အခန်း ၁၁၀၁
Vol. 74 Ch. 1101
အခန်း ( ၁၁၀၁ ) နတ်ဘုရားဘုရင်ခန္ဓာ၏ တားမြစ်ပုံစံ။
ဤအခိုက်တွင်၊ အင်မော်တယ်နယ်မြေကြီးရှိ ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲတွင် စိတ်ပျက်အားငယ်မှုတို့ ပြည့်နေသည်။
အင်မော်တယ်နယ်မြေကြီးမှ ဧကရာဇ်ကြီးများ တိတ်ဆိတ်နေကြ၏။
ဧကရာဇ်ပိုင်သို့လည်း သက်ပြင်းချလိုက်သည်။
သူပင်လျှင် အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်နိုင်မည် မဟုတ်ပါ။
ကျွင်းဝူဟွေ့က အန္တိမကပ်ဘေးကြီးကို အတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နိုင်ခဲ့သည်မှာ လူအများ၏ မျှော်လင့်ချက်ကို ကျော်လွန်နေပြီ ဖြစ်သည်။
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်က အမှန်ပင် သူ့နာမည်နှင့် လိုက်ဖက်ညီပေသည်။
ထိုအချိန်၊ ကောင်းကင်မဲ့ အမှောင်နယ်မြေတွင်...
ကျွင်းဝူဟွေ့၏ အဖြူရောင်အဝတ်အစားများက သွေးများဖြင့် စွန်းထင်းနေသည်။
"အဖေ..."
ကျွင်းရှောင်ယောက်လည်း တုန်လှုပ်သွား၏။
သူသည် မွေးကတည်းက ပြိုင်ဘက်ကင်းသလောက်ဖြစ်ပြီး ကမ္ဘာကြီးကို လွှမ်းမိုးထားခဲ့သည်။ သူ့စိတ်ဓာတ်ကလည်း မြင့်မားခဲ့ပေသည်။
ယခုမူကား၊ ရှားရှားပါးပါး စွမ်းအားကင်းမဲ့သော ခံစားချက်ကို ခံစားလိုက်ရပြီ ဖြစ်သည်။
ဤသည်မှာ သူ ယခင်က မခံစားဖူးသော ခံစားချက်တစ်ခုပင်။
'ငါ အရမ်းအားနည်းနေသေးတယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
သူဟာ မျိုးဆက်သစ်လူငယ်များတွင် ပြိုင်ဘက်ကင်းသလောက်ဖြစ်သည်။ မျိုးဆက်ဟောင်းမှ ကျွမ်းကျင်သူ အချို့ပင်လျှင် သူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် ကျွင်းရှောင်ယောက်ဟာ သူ့ကိုယ်သူ အလွန်အားနည်းသည်ဟု ခံစားလိုက်မိသည်။
ထိုစဉ်...
ကျွင်းရှောင်ယောက်သည် သူ့ခန္ဓာကိုယ်ရှိ ယုံကြည်ခြင်းမျိုးစေ့က အနည်းငယ် လှုပ်သွားသလို ရုတ်တရက် ခံစားလိုက်ရသည်။
တစ်ခုခု ပေါက်လာတော့မည်ကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင်၊ လက်မှတ်ထိုးဝင်ခြင်းမှ ရရှိခဲ့သည့် ကြယ်ဆယ်ပွင့်ဆုလာဘ်... မျိုးဆက်သုံးခု ကြေးခေါင်းတလားကလည်း လှုပ်သွားပုံရကြောင်း သတိပြုမိလိုက်သည်။
"ဒါက..."
