အခန်း ၁၁၀၂
Vol. 74 Ch. 1102
အခန်း ( ၁၁၀၂ ) ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင် အမှောင်ထုသို့ ကျဆင်းတော့မည်လော။
ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းပွင့်ကို ထုတ်ယူလိုက်သည်။
ရုတ်တရက်... သူ့အနောက်ဘက် လေထဲတွင် အနီရောင်ပန်းပွင့်ကြီးတစ်ပွင့် မျောလွင့်ပြီး ပေါ်လာ၏။
တုနှိုင်းမယှဉ်သာသော အလှမျိုးဖြင့် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးလည်း ပေါ်လာသည်။
ထိုအမျိုးသမီးပုံရိပ်က အနီရောင်လီလီပန်းလေးများ၏ မိခင်သည်ပင်။
ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းကို တစ်ကြိမ်သာ အသုံးပြုခဲ့ဖူးသည်။
ထိုစဉ်က ဝေးကွာသော နယ်မြေကိုဖြတ်ကျော်ပြီး ဖာချီဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်တစ်ပိုင်း အကျော်အမော်ကို သတ်ဖြတ်ခဲ့ပေသည်။
ယခုလည်း အနီရောင်လီလီပန်းလေးများ၏ မိခင် ပုံရိပ်က တစ်ဖန်ပေါ်လာ ဖြစ်သည်။
သူမက တိုက်ခိုက်ရန်အတွက် ကောင်းကင်မဲ့အမှောင်နယ်မြေ၏ အစွန်းသို့ ပျံသန်းသွားတော့သည်။
"အနီရောင်လီလီပန်းလေးများရဲ့ မိခင်လား"
ရှန်းအောင်ဘုရင် အံ့အားသင့်သွားသည်။
'ဒါက သခင်လေး ရှောင်ယောက်ရဲ့ နည်းလမ်းပဲဖြစ်လိမ့်မယ်ထင်တယ်'
ရှန်းအောင်ဘုရင်က သူ့စိတ်ထဲမှ တွေးလိုက်၏။
သူ့စိတ်ထဲမှ သက်ပြင်းလည်း ချနေမိသည်။
ကျား အဖေတွင် ခွေး သားမရှိပေ။
ဤသားအဖက မကောင်းဆိုးရွားဆန်လွန်းသည်။
အနီရောင်လီလီပန်းလေးများ၏ မိခင် ပုံရိပ်ကို မြင်ရသောအခါ ကျွင်းရှောင်ယောက်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
အမှန်အတိုင်းပြောရလျှင်၊ အနီရောင်လီလီပန်းလေးများ၏ မိခင် မူလခန္ဓာ ပေါ်လာမည်ဟု အနည်းငယ် တွေးမိသည်။
နောက်ဆုံးမှာတော့ သူသည် သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ ပြန်လည်ဝင်စားခြင်းတစ်မျိုးပင် မဟုတ်လော။
သို့သော်လည်း ကျွင်းရှောင်ယောက်ဟာ အနည်းငယ် မျှော်လင့်မိရုံသာ ဖြစ်သည်။
လာခြင်း၊ မလာခြင်းက သူမ၏ ကိုယ်ပိုင်ကိစ္စပင်။
ထိုအချိန်၊ လေထဲမှ အဆုံးမဲ့ အလင်းများ တောက်ပလာသည်။
အလင်းထဲတွင်၊ သက်ရှိအားလုံးထက် သာလွန်ပြီး လှပကာ ဆွဲဆောင်မှုရှိသော ရုပ်ပုံလွှာတစ်ခု ထွက်ပေါ်လာ၏။
နူးညံ့ပုံရသော အမွေးပွဖြင့် မြေခွေးအမြီးကိုးချောင်းကလည်း သူ့နောက်တွင် လှုပ်ရှားနေသေးသည်။
သူမ၏ ကျက်သရေရှိမှုက အနီရောင်လီလီပန်းလေးများ၏ မိခင်ထက် မနိမ့်ကျပါ။
သူမက တုရှန်ဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင် အမြီးကိုးချောင်းဘုရင်တာ့ဖေး ဖြစ်သည်။
တုရှန်ဧကရာဇ်မျိုးနွယ်၏ အိမ်ထောင်ရေးညီလာခံတွင်... ကျွင်းရှောင်ယောက်သည် တုရှန်ဧကရာဇ်မျိုးနွယ်၏ ချစ်ခြင်းအိပ်မက် အင်မော်တယ်ကျမ်းကို ပြုပြင်ပေးခဲ့သည်။
