အခန်း ၁၀၈၃
Vol. 73 Ch. 1083
အခန်း ( ၁၀၈၃ ) ကောင်းကင်မဲ့ အမှောင်နယ်မြေ ပွင့်ပြီ။
အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစု၏ အင်အားက ကြီးမားလွန်းလှသည်။
ကျွင်းမိသားစု လှုပ်ရှားသောအခါ အဓိပဓိအင်မော်တယ်ခုံရုံးနှင့် အခြား အင်အားစုကြီးများလည်း လှုပ်ရှားလာကြ၏။
အင်အားကြီးမားသော တပ်မဟာများနှင့် အကျော်အမော်များက နယ်စပ်သို့ စတင်ထွက်လာကြတော့သည်။
ထိုသို့သော လှုပ်ရှားမှုများကို တိုင်းတစ်ပါးရှိ မျိုးနွယ်စုကြီးများသည်လည်း သဘာဝအတိုင်း သိကြသည်။
တိုင်းတပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်စုက စတင်လှုပ်ရှားလာ၏။
မင်ကျောက်ဧကရာဇ်မျိုးနွယ်၊ မော့ကျဲဧကရာဇ်မျိုးနွယ်၊ အန်းလန်ဧကရာဇ်မျိုးနွယ်၊ ကျိမန်ဧကရာဇ်မျိုးနွယ်၊ ဖူသို့ဧကရာဇ်မျိုးနွယ်၊ သွေးနတ်ဆိုးမျိုးနွယ်...
ထိပ်တန်းတော်ဝင်မိသားစုတစ်ရာနှင့် တော်ဝင်မျိုးနွယ်စုများ စသည်တို့သည်လည်း တစ်ခုပြီးတစ်ခု လှုပ်ရှားလာကြတော့သည်။
ကမ္ဘာနှစ်ဖက်စလုံးရှိ သာမန် အခြေခံလူများကတော့ မုန်တိုင်းကြီး ချဉ်းကပ်လာပြီဖြစ်ကြောင်း ခံစားမိသောကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြသည်။
တစ်ချိန်တည်းမှာပင်၊ အမည်မဲ့နယ်မြေရှိ အန္တိမဧကရာဇ်မျိုးနွယ်များတွင်လည်း လှုပ်ရှားမှုများ ပြုလုပ်နေသည်မှာ ထင်ရှားသည်။
မိုရှီဧကရာဇ်မျိုးနွယ်စုတွင်...
ကျွင်းရှောင်ယောက်နှင့် အခြားသူများက အမည်မဲ့အမှောင်နယ်မြေသို့ ထွက်ခွာရန် ပြင်ဆင်နေချိန်...
မိုရှီဧကရာဇ်မျိုးနွယ်စုအတွင်းရှိ မောက်မိုက်သော နန်းတော်တစ်ခုတွင်...
ထိပ်သီး အကျော်အမော်များ၏ ဝိညာဉ်အသိများက အချင်းချင်း ဆက်သွယ်ပြောဆိုနေကြသည်။
သူတို့အထဲမှ အားအနည်းဆုံးက အင်မော်တယ်ဘုရင်တစ်ပိုင်း ဖြစ်၏။
အင်မော်တယ်ဘုရင်အဆင့် ပုဂ္ဂိုလ်ကြီးများပင် ရှိသေးသည်။
"အင်မော်တယ်နယ်မြေကြီးက အဓိကတိုက်ပွဲကို တကယ် ပြုလုပ်တော့မှာလား"
"ဒါက သေခါနီး ရုန်းကန်မှုတစ်ခုပါပဲ။ ဒီတစ်ခါတော့ အန္တိမဧကရာဇ်မျိုးနွယ်ရဲ့ ဘုရင်တွေ လှုပ်ရှားရအောင်"