ကျွင်းရှောင်ယောက်၏ အမူအရာ ပြောင်းလဲသွားတော့သည်။
ထိုအချိန်တွင် ကျွင်းဝူဟွေ့က ဆက်လက် တိုက်ခိုက်လိုက်သည်။
အန္တိမကပ်ဘေးကြီးနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှ မတုံ့ဆိုင်းဘဲ ဆက်လက် တိုက်ခိုက်လိုက်၏။
ကျွင်းဝူဟွေ့က နတ်ဘုရားဘုရင်ခန္ဓာ၏ အထူးစွမ်းရည်ကို အသက်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်ကို လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်သောအခါ နှလုံးသွေး ထွက်ပေါ်လာ၏။
ဤနည်းလမ်းကို အသက်သွင်းလိုပါက သွေးစတေးရန် လိုအပ်သည်။
ကျွင်းဝူဟွေ့၏နောက်တွင်၊ မှုန်ဝါးဝါး အလင်းဆယ့်နှစ်ခု ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကလည်း လေထဲတွင် ပြည့်နှက်သွား၏။
အငွေ့အသက် တစ်ခုစီက အံ့ဖွယ်ကောင်းလွန်းသည်။
ကျွင်းဝူဟွေ့၏ နောက်ကွယ်တွင် နတ်ဘုရားဆယ့်နှစ်ပါးကဲ့သို့ အလင်းဆယ့်နှစ်ခု ရှိနေသည်။ သူတို့၏ နတ်အလင်းရောင်က စူးရှစွာဖြင့် ကမ္ဘာတစ်ခုလုံးကို ထွန်းတောက်စေ၏။
ကမ္ဘာကို စိုးမိုးမည့် နတ်ဘုရားဆယ့်နှစ်ပါး ပေါ်လာပြီ။
"နတ်ဘုရားဘုရင်ရဲ့ တားမြစ်ပုံစံ၊ နတ်ဘုရားဆယ့်နှစ်ပါး ကောင်းကင်ဘုံကို အမဲလိုက်ခြင်း"
ကျွင်းဝူဟွေ့က အော်ဟစ်ပြီး အင်အားအပြည့်ဖြင့် ပေါက်ကွဲလိုက်သည်။
ဤသည်က နတ်ဘုရားဘုရင်ခန္ဓာ၏ ကြောက်မက်ဖွယ်ကောင်းသော တားမြစ်နည်းလမ်းတစ်ခု ဖြစ်၏။
ဤတားမြစ်နည်းလမ်းကို ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် မိုးနှင့်မြေ ပြိုကျကာ အရာအားလုံး ပျက်သုဦးသွားလိမ့်မည်။
နတ်ဘုရားဆယ့်နှစ်ပါး၏ စွမ်းအားက ကျွင်းဝူဟွေ့ကို ကောင်းချီးပေးလိုက်သောအခါ၊ စကြာဝဠာတစ်ခုလုံးကို ဖျက်ဆီးတော့မည်ကဲ့သို့ အင်အားမျိုးဖြင့် ပေါက်ကွဲထွက်လာတော့သည်။
ပျက်စီးခြင်းနယ်စပ်မှ သတ္တဝါအားလုံး ဤမြင်ကွင်းကိုကြည့်ရင်း တုန်လှုပ်ကုန်ကြသည်။
"ဒါဟာ ကျွင်းမိသားစုက နတ်ဘုရားဘုရင်ရဲ့ စစ်မှန်တဲ့ စွမ်းအားလား...၊ ကြောက်စရာကောင်းလွန်းတယ်"
တန်ခိုးကြီးသူအချို့လည်း သက်ပြင်းချလိုက်ကြလေသည်။