ထို့ကြောင့်၊ အမြီးကိုးချောင်း ဘုရင်တာ့ဖေးက ကျွင်းရှောင်ယောက်ကို တစ်ကြိမ် မျက်နှာသာပေးမည်ဟု ကတိပေးခဲ့ပေသည်။
"အမြီးကိုးချောင်းဘုရင်၊ အနီရောင်လီလီပန်းလေးများရဲ့ မိခင်... မင်းတို့နှစ်ယောက်ကလည်း ငါတို့ကမ္ဘာကို သစ္စာဖောက်တာလား"
ထိုလူနှစ်ယောက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ၊ အင်မော်တယ်ဘုရင်များ၏ မျက်နှာများက ပို၍ လေးနက်လာသည်။
ရှန်းအောင်ဘုရင် တစ်ယောက်တည်းသာဖြစ်လျှင်၊ သူတို့ ပူးပေါင်းပြီး အမြန် ဖိနှိပ်နိုင်ဦးမည်။
သို့သော်လည်း အနီရောင်လီလီပန်းလေးများ၏ မိခင်နှင့် အမြီးကိုးချောင်း ဘုရင်တာ့ဖေးတို့ ပါဝင်လာလျှင်တော့ သူတို့ မသေချာတော့ပါ။
အမြီးကိုးချောင်း ဘုရင်တာ့ဖေးက ကိုယ်တိုင် ရောက်လာခြင်း ဖြစ်သည်။
ထို့ပြင်၊ အနီရောင်လီလီပန်းလေးများ၏ မိခင်က ပုံရိပ်တစ်ခုမျှသာဖြစ်လျှင်ပင် လျှော့တွက်၍ မရနိုင်ပေ။
"ဟင်း... ငါက သစ္စာဖောက်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကောင်လေးကို အကြွေးတစ်ခုတင်နေတယ်။ အားလုံးပဲ ငါ့ကို ခက်ခဲအောင် မလုပ်ကြပါနဲ့"
အမြီးကိုးချောင်း ဘုရင်တာ့ဖေးက ချိုသာစွာ ပြောလိုက်သည်။
သို့သော်လည်း သူမ၏ ချိုသာသော စကားသံက မည်သူ့ကိုမဆို စိတ်ရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်စေနိုင်ပုံရ၏။
အင်မော်တယ်ဘုရင်များပင်လျှင် သူတို့၏ နှလုံးသားများ အနည်းငယ်လှုပ်ရှားပြီး ခေါင်းညိတ်တော့မလို ဖြစ်ခဲ့ရသည်။
"အခု မင်းကူညီနေတဲ့သူက အင်မော်တယ်နယ်မြေကြီးက ကျွင်းမိသားစုရဲ့ လူတွေဆိုတာ သိရဲ့လား။ ဘာကြောင့်ပဲဖြစ်ဖြစ် သူတို့ကို ကူညီတာက ငါတို့ကို သစ္စာဖောက်တာပဲ"
အင်မော်တယ်ဘုရင်တစ်ပါးက အေးစက်စက် ပြောလိုက်၏။
"အဲဒီတုန်းက သူ့ကို ကျွင်းမိသားစုကမှန်း မသိခဲ့ဘူးလေ။ ဒါကြောင့် အခုမှ သိရရင်တောင် ငါ့ကတိကိုတော့ ဖောက်ဖျက်မှာ မဟုတ်ဘူး"
အမြီးကိုးချောင်း ဘုရင်တာ့ဖေး၏ လေသံက အနည်းငယ် အေးစက်သွားသည်။
"ဟမ့်၊ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြရုံပဲရှိတော့တာပေါ့"
တိုင်းတပါး၏ အင်မော်တယ်ဘုရင်များလည်း တိုက်ပွဲကို စတင်လိုက်တော့သည်။
အနီရောင်လီလီပန်းလေးများ၏ မိခင်၊ ရှန်းအောင်ဘုရင်နှင့် အမြီးကိုးချောင်း ဘုရင်တာ့ဖေးတို့လည်း လှုပ်ရှားလိုက်ကြသည်။
ရုတ်တရက်၊ ကောင်းကင်မဲ့အမှောင်နယ်မြေ အပြင်ဘက်တွင် အင်မော်တယ်ဘုရင်များကြားမှ တိုက်ပွဲကြီး စတင်ပြီး ကမ္ဘာကြီးကို တုန်လှုပ်စေခဲ့တော့သည်။
ကျွင်းရှောင်ယောက်လည်း သက်ပြင်းတစ်ချက်ချလိုက်သည်။
အမြီးကိုးချောင်း ဘုရင်တာ့ဖေးက သူ၏ အထောက်အထားအမှန်ကို သိပြီးနောက်မှာပင်၊ သူမ၏ကတိကို တည်မြဲနေသေးသည်။
ယင်းက ကျွင်းရှောင်ယောက်ကို အမှန်တကယ် အလေးထားစေခဲ့သည်။
"ဒီအတိုင်းဆိုရင်တော့ လောလောဆယ်မှာ ငါတို့ကို ဘယ်သူမှ နှောင့်ယှက်လို့ မရတော့ဘူး။ ဒါပေမဲ့... တကယ့် အကျပ်အတည်းက အဲဒီ အင်မော်တယ်ဘုရင်တွေ မဟုတ်ဘူး၊ အန္တိမကပ်ဘေးကြီးပဲ"
