← Chapters

အခန်း ၁၀၉၀

Vol. 73 Ch. 1090

အခန်း ၁၀၉၀

Vol. 73 Ch. 1090

အခန်း ( ၁၀၉၀ ) အမွေအနှစ် လေ့ကျင့်ရေး မျှော်စင်။

"ပထမဘုရင်ရဲ့ အရည်အချင်းက အရမ်းမြင့်မားတာပဲ၊ အမြင့်ဆုံးအဆင့်တဲ့"

ကာကူရာလည်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

တိုင်းတပါးရှိ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါးစလုံးသည် အရည်အချင်း အလွန်မြင့်မားသော်လည်း နိယာမကိုးခုကို သိပ်သည်းရန် အနည်းငယ် ခက်ခဲနေသေးသည်။ အချိန်တိုအတွင်း ပြုလုပ်ရန် မဖြစ်နိုင်ပေ။

စူးဟုန်ယီကတော့ ပြုံးရုံသာ ပြုံးလိုက်သည်။

သူမက ကျွင်းရှောင်ယောက်ကို မျက်စိစုံမှိတ် ယုံကြည်ကိုးကွယ်လုနီးပါး ဖြစ်၏။

ကျွင်းရှောင်ယောက်က တစ်ခုခု အောင်မြင်မှုရရှိသွားလျှင်ပင် သူမ အံ့ဩမည် မဟုတ်ပါ။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်က အင်မော်တယ်စွမ်းအင်များ စီးဆင်းနေသည်။

သူ့ခန္ဓာကိုယ်တွင် စွမ်းအင်များက ပြည့်နေသော်လည်း...

ကျွင်းရှောင်ယောက်ကတော့ နိယာမွမ်းအင်များ စုပ်ယူခြင်းကို မရပ်တန့်ခဲ့ပေ။

သူက သူ၏ အတွင်းစကြာဝဠာထဲသို့ နိယာမစွမ်းအားများကို ပေါင်းစည်းကာ ဆက်လက် ဝါးမျိုလိုက်သည်။

ကောင်းကင်အင်မော်တယ်သစ်ပင်နှင့် ကမ္ဘာ့သစ်ပင်ကိုလည်း ပြုစုပျိုးထောင်ရဦးမည်။

နတ်ဆိုးနတ်ဘုရား ပုရွက်ဆိတ်လေး ရှောင်ယီလည်း သူ၏ အတွင်းစကြာဝဠာထဲ၌ ရှိသည်။

နတ်ဘုရားဝါးမျိုဧကရာဇ်သားတော်ကို ဝါးမျိုပြီးကတည်းက ရှောင်ယီသည် ပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အိပ်စက်နေခဲ့သည်။

ထိုပိုးအိမ်သို့လည်း ကြွယ်ဝသော နိယာမစွမ်းအင်များကို ပေါင်းစပ်လိုက်၏။

ထို့နောက်တော့ ကျန်သော စွမ်းအင်များကို အတွင်းစကြာဝဠာအား ချဲ့ထွင်ရန်အတွက် အသုံးပြုလိုက်ပေသည်။

သူ့ခန္ဓာကိုယ်အတွင်းသို့လည်း ပေါင်းစည်းပြီး သိမ်းဆည်းနေသေးသည်။

ကျွင်းရှောင်ယောက်၏ လှုပ်ရှားမှုကို လုယက်ခြင်းဟု ဆိုနိုင်သည်။

ဤတာအိုပြောင်းလဲခြင်းရေကန်ကိုပင် ရွှေ့ပြောင်း၍ရပါက၊ ရေကန်တစ်ခုလုံး ထုတ်ပိုး၍ ယူသွားချင်သေးသည်။