"ဟုတ်တယ်၊ ဘိုးဘေးတွေအားလုံး အိပ်မောကျနေပေမဲ့ အန္တိမကပ်ဘေးကြီး နိးထလာတာနဲ့ ဘိုးဘေးတွေလည်း နိုးလာပြီး အင်မော်တယ်နယ်မြေကြီးကို ကပ်ဘေးတွေ သဘာဝဘေးအတိုင်း သယ်ဆောင်လာလိမ့်မယ်"
"ဒီလိုဆိုရင် အင်မော်တယ်နယ်မြေကြီးက ဧကရာဇ်တွေနဲ့ သွားတွေ့ပြီး သူတို့ ဘာတွေလုပ်နိုင်မလဲဆိုတာ ကြည့်ရအောင်"
ယခုပြောဆိုနေသူများမှာ မိုရှီမျိုးနွယ်၏ အသန်မာဆုံး မျိုးနွယ်ဝင်များ ဖြစ်ကြသည်။
သူတို့၏ စကားများက မောက်မာပုံရသော်လည်း သူတို့တွင် ထိုသို့သော စွမ်းရည်မျိုး ရှိ၏။
နောက်ဆုံးတွင်၊ အန္တိမဧကရာဇ်မျိုးနွယ်တစ်ခု၏ အခြေခံအုတ်မြစ်က မှန်းဆမရနိုင်အောင် နက်နဲလွန်းလှသည်။
သူတို့၏ တည်ရှိမှုကို မည်သည့်အရာကမှ ခြိမ်းခြောက်လို့ မရပေ။
မိုးနှင့်မြေက ညှိုးနွမ်းပြီး အရာခပ်သိမ်း ပျက်သုဉ်းသွားလျှင်ပင် ၎င်းတို့သည် အမှောင်ထဲတွင် ရှိနေနိုင်သေးသည်။
ဤသည်မှာ သူတို့၏ ယုံကြည်မှု ဖြစ်သည်။
သို့သော်လည်း သတိထားနေသူများ ရှိသေးသည်။
"သတိထားတာကတော့ မမှားဘူးပေါ့လေ။ ဒီတစ်ခေါက် အင်မော်တယ်နယ်မြေကြီးရဲ့ လှုပ်ရှားမှုတွေအရ ကျွင်းမိသားစုဟာ တစ်ခုခုကို ကြံစည်နေပုံရတယ်"
"အမှန်ပဲ"
တစ်ဦးက ပြောလိုက်သည်။
"အင်မော်တယ်ခုံရုံးက ခေါင်းဆောင်လာတာဆိုရင်တောင် ငါမကြောက်ပါဘူး။ သူတို့က အင်မော်တယ်မျိုးရိုး ကိုးခုအဖြစ် ပြိုကွဲသွားခဲ့ပြီ"
"ဒါပေမဲ့ ကျွင်းမိသားစုကတော့ မတူဘူး။ အတိတ်က အဖြစ်အပျက်တွေကို မမေ့ကြနဲ့ဦး"
"တော်စမ်းပါ"
တစ်ယောက်က အေးစက်စက် ပြောလိုက်၏။
ဤသည်မှာ မည်သူမျှ ပြန်လည်အစမဖော်လိုသော အတိတ်ရိုင်းတစ်ခု ဖြစ်သည်။
"တော်ကြတော့၊ အတိတ်က အတိတ်ပဲ။ ထပ်ပြောစရာ မလိုဘူး"
"ဒီတစ်ကြိမ်မှာ ကျွင်းမိသားစုက ဘာတွေ စီစဉ်နေကြတာလဲ။ ငါတို့ အန္တိမဧကရာဇ်မျိုးနွယ်တွေကို လျှို့ဝှက်ကြံစည်နေတာလား"
"ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတော့မှ နယ်စပ်ကိုသွားကြတာပေါ့"
"ပြီးရင် အန္တိမကပ်ဘေးကြီး ရောက်လာမဲ့အချိန်ကို စောင့်ရုံပဲ"
ထို့နောက်တွင် အမှောင်နန်းတော်က တိတ်ဆိတ်သွားသည်။
အထဲမှ အငွေ့အသက်များ ပျောက်သွား၏။
မိုရှီဧကရာဇ်မျိုးနွယ်အပြင်...