ကျွင်းရှောင်ယောက်က တိုက်ပွဲကို တစ်ဖန် လှည့်ကြည့်လိုက်သည်။
ကျွင်းဝူဟွေ့က မတ်တပ်ရပ်နေသေးသော်လည်း သူ၏ အဖြူရောင်အဝတ်အစားများက သွေးချင်းချင်းနီနေပြီ။
"ဒီငြီးငွေ့စရာကောင်းတဲ့ တိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်ပါစေ"
အန္တိမကပ်ဘေးကြီးက စိတ်ရှည်မှု ကုန်ဆုံးသွားပုံရသည်။
ကျွင်းဝူဟွေ့၏ ခွန်အားက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွား၏။
သို့သော်လည်း သူ့အတွက်တော့ ကျွင်းဝူဟွေ့က သစ်ပင်ကြီးကို လှုပ်ခါရန် ကြိုးစားနေသည့် ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေသေးသည်။
အန္တိမကပ်ဘေးကြီးက ထပ်မံ တိုက်ခိုက်လိုက်သည်။
ဤလက်ဖဝါးက ကျွင်းဝူဟွေ့ တစ်ဦးတည်းကို မရည်ရွယ်ပေ။
ကျွင်းရှောင်ယောက်ကိုပါ တစ်ခါတည်း ချေမှုန်းပြီး ဖယ်ရှားပစ်ချင်သည်။
"သခင်..."
စူးဟုန်ယီ၏ အနီရောင်မျက်လုံးများက သွေးရောင်ပြောင်းလာသည်။
"နောက်ကိုဆုတ်နေ"
ကျွင်းရှောင်ယောက်က သူ့လက်ကိုဝှေ့ယမ်းပြီး စူးဟုန်ယီကို ဧရိယာအပြင်သို့ ပို့လွှတ်လိုက်၏။
ကာကူရာကတော့ ကြောင်တက်တက်ဖြင့် ကြည့်နေဆဲပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်က သူ့ကို ဂရုမစိုက်တော့ပါ။ ဤအခိုက်တွင် သူ မျက်မှောင်ကြုတ်နေသည်။
သေခြင်းတရားကို စောင့်ဆိုင်းခြင်းက ကျွင်းရှောင်ယောက်၏ ပုံစံမဟုတ်ပေ။
"ဝုန်း"
ကျွင်းဝူဟွေ့က ကျွင်းရှောင်ယောက်၏ရှေ့တွင် ဝင်ရပ်လိုက်သည်။
ကြောက်စရာကောင်းသော အမှောင်နိယာမများနှင့် အနက်ရောင်သွေးစွမ်းအင်များက ကျွင်းဝူဟွေ့ကိုဖုံးအုပ်သွား၏။
"ဟားဟားဟား၊ ငါ စိတ်ပြောင်းသွားပြီ။ အနက်ရောင် သွေးနဲ့ မင်းရဲ့ စိတ်နေစိတ်ထားကို ပျက်စီးစေပြီး မင်းကိုယ်မင်း အမှောင်ထုထဲ ကျရောက်သွားအောင် တွန်းပို့လိုက်မယ်။ ဒီလိုဆိုရင် ပိုပြီး အံ့ဩစရာကောင်းမယ် မဟုတ်လား"
အန္တိမကပ်ဘေးကြီးက ရယ်မောလိုက်သည်။ သူက ကျွင်းဝူဟွေ့၏ အသိစိတ်ကို ဖျက်ဆီးချင်သည်။
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ကို သတ်ဖြတ်ခြင်း၏ အမှောင်နတ်ဘုရားအဖြစ် ပြောင်းလဲစေလိမ့်မည်။
"အဖေ"
ကျွင်းရှောင်ယောက် တုန်လှုပ်သွားသည်။ ကစဉ့်ကလျား စွမ်းအင်များက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွား၏။ အနှ်ိုင်းနတ်ဘုရားသွေးကလည်း ဆူပွက်လာတော့သည်။
တစ်ချိန်တည်းမှာပင်၊ အနက်ရောင်သွေးက အသက်ဝင်လာပြီး သူ၏ အနက်ရောင်ဆံပင်များက အဖြူရောင်ပြောင်းသွားသည်။ တချိန်တည်းမှာပင် သူ့မျက်လုံးများက ခရမ်းရောင်ဖျော့ဖျော့အလင်းများ လင်းလက်လာ၏။
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပေါက်ဖွားလာပြီ။
"အလို... မင်းက အနက်ရောင်သွေးရဲ့ စွမ်းအားကို ဘယ်လို ထိန်းချုပ်နိုင်တာလဲ"