သူ့အပြင် စူးဟုန်ယီလည်း အကျိုးအမြတ်များခဲ့သည်။

သူ့ထံမှ အားကောင်းသော နိယာမအငွေ့အသက်များ ထွက်ပေါ်နေ၏။

ယခုဆိုလျှင်၊ သူမက အဆင့်တူ ပါရမီရှင်အများစုကို အလွယ်တကူ ချေမှုန်းနိုင်နေပြီ။

ကျွင်းရှောင်ယောက်၏ နောက်လိုက်များထဲမှာပင် စူးဟုန်ယီ၏ အင်အားက ထိပ်တန်းအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ထို့ပြင်၊ ကာကူရာမှာလည်း အကျိုးထူးအကျိုးမြတ် ရရှိထားသည်။ သူ့အရှိန်အဝါက ပို၍ သိပ်သည်းလာပြီး နိယာမ တစ်ခုထက်ပို၍ ပေါင်းစည်းနိုင်ခဲ့ပေသည်။

မိုဟူလာသည်ပင် တစ်ခုခု ရရှိခဲ့သည်။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာတော့...

တိုးတက်မှုအချို့ ရှိခဲ့သော်လည်း တာအိုပြောင်းလဲခြင်းရေကန်၏ စစ်မှန်သော အကျိုးကျေးဇူးများကို မခံစားခဲ့ရသည်မှာ ထင်ရှားသည်။

"အားလုံးပဲ၊ အချိန်ကျပြီ။ ရှေ့ဆက်ပြီး သွားကြရအောင်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဤသည်မှာ အကြံပြုချက်မဟုတ်ဘဲ အမိန့်ထုတ်နေခြင်း ဖြစ်၏။

"ကောင်းပါပြီ အရှင်၊ ကောင်းကင်မဲ့အမှောင်နယ်မြေမှာ ငါတို့ ဘုရင်ခြောက်ပါးရဲ့ အမွေအနှစ်တစ်ခု ရှိသင့်တယ်"

မိုဟူလာက ပြောလိုက်သည်။

တာအိုပြောင်းလဲခြင်းရေကန်မှာ ကောင်းကင်မဲ့အမှောင်နယ်မြေ၏ အခွင့်အလမ်းကြီးတစ်ခု ဖြစ်သည်။

၎င်းကို ဝင်ရောက်နိုင်သော သက်ရှိသတ္တဝါအားလုံး ခံစားနိုင်၏။

သို့သော်လည်း ဘုရင်ခြောက်ပါးက ကောင်းကင်မဲ့အမှောင်နယ်မြေသို့ ဝင်ရောက်ခြင်းမှာ သူတို့၏ အမွေကို လက်ခံရန် ဖြစ်သည်။ အနာဂတ်တွင် အပြည့်အဝ ကြီးပြင်းလာပြီးနောက် အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးနိုင်လိမ့်မည်။

"ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးရဲ့ တကယ့် အမွေအနှစ်လား"

ကျွင်းရှောင်ယောက်၏ မျက်လုံးများက စိတ်ဝင်စားမှု အရိပ်အယောင်တို့ ပေါ်လာသည်။

ထိုအမွေအနှစ်ကြောင့်သာ မဟုတ်ပါက၊ ကျွင်းရှောင်ယောက်ဟာ ထိုလူများကို သတ်ခဲ့တာ ကြာပြီ။

ထို့နောက် သူတို့ခြောက်ဦးလည်း တာအိုပြောင်းလဲခြင်းရေကန်မှ ထွက်ခွာပြီး ကောင်းကင်မဲ့အမှောင်နယ်မြေ၏ ဆက်လက် ဝင်ရောက်သွားကြသည်။