ဤတိုက်ခိုက်မှုက ဧကရာဇ်အများစုကိုသတ်ရန် လုံလောက်သည်။
"ဟင်း"
အန္တိမကပ်ဘေးကြီးသည်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
ထို့နောက် လှုပ်ရှားလိုက်၏။
ဤတစ်ကြိမ်တွင် လက်ချောင်းမဟုတ်ဘဲ လက်ဝါး ဖြစ်တော့သည်။
ဤနည်းလမ်းက အန္တိမကပ်ဘေးကြီးကိုပင် အနည်းငယ် ပိုလေးနက်လာစေနိုင်ကြောင်း ထင်ရှားသည်။
"ဝမ်"
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံသွား၏။
အံ့ဩစရာကောင်းသည်က ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတွင် အသံအနည်းငယ်မျှ မကြားရပေ။
ကြီးမားသော အင်အားေအာက်တွင် အသံအားလုံး ပျောက်ကွယ်သွားပုံရသည်။
"ခလွမ်"
ခပ်တိုးတိုး အသံတစ်ခုကို ကြားလိုက်ရ၏။
အန္တိမကပ်ဘေးကြီး၏ အနက်ရောင်သွေး အကာကွယ်က နောက်ဆုံးတွင် ကျိုးပေါက်သွားပြီ။
ထို့နောက် အန္တိမကပ်ဘေးကြီးမှာ ခြေတစ်လှမ်းဆုတ်သွားရသည်။
ဤခြေလှမ်းက တိုင်းတစ်ပါး အင်မော်တယ်ဘုရင်များကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
"အန္တိမကပ်ဘေးကြီး ခြေတစ်လှမ်းဆုတ်ရပြီ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
မရေမတွက်နိုင်သော တိုင်းတပါးသားများက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်ကြသည်။
အန္တိမကပ်ဘေးကြီးက မည်သို့သော တည်ရှိမှုမျိုးဖြစ်သနည်း။
သူ့ကို ခြေတစ်လှမ်းသာ ဆုတ်သွားစေသော်လည်း လူတိုင်း၏နှလုံးသားတွင် တုန်လှုပ်စေရန် လုံလောက်သည်။
တစ်ဖက်တွင်မူ၊ ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ် အက်ကွဲနေပြီး သွေးစီးကျနေသော အပေါက်များစွာ ပေါ်လာတော့သည်။
နီရဲသော သွေးများက သူ၏ အဖြူရောင် အဝတ်အစားများကို သွေးရောင်ပြောင်းစေခဲ့သည်။
သူ့ခန္ဓာကိုယ်ကလည်း ကြယ်များစွာကို ဖောက်ထွက်သွားပြီးမှ ဟန်ချက်ထိန်းနိုင်လိုက်၏။ သူ့ပါးစပ်အတွင်းမှ သွေးများလည်း ထပ်မံ အန်ထွက်လာတော့သည်။
"အဖေ"
ကျွင်းရှောင်ယောက် အော်လိုက်သည်။ တချိန်တည်းမှာပင်၊ အေးစက်စက်ဖြင့် အန္တိမကပ်ဘေးကြီးကို လှမ်းကြည့်လိုက်၏။