အန္တိမကပ်ဘေးကြီးက အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူ ဖြစ်၏။ သို့သော်လည်း အနက်ရောင်သွေးစက်ကြောင့် ရူးသွပ်သွားရုံသာမကဘဲ၊ အနက်ရောင်သွေး၏ စွမ်းအားကို အမှန်တကယ် ထိန်းချုပ်နိုင်နေသည်။
ဤသည်မှာ အန္တိမကပ်ဘေးကြီး၏ မျှော်မှန်းချက်ထက် အမှန်တကယ် ကျော်လွန်သွားပေပြီ။
ကျွင်းရှောင်ယောက်က အံ့မခန်း အင်အားမျိုးဖြင့် ကျွင်းဝူဟွေ့ကို ဖုံးလွှမ်းနေသော အနက်ရောင်သွေးများကို တိုက်ခိုက်လိုက်သည်။
သို့သော်... မဖျက်ဆီးနိုင်ခဲ့ပေ။
ကျွင်းရှောင်ယောက်က အမြင့်ဆုံးအခြေအနေကို ကျော်ဖြတ်ခဲ့သော အဓိပဓိ ဖြစ်သည်။
သို့သော်လည်း နောက်ဆုံးမှာတော့ အဓိပတိသာ ဖြစ်နေသေးသည်။
အန္တိမကပ်ဘေးကြီးကဲ့သို့သော တည်ရှိမှုများနှင့် ယှဉ်ပြိုင်ရန် ဝေးကွာနေဆဲ ဖြစ်သည်။
"စိတ်ဝင်စားစရာပဲ၊ ဒီလိုဆိုမှတော့ မင်းရဲ့ အသိစိတ်ကို ဖျောက်ဖျက်ပြီး စစ်မှန်တဲ့ နတ်ဆိုးဧကရာဇ်ဖြစ်လာအောင် လုပ်လိုက်ကြရအောင်"
အန္တိမကပ်ဘေးကြီးက အေးစက်စက် ပြောပြီး သူ့လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ အနက်ရောင်သွေး စွမ်းအင်များဖြင့် ကျွင်းရှောင်ယောက်ကိုလည်း ညစ်ညမ်းစေရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။
အမှန်အတိုင်း ဝန်ခံရလျှင် ကျွင်းရှောင်ယောက်၏ စွမ်းရည်များက အန္တိမကပ်ဘေးကြီးကိုပင် အံ့အားသင့်စေခဲ့သည်။
ထိုပါရမီရှင်မျိုး သေဆုံးသွားပါက နှမြောစရာပင်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ကို သတ်လိုက်မည့်အစား... စစ်မှန်သော နတ်ဆိုးဧကရာဇ် ဖြစ်လာစေခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဟု သူယူဆမိသည်။
နီးကပ်လာသော အနက်ရောင်လက်ကြီးကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက အလွန်စူးရှလာသည်။
"ငါ ကျွင်းရှောင်ယောက်က မင်းရဲ့ အသုံးချတာကိုတော့ ဘယ်တော့မှမခံဘူး"
ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်တွင်းရှိ အနှိုင်းမဲ့နတ်ဘုရားသွေးက ပူလောင်ကာ ဆူပွက်နေ၏။
သူက တစ်စုံတစ်ခုကို စမ်းကြည့်ချင်သည်။
သို့သော်...
ထိုအခိုက်တွင်...
ဟင်းလင်းပြင်က အက်ကွဲသွားပြီး သွယ်လျသော လူရိပ်တစ်ခုက ကျွင်းရှောင်ယောက်၏ရှေ့တွင် ပေါ်လာသည်။
ထိုလူရိပ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။
အနှိုင်းမဲ့ လှပပြီး ကျက်သရေရှိ၏။
သူမက ခြေဗလာဖြင့် လျှောက်လှမ်းလာကာ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မဟာတာအိုနိယာမများ တုန်ခါသွားလေသည်။
မရေမတွက်နိုင်သော အနီရောင်လီလီပန်းများကလည်း လေထဲတွင် အပြည့် ပွင့်လန်းလျက် ရှိသည်။
မမှားပေ၊ ရောက်လာသူက အနီရောင်လီလီပန်းလေးများ၏ မိခင် ဖြစ်သည်။
သို့ရာတွင်... ပုံရိပ်တစ်ခုမဟုတ်ဘဲ မူလခန္ဓာ ရောက်ရှိလာခြင်း ဖြစ်တော့သည်။