ကျူးယဲ့နှင့် ယွင်ရှောင်ဟေးတို့မှာတော့ တွန့်ဆုတ်နေပြီး လုံးဝ မထွက်ခွာချင်ပေ။

သို့သော်လည်း အခြေအနေအရ သူတို့တတ်နိုင်တာ ဘာမျှမရှိခဲ့ပါ။

ကောင်းကင်မဲ့အမှောင်နယ်မြေက အလွန်ပင် တိတ်ဆိတ်သည်။

မိုးနှင့်‌မြေက မှောင်မိုက်ပြီး အသက်ဓာတ် ကင်းမဲ့၏။

အတွင်းပိုင်းသို့ ရောက်ရှိလာလေလေ၊ မမြင်နိုင်သော ဖိအားကို ပိုခံစားရလေလေပင်။

ထိုမမြင်နိုင်သော ဖိအားမျိုးက မည်သူ့ကိုမဆို စိတ်ရှုပ်ထွေးစေသည် သို့မဟုတ် ရူးသွပ်သွားစေနိုင်လောက်သည်။

ကံကောင်းထောက်မစွာဖြင့်၊ ဘုရင်ခြောက်ပါးတွင် မည်သူမျှ သာမန်လူများမဟုတ်ပါ။

သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ခြောက်ထောင့်ကြယ် အမှတ်အသားများက အနည်းငယ် တောက်ပနေသည်။

ဤသည်မှာ အကာကွယ်တစ်မျိုး ဖြစ်၏။

အကယ်၍ အခြားသတ္တဝါများသာ ဤနေရာသို့ ဝင်ရောက်လာပါက၊ ဘေးအန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရပေလိမ့်မည်။

ရုတ်တရက် မှောင်မည်းနေသော ကောင်းကင်ယံ၌ မှုန်ဝါးဝါး အရိပ်ခြောက်ခုကို မြင်လိုက်ရသည်။

"အဲဒါကဘာလဲ..."

ကာကူရာ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"ဖြစ်နိုင်တာက..."

တစ်ခုခုကို တွေးမိဟန်ဖြင့် မိုဟူလာ၏ မျက်လုံးများက တောက်ပလာ၏။

နီးကပ်လာပြီးနောက်...

အနက်ရောင် မျှော်စင်ခြောက်ခုဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

အလွန်မြင့်မားသော ရှေးဟောင်းမျှော်စင်ကြီး ဖြစ်ပေသည်။

"မိုဟူလာ၊ ဒါက..."

ကျွင်းရှောင်ယောက်က မိုဟူလာကို ကြည့်လိုက်သည်။

မိုရှီမျိုးနွယ်ဝင်တစ်ဦးအနေဖြင့်၊ သူသည် အခြေအနေများကို အသိဆုံး ဖြစ်သင့်သည်။

"ဒါက ငါတို့ ဘုရင်ခြောက်ပါးရဲ့ အမွေအနှစ် လေ့ကျင့်ရေးမျှော်စင် ဖြစ်သင့်တယ်"

"အားလုံး သိကြတဲ့အတိုင်း၊ အင်မော်တယ်‌နယ်မြေကြီး မပျက်စီးသေးသရွေ့ ဘုရင်ခြောက်ပါးရဲ့ ကံကြမ္မာက ရပ်တန့်သွားမှာ မဟုတ်ဘူး။ မျိုးဆက်တစ်ခုကနေ တစ်ခု ပြန်လည်ဝင်စားနေလိမ့်မယ်"

"ဒီနေရာမှာ ဖျက်ဆီးခြင်းဘုရင်ခြောက်ပါး ဘယ်လောက်ထိမြန်မြန် တိုးတက်မယ်ဆိုတာက ကောင်းကင်မဲ့အမှောင်နယ်မြေရဲ့ အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်ပေါ်မှာ မူတည်တယ်"

"ငါတို့ ဘုရင်ခြောက်ပါးအတွက် အခွင့်ကောင်းရှိနေပြီ"

မိုဟူလာ အလွန်စိတ်လှုပ်ရှားသွားသည်။

အကယ်၍ ‌တာအိုပြောင်းလဲခြင်းရေကန်က လူအများစု ရရှိနိုင်သော အခွင့်အလမ်းတစ်ခုဖြစ်လျှင်...

