အခန်း ၁၀၈၅
Vol. 73 Ch. 1085
အခန်း ( ၁၀၈၅ ) မင်းက ပိုးကောင်ထက် ပိုနိမ့်ကျတယ်။
အရှိန်အဝါကြီးမားသော စကားသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ကျွင်းဝူဟွေ့"ဆိုသော စကားလုံးများသည် ချီရှောင်းမျိုးနွယ်စုမှ သတ္တဝါအားလုံး၏ နားထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာ၏။
"ဖူး"
ချီရှောင်းမျိုးနွယ်စုမှ သတ္တဝါအများစုမှာ သွေးအန်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုအသံမှ အင်အားများကို သူတို့ မခံနိုင်ပေ။
အဆုံးမရှိသော နတ်အလင်းထဲတွင် ကျွင်းဝူဟွေ့၏ ရုပ်ပုံက ပေါ်လာသည်။
သူ့မျက်လုံးအစုံက နေနှင့်လကဲ့သို့ တလက်လက် တောက်ပနေ၏။
အဆုံးမဲ့ တိုက်ပွဲများကို ဖြတ်သန်းခဲ့ရပုံဖြင့် တားဆီးမရနိုင်သော အရှိန်အဝါများလည်း ထွက်ပေါ်နေသေးသည်။
နတ်ပြည်သုံးထောင်၏ ဝန်းရံမှုနှင့် ကျမ်းစာရွတ်ဆိုသံများလည်း ထွက်ပေါ်နေသည်။
ဤသည်မှာ ဘုရင်ခန္ဓာ၏ ထူးခြားသော ရူပါရုံ ဖြစ်သည်။
ကျွင်းမိသားစု၏ ပြိုင်စံရှားသော နတ်ဘုရားဘုရင်က နောက်ဆုံးတွင် သူ၏ ပုံစံအမှန်ကို ထုတ်ဖော်ပြသလာခဲ့ပြီ။
တိတ်ဆိတ်သွားသည်။
အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွား၏။
ချီရှောင်းမျိုးနွယ်စုမှ သတ္တဝါအားလုံး အသက်ရှူကြပ်လာသလို ခံစားလိုက်ရသည်။
ကျွင်းဝူဟွေ့...
ဤသည်မှာ တိုင်းတစ်ပါးတွင် အကျော်ကြားဆုံးနှင့် သြဇာအရှိဆုံး အင်မော်တယ်နယ်မြေကြီး၏ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ကျွင်းဝူဟွေ့၏ ကိုယ်ပွားသုံးခုထဲမှ တစ်ခုက တိုင်းတပါးကို အမြဲစောင့်ကြပ်နေပြီး သူ့အကြောင်းကို လူတိုင်းသိပေသည်။
ကျွင်းဝူဟွေ့က တိုင်းတပါးတွင် အလွန်ကျော်ကြားသည်။
ထို့ကြောင့် ချီရှောင်းဘုရင်၏ ဂုဏ်သတင်းက ပို၍ ထင်ရှားခဲ့ခြင်းဆိုလျှင်လည်း မှားမည် မဟုတ်ပေ။
ယခုမူ၊ ကျွင်းဝူဟွေ့က ချီရှောင်းမျိုးနွယ်၏ ဘိုးဘွားမြေတွင် ပေါ်လာပြီ ဖြစ်သည်။
ယင်းက မယုံနိုင်လောက်အောင်ပင်။
အင်မော်တယ်နယ်မြေကြီးမှ ဧကရာဇ်ကြီးများပင်လျှင် ဝန်းရံတိုက်ခိုက်ခံရမည်ကို စိုးရိမ်သောကြောင့် တိုင်းတပါးသို့ တစ်ဦးချင်း ထိုးဖောက်မဝင်ရဲပါ။
