အခန်း ၁၀၉၇
Vol. 74 Ch. 1097
အခန်း ( ၁၀၉၇ ) နောက်ဆုံးမှာ ဘယ်သူက ရယ်မောနိုင်မှာလဲ။
ကျွင်းရှောင်ယောက်ဆိုသော စကားသံ ထွက်ပေါ်လာသောအခါ...
တိုက်ပွဲများ၊ အော်မြည်သံများ ပြည့်နှက်နေသည့် ပျက်စီးခြင်းနယ်စပ်တစ်ခုလုံး အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
မရေမတွက်နိုင်သော လူများ၏ အတွေးများလည်း ရုတ်တရက် ရပ်တန့်သွား၏။
တိုင်းတပါး၏ သတ္တဝါများမှာတော့ အံ့ဩတုန်လှုပ်ရာမှ ဒေါသထွက်လာကြတော့သည်။
တိုင်းတစ်ပါးမှ ကမ္ဘာကို ဖျက်ဆီးမည့် ဘုရင်ခြောက်ပါးအနက်မှ တစ်ပါးသည် အင်မော်တယ်နယ်မြေကြီးရှိ ကျွင်းမိသားစုနှင့် မည်သို့ ပတ်သက်နိုင်သနည်း။
တစ်ဖက်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ၏ မျက်နှာများမှာ မယုံနိုင်မှု၊ တုန်လှုပ်မှုတို့ ပြည့်နှက်သွားကြသည်။
သူတို့ ဘာကိုကြားလိုက်ရသနည်း။
မကြားရသည်မှာ ကြာပြီဖြစ်သော နာမည်တစ်ခု...
ထိုနာမည်ပိုင်ရှင်သည် တစ်ချိန်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သော်လည်း နောက်ဆုံးတွင် ဝမ်းနည်းဖွယ် ဇာတ်သိမ်းခဲ့ရသည်။
ယခုတော့ ဤကမ္ဘာကြီးတွင် ပြန်ပေါ်လာပြီ။
လူတိုင်း၏ နှလုံးသားထဲတွင် ထင်ဟပ်နေသော ဝတ်စုံဖြူဝတ် ပုံရိပ်က ပြန်ပေါ်လာပြီ ဖြစ်သည်။
ထို့ပြင်၊ ပို၍ပင် အံ့ဖွယ်ကောင်းလာသေးသည်။
"ဝုန်း"
ဤအခိုက်တွင်၊ အင်မော်တယ်နယ်မြေကြီးရှိ ကောင်းကင်က တစ်ချက် တုန်ခါသွားသည်။
မိုးကြိုးထစ်ချုန်းသံများလည်း ထွက်ပေါ်လာ၏။
ဤကား ကောင်းကင်၏ အမျက်ပေတည်း။
ကျွင်းရှောင်ယောက်က ကောင်းကင်ကို လှည့်စားခဲ့သည်။
သေမျိုးခန္ဓာဖြင့် ကောင်းကင်နှင့် ကစားပွဲကို အနိုင်ရခဲ့၏။
ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းကား အဘယ်နည်း။
ဤသည်မှာ ကောင်းကင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။
"အဲဒါ ငါ့ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လား"
"နတ်ဘုရားသားတော် ရှောင်ယောက်"
"သခင်လေး"
"ဒါက ရှောင်ယောက်ပဲ... တကယ်ကို သူပဲ။ သူ အသက်ရှင်နေသေးတယ်... သူ မသေသေးဘူး"
ပျက်စီးခြင်းနယ်စပ်ရှိ ကျွင်းရှောင်ယောက်နှင့် ပတ်သတ်သူအားလုံး စိတ်လှုပ်ရှားကာ တုန်ယင်သွားကြသည်။
သူတို့အားလုံး အလွန်အမင်း ဝမ်းသာပျော်ရွှင်ကြ၏။
ကျွင်းမိသားစုမှ အကြီးအကဲများလည်း ဝမ်းသာအားရ အော်ဟစ်လိုက်ကြတော့သည်။
အများစုမှာ နှစ်ထောင်ပေါင်းများစွာ ရှင်သန်ခဲ့ကြသော်လည်း ဤအခိုက်တွင် မျက်လုံးများ နီရဲနေကြပြီ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ကျွင်းမိသားစု၏ ကျွင်းချီထျန်းနှင့် ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်တို့ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သည်။
သူ့ကို ယခုခေတ်မှ မျှော်လင့်ချက်တစ်ခုဟုလည်း ဆို၍ရပေသည်။
ထိုအချိန်က ကျွင်းရှောင်ယောက်သည် နတ်ဘုရား၏ မိစ္ဆာစိတ်များကို ဖိနှိပ်ရန် သူ့ကိုယ်သူ စတေးခဲ့သည်။
ဤသည်က ကျွင်းမိသားစုဝင်အားလုံးအတွက် နာကျင်မှုတစ်ခုဆိုတာ သံသယဖြစ်စရာပင် မလိုပေ။
ကျွင်းမိသားစုမှ အကြီးအကဲတချို့ဆိုလျှင် ကျွင်းရှောင်ယောက်ကို ထိုကဲ့သို့ မသေသင့်ဟု အမြဲယုံကြည်ခဲ့ကြသည်။
သို့သော်လည်း အားလုံးကို စိတ်ပျက်စေအောင်၊ နှစ်ပေါင်းများစွာကြာသည်အထိ ကျွင်းရှောင်ယောက်နှင့် ပတ်သက်သည့် သတင်းတစ်စုံတစ်ရာ မရရှိခဲ့ပေ။
ယခုမူကား...