အမည်မဲ့နယ်မြေရှိ အခြား အန္တိမဧကရာဇ်မျိုးနွယ်ရှိ မဟာပုဂ္ဂိုလ်ကြီးများ၏ အရှိန်အဝါများလည်း ၎င်းတို့၏ ဘိုးဘွားနယ်မြေများမှ ပျောက်ကွယ်သွားတော့သည်။
သူတို့က ဟင်းလင်းပြင်ကို ဖြတ်သန်းပြီး အင်မော်တယ်နယ်မြေကြီးနှင့် တိုက်ခိုက်ရန်အတွက် နယ်စပ်သို့ ထွက်သွားကြပြီ ဖြစ်သည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများကလည်း မိုရှီမျိုးနွယ်မှ ထွက်ခွာသွားကြပြီ။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်က တစ်ခုခုကို ခံစားရသောကြောင့် နောက်ပြန်ကြည့်လိုက်သည်။
မိုရှီမျိုးနွယ်မှ အကျော်အမော်များ၏ အငွေ့အသက်များစွာ ပျောက်ကွယ်သွားသည်ကို သူ သတိပြုမိ၏။
'မျှော်လင့်ထားတဲ့အတိုင်းပဲ'
ကျွင်းရှောင်ယောက်၏ မျက်လုံးများတွင် စဉ်းစားတွေးခေါ်မှု အရိပ်အယောင်များ ဖြတ်သွားသည်။
ထို့နောက် သူက မိုဟူလာကိုကြည့်ပြီး ပြောလိုက်၏။
"မိုဟူလာ၊ တည်နေရာကို မင်းသိတယ် မဟုတ်လား။ မင်း ဦးဆောင်လမ်းပြသင့်တယ်"
"ကောင်းပါပြီ"
မိုဟူလာက လက်ယှက်ပြီး ပြောလိုက်သည်။ သူ့မျက်လုံးမှာတော့ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။
အန္တိမဧကရာဇ်မျိုးနွယ်၏ မျိုးဆက်များသည် အန္တိမကပ်ဘေးကြီး၏ လွှမ်းမိုးမှုကို အကြီးဆုံးခံရကာ အကြွင်းမဲ့ ယုံကြည်ကိုးစားခဲ့ကြသည်။
ယခုတော့ အန္တိမကပ်ဘေးကြီးကို ကိုယ်တိုင် မြင်ရတော့မည်ဖြစ်သဖြင့် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
ကျွင်းရှောင်ယောက်တို့ လူစုလည်း အမည်မဲ့နယ်မြေ၏ နက်နဲရာသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့ကြသည်။
အမည်မဲ့နယ်မြေက အလွန် ကြီးမားကျယ်ပြန့်သည်။
တိုင်းတပါးပြည်နယ်များထက် အများကြီး ပိုကြီးမား၏။
ကျွင်းရှောင်ယောက်နှင့် အခြားသူများ၏ အဓိပဓိအဆင့် ကျင့်ကြံခြင်းဖြင့် ဖြတ်ကျော်သွားရန် မလွယ်ပေ။
အကြောင်းမူ၊ အမည်မဲ့နယ်မြေ၏ နက်နဲရာသို့ ရောက်လာသည်နှင့်အမျှ၊ ကောင်းကင်နှင့်မြေပြင်၏ နိယာမများက ပိုအားကောင်းလာသည်။
ထိုဖိအားများအောက်တွင် ဟင်းလင်းပြင်ကို ခုန်ကျော်ရန်မလွယ်ပေ။
ကျွင်းရှောင်ယောက်ကတော့ လုပ်နိုင်သည်။
အကြောင်းပြချက်က ရိုးရှင်း၏။
သူ့တွင် ဟင်းလင်းပြင်ကျမ်း ရှိသည်။
ဟင်းလင်းပြင်၏ အဆုံးစွန်နည်းလမ်းများဖြင့် အမည်မဲ့နယ်မြေ၏ နက်နဲရာတွင်ပင် ကျွင်းရှောင်ယောက်က လွတ်လပ်စွာ သွားလာနိုင်သေးသည်။
ဟုတ်သည်၊ သူက ထိုအချက်ကို ထုတ်မပြခဲ့ပါ။
သူ့အကြောင်းကို လူသိနည်းလေ ပိုကောင်းလေ ဖြစ်သည်။