သို့ရာတွင်၊ ကျွင်းဝူဟွေ့က ဤကဲ့သို့ ပေါ်လာပြီး လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
သို့သော်လည်း ချီရှောင်းဘုရင်၏ အောင်မြင်မှုများကို တွေးတောမိကြသောအခါ ချီရှောင်းမျိုးနွယ်ဝင်များ ပြန်လည် တည်ငြိမ်လာကြသည်။
ကျွင်းဝူဟွေ့ဖြစ်လျှင်ပင် အဘယ်နည်း၊ သူတို့ ဘိုးဘေးကြီးကို ရှုံးနိမ့်ရဆဲပင်။
ချီရှောင်းမျိုးနွယ်မှ အင်မော်တယ်ဘုရင်တစ်ပိုင်း တစ်ဦးက ကျွင်းဝူဟွေ့ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
"ကျွင်းဝူဟွေ့၊ မင်းက လက်စားချေဖို့ ရောက်လာတလား။ ဒါဆိုရင်တော့ မင်း အချိန်မှားရောက်လာတာပဲ။ ငါတို့ဘိုးဘေး ဒီမှာရှိနေတယ်၊ မင်းကိုယ်မင်း ဘာထင်လို့လဲ"
အင်မော်တယ်ဘုရင်တစ်ပိုင်း၏ ကြိမ်းမောင်းသံကို ကြားရသော်လည်း ကျွင်းဝူဟွေ့၏ အမူအရာက မပြောင်းပေ။
ပုရွက်ဆိတ်များ၏ အော်သံကြောင့် သူ့စိတ်ခံစားချက်က ပြောင်းလဲမည် မဟုတ်ပါ။
နောက်အခိုက်တွင်၊ ကျွင်းဝူဟွေ့က လက်ညှိုးတစ်ချက်ညွှန်လိုက်သည်။
အဆုံးမဲ့ နတ်စွမ်းအင်နှင့် နိယာများက ဧရာမ လက်ကြီးမဖြစ် ပြောင်းလဲသွား၏။
ချက်ချင်းဆိုသလိုပင် ထိုအင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ကို ဖမ်းဆုပ်လိုက်တော့သည်။
ထို့နောက်...
"ဖောင်း"
ပေါက်ကွဲသွား၏။
အင်မော်တယ်ဘုရင်တစ်ပိုင်း၏ သွေးများက မြေပေါ်ကို ပြုတ်ကျကာ တွင်းကြီးများပမာ ဖြစ်လာခဲ့ရသည်။
ချီရှောင်းမျိုးနွယ်စု၏ သတ္တဝါအားလုံး သွေးပျက်သွားကြသည်။
တစ်ချက်တည်း...
မြင့်မားပြီး တန်ခိုးကြီးသော အကျော်အမော်မှာ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ချက်ချင်း ချေမှုန်းခံလိုက်ရသည်။
ဤအရာက မည်ကဲ့သို့သော စွမ်းအား ဖြစ်သနည်း။
"အား၊ ကျွင်းဝူဟွေ့... မင်း..."
ချီရှောင်းဘုရင် ဒေါသတကြီးဖြင့် ကောင်းကင်သို့ ထိုးတက်လာခဲ့သည်။ မီးပင်လယ်က လှိုင်းထသွား၏။
သူ မတုံ့ပြန်နိုင်ခဲ့ပေ။
ကျွင်းဝူဟွေ့က ပြတ်ပြတ်သားသား လှုပ်ရှားပြီး လုံးဝ အခွင့်အရေး မပေးခဲ့ပါ။
ရှန်းအောင်ဘုရင်၏ နောက်ဘက်တွင်...