ပို၍ အံ့ဖွယ်ကောင်းသည့် ပုံစံမျိုးဖြင့် ကျွင်းရှောင်ယောက် ပြန်ပေါ်လာပြီ ဖြစ်သည်။
သူက ဘယ်နေရာတွင် ရှိသနည်း။
တိုင်းတစ်ပါးရှိ အထူးဆန်းဆုံးနှင့် လျှို့ဝှက်ဆန်းကြယ်သောနေရာ... အမည်မဲ့နယ်မြေ.. ကောင်းကင်မဲ့ အမှောင်နယ်မြေ...
ထိုသို့သော နေရာမျိုးကို အင်မော်တယ်နယ်မြေကြီး၏ လူ့ဘယ်လောက်များများ ရောက်ဖူးပါသနည်း။
"နတ်ဘုရားသားတော်က အနှိုင်းမဲ့လှတယ်"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို မြေကြီးမှာ မြှုပ်နှံထားလို့ မရသလို ကောင်းကင်ကလည်း ဖျက်ဆီးလို့မရဘူး။ ဘယ်သူမှ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး"
ဤအခိုက်အတန့်တွင် ကျွင်းမိသားစု၏ ပါရမီရှင် လူငယ်များနှင့် ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာဖြင့် စတင် အော်ဟစ်လိုက်ကြသည်။
ကျွင်းရှောင်ယောက် ကျဆုံးသွားပြီးနောက်၊ ကျွင်းမိသားစုကို ကျဆင်းလာတော့မည်ဟု အင်အားစုများစွာက လျှို့ဝှက် ယုံကြည်ခဲ့ကြသည်။
ယခုမူကား၊ ကျွင်းရှောင်ယောက်က လူတိုင်း၏ မျက်နှာကို ဖြတ်ရိုက်သွားခဲ့ပြီ။
"နတ်ဘုရားသားတော်"
ကျွင်းမိသားစုမှ လူအားလုံးလည်း စိတ်လှုပ်ရှားသွားကြသည်။
"ရှောင်ယောက်ကတော့လေ... သူက ဒီလို ရုတ်ရုတ်သဲသဲ လုပ်ရတာကို တကယ်ကြိုက်တယ်"
ကျွင်းမော့ရှောင်နှင့် ကျွင်းလုံခန်းတို့ ရယ်မောလိုက်ကြလေသည်။
ကျွင်းမိသားစုမှ ဘီလူးကြီးသုံးကောင် ပြန်လည်ဆုံတွေ့ရတော့မည့်ပုံပင်။
"သခင်လေး မသေသေးဘူးဆိုတာ ငါသိတယ်"
စစ်မြေပြင်တစ်နေရာတွင်၊ ရီယုက အလွန်စိတ်လှုပ်ရှားသွားပြီး ကောင်းကင်ကိုမျှော်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
ဝမ့်ချွမ်၊ ရန်ချင်းယင်၊ ထာဝရဆင်းရဲဒုက္ခ နတ်ဘုရားမနှင့် အခြားသူများလည်း ပျော်ရွှင်မှုကြောင့် မျက်ရည်များ စီးကျလာခဲ့သည်။
ကျွင်းရှောင်ယောက်နှင့် အဆက်အဆံရှိဖူးသော ရန်ယုမန်၊ ယွိချန်ကျွမ့်နှင့် မင်းသမီးလုံကျိတို့လည်း စိတ်တည်ငြိမ်မှုရရှိရန် မလွယ်တော့ပေ။
"ကျွင်းရှောင်ယောက်..."