သူက သက်ရှိသတ္တဝါအားလုံးကို ဂရုစိုက်ပြီး ကာကွယ်ထားသော ကျွင်းဝူဟွေ့နှင့် မတူပါ။
သူ့မိသားစုနှင့် သူလူများကိုသာ ဂရုစိုက်သည်။
ကျွင်းဝူဟွေ့ဆိုပါက သူ့အတွက် အနက်ရှိုင်းဆုံး သွေးသားတော်စပ်သူတစ်ဦးပင်။
ထို့ကြောင့် ကျွင်းဝူဟွေ့သည် ကျွင်းရှောင်ယောက်၏ ပြောင်းပြန်အကြေးခွံများထဲမှ တစ်ခုဖြစ်သည်။ သူ့ကို ထိခိုက်မခံနိုင်ပေ။
"မင်း မသေသေးဘူးပဲ၊ မင်းက ငါ့ရဲ့ မျှော်လင့်ချက်ကို တကယ် ကျော်လွန်သွားပြီ"
အန္တိမကပ်ဘေးကြီးမှာ သွေးများ စွန်းပေနေသော်လည်း မတ်တပ်ရပ်နေသေးသော ကျွင်းဝူဟွေ့ကိုကြည့်ရင်း အနည်းငယ် အံ့ဩသွားသည်။
"တိုက်ပွဲက မပြီးသေးဘူး"
ကျွင်းဝူဟွေ့က ပြောလိုက်၏။
နတ်ဘုရား ဆယ့်နှစ်ပါး ကောင်းကင်ကိုအမဲလိုက်ခြင်းသည် နတ်ဘုရားဘုရင်ခန္ဓာ၏ တားမြစ်နည်းလမ်းတစ်ခု ဖြစ်သည်။
သို့သော်လည်း ၎င်းက အန္တိမကပ်ဘေးကြီး၏ အနက်ရောင်သွေးအကာကွယ်ကို ဖြတ်ကျော်ပြီး ခြေတစ်လှမ်းသာ ဆုတ်သွားစေခဲ့၏။
သို့သော်ငြားလည်း၊ အမှန်အတိုင်းဝန်ခံရလျှင် ယင်းက အလွန်အံ့ဖွယ်ကောင်းသော စွမ်းဆောင်ရည်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
ဤအရာကြောင့် ကျွင်းဝူဟွေ့ကို မည်သူမျှ နှိမ့်ချမည်မဟုတ်သည့်အပြင် ပိုလို့ပင် ချီးကျူးနေဦးမည်။
အကြောင်းမူ၊ အန္တိမကပ်ဘေးကြီးကို ဤအတိုင်းအတာအထိ ရင်ဆိုင်နိုင်သူ နည်းပါးလွန်းသောကြောင့် ဖြစ်သည်။
ဧကရာဇ်ကြီးများပင်လျှင်၊ အန္တိမကပ်ဘေးကြီး၏ ရှေ့တွင် အလွန်အားနည်းနေသေးသည်။
ကျွင်းဝူဟွေ့က နတ်ဘုရားဘုရင်ခန္ဓာ၏ ပြန်လည်ဆန်းသစ်ခြင်းစွမ်းရည်ကို အသုံးပြုလိုက်သည်။
သို့သော်လည်း နတ်ဘုရားဘုရင်ခန္ဓာ၏ အမြုတေက ထိခိုက်သွားသောကြောင့် ပြန်လည် ကောင်းမွန်နိုင်စွမ်းမှာ ယခင်ကဲ့သို့ မမြင့်မားတော့ပေ။
ထိုအခိုက်တွင်၊ ကောင်းကင်မဲ့အမှောင်နယ်မြေ၏ အပြင်ဘက်မှ အားကောင်းသော အရှိန်အဝါများ ရုတ်တရက် ပေါ်လာသည်။
ယင်းက တိုင်းတပါးတွင် ကျန်နေသေးသော အင်မော်တယ်ဘုရင်များ ဖြစ်၏။
ပျက်စီးခြင်းနယ်စပ်တွင် ထိပ်သီး အကျော်အမော်များစွာကို စုစည်းထားသော်လည်း...