ဂဠုန်ငှက်တစ်ကောင် ပေါ်လာခဲ့သည်။
ယင်းက စစ်နတ်ဘုရားနန်းတော်မှ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်၊ ဘုရင်ဖုဖုန်း ဖြစ်၏။
ထိုအခိုက်တွင် တစ်စစီ ပေါက်ကွဲသွားသော ချီရှောင်းမျိုးနွယ်မှ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်၏ အလောင်းကိုကြည့်ရင်း သူ့နောက်ကျောမှ ချွေးများ ရွှဲသွားသည်။
သူ၏ ငှက်ခေါင်းပေါ်မှ မရှိသော ချွေးများကို သူ၏ အတောင်လေးများဖြင့် သုတ်လိုက်လေသည်။
တချိန်တည်းမှာပင် သူ့စိတ်ထဲတွင် ပျော်ရွှင်လာမိသည်။
ကံကောင်းထောက်မစွာဖြင့်၊ ထိုစဉ်က သူသည် အညံ့ခံရန် မငြင်းဆန်ခဲ့ပေ။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
တစ်ဖက်တွင်၊ ထိုမြင်ကွင်းကို မြင်လိုက်ရသော ချီဟုန်ယွိ၏ မျက်လုံးများက ပြူးကျယ်သွားသည်။
အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်သည် ဤကဲ့သို့ သတ်ဖြတ်ခံခဲ့ရ၏။
ချီဟုန်ယွိ၏ နှလုံးသားများ တုန်ခါသွားသည်။
ယင်းက သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိခဲ့ပေသည်။
သို့သော်လည်း ချီဟုန်ယွိမှာ ကျွင်းဝူဟွေ့ကိုကြည့်ရင်း တစ်နေရာရာမှာ မြင်ဖူးသကဲ့သို့ ရင်းနှီးနေသော ခံစားချက်ကို မရေမရာ ခံစားလာရသည်။
သို့ပေသော်ငြား ခဏမျှသာတွေးပြီး ခေါင်းကိုခါယမ်းလိုက်လေသည်။
ထို့နောက် အဆုံးမဲ့ ယုံကြည်ကိုးစားမှုတို့ဖြင့် ချီရှောင်းဘုရင်ကို ကြည့်လိုက်သည်။
ကျွင်းဝူဟွေ့၏ အင်အားက ကြောက်စရာကောင်းသော်လည်း သူ့ဆရာ ချီရှောင်းဘုရင်နှင့်အတူ အရာအားလုံးက ပြဿနာမရှိပေ။
ကျွင်းဝူဟွေ့ဆိုလျှင်ပင် ဘာဖြစ်သနည်း။
သူက ရှုံးနိမ့်သော စစ်သူကြီးတစ်ဦးမျှသာ ဖြစ်သည်။
ထိုသို့တွေးနေတာက ချီဟုန်ယွိတစ်ဦးတည်း မဟုတ်ပါ။
ချီရှောင်းမျိုးနွယ်မှ အခြားသူများကလည်း ထိုကဲ့သို့ပင် ထင်မြင်ကြသည်။
"ဘိုးဘေး၊ ကျေးဇူးပြုပြီး ကျွင်းဝူဟွေ့ကို သတ်လိုက်ပါ"
"မှန်ပါတယ်၊ ကျုပ်တို့မျိုးနွယ်ရဲ့ အကျော်အမော်အတွက် လက်စားချေဖို့ ကျေးဇူးပြုပြီး လှုပ်ရှားပေးပါ ဘိုးဘေး"
ချီရှောင်းမျိုးနွယ်စုမှ သတ္တဝါများစွာက အော်ဟစ်လိုက်ကြသည်။
ချီရှောင်းဘုရင်က သူတို့အတွက် နောက်ဆုံး ယုံကြည်အားကိုးရာပင်။
သို့သော်..