ထို့ပြင်၊ ဟင်းလင်းပြင်ကျမ်းကို အသုံးပြုလိုက်ပါက အခြားသူများ သူ့ကို လိုက်မီတော့မည် မဟုတ်ပေ။
ဆယ်ရက်ကြာသွားသည်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း နောက်ဆုံးတွင် အမည်မဲ့နယ်မြေ၏ နက်နဲရာသို့ ရောက်ရှိခဲ့ကြပြီ။
သူတို့ရှေ့မှာတော့ ထာဝရညကဲ့သို့ မှောင်မိုက်နေသည်။
သို့သော်လည်း အလင်းရောင် လုံးဝမရှိတာတော့ မဟုတ်ပေ။ တစ်နှစ်ပတ်လုံး မီးခိုးရောင်မြူဆိုင်းနေသကဲ့သို့ မှိန်ဖျော့ဖျော့ လင်းနေသည်။
မြေပြင်မှာတော့ အနက်ရောင်ဗွက်အိုင်ငယ်များ ရှိ၏။
ကျွင်းရှောင်ယောက်က သေသေချာချာ ခံစားကြည့်ပြီးနောက် ၎င်းသည် ကြွယ်ဝသော အမှောင်စွမ်းအင်များ စုစည်းနေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ဤနေရာရှိ အမှောင်စွမ်းအင်က မည်မျှသိပ်သည်းကြောင်း မြင်နိုင်ပေသည်။
"ဒါက ကောင်းကင်မဲ့အမှောင်နယ်မြေလား"
ကျွင်းရှောင်ယောက်က မိုဟူလာကို ကြည့်လိုက်သည်။
"မှန်ပါတယ်"
မိုဟူလာက အနည်းငယ် ခေါင်းညိတ်လိုက်၏။
"တံခါးက ဘယ်မှာလဲ... တံခါးက ဘယ်မှာလဲ"
ကာကူရာက စိတ်ဝင်တစား မေးလိုက်သည်။
ဘုရင်ခြောက်ပါးက ကောင်းကင်မဲ့အမှောင်နယ်မြေဆီသို့ တံခါးကို အတူတူ ဖွင့်ကြရမည်ဟု မဆိုလိုပါသလော။
ယခုမူကား တံခါးမရှိပေ။
"မင်းသွားကြည့်လိုက်ပါ"
မိုဟူလာက အနည်းငယ်ပြုံးလိုက်သည်။
ကာကူရာက မိုဟူလာအား သံသယဖြင့် ကြည့်လိုက်၏။
"နင် ငါနဲ့ ရေအနက်ကို စမ်းသပ်တာတော့ မဟုတ်ဘူးမို့လား"
"စိတ်မပူပါနဲ့၊ ငါအဲဒီကို မရောက်ဖူးပေမဲ့ ဒီနေရာမှာ သေစေနိုင်တဲ့ အန္တရာယ် မရှိဘူး"
"နောက်ပြီးတော့ မင်းမရှိရင် ငါတို့ ကောင်းကင်မဲ့ အမှောင်နယ်မြေကို ဘယ်လိုလုပ်ပြီး ဝင်လို့ရမှာလဲ"
မိုဟူလာက ပြုံးလိုက်သည်။
ကာကူရာလည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမ၏ ကျောက်စိမ်းခြေထောကိုမြှောက်ကာ ရှေ့သို့ လှမ်းသွားသည်။
"ဝှစ်"
ကာကူရာက ဘယ်တုန်းကမျှ မလှုပ်ရှားသကဲ့သို့ မူလနေရာတွင် ချက်ချင်း ပြန်ပေါ်လာ၏။
"ဒါ..."
ကာကူရာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"ကောင်းကင်မဲ့အမှောင်နယ်မြေမှာ ရှေးကျတဲ့ နိယာမတွေ ရှိတယ်။ ခွင့်မရှိရင် ဘယ်သူမှ ဝင်လို့မရသလောက်ပဲ"
မိုဟူလာက ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွား၏။
မိုဟူလာက "မရသလောက်"ဟူသော စကားလုံးကို အသုံးပြုထားသည်။
ဆိုလိုသည်မှာ၊ တစ်စုံတစ်ယောက်က အတွင်းကို ဝင်ရောက်နိုင်သေးသည်။
ဥပမာအားဖြင့်...
သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး...