ဤအမွေအနှစ် လေ့ကျင့်ရေး မျှော်စင်ခြောက်ခုသည် သူတို့ ဘုရင်ခြောက်ပါးအတွက် သီးသန့် အခွင့်အလမ်းများ ဖြစ်သည်။

"ငါနားလည်ပါပြီ၊ ဒါဆိုရင် ဒါက ဘုရင်ခြောက်ပါးကို အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးနိုင်စွမ်း ပေးနိုင်တဲ့ အမွေအနှစ်လား"

ကျွင်းရှောင်ယောက်က မေးလိုက်သည်။

"ဒါက ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့... အရင်တုန်းက ဘုရင်ခြောက်ပါးဟာ လုံး၀ မစုရုံးဖူးဘူး"

"ဒါကြောင့် မျိုးဆက်တစ်ခုစီမှာ အမွေကိုရရှိထားတဲ့ ကမ္ဘာဖျက်ဆီးခြင်း ဘုရင်တွေရှိခဲ့ပေမဲ့ အင်မော်တယ်နယ်မြေကြီးကို အမှန်တကယ် မဖျက်ဆီးနိုင်ခဲ့ကြဘူး"

မိုဟူလာက သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မရနိုင်သော လေသံဖြင့် ပြောလိုက်သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက နက်နဲသွားသည်။

ထိုဖျက်ဆီးခြင်းဘုရင်များက အင်မော်တယ်နယ်မြေကြီးကို မဖျက်ဆီးနိုင်ခဲ့ကြသော်လည်း... ကြီးမားသော ပျက်စီးမှုများ ဖြစ်စေနိုင်သေးသည်။

နယ်စပ်ရှိ ရှန်းရွှီကမ္ဘာ၏ အက်ကြောင်းကို ကြည့်ခြင်းအားဖြင့် ထိုအချက်ကို မြင်နိုင်သည်။

ကျွင်းရှောင်ယောက်လည်း လွန်စွာ သိချင်လာမိသည်။ အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သည့် အမွေအနှစ်ကား အဘယ်နည်း။

သူတို့ခြောက်ဦးလည်း မတုံ့ဆိုင်းဘဲ လေ့ကျင့်ရေးမျှော်စင်များသို့ ဝင်သွားတော့သည်။

အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်သို့ ဝင်လိုက်သောအခါ၊ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ခြောက်ထောင့်ကြယ် အမှတ်အသားများက အနည်းငယ် တောက်ပလာသည်။

ယင်းက သော့တစ်ခုကဲ့သို့ပင်။

သော့မရှိပါက ဝင်ရောက်ရန် နည်းလမ်းမရှိပါ။

အမွေအနှစ် လေ့ကျင့်ရေးမျှော်စင်ထဲကို ဝင်လိုက်သည်နှင့် တပြုင်နက်၊ ကျွင်းရှောင်ယောက်ဟာ အပြောင်းအလဲကြီးတစ်ခုကို ခံစားလိုက်ရသည်။

"အချိန်စီးဆင်းမှုက ပြောင်းလဲသွားပြီ"

ကျွင်းရှောင်ယောက် အံ့ဩသွား၏။

လေ့ကျင့်ရေးမျှော်စင်အတွင်းရှိ အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနှင့် ကွာခြားပြီး အလွန်နှေးကွေးသည်။

တစ်နည်းဆိုရသော်၊ အမွေအနှစ်လေ့ကျင့်ရေးမျှော်စင်တွင် လေ့ကျင့်ချိန် ပို၍ရနိုင်သည်။

ထို့ပြင်၊ အမွေအနှစ်မျှော်စင်ရှိ နိယာမများနှင့် ဝိညာဉ်စွမ်းအင်များကလည်း အလွန်အားကောင်းပြီး တာအိုပြောင်းလဲခြင်းရေကန်ထက် အားမနည်းပေ။

'မထူးဆန်းတော့ပါဘူး... ဒီလောက် အဖိုးတန်တဲ့ ကျင့်ကြံခြင်းမြေနဲ့ ဘုရင်ခြောက်ပါး မတိုးတက်လာမှသာ အံ့ဩရမယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထိုစဉ်...