လင်ယွမ်လည်း သူမ၏ နှုတ်ခမ်းဖူးဖူးကို တင်းတင်းကိုက်လိုက်သည်။ သူ့စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်မှုကြောင့် ငိုချင်နေ၏။
သို့သော်လည်း အဓိပဓိအင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ်အနေဖြင့် သူ ထုတ်မပြနိုင်ပေ။
မည်သို့ပင်ဆိုစေ၊ ထိုရုပ်သွင်ကို မြင်လိုက်ရပြီးနောက် သူမ အလွန် ပျော်ရွှင်မိခဲ့သည်။
ထိုခံစားချက်က လင်ယွမ်လား... နတ်သမီးယွမ်ပဲလား မသိပါ။
သို့သော်လည်း အရေးမကြီးပါ။ သူမက လင်ယွမ်... သူမက နတ်သမီးယွမ် ဖြစ်သည်။
"ကိုကိုရှောင်ယောက်..."
ကျန်းလော့လီ၏ လှပသော မျက်လုံးလေးများက အနည်းငယ် နီရဲနေလေသည်။
သူဟာ အမြဲတမ်း ကြံ့ခိုင်သန်မာအောင် သည်းခံနေခဲ့သည်။
ဘယ်တော့မှ မငိုတော့ပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ ရုပ်သွင်ကို ပြန်မြင်လိုက်ရပြီးနောက် သူမ မထိန်းနိုင်ဘဲ ငိုချလိုက်မိပြီ ဖြစ်သည်။
သူမ၏ ဆုတောင်းများက နောက်ဆုံးတွင် အသက်ဝင်လာပြီ။
ထိုသူ ပြန်ပေါ်လာခဲ့ပြီ။
ဆန့်ကျင်ဘက်အားဖြင့် ကျွင်းရှောင်ယောက်နှင့် သဘောထားကွဲလွဲခဲ့ဖူးသော ပါရမီရှင်များမှာတော့...
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ကောင်းကင်တောင်မှ သူ့ကို မမြှုပ်နှံနိုင်ဘူးလား"
ကူတိကျစ်မှာ အံ့သြတုန်လှုပ်သွားပြီး မယုံနိုင်ဖြစ်ခဲ့ရသည်။
အိပ်မက်မက်နေသလိုတောင် ခံစားရ၏။
ထို့ထက် ကူတိကျစ်ကို ပို၍ပင် ထိတ်လန့်စေသည်က...
ကျွင်းရှောင်ယောက်ဟာ ပျက်စီးခြင်းနယ်စပ်တွင် ပေါ်လာခဲ့သော ကစဉ့်ကလျားခန္ဓာ ဖြစ်နေခြင်းပင်။
"ရှေးဟောင်းမြင့်မြတ်ခန္ဓာကနေ ကစဉ့်ကလျားခန္ဓာအထိ... ဒီကျွင်းရှောင်ယောက် ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ"
ကူတိကျစ်၏ မျက်လုံးများက အံ့အားသင့်မှုနှင့် တုန်လှုပ်မှုတို့ ပေါ်လာသည်။
အထူးသဖြင့် သူ့မျက်လုံးထောင့်မှ လင်ယွမ်၏ မျက်လုံးများတွင် မျက်ရည်ဝဲနေကြောင်း မြင်လိုက်ရသောအခါ...
