောလိုက်သည်။

ကာကူရာနှင့် စူးဟုန်ယီတို့နှစ်ယောက်လည်း ခေါင်းညိတ်ပြလိုက်၏။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာတော့ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။

လုံးဝ ရှုံးနိမ့်ခဲ့ရပြီမှန်း သူတို့ သိပေသည်။

သူတို့၏ သေခြင်းရှင်ခြင်းက ကျွင်းရှောင်ယောက်၏ အတွေးတစ်ခုသာ ဖြစ်နေပြီ။

ထို့နောက်တွင် မိုဟူလာက သူတို့အားလုံးကို ဦးဆောင်ကာ ထွက်သွားသည်။

ကျွင်းရှောင်ယောက်ကတော့ ကျောက်စိမ်းစလစ်တစ်ခုကို ထုတ်ယူပြီး ချေမွလိုက်၏။

ဤကျောက်စိမ်းစလစ်က လော့ရှန်းလင် ပေးအပ်ထားခဲ့ခြင်း ဖြစ်သည်။

သူမက ကျွင်းရှောင်ယောက်ကို စိတ်မချသောကြောင့် ပေးလိုက်ခြင်း ဖြစ်၏။

ကျွင်းရှောင်ယောက် အန္တရာယ်နှင့် ကြုံတွေ့ရပါက ကျောက်စိမ်းစလစ်ကို ချေမွလိုက်ရုံသာ ဖြစ်သည်။ သူမက ချက်ချင်း သတိပြုမိလိမ့်မည်။

ဟုတ်သည်၊ ယခုအချိန်မှာတော့ ကျွင်းရှောင်ယောက်က ထျန်းမင်နတ်ပုလဲကို လွှဲအပ်ရန်အတွက် သက်သက်ခေါ်လိုက်ခြင်း ဖြစ်သည်။

ထျန်းမင်နတ်ပုလဲသည် အမှောင်မြစ်၏ စွမ်းအား အရင်းအမြစ်ဖြစ်ပြီး၊ လော့ရှန်းလင်၏ ကျင့်ကြံခြင်းအတွက် အလွန်အရေးကြီးပေသည်။

လော့ရှန်းလင်က သူ့လူများထဲမှ တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။ သူမ၏ ကျင့်ကြံခြင်းအခြေခံ ပိုအားကောင်းပါက၊ ကျွင်းရှောင်ယောက်အတွက် ပို၍ ကောင်းမွန်လိမ့်မည်။

ကျွင်းရှောင်ယောက်က ကျောက်စိမ်းစလစ်ကို ချေမွလိုက်သည့်အချိန်...

အမှောင်မြစ်ပြည်နယ်၊ စစ်နတ်ဘုရားနန်းတော်ရှိ ခရမ်းရောင်ဝါးတောအတွင်း၌...

တိတ်တဆိတ် လေ့ကျင့်နေသော လော့ရှန်းလင်၏ မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။

"ဒါက ရှောင်ယောက် တစ်ခုခုဖြစ်နေပြီလား"

လော့ရှန်းလင်၏ လှပသော မျက်လုံးများက စိုးရိမ်ပူပန်မှုတို့ ပေါ်လာသည်။

သူမက ကျွင်းရှောင်ယောက်နှင့်ပတ်သက်သော သတင်းများကို အမြဲနားစွင့်ထား၏။

ယခင်က ကျွင်းရှောင်ယောက်ဟာ ကစဉ့်ကလျားနတ်ဆိုးပင်လယ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့ကြောင်း သူ ကြားခဲ့ရသည်။

ယခုလည်း ကျွင်းရှောင်ယောက်က ကျောက်စိမ်းစလစ်ကို ချေမွလိုက်ပြီ။

လော့ရှန်းလင်လည်း အနည်းငယ်မျှ မတုံ့ဆိုင်း‌ဘဲ ဟင်းလင်းပြင်ကို ခုန်ကျော်ကာ ထွက်သွားတော့သည်။

အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်တွင် အတွေးတစ်ခုဖြင့် အဆုံးမဲ့ အကွာအဝေးကို ခုန်ကျော်သွားနိုင်သည်။

တစ်ချိန်တည်းမှာပင်၊ အခြားတစ်ဖက်...

ဘုရင်ဖုဖုန်း တိတ်တဆိတ်လေ့ကျင့်သော နေရာတွင်...