သူ့ရှေ့တွင် အလင်းရောင်များ စုစည်းလာပြီး အားကောင်းသော အငွေ့အသက်များဖြင့် အမှတ်အသား လူရိပ်တစ်ခု ပေါ်လာသည်။

ထိုလူရိပ်က အစွမ်းထက်ပုံရသော်လည်း တိုင်းတပါး၏ ခေတ်ပြိုင် ပါရမီရှင်တစ်ဦး မဟုတ်တန်ရာပေ။

လူရိပ်က ကျွင်းရှောင်ယောက်ဆီသို့ ချက်ချင်း ပြေးဝင်လာခဲ့သည်။

ကျွင်းရှောင်ယောက်က လက်ဝါးဖြင့် ရိုက်ချလိုက်၏။

နိယာမဆယ်ခုကို ပေါင်းစည်းပြီးနောက် ကျွင်းရှောင်ယောက်၏အင်အားသည် အဓိပဓိအဆင့်ကို ကျော်လွန်နေပြီ ဖြစ်သည်။

ဤလက်ဝါးရိုက်ချက်ကြောင့် အမှတ်အသား လူငယ်လေး တိုက်ရိုက် ကြေမွသွား၏။

ချက်ချင်းဆိုသလိုပင်၊ လေထဲတွင် အလင်းရောင်တောက်ပပြီး ဆေးလုံးတစ်လုံး ပေါ်လာတော့သည်။

"ဒီလိုပဲကိုး..."

ကျွင်းရှောင်ယောက် သဘောပေါက်သွားသည်။

အမွေအနှစ်လေ့ကျင့်ရေးမျှော်စင်တွင် ဘုရင်ခြောက်ပါးကို လေ့ကျင့်ရန်အတွက် အစွမ်းထက်သော အမှတ်အသား လူငယ်လေးများ ရှိလိမ့်မည်။

သူတို့ကို သတ်နိုင်ပါက၊ မတူညီသော ဆုလာဘ်များကို ရရှိပြီး နောက်တစ်ဆင့်သို့ တက်နိုင်သည်။

"ဒီလိုဆိုရင် ဘုရင်ခြောက်ပါးကို အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးနိုင်စေမဲ့ အဆုံးစွန်သောအမွေက မျှော်စင်ထိပ်ဆုံးမှာ ရှိနိုင်တယ်"

ထိုသို့တွေးမိသောအခါ၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။

အင်မော်တယ်နယ်မြေကြီးကိုပင် ဖျက်ဆီးနိုင်သည့် အဆုံးစွန်သောအမွေက တကယ်ကို မရိုးရှင်းနိုင်ပေ။

၎င်းက စိတ်ကူးကြည့်ရန်ပင် ခက်ခဲသော၊ ကမ္ဘာပေါ်တွင် အရှားပါးဆုံးသော နည်းလမ်းတစ်ခုခု ဖြစ်နိုင်သည်။

သို့သော်လည်း ဤနည်းလမ်းကို လူတစ်ဦးတည်းဖြင့် စတင်၍ မရနိုင်ပါ။ ဘုရင်ခြောက်ပါးစလုံး လိုအပ်သည်။

သို့ရာတွင်...

ကျွင်းရှောင်ယောက်စ မျက်လုံးများက အလင်းရောင်များ တောက်ပလာသည်။

သူ၏ ရည်မှန်းချက်က ဤမျှဖြင့် ရပ်မနေပါ။

ကျွင်းရှောင်ယောက်က ဘုရင်ခြောက်ပါး၏ အဆုံးစွန်နည်းလမ်းများကို သူတစ်ဦးတည်း ထိန်းချုပ်လိုသည်။

All Chapters