လင်ယွမ်က ကျွင်းရှောင်ယောက်နှင့် ဆက်စပ်မှုရှိမှန်း သူ နားလည်သွားသည်။
'မဟုတ်သေးပါဘူး၊ ဒီအတိုင်းဆိုရင် ကျွင်းရှောင်ယောက်နဲ့ ယှဉ်ပြိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့ တစ်ဦးတည်းသောက ဧကရာဇ်ငယ်ပဲ'
ကူတိကျစ်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
သူတွေးနေသည့် ဧကရာဇ်ငယ်က ခေတ်ပြိုင်ဧကရာဇ်ငယ် လင်ယွမ်မဟုတ်ပေ။
ထိုအစား၊ သူသည် အင်မော်တယ်နန်းတော်တွင် ခေတ်ပေါင်းများစွာ အိပ်စက်နေခဲ့သော ရှေးခေတ် ဧကရာဇ်ငယ်တစ်ပါး ဖြစ်သည်။ သူ၏ အရည်အချင်းက မကောင်းဆိုးရွားဆန်လွန်းသောကြောင့် စိတ်ကူးကြည့်ရန်ပင် မလွယ်ဟု ကောလဟာလများ ရှိပေသည်။
'ချီးတဲ့မှပဲ၊ ကျွင်းရှောင်ယောက်... မင်းက မြေထဲမှာပဲ မြှုပ်ထားသင့်တယ်'
'ဒါပေမဲ့လည်း ကိစ္စမရှိပါဘူး၊ မင်းက ဆက်ပြီး အသက်ရှင်နိုင်တော့မှာမှ မဟုတ်တာ'
ကူတိကျစ်က လက်သီးကို တင်းတင်းဆုပ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ လက်ရှိ အခြေအနေက မည်သို့ဖြစ်သနည်း။
တိုင်းတပါး၏ ရှေးအကျဆုံး... အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်နေရသည်။
ကျွင်းရှောင်ယောက်တွင် ရှန်သန်နိုင်ခြေ ဘယ်လောက်များများ ရှိမည်နည်း။
"ပေါင်လီ၊ သူက ကျွန်မရဲ့ ကျေးဇူးရှင်လား"
စစ်မြေပြင်တွင်၊ လီချင်းအာ၏ မျက်နှာက အံ့အားသင့်မှုတို့ ပေါ်လာသည်။
ယခင်က သူသည် အပြစ်ရှိစိတ်ကို အမြဲခံစားခဲ့ရသော်လည်း ယခုတော့ ပြန်ပေးဆပ်ရန် အခွင့်အရေးရလာပြီ။
"ဟုတ်ပါတယ်၊ သူ အသက်မသေသေးတာကို ငါလည်း ဝမ်းသာမိတယ်။ ဒါပေမဲ့... လက်ရှိ အခြေအနေအရ ငါတို့ သတိပေါ့လျော့လို့ မရသေးဘူး"
ကျွင်းပေါင်လီ၏ မျက်နှာက လေးနက်နေဆဲ ဖြစ်သည်။
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရလျှင်၊ ကျွင်းရှောင်ယောက်အတွက် အန္တရာယ်ကင်းမည် မဟုတ်ပါ။
ထိုအချက်ကို လူတော်တော်များများက တွေးမိသည်။
ကျွင်းမိသားစုမှ လူအားလုံး အနည်းငယ် တုန်လှုပ်သွား၏။
အင်မော်တယ်နယ်မြေကြီးမှ ကျွင်းမိသားစုနှင့် ပဋိပက္ခရှိဖူးသော အင်အားစုများကတော့ အေးစက်စက် မျက်လုံးတို့ဖြင့် ကြည့်နေကြတော့သည်။
တိုင်းတပါး၏ အင်မော်တယ်ဘုရင်များမှာလည်း ဒေါသအမျက်ထွက်ကြသည်။
"ချီးပဲ၊ ဒီကောင်လေးက ငါတို့ကို အရူးလုပ်သွားတာပဲ"
"ကိစ္စမရှိပါဘူး၊ အန္တိမကပ်ဘေးကြီး ပြန်နိုးထလာတာနဲ့ယှဉ်ရင် ဘုရင်ခြောက်ပါးက အရေးမကြီးဘူး။ အခု ကျွင်းရှောင်ယောက် ဘယ်လိုသေမယ်ဆိုတာ ကြည့်ကြရအောင်"
အင်မော်တယ်ဘုရင်တချို့က အေးစက်စက် ပြောလိုက်ကြသည်။
ဧကရာဇ်များပင်လျှင် အန္တိမကပ်ဘေးကြီးရှေ့တွင် အလွန်နုနယ်သည်။
ကျွင်းရှောင်ယောက်ဆိုပါက အထူးပြောနေရန်ပင် မလိုပေ။
သူက အဓိပဓိတစ်ပါးသာ ဖြစ်သည်။
အန္တိမကပ်ဘေးကြီး၏ရှေ့တွင် သူက ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။
ကောင်းကင်မဲ့ အမှောင်နယ်မြေတွင်...