"လော့ဝမ်ရဲ့ အငွေ့အသက် ပျောက်သွားပြီ၊ သူ ဘယ်နေရာကို ထွက်သွားတာလဲ"

ဘုရင်ဖုဖုန်း၏ မျက်လုံးများက သံသယအရိပ်အယောင်များ ပေါ်လာသည်။

ကျွင်းရှောင်ယောက်နှင့် တုရှန်အလှလေးငါးဦးတို့ လက်ထပ်လိုက်ကြောင်း ကြားလိုက်ရတော့၊ ဘုရင်ဖုဖုန်းသည် ပစ်မှတ်ထားနေခြင်းကို ခေတ္တရပ်လိုက်သည်။

ကျွင်းရှောင်ယောက်တွင် လော့ဝမ်နှင့် ထပ်မံဆက်သွယ်ရန် အခွင့်အရေး မရှိတော့ဘူးဟု သူထင်ခဲ့သောကြောင့် ဖြစ်၏။

သို့သော်လည်း နောက်ပိုင်းတွင် ဘာဆက်ဖြစ်သွားသနည်း။

ဆန့်ကျင်ဘက်အနေဖြင့် လော့ရှန်းလင်က ကျွင်းရှောင်ယောက်နှင့် ပို၍ ရင်းနှီးလာခဲ့သည်။

ထို့ကြောင့်ပင် ဘုရင်ဖုဖုန်းဟာ လော့ရှန်းလင်၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ အလွန် သတိထားနေခဲ့သည်။

"ဟိုကောင်လေးကို ထပ်ပြီး သွားရှာပြန်ပြီလား"

ဘုရင်ဖုဖုန်း၏မျက်နှာက အနည်းငယ် သုန်မှုန်သွားသည်။

သူက နေရာမှထပြီး လော့ရှန်းလင်ကို တိတ်တဆိတ် လိုက်ရှာတော့မည်။

ဤအခိုက်တွင်...

ရှေးကျပြီး အိုမင်းသော အသံတစ်ခုကို သူ့နားထဲတွင် ကြားလိုက်ရသည်။

"ဘုရင်ဖုဖုန်း၊ လာခဲ့‌"

ထိုအသံကိုကြားတော့ ဘုရင်ဖုဖုန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"ရှန်းအောင်ဘုရင်..."

ဘုရင်ဖုဖုန်း အံ့ဩသွား၏။ ရှန်းအောင်ဘုရင်မှ သူ့ကို ရုတ်တရက် ဆင့်ခေါ်မည်ဟု မမျှော်လင့်ထားပေ။

ရှန်းအောင်ဘုရင်က စစ်နတ်ဘုရားနန်းတော်တွင် ရှေးကျပြီး အဆင့်အတန်းအမြင့်ဆုံးသော ပုဂ္ဂိုလ်ကြီးဖြစ်ကြောင်း သိထားကြရမည် ဖြစ်သည်။

စွမ်းအားအရာတွင်လည်း အသန်မာဆုံး ဖြစ်၏။

သူက အင်မော်တယ်ဘုရင်တစ်ပိုင်းဖြစ်သော်လည်း လျစ်လျူမရှုဝံ့ပေ။

မကြာမီ၊ ဘုရင်ဖုဖုန်းက စစ်နတ်ဘုရားနန်းတော်၏ နက်နဲရာအရပ်မှ မြေအောက် ကောင်းကင်ဂူသို့ ရောက်လာခဲ့သည်။

"အငယ်လေးက ရှန်းအောင်ဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်"

ဘုရင်ဖုဖုန်းက ဂူရှေ့တွင်ရပ်ပြီး အနည်းငယ် ဦးညွတ်ကာ ပြောလိုက်သည်။

အလွန်ရှေးကျသော ရှန်းအောင်ဘုရင်၏ ရှေ့မှာတော့ သူ့ကိုယ်သူ အငယ်လေးတစ်ဦးဟုသာ ဆိုနိုင်ပေသည်။

"ဝင်ခဲ့"

ရှန်းအောင်ဘုရင်၏ အသံ ထွက်လာသည်။

ဘုရင်ဖုဖုန်းလည်း လှမ်းဝင်သွားလေသည်။

မကြာမီ၊ ဂူထဲတွင် တင်ပျဉ်ခွေထိုင်နေသော ရှန်းအောင်ဘုရင်ကို တွေ့လိုက်ရသည်။

ရှန်းအောင်ဘုရင်၏ ဆံပင်များက ဆွတ်ဆွတ်ဖြူနေပြီး နဖူးပင်လျင် အနည်းငယ်ပြောင်နေပြီ။

သူ့ကိုကြည့်ရသည်မှာ သာမန် အဘိုးအိုတစ်ဦးကဲ့သို့ပင် ဖြစ်သည်။

သို့သော်လည်း ဘုရင်ဖုဖုန်းကတော့ ရှန်းအောင်ဘုရင်၏ စွမ်းအားကို သိထားသောကြောင့် အနည်းငယ်မျှ ပေါ့ဆမနေရဲပေ။

