အခန်း ၁၀၈၀
Vol. 72 Ch. 1080
အခန်း ( ၁၀၈၀ ) တွေ့ဆုံခြင်း လက်ဆောင်။
မြေအောက် ကောင်းကင်ဂူတွင် ဖြစ်ပျက်ခဲ့သော ဤမြင်ကွင်းကိုသာ အပြင်လူတစ်ယောက်ယောက် မြင်ခဲ့ပါက မျက်လုံးမျက်ဆန်များပင် ပြူးကျယ်ကာ ကျွတ်ကျသွားလောက်သည်။
ဘုရင်ဖုဖုန်းက ရှေးကျသော အင်မော်တယ်ဘုရင်အဆင့် မဟာပုဂ္ဂိုလ်ကြီးများနှင့် နှိုင်းယှဉ်လျှင် အငယ်တစ်ဦးဖြစ်သော်လည်း...
အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် အင်အားကို ပိုင်ဆိုင်ထားဆဲပင်။
ကပ်ဘေးရှစ်ခု သို့မဟုတ် ကပ်ဘေးကိုးခုမှ လွတ်မြောက်ခဲ့သော ထိပ်တန်း အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်များနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်သော်လည်း ထိပ်သီး အင်မော်တယ်ဘုရင်တစ်ပိုင်း ပညာရှင်တစ်ဦးဖြစ်နေဆဲ ဖြစ်သည်။
ယခုမူကား၊ မြူခိုးထဲမှ လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုက ဘုရင်ဖုဖုန်းကို တစ်ချက်လှုပ်ရုံဖြင့် ဖိနှိပ်ထားခဲ့ပြီ။ ထို့ပြင် သူ့ခမျာ အနည်းငယ်မျှပင် ရုန်းကန်နိုင်စွမ်း မရှိခဲ့ပါ။
ယင်းက ကြောက်စရာကောင်းလွန်းသည်။
"ဝုန်း"
နိယာမလက်ကြီးက ဒယ်စောက်အိုးကြီးအဖြစ် ပြောင်းလဲသွားပြီး ဘုရင်ဖုဖုန်းကို ဖိနှိပ်ထားခဲ့သည်။
ထိုအချိန်တွင်၊ ရှန်းအောင်ဘုရင်က မည်သူမျှ မသိနိုင်စေရန် ဤနေရာရှိ အတက်အကျများကို သီးခြားခွဲထုတ်ထားခဲ့ပြီ။
"ရှန်းအောင်ဘုရင်... ဘာတွေဖြစ်နေတာလဲ"
ဘုရင်ဖုဖုန်းက အော်ဟစ်ရင်း ဒယ်စောက်အိုးကြီးကို ဖောက်ထွက်ရန် ကြိုးစားရုန်းကန်လိုက်သည်။
သို့ရာတွင်၊ အချည်းနှီးပင်။
လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုက သူ့ထက် အဆပေါင်းများစွာ ပိုအစွမ်းထက်နေသည်။
ရှန်းအောင်ဘုရင်၏ အိုမင်းသော မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုသာ ရှိနေပြီး ဘာမျှမပြောပေ။
ယင်းက ဘုရင်ဖုဖုန်းကို တုန်လှုပ်သွားစေခဲ့သည်။
သူက ဖရိုဖရဲမြူထဲသို့ လက်ယှက်ပြပြီး လေးလေးစားစား ပြောလိုက်သည်။
"အကြီးအကဲက ဘယ်သူဆိုတာ သိလို့ရမလား၊ ကျွန်တော်မျိုး အကြီးအကဲကို ဘယ်လိုများ အပြစ်ပြုမိခဲ့လို့ပါလဲ"
ဘုရင်ဖုဖုန်းက မြူခိုးများ အုံ့ဆိုင်းနေသော အရပ်သို့ စူးစိုက်ကြည့်နေ၏။
သို့သော်လည်း စကြဝဠာ၏အလယ်ဗဟိုတွင် ထိုင်နေသကဲ့သို့ အဖြူရောင်ဝတ်စုံဖြင့် ရုပ်သဏ္ဍာန်တစ်ခုကိုသာ ဝေဝါးဝါး မြင်တွေ့နိုင်သည်။
သို့ပေသော်ငြား နတ်ဘုရင်တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ဘုရင်ဖုဖုန်းကို တုန်လှုပ်ချောက်ချားစေခဲ့ပေသည်။
ဤမျှ ကြောက်စရာကောင်းသူကို သူ ဘယ်အချိန်က အပြစ်ပြုခဲ့မိသနည်း။