တိုင်းတစ်ပါး၏ ကျယ်ပြောလှသော နေရာများတွင် အင်မော်တယ်ဘုရင်တချို့ ရှိနေသေးသည်။
ဤအခိုက်အတန့်တွင်၊ အင်မော်တယ်ဘုရင်များစွာက ကောင်းကင်မဲ့အမှောင်နယ်မြေ၏ အပြင်ဘက်တွင် ပေါ်လာပြီ ဖြစ်သည်။
"မကောင်းတော့ဘူး"
ပျက်စီးခြင်းနယ်စပ်တွင်၊ ဤမြင်ကွင်းကို မြင်လိုက်ရသော အင်မော်တယ်နယ်မြေကြီးရှိ ကျင့်ကြံသူအားလုံး မျက်နှာပျက်သွားကြသည်။
အန္တိမကပ်ဘေးကြီး တစ်ဦးတည်းဖြင့်ပင် ကျွင်းဝူဟွေ့က အန္တရာယ်ရှိနေပြီ။
ယခုဆိုလျှင် နောက်ထပ် အင်မော်တယ်ဘုရင်များ ရောက်လာပြီ ဖြစ်သည်။
ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်တို့ သားအဖအတွက် သေခြင်းမှလွဲ၍ ဒုတိယရွေးချယ်စရာ မရှိတော့ပုံပင်။
"မကောင်းတော့ဘူး၊ ငါတို့ သူတို့ကို ကယ်တင်ရမယ်"
ကျွင်းမိသားစုမှ အကြီးအကဲတစ်ယောက်က စိုးရိမ်ပူပန်စွာဖြင့် အော်ဟစ်လိုက်သည်။
"စိတ်အေးအေးထားပါ၊ အခုမှသွားရင်တောင် နောက်ကျနေပြီ။ နောက်ပြီးတော့ ငါသူတို့ကို ယုံတယ်... ဝူဟွေ့က ဒီလောက်မိုက်မဲတဲ့သူ မဟုတ်ဘူး"
ကျွင်းမိသားစု၏ အဋ္ဌမ ဘိုးဘေး ကျွင်းထျန်းမင်က အေးစက်စက် ပြောလိုက်၏။
သို့သော်လည်း သူ့လကက်သီးကိုမူ တင်းတင်းဆုပ်ထားနေမိဆဲပင်။
"မကောင်းတော့ဘူး"
ကျွင်းရှန်းယွီအပါအဝင် ကျွင်းမိသားစု၏ ဧကရာဇ်ကြီးသုံးပါးက ထိုးဖောက်ကာ တိုင်းတပါးသို့ ပြေးဝင်သွားရန် ကြိုးစားလိုက်ကြသည်။
သို့သော်လည်းလည်း အန္တိမဧကရာဇ်မျိုးနွယ်များမှ အင်မော်တယ်ဘုရင်များ၏ တားဆီးခြင်းကို ခံလိုက်ရပေသည်။
"ဘယ်ကိုသွားမှာလဲ၊ ဒီမှာပဲ ပြပွဲကောင်းကို ဆက်ကြည့်နေစမ်းပါ"
အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်များက လှောင်ပြောင်လိုက်ကြသည်။
"ငါ့ကျွင်းမိသားစုကို ဒေါသထွက်စေရင် ဖြစ်လာမဲ့ အကျိုးဆက်ကို မင်းတို့ တိုင်းတပါးက ခံနိုင်ရည်ရှိပါ့မလား"
ကျွင်းရှန်းယွီ ဒေါသတကြီးဖြစ်သွားသည်။
ထိုအချိန်၊ ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
တိုက်ကြီးတစ်ခုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် နတ်လိပ်ကြီးတစ်ကောင်က အဘိုးအိုတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။
အဘိုးအိုက ကောင်းကင်မဲ့အမှောင်နယ်မြေရှေ့မှ ပိတ်ရပ်လိုက်၏။
"ရှန်းအောင်ဘုရင်... မင်း ဒါဘာသဘောလဲ"
အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်များ မျက်မှောင်ကြုတ်သွားကြသည်။
"ဘယ်သူမှ ဝင်လို့မရဘူး"
ရှန်းအောင်ဘုရင်က အေးစက်စက် ပြောလိုက်၏။
ကျွင်းဝူဟွေ့က သူ့ကို ကောင်းကင်မဲ့အမှောင်နယ်မြေထဲသို့ မဝင်စေခဲ့ပေ။
ရှန်းအောင်ဘုရင်က အားမနည်းသော်လည်း အန္တိမကပ်ဘေးကြီးနှင့် ရင်ဆိုင်ရသောအခါ၊ ကျွင်းဝူဟွေ့ထက် ပို၍ အန္တရာယ်များနိုင်သောကြောင့် ဖြစ်သည်။
"ရှန်းအောင်ဘုရင်... မင်းက ငါတို့ ကမ္ဘာကို သစ္စာဖောက်တော့မှာလား"
အင်မော်တယ်ဘုရင်များ ဒေါသထွက်လာသည်။
ရှန်းအောင်ဘုရင်က ဘာမျှ မပြောတော့ဘဲ အားကောင်းသော အရှိန်အဝါများကို ထုတ်ဖော်လိုက်၏။
ဤအချိန်မျိုးတွင် စကားလုံးများက အဓိပ္ပါယ်မရှိပေ။
သူတစ်ယောက်တည်း ဖြစ်နေသော်လည်း ကျွင်းဝူဟွေ့အတွက် ရန်သူများကို အကောင်းဆုံး တားဆီးသွားမည် ဖြစ်သည်။
"ငါ ရှန်းအောင်ဘုရင်က ငါ့ကျေးဇူးရှင်မိသားစုအတွက် အရိုးကြေကြေ အရေခန်းခန်း ကြိုးစားသွားဖို့ ဆန္ဒရှိတယ်"
ရှန်းအောင်ဘုရင်က ဟိန်းဟောက်ပြီး အင်မော်တယ်ဘုရင်များကို ပြေးဝင်တိုက်ခိုက်လိုက်တော့သည်။
"ဟမ်၊ ဒီအင်မော်တယ်ဘုရင်က..."