ချီရှောင်းဘုရင်က မလှုပ်ရှားသေးဘဲ မျက်မှောင်ကိုသာ ကြုတ်နေသည်။
နောက်ဆုံးတွင်၊ သူက စကားစလိုက်သည်။
"ကျွင်းဝူဟွေ့၊ မင်းက အခြေအနေကို အခွင့်ကောင်းယူပြီး ငါ့မျိုးနွယ်က အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ကို သတ်ပစ်လိုက်တယ်။ ဒါက ကြီးမားတဲ့ အနှောက်အယှက်တော့ မဟုတ်ပါဘူး"
"ဒါပေမဲ့... မင်း ရှေ့တစ်လှမ်း ထပ်တိုးဝံ့ရင် ကမ္ဘာကြီး ပြောင်းပြန်လှန်သွားလိမ့်မယ်"
ချီရှောင်းဘုရင်၏ စကားများက ပြတ်သားပြီး လွှမ်းမိုးထားပုံရသည်။
သို့သော်လည်း တွေးကြည့်ပါက သတိထားမိလိမ့်မည်။
ချီရှောင်းဘုရင်က မတိုက်ခိုက်လိုပေ။ ကျွင်းဝူဟွေ့ကိုသာ သူ့ဘာသာသူ နောက်ဆုတ်စေလိုသည်။
"ဆရာ..."
ချီဟုန်ယွိ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
ချီရှောင်းဘုရင်၏ စကားအတိုင်းဆိုလျှင်၊ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်၏ သေဆုံးခြင်းက အလဟဿ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
ကျွင်းဝူဟွေ့က ချီရှောင်းဘုရင်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ချီရှောင်းဘုရင်... ပျက်စီးခြင်းနယ်စပ်က တိုက်ပွဲဟာ မင်းကို ဒီဘုရင်နဲ့ ယှဉ်ပြိုင်ဖို့ အင်အားရှိသလိုမျိုး ထင်ယောင်ထင်မှား ဖြစ်စေခဲ့တာပဲ"
"ဒါပေမဲ့... ဒီဘုရင်ရဲ့ မျက်လုံးထဲမှာ မင်းက ပိုးကောင်ထက်တောင် ပိုနိမ့်ကျတယ်"
"အတင့်ရဲလိုက်တာ၊ ဒီဘုရင်ရဲ့ ဂုဏ်သိက္ခာကို မင်းစော်ကားလို့ မရဘူး"
ချီရှောင်းဘုရင်၏ မျက်လုံးများက မီးတောက်မီးလျှံများ ဖြာထွက်လာသည်။ သူ ဒေါသတကြီး အော်ဟစ်လိုက်၏။
သူ သည်းမခံနိုင်တော့ဘဲ တိုက်ရိုက် လှုပ်ရှားလိုက်တော့သည်။
အားကောင်းသော မီးနိယာမများ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံး လောင်ကျွမ်းသွားသည်။
မိုးနှင့်မြေကြားရှိ အပူချိန်က သိသိသာသာ မြင့်တက်လာ၏။
ကမ္ဘာတစ်ခုလုံး လောင်ကျွမ်းပြီး ပြာကျသွားတော့မလိုပင်။
ချီရှောင်းမျိုးနွယ်မှ ကျန်သော သတ္တဝါများက ဘိုးဘွားမြေသို့ ပြေးဝင်သွားကာ မျိုးနွယ်စုအကာကွယ် အစီရင်ကို အသက်သွင်းလိုက်ကြသည်။
ထိုသို့မဟုတ်ပါက၊ နောက်ဆက်တွဲ လှိုင်းများပင်လျှင် သက်ရှိအားလုံးကို သေစေရန် လုံလောက်နေပြီ။
"မီးလျှံကြာပန်းတစ်သောင်း"
ချီရှောင်းဘုရင်က သူ့လက်ကိုမြှောက်လိုက်သောအခါ မီးတောက်များက မီးကြာပန်းများအဖြစ် စုဖွဲ့သွားကြသည်။
ဤသည်မှာ ချီရှောင်းဘုရင်၏ အဆုံးစွန်နည်းလမ်း ဖြစ်၏။