သို့သော်လည်း ထိုရုပ်သွင်မှာ တိတ်ဆိတ်နေခဲ့သည်။
ဘုရင်ဖုဖုန်းက သူနှင့်စကားပြောရန် အရည်အချင်းမရှိသကဲ့သို့ပင်။
ဘုရင်ဖုဖုန်းနှင့် စကားပြောရန်လည်း သူ စိတ်မဝင်စားပါ။
"ဖိနှိပ်"
ရိုးရှင်းသော စကားတစ်ခွန်းကိုသာ ပြောလိုက်သည်။
ထိုစကားလုံးက ရိုးရှင်းသော်လည်း မိုးနှင့်မြေကြားရှိ နိယာမများ ပါဝင်လည်ပတ်နေပုံရ၏။
"ဝုန်း"
စကားဆုံးသည်နှင့် တပြိုင်နက် ဒယ်စောက်အိုးက တုန်ခါသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက ဘုရင်ဖုဖုန်းကို ဖိနှိပ်ခဲ့ပြီး သူ၏ မူလပုံစံကို ပေါ်လာစေတော့သည်။
ကောင်းကင်ပြာ ဂဠုန်ငှက်ကြီး။
ရှေးဟောင်း မျိုးစိတ်များထဲမှ တစ်ခုအနေဖြင့် ကောင်းကင်ပြာ ဂဠုန်ငှက်၏ စွမ်းအားက သံသယဖြစ်စရာမလိုပေ။
သို့သော်လည်း ယခုအချိန်တွင် ကောင်းကင်ပြာဂဠုန်ငှက်ကြီးမှာ ကောင်းကင်ကိုးပါးကို ဖြတ်သွားရမည့်အစား...
လှောင်အိမ်ထဲမှ စာကလေးတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့ရသည်။
အဆုံးမရှိသော နတ်သံကြိုးများက ကောင်းကင်ပြာဂဠုန်၏ လည်ပင်းကို ချည်နှောင်လိုက်၏။
ဘုရင်ဖုဖုန်းလည်း တစ်ဖက်လူ၏ အတွေးတစ်ခုဖြင့် သူ သေဆုံးသွားနိုင်သည်ဟု ခံစားခဲ့ရသည်။
"အကြီးအကဲ... အသက်ချမ်းသာပေးပါ"
ဘုရင်ဖုဖုန်းက ကမန်းကတန်း အော်ဟစ်လိုက်သည်။
သူ့တွင် အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်တစ်ဦး၏ ဂုဏ်သိက္ခာမျိုး မရှိတော့ပါ။
သို့သော်လည်း အများစုမှာ ကျင့်ကြံခြင်းအဆင့်မြင့်လေလေ၊ သူတို့အသက်ကို ပို၍ တန်ဖိုးထားလေပင်။
နောက်ဆုံးတွင် သူတို့က နှစ်ပေါင်းများစွာ ကြိုးကြိုးစားစား လေ့ကျင့်ပြီးမှ ဤအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ဤသို့ သေဆုံးသွားရခြင်းကို မည်သူလက်ခံနိုင်မည်နည်း။
ထိုအချိန်တွင် တစ်ဖက်မှ ရှန်းအောင်ဘုရင်က ပြောလိုက်သည်။
"အရှင်၊ သူ့ကို လွှတ်ပေးဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုလုပ်လိုက်ရမလဲ"
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုက ပြောလိုက်လေသည်။
"သူ့ကို တွေ့ဆုံခြင်း လက်ဆောင်တစ်ခုအနေနဲ့ ပေးလိုက်ရအောင်ပါ"
ထိုစကားကိုကြားတော့ ရှန်းအောင်ဘုရင်လည်း ခါးသက်သက်ဖြင့် ပြုံးပြီး ခေါင်းကိုခါယမ်းလိုက်သည်။
တွေ့ဆုံခြင်း လက်ဆောင်အဖြစ် အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ကို ပေးအပ်မည်။
ဤသို့ လုပ်နိုင်သူက အများအပြား မရှိပေ။
'ဒါပေမဲ့ အခြေအနေတွေက မကြာခင် လုံးဝ ပြောင်းလဲသွားတော့မှာပဲ'
ရှန်းအောင်ဘုရင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
...........