ပျက်စီးခြင်းနယ်စပ်တွင်၊ ကျွင်းမိသားစုမှ ရှေးဘိုးဘေးတစ်ဦး၏ မျက်လုံးများက အရောင်လက်သွားသည်။
ကျွင်းမိသားစု၏ မှတ်တမ်းဟောင်းများတွင် ဝေးကွာလှသော ဘိုးဘေးကြီးက တားမြစ်နယ်မြေတစ်ခုတွင် နတ်လိပ်တစ်ကောင်ကို ကယ်တင်ခဲ့ဖူးကြောင်း မှတ်တမ်းတင်ထားသည်။
သို့သော်လည်း အကြောင်းစုံမရှင်းပြထားဘဲ ဝေဝါးဝါး ဖြစ်၏။
သူ့ကို တိုင်းတပါးတွင် ခေတ်ပေါင်းများစွာ ခိုအောင်းနေခဲ့သည့်အပြင်၊ တိုင်းတစ်ပါး၏ အင်မော်တယ်ဘုရင်လည်း ဖြစ်လာဦးမည်ဟု မမျှော်လင့်ခဲ့ပေ။
"ဒါပေမဲ့ သူတစ်ယောက်တည်းနဲ့ တားဆီးနိုင်မှာ မဟုတ်ဘူး"
ကျွင်းမိသားစုမှ အကြီးအကဲအချို့က စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။
ထိုအချိန်...
ကျွင်းရှောင်ယောက်သည် ကောင်းကင်မဲ့အမှောင်နယ်မြေ၏ အစွန်းတွင် အင်မော်တယ်ဘုရင်များ၏ အငွေ့အသက်များ ရုတ်တရက် ပေါ်လာသည်ကို သတိပြုမိသွားသည်။
ကျွင်းရှောင်ယောက်လည်း မတုံ့ဆိုင်းတော့ဘဲ အနီရောင် လီလီပန်းပွင့်ကို ထုတ်ယူလိုက်၏။
တစ်ချိန်တည်းမှာပင် သူ့လက်ကောက်ဝတ်တွင် အနီရောင်ကြိုးမျှင်တစ်ကြောင်း ပေါ်လာတော့သည်။
"ဒီတစ်ခါမှာ မင်းတို့ရဲ့ကတိတွေကို ထိန်းထားနိုင်မလားဆိုတာ ကြည့်ရအောင်"
ကျွင်းရှောင်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ယခုအချိန်သည် အလွန်အရေးကြီးသော အချိန် ဖြစ်သည်။
အောင်မြင်နေချိန်တွင် ဝန်းရံမည့်သူ မရှားသော်လည်း ကျဆုံးချိန်မှာတော့ ဖေးမမည့်သူ နည်းပါးလှသည် မဟုတ်ပါလား။