ကြာပန်းများ ထွက်လာသည်နှင့် တပြိုင်နက် သမုဒ္ဒရာရေများသည်ပင် အငွေ့ပျံသွားလိမ့်မည်။
ကျွင်းဝူဟွေ့ကို ရင်ဆိုင်ရချိန်တွင် ချီရှောင်းဘုရင်သည် လုံးဝ သတိမပေါ့လျော့ဝံ့ပေ။
ထွက်ပေါ်လာသော ပျက်စီးခြင်းလှိုင်းကို ခံစားလိုက်ရသောအခါ ရှန်းအောင်ဘုရင်က တိုက်ရိုက် လှုပ်ရှားလိုက်၏။
အားကောင်းသော နိယာမများက လိပ်ခွံကဲ့သို့ အလင်းလွှာတစ်ခုအဖြစ် ပြောင်းလဲလာကာ ချီရှောင်းမျိုးနွယ်၏ ဘိုးဘွားနယ်မြေကို ဖုံးအုပ်ထားလိုက်တော့သည်။ သူက တိုက်ခိုက်မှုလှိုင်းများကို ကာကွယ်ထားလိုက်ခြင်း ဖြစ်သည်။
"ရှန်းအောင်ဘုရင် ဘာလုပ်နေတာလဲ"
ချီရှောင်းမျိုးနွယ်စုထဲမှ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်များ မျက်မှောင်ကြုတ်သွားကြသည်။
တစ်ဖက်တွင်...
ချီရှောင်းဘုရင်၏ ပြင်းထန်သောတိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျွင်းဝူဟွေ့၏ အမူအရာက အေးဆေးတည်ငြိမ်နေဆဲပင်။ သူ၏ အဖြူရောင်အဝတ်အစားနှင့် အနက်ရောင်ဆံပင်များသာ လေထဲတွင် လူးလွန့်လှုပ်ရှားနေသည်။
သူက လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်ရာ၊ ဟင်းလင်းပြင်က ပြိုကျပြီး တံဆိပ်တော်တစ်ခု ကျလာ၏။
ထိုတံဆိပ်တော်က ကောင်းကင်ကိုးပါးမှ နတ်တို့၏တံဆိပ် တော်ကဲ့သို့ ကြီးကျယ်ပြီး မြင့်မြတ်သော အငွေ့အသက်များဖြင့် ပြည့်နေသည်။
မိုင်ထောင်ပေါင်းများစွာ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်က ပြိုကျသွားတော့သည်။
နတ်ဘုရားဘုရင်၏ တံဆိပ်တော်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသော နည်းလမ်းတစ်ခု ဖြစ်သည်။
"ဝုန်း"
ကြယ်နှစ်စင်း တိုက်မိသကဲ့သို့ နတ်ဘုရား၏တံဆိပ်တော်နှင့် မီးကြာပန်းက တိုက်မိသွားသည်။
ကြောက်စရာကောင်းသော လှိုင်းလုံးကြီးများ ဖြာထွက်လာ၏။
ရှန်းအောင်ဘုရင်နှင့် ချီရှောင်းမျိုးနွယ်စု၏ မျိုးနွယ်စုအကာကွယ် အစီရင်မရှိပါက၊ ဤနယ်မြေတစ်ခုလုံး တခဏချင်း ပျက်စီးသွားလိမ့်မည်။
ဤအခိုက်အတန့်တွင် လူတိုင်း၏မျက်လုံးများက တိုက်ပွဲကို စူးစိုက်ကြည့်နေကြသည်။
သို့သော်လည်း စူးရှလွန်းသော အလင်းများကြောင့် တိုက်ရိုက်ကြည့်ရန် မလွယ်ပေ။
ရုတ်တရက်...
ညည်းတွားသံနှင့်အတူ လူရိပ်တစ်ခု နောက်ဆုတ်သွားခဲ့သည်။
ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ချီရှောင်းမျိုးနွယ်စုမှ သတ္တဝါအားလုံး အသက်ရှုရပ်မတတ် ဖြစ်သွားကြတော့သည်။
"ဘိုး... ဘိုးဘေးကြီး..."