ကာကူရာ အံ့သြသွားသည်။
"အင်မော်တယ် နယ်မြေကြီးက ကျွင်းမိသားစု... ပထမဘုရင် သခင်... နင်ဘယ်လိုဖြစ်နိုင်မှာလဲ..."
ကာကူရာ၏ စိတ်ထဲတွင် ကြီးမားသော သက်ရောက်မှုကို ခံစားခဲ့ရသည်။
စူးဟုန်ယီကတော့ အနည်းငယ် အံ့ဩသွားသည့်တိုင် တည်ငြိမ်စွာ ရပ်နေဆဲ ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အထောက်အထားက မည်သို့ပင်ရှိစေကာမူ၊ သူ ဂရုမစိုက်သလို သူ၏ သစ္စာစောင့်သိမှုသည်လည်း အနည်းငယ်မျှ မယိမ်းယိုင်ပေ။
ကျွင်းရှောင်ယောက်က စိတ်ရှုပ်ထွေးနေသော ကာကူရာကို လျစ်လျူရှုလိုက်သည်။
အန္တိမကပ်ဘေးကြီးကိုသာ စူးစိုက်ကြည့်နေ၏။
"မင်း အရာအားလုံးကို လျှို့ဝှက်ထားနိုင်ပေမဲ့ ငါ့ကိုတော့ ဖုံးကွယ်လို့ မရဘူး"
"တကယ်တော့ မင်းက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ပုရွက်ဆိတ်တစ်ကောင်ပါပဲ"
အန္တိမကပ်ဘေးကြီးက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်၏။
"အမှောင်ထုရဲ့ အရင်းမြစ်ဖြစ်တဲ့ အန္တိမကပ်ဘေးကြီးဆီကနေ ချီးကျူးခံရဖို့ ဒီကျွင်းက မထိုက်တန်ပါဘူး"
ထိုကဲ့သို့ ဆိုးရွားသော အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသောအခါမှာပင် ကျွင်းရှောင်ယောက်က ပြုံးရွှင်စွာ ပြောဆိုနိုင်နေဆဲ ဖြစ်သည်။
ဤမြင်ကွင်းကြောင့် နယ်စပ်ရှိ တိုင်းတစ်ပါး၏ အင်မော်တယ်ဘုရင်များပင် သက်ပြင်းချလိုက်မိလေသည်။
ကောင်းကင်ကို အံတုနိုင်သော ဘီလူးတစ်ကောင်က အင်မော်တယ်နယ်မြေကြီးတွင် အမှန်တကယ် ပေါ်လာခဲ့သည်။
"ဒါက မင်းရဲ့နောက်ဆုံးစကားလား"
အန္တိမကပ်ဘေးကြီးက မေးလိုက်သည်။
"ငါတို့ အလောင်းအစားလုပ်ရအောင်"
ကျွင်းရှောင်ယောက်က ပြောလိုက်၏။
"မင်းက... ငါနဲ့ လောင်းဖို့ အရည်အချင်းပြည့်မီလို့လား"
အန္တိမကပ်ဘေးကြီးက မေးသည်။
"ကျွင်းမိသားစုရဲ့ ဘိုးဘေးကြောင့် ဒဏ်ရာရပြီး မပြည့်စုံတဲ့ အခြေအနေမှာ ရှိနေတဲ့သူက အားလုံးသာလွန်တဲ့ နတ်ဘုရားလို့ တကယ်ပဲ ထင်နေတာလား"
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ကို နောက်သို့ယှက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဟမ်"
အန္တိမကပ်ဘေးကြီး၏ အငွေ့အသက်များက အနည်းငယ် တုန်ခါသွားသည်။
ကျွင်းရှောင်ယောက်၏ စကားများက သူ ပြန်မတွေးချင်သော အတိတ်ပင်။
ကျွင်းရှောင်ယောက်က ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
"အလောင်းအစားလုပ်ရအောင်၊ လောင်းလိုက်ပါ..."
"ငါ ကျွင်းရှောင်ယောက်နဲ့ မင်း အန္တိမကပ်ဘေးကြီး... နောက်ဆုံးမှာ ဘယ်သူက ရယ်မောနိုင်မှာလဲ"