အမည်မဲ့နယ်မြေ၊ အမှောင်မြစ်၏ အဆုံးတွင်...
ကျွင်းရှောင်ယောက်က အေးအေးလူလူ ရပ်စောင့်နေသည်။
တချိန်တည်းမှာပင်၊ သူက အနက်ရောင်သွေးစက်၏ စွမ်းအားကို ယာယီ ဖိနှိပ်ထားလိုက်၏။
ခရမ်းရောင်ဖျော့ဖျော့ အလင်းရောင်ဖြင့် တောက်ပနေသော နိဂုံး၏မျက်လုံးလည်း အရောင် မှိန်ဖျော့သွားတော့သည်။
အဖြူရောင် ဆံပင်များကလည်း အနက်ရောင်သို့ ပြန်ပြောင်းသွားခဲ့သည်။
"ဒီအနက်ရောင်သွေးစက်နဲ့ ပေါင်းစပ်တာတောင် ငါ့ရဲ့ စိတ်ဝိညာဉ်အတွက် ကြီးမားတဲ့ စမ်းသပ်မှုတစ်ခု ဖြစ်နေပြီ"
"တကယ်လို့ ကောင်းကင်အားလုံးရဲ့ အနက်ရောင်သွေးကိုသာ ပေါင်းစပ်ခဲ့ရင် ဘယ်လိုတွေဖြစ်လာမယ်ဆိုတာ မတွေးတတ်ဘူး"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"နောက်ပြီးတော့ အရန်အစီအစဉ်တစ်ခုလုပ်ဖို့ အချိန်တန်ပြီ"
"ငါ့နောက်လိုက်ချင်တဲ့သူတွေကို အင်မော်တယ်နယ်မြေကြီးကိုပို့ဖို့ နည်းလမ်းရှာရလိမ့်မယ်"
"အဖေ့ရဲ့ သတင်းကိုတော့ အခုထိ မရသေးဘူး၊ ဒါပေမဲ့ အဖေက တစ်ခုခုကို စောင့်နေတာလို့ အမြဲတမ်း ခံစားနေရတယ်"
"ကောင်းကင်မဲ့အမှောင်နယ်မြေ ပွင့်လာမဲ့အချိန်ကို စောင့်ဆိုင်းနေတာများလား၊ ဒါပေမဲ့ ဘာလုပ်ဖို့လဲ"
ကျွင်းရှောင်ယောက်၏ နှလုံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်မှုအချို့ ရှိနေသေးသည်။ ၎င်းတို့ကိုတော့ ကောင်းကင်မဲ့ အမှောင်နယ်မြေသို့ ဝင်ရောက်ပြီးမှသာ ဖြေရှင်းနိုင်မည် ဖြစ်သည်။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
အမှောင်မြစ်၏အထက် ဟင်းလင်းပြင်က ရုတ်တရက် အက်ကွဲသွား၏။
လှပသော အမျိုးသမီးတစ်ဦးက အက်ကြောင်းအတွင်းမှ ထွက်လာတော့သည်။
ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် လော့ရှန်းလင် ဖြစ်သည်။
မြူခိုးဒေသက အန္တရာယ်များသော နေရာဖြစ်သော်လည်း အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်များကိုတော့ တားဆီးနိုင်စွမ်း မရှိပေ။
ဤအခိုက်အတန့်တွင် လော့ရှန်းလင်၏ လှပသောမျက်လုံးများတွင် စိုးရိမ်ပူပန်မှုတို့ ပြည့်နေသည်။
အေးအေးလူလူရပ်ပြီး သူမကိုကြည့်နေသော ကျွင်းရှောင်ယောက်ကိုမြင်ရမှ အနည်းငယ် စိတ်အေးသွားလေသည်။
သူက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ကျွင်းရှောင်ယောက်ရှေ့တွင် ပေါ်လာခဲ့သည်။
ထို့နောက် သူမ၏ ကျောက်စိမ်းလက်များဖြင့် ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်အနှံ့ ချက်ချင်း စမ်းကြည့်လိုက်လေသည်။
"ရှန်းလင်၊ မင်း..."