"ကောင်းပြီလေ၊ အပိုစကားတွေကိုရပ်ပြီး စလိုက်ကြရအောင်"
ကာကူရာက ပြောလိုက်သည်။
လူတိုင်းက သူတို့၏ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်များကို ထုတ်ယူလိုက်ကြသည်။
နတ်ဘုရားငိုကြွေး စစ်လှံပုဆိန်၊ ကောင်းကင်ငိုကြွေး နတ်ဆိုးဓား၊ မဟာကာလီ၏ ကြေးမုံ၊ နတ်ဆိုးတစ်သောင်း၏ မျှော်စင်၊ မီးနဂါး မီးအိမ်နှင့် အမြီးဆယ်ချောင်း ကောင်းကင်ဖျက်ဆီးခြင်း ချပ်ပြား။
ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်က တစ်ချိန်တည်းမှာပင် ပေါ်လာခဲ့သည်။
ထို့နောက် ကျွင်းရှောင်ယောက်တို့ ခြောက်ဦး၏ အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားများက မှိန်ဖျော့သော အလင်းတန်းတစ်ခု ထပ်မံထွက်ပေါ်လာ၏။
အမှောင် အလင်းတန်းခြောက်ခုက ဧရာမတိုင်လုံး ခြောက်လုံးကဲ့သို့ ကောင်းကင်ကို ထိုးတက်သွားတော့သည်။
အနက်ရောင်အလင်းများက စုစည်းသွားပြီး ကြီးမားသော အမှောင်ခြောက်ထောင့်ကြယ် အမှတ်အသားအဖြစ်သို့ ပြောင်းလဲသွားသည်။
ထိုအမှတ်အသားက အမည်မဲ့နယ်မြေတစ်ခုလုံးနှင့် တိုင်းတပါးပြည်နယ်ကြီး ဆယ်ခုကပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ထို့နောက်တွင်၊ ကမ္ဘာဖျက်ဆီးခြင်း တားမြစ်လက်နက်ခြောက်ခုက အမှောင်ခြောက်ထောင့်ကြယ်ပေါ်သို့ ကျရောက်သွားသည်။
ယင်းမှာ သော့တံခြောက်ခုက သော့ပေါက် ခြောက်ခုထဲသို့ တပြိုင်နက်တည်း ကျရောက်သွားသကဲ့သို့ပင်။
တခဏအတွင်းမှာပင် အနက်ရောင် မြူမှုန်များက ရှေ့မှ မှောင်မိုက်သောနေရာသို့ ကျဆင်းလာခဲ့သည်။
မိုးနှင့်မြေက ရုတ်တရက် အရောင်ပြောင်းသွားသည်။ ငရဲပြည်တံခါးကို ဖွင့်လိုက်သကဲ့သို့ တစ္ဆေသရဲ အော်ညည်းသံပမာ အသံများ ထွက်ပေါ်လာ၏။
အဆုံးမဲ့ အနက်ရောင် မြူခိုးများ ထွက်လာပြီးနောက် မြင်ကွင်းက ပြောင်းလဲသွားသည်။
ကြယ်များကြွေကျခြင်း၊ အချိန်နှင့်ဟင်းလင်းပြင် ပျက်စီးသွားခြင်း အစရှိသော ပျက်စီးခြင်း မြင်ကွင်းအမျိုးမျိုးလည်း ရှိသေးသည်။
တခဏအတွင်း မြင့်တက်လာသော ဖိအားများက မိုဟူလာ၊ ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့ကို တိုက်ရိုက် ဖိနှိပ်ခဲ့သည်။
ကာကူရာနှင့် စူးဟုန်ယီကတော့ ပါးနပ်စွာဖြင့် ကျွင်းရှောင်ယောက်အနောက်ကို ပြေးကပ်ပြီး ပုန်းရှောင်ကြ၏။
ကျွင်းရှောင်ယောက်၏ အဖြူရောင် အဝတ်အစားများမှာလည်း တဖျတ်ဖျတ် လှုပ်ရှားနေတော့သည်။
ဖိအားများက ပြင်းထန်လွန်းလှသည်။
"နောက်ဆုံးတော့ ကောင်းကင်မဲ့ အမှောင်နယ်မြေ တံခါးပွင့်သွားပြီ"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်...
စစ်နတ်ဘုရားနန်းတော်၏ နက်နဲရာမှ မြေအောက်လှိုဏ်ဂူတွင်...
မြူခိုးများ အုံ့ဆိုင်းနေသောမြေ၌ လှုပ်ရှားမှုများ ရှိလာသည်။
တင်ပျဉ်ခွေထိုင်နေသော ရုပ်သွင်က နောက်ဆုံးတွင် ဖြည်းညှင်းစွာ ထရပ်လိုက်၏။
"အချိန်နီးနေပြီ"
"အရှင်၊ ကောင်းကင်မဲ့အမှောင်နယ်မြေကို တိုက်ရိုက် သွားကြမလား"
ရှန်းအောင်ဘုရင်က ပြောလိုက်သည်။
"မဟုတ်ပါဘူး၊ အရင်ဆုံး လုပ်စရာတစ်ခုရှိသေးတယ်"
ထိုရုပ်သွင်က ပြောသည်။
"ဘာများပါလိမ့်"
ရှန်းအောင်ဘုရင် စိတ်ရှုပ်ထွေးသွား၏။
"ချီရှောင်းဘုရင်ကို သတ်ဖို့"
အေးစက်စက် စကားသံ ထွက်ပေါ်လာတော့သည်။