"အကြီးအကဲ၊ ဘာကိစ္စများ ရှိလို့လဲမသိ"

ဘုရင်ဖုဖုန်းက‌ မေးလိုက်သည်။

"ငါ့နောက်ကို လိုက်ခဲ့ပါ"

ရှန်းအောင်ဘုရင်က ထွေထွေထူးထူးမပြောဘဲ နောက်လှည့်ပြီး ဂူအတွင်းပိုင်း နက်နဲရာသို့ လျှောက်သွား၏။

ဘုရင်ဖုဖုန်း အံ့အားသင့်သွားသည်။

သို့သော်လည်း ဘာကိုမျှ သံသယမရှိဘဲ ရှန်းအောင်ဘုရင်နောက်သို့ လိုက်သွားခဲ့လေသည်။

မကြာမီ၊ သူတို့နှစ်ဦးက ကောင်းကင်ဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်လာခဲ့ကြသည်။

ထိုနေရာတွင် ရှေးဦးပျက်စီးခြင်းကာလကဲ့သို့ လေထုက အုံ့ဆိုင်းနေ၏။

“အကြီးအကဲ၊ ဒါက”

ယခုထိ၊ ဘုရင်ဖုဖုန်း နားမလည်သေးပေ။

"အရှင်... သူ့ကို ခေါ်လာခဲ့ပါပြီ"

ရှန်းအောင်ဘုရင်က ရုတ်တရက် အှုံ့မှိုင်းနေသော လေထုသို့ လက်ယှက်ပြကာ ပြောလိုက်သည်။

"အကြီးအကဲ၊ ဘာတွေဖြစ်နေတာလဲ"

ဘုရင်ဖုဖုန်း အလွန်အံ့သြသွား၏။

သူ့ကို အံ့အားသင့်စေတာက ဂူထဲတွင် အခြားသူတစ်ဦး ရှိနေခြင်းကြောင့် မဟုတ်ပါ။

ထိုအစား၊ ရှန်းအောင်ဘုရင်က တခြားသူကို "အရှင်"ဟု ခေါ်နေခြင်းကြောင့် ဖြစ်သည်။

ဤသဘောတရားကား အဘယ်နည်း။

ဘုရင်ဖုဖုန်း မတွေးနိုင်တော့ပေ။

ဖြစ်ပျက်နေတာကို လုံးဝ နားမလည်တော့ပါ။

"ဝုန်း"

ထိုအခိုက်တွင်...

အှုံ့မှိုင်းနေသော လေထုအလယ်မှ နိယာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာခဲ့သည်။ စကြာဝဠာတစ်ခုလုံးကို လွှမ်းမိုးနိုင်ပုံရသော ဧရာမ လက်ကြီးတစ်ဖက်က ဘုရင်ဖုဖုန်းဆီသို့ ဖိနှိပ်၏။

"ဘယ်သူလဲ"

ဘုရင်ဖုဖုန်း၏ တစ်ကိုယ်လုံးရှိ အမွေးအမှင်အားလုံး ထောင်ထသွားသည်။ သူက အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။

သို့သော်လည်း ဧရာမ လက်ကြီးက ချက်ချင်း ဖမ်းဆုပ်ခြင်းကို ခံလိုက်ရတော့သည်။

ထို့နောက်တွင် ဧရာမ နိယာမလက်ကြီးက ဒယ်စောက်အိုးကြီးတစ်လုံးအဖြစ် ပြောင်းလဲသွားပြီး ဘုရင်ဖုဖုန်းကို အတွင်းပိုင်းတွင် ချိတ်ပိတ်လိုက်သည်။ သူ့အရှိန်အဝါများပင် ချက်ချင်း ပျောက်ကွယ်သွား၏။

ဂုဏ်သိက္ခာရှိသော အင်မော်တယ်ဘုရင်တစ်ပိုင်း ပညာရှင်မှာ တစ်ချက်တည်းဖြင့် ဖိနှိပ်ခံခဲ့ရပြီ။

All Chapters