ကျွင်းရှောင်ယောက် အနည်းငယ် ဆွံ့အသွားသည်။
"မင်း ဒဏ်ရာရနေတာလား။ ဘယ်လိုဖြစ်တာလဲဟင်... ဘာတွေဖြစ်သွားတာလဲ"
လော့ရှန်းလင်က စိုးရိမ်ပူပန်စွာဖြင့် ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
မမများကို လက်တွဲရခြင်းမှာ ကြီးမားသော အားသာချက်များရှိသည်ဟု ဆိုရမည်။
အရွယ်ရောက်သူတစ်ဦး၏ ရင့်ကျက်မှု၊ ကျက်သရေရှိခြင်းနှင့် ကောင်းမွန်စွာ နေထိုင်စားသောက်နိုင်ခြင်းတို့ကို ဘေးဖယ်ထားလျှင်ပင်...
စာနာထောက်ထားမှုနှင့် လူတစ်ယောက်ကို မည်ကဲ့သို့ ဂရုစိုက်ရမည်အား ကောင်းစွာ သိနားလည်သည်။
ယခုတော့ ကျွင်းရှောင်ယောက်လည်း မမများ၏ ကောင်းကျိုးကို နားလည်သွားပြီ။
ကျွင်းရှောင်ယောက်နှင့် သူ့ကြားတွင် အသက်အရွယ်ကွာခြားမှုက ကြီးမားလွန်းသော်လည်း ကျင့်ကြံခြင်းကမ္ဘာတွင် အသက်အရွယ်က အရေးမကြီးပေ။
'မမ'ဟုသာ ဆိုမည်။
"စိတ်မပူပါနဲ့၊ ကျွန်တော် ဘာမှမဖြစ်ဘူး။ ဒါကိုပေးချင်လို့ သက်သက် လှမ်းခေါ်လိုက်တာပါ"
ကျွင်းရှောင်ယောက်က ထျန်းမင်နတ်ပုလဲကို ထုတ်ယူလိုက်သည်။
လော့ရှန်းလင်လည်း ထျန်းမင်နတ်ပုလဲက သူမအတွက် အလွန်ဆွဲဆောင်မှုရှိကြောင်း ချက်ခြင်းခံစားလိုက်ရ၏။
ဤအရာက သူမ၏ လေ့ကျင့်ခြင်းကို အထောက်အကူပြုနိုင်သော ရတနာတစ်ပါး ဖြစ်သည်။
"ဒါကို ဘယ်လိုလုပ်ရလဲ၊ ဘာတွေဖြစ်ခဲ့တာလဲ"
လော့ရှန်းလင်က မေးလိုက်သည်။
ကျွင်းရှောင်ယောက်လည်း အကြောင်းရာတချို့ကို ဖယ်ရှားကာ ပြောပြလိုက်လေသည်။
ဥပမာအားဖြင့် အတွင်းစကြဝဠာအတွင်းရှိ ကောင်းကင်၏ အနက်ရောင်သွေးစက်ကဲ့သို့သော လျှို့ဝှက်ချက်များကိုတော့ သဘာဝအတိုင်း ပြောပြမည် မဟုတ်ပေ။
"အိုကွယ်၊ မင်းက စိတ်မြန်လက်မြန်ရှိလွန်းလိုက်တာ... အနက်ရောင်သွေးစက်နဲ့ ပေါင်းစပ်တာက ဘယ်လောက်အန္တရာယ်ကြီးလဲ မင်းသိရဲ့လား။ နောက်ပြီးတော့ မင်းက အင်မော်တယ်နယ်မြေကြီးက လူတစ်ယောက်ဖြစ်နေသေးတယ်"
လော့ရှန်းလင်သည် ကျွင်းရှောင်ယောက်က ဤကဲ့သို့ အန္တရာယ်ရှိသော လုပ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း ကြားလိုက်ရသောအခါ အနည်းငယ် စိတ်ဆိုးသွားသည်။
ကျွင်းရှောင်ယောက်ကတော့ လော့ရှန်းလင် စိုးရိမ်ပူပန်နေကြောင်း သိသောကြောင့် ပြုံးရုံပြုံးပြီး ဘာမျှမပြောတော့ပေ။
လော့ရှန်းလင်မှာ ပြုံးမြဲပြုံးနေသော ကျွင်းရှောင်ယောက်၏ အမူအရာကို ကြည့်ရင်း ခေါင်းကိုခေါက်ချင်လာသည်။
ကျွင်းရှောင်ယောက်က သူ့စကားဆိုလျှင် ဘယ်တော့မှ နားမထောင်ပေ။
သို့သော်လည်း ထိုအခြေအနေမျိုးမှာပင်...
ကျွင်းရှောင်ယောက်က သူမအတွက် ထျန်းမင်နတ်ပုလဲကို ရအောင် ယူဆောင်ပေးခဲ့သည်။
ထိုခံစားချက်က ပြောပြရန် မလွယ်ပေ။
သူမ၏ နူးညံ့သော ကိုယ်ကလေးက ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲကို ခိုဝင်သွားကာ ဖက်ထားလိုက်သည်။
သူမ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ကျွင်းရှောင်ယောက်ထက် များစွာ မြင့်မားသည်။
သို့သော်လည်း လုံခြုံမှုခံစားချက်က ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းမှ ပေးစွမ်းနိုင်သောအရာ မဟုတ်ပါ။
ကျွင်းရှောင်ယောက်က ခဏငြိမ်နေပြီးနောက် လော့ရှန်းလင်၏ နူးညံ့သောကျောပြင်ကို ခပ်ဖွဖွပုတ်လိုက်သည်။
"နောက်ပိုင်းကျရင် ကျွန်တော် ကောင်းကင်မဲ့အမှောင်နယ်မြေကို သွားတော့မယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
လော့ရှန်းလင်က ဆတ်ခနဲ ခေါင်းမော့လာပြီး ကျွင်းရှောင်ယောက်ကို ကြည့်လိုက်၏။
အမည်မဲ့နယ်မြေအကြောင်းကို သူမ သိပ်မသိသော်လည်း...
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်တစ်ဦးအနေဖြင့် လျှို့ဝှက်ချက်အချို့ကို သူ သိသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေက မည်သို့သော နေရာဖြစ်မှန်း သူမ ကောင်းကောင်းသိပေသည်။
ထိုနေရာက တိုင်းတပါးသား သတ္တဝါများအတွက် လုံးဝ တားမြစ်ထားသောနေရာ ဖြစ်သည်။
ကျွင်းရှောင်ယောက်ကဲ့သို့ အင်မော်တယ်နယ်မြေကြီးမှ လူတစ်ဦးအတွက်ဆိုလျှင် အထူးပြောနေရန်ပင် မလိုပေ။
"သိပါတယ်၊ ငါဘာပဲပြောပြော မင်းသွားဦးမှာ မဟုတ်လား"
လော့ရှန်းလင်က ဝမ်းနည်းဟန်ဖြင့် ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်က ဘာမျှပြန်မပြောဘဲ ခေါင်းကိုသာ ခါယမ်းလိုက်လေသည်။
"သွားပါ၊ တကယ်လို့ မင်း အန္တရာယ်တစ်ခုခုကြုံလာရင် ငါ ချက်ချင်း ပြေးလာခဲ့မယ်"
လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကို စိုက်ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်၏ အကြောင်းကို သူမ သိသည်။ သူက ဆုံးဖြတ်ပြီးလျှင် နောက်ဆုတ်တော့မည့်သူ မဟုတ်ပါ။
သူမ လုပ်နိုင်တာက သူ့ကို အကောင်းဆုံး ထောက်ပံ့ပေးခြင်းသာ ရှိသည်။
"အဲဒီမှာ အန္တိမကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရနိုင်ချေများတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
လော့ရှန်းလင်ကို သူ့အတွက် အန္တရာယ် မဖြစ်စေချင်ပေ။
သို့သော်လည်း လော့ရှန်းလင်က ခေါင်းမာတတ်သော မိန်းမငယ်လေးတစ်ဦးကဲ့သို့ ခေါင်းကို ခါယမ်းလိုက်သည်။
"အန္တိမကပ်ဘေးကြီးတောင် ငါ့ကို မင်းနဲ့ မခွဲထားနိုင်ဘူး"
ကျွင်းရှောင်ယောက် အံ့သြသွား၏။
ရိုးသားပြီး အပိုအတွေးများမရှိသော လော့ရှန်းလင်မှာ သူ့ကို အမှန်တကယ် ချစ်နေပုံရသည်။