အခန်း ၁၁၀၄
Vol. 74 Ch. 1104
အခန်း ( ၁၁၀၄ ) ကျေးဇူးပြုပြီး အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ခိုက်ပါ။
အံ့သြထိတ်လန့်ဖွယ် ဟိန်းဟောက်လိုက်သံက အမှောင်စကြာဝဠာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
အမှောင်ယံည ကုန်ဆုံးပြီးနောက် အာရုံဦးအလင်းရောင် ထွက်ပေါ်လာသကဲ့သို့...
ပြိုးပြိုးပြက်ပြက် တောက်ပနေသော အလင်းများက အနက်ရောင်သွေးစွမ်းအင်များကို ဖြတ်ကျော်သွား၏။
အနက်ရောင်သွေးစက်လုံးအတွင်းမှ အဆုံးမဲ့ နတ်အလင်းများ ဖြာထွက်နေသော လူရိပ်တစ်ခု ပျံထွက်လာတော့သည်။
အနက်ရောင်ဆံပင်များက လေထဲတွင် လူးလွန့်နေပြီး သွေးစွန်းနေသည့် အဖြူရောင် အဝတ်အစားများကလည်း တဖျတ်ဖျတ် လှုပ်ရှားနေသည်။
သူ့မျက်လုံးများကလည်း နေနှင့်လကဲ့သို့ တောက်ပနေ၏။
နတ်ဘုရားဘုရင် ပေါ်လာပြီ။
ယခုအချိန်မှာတော့ နတ်တိုင်းပြည်သုံးထောင်၏ ထူးခြားသောမြင်ကွင်းမျိုး မရှိတော့ပါ။
အကြောင်းမှာ နတ်ပြည်သုံးထောင်စလုံးကို နတ်ဘုရားဘုရင်ခန္ဓာကိုယ်တွင်းသို့ ဖိသိပ်ထည့်လိုက်ခြင်းကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် ကျွင်းဝူဟွေ့၏ နတ်ဘုရားဘုရင်ခန္ဓာက အကန့်အသတ်ကို ကျော်ဖြတ်ပြီး အဆင့်သစ်တစ်ခုသို့ ထပ်မံ တက်လှမ်းခဲ့ပေသည်။
"အဲဒါက..."
ပျက်စီးခြင်းနယ်စပ်တွင်၊ အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ကျွင်းမိသားစုမှ အကြီးအကဲများလည်း ခေတ္တအံ့သြနေပြီးမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြလေသည်။
"ဝူဟွေ့က မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ နတ်ဘုရားဘုရင်ခန္ဓာကို သူ ပြီးပြည့်စုံအောင် အသုံးပြုနိုင်ခဲ့ပြီ"
"အမှန်ပဲ၊ နတ်ဘုရားဘုရင်ခန္ဓာမှာ နောက်ထပ်လက္ခဏာတစ်ခုရှိတယ်၊ အဆုံးမဲ့ တိုက်ခိုက်ချင်စိတ်ရှိပြီး ပြိုင်ဘက်က သန်မာသလောက် သူကလည်း ပိုပြီး သန်မာလာလိမ့်မယ်"
"ရန်သူက ပိုအားကောင်းလေ၊ နတ်ဘုရားဘုရင်ခန္ဓာရဲ့ အလားအလာကို လှုံ့ဆော်နိုင်လေလေပဲ။ နောက်ပြီး သူ့အစွမ်းအစကို ကန့်သတ်ချက်အထိ တွန်းထုတ်ပြီး အထွတ်အထိပ်ကို ဖြတ်ကျော်နိုင်လိမ့်မယ်"
ကျွင်းမိသားစုအပြင်... အခြား ရှေးဟောင်းမျိုးနွယ်များမှ အကျော်အမော်များလည်း တအံ့တဩဖြင့် သက်ပြင်းချလိုက်ကြလေသည်။
တိုင်းတစ်ပါး၏ အင်မော်တယ်ဘုရင်အပေါင်းမှာတော့ တိတ်ဆိတ်သွားကြသည်။
"ကျွင်းဝူဟွေ့... ကျွင်းဝူဟွေ့"
အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပါးက အေးစက်စက်ဖြင့် ရေရွတ်လိုက်သည်။
ထိုမြင်ကွင်းကို မြင်နေရသော အမာရွတ်လေးခုသခင်ကြီးနှင့် အခြား နယ်ခြားစောင့်များလည်း အလွန် စိတ်လှုပ်ရှားသွားကြ၏။
"ငါ့ရဲ့ ကျေးဇူးရှင်က ဘုရင်ဖြစ်ဖို့ မွေးဖွားလာတာကွ"
အမာရွတ်လေးခု သခင်ကြီးက အော်ဟစ်လိုက်သည်။
"နတ်ဘုရားဘုရင်... ကျေးဇူးပြုပြီး အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ခိုက်ပါ"
နယ်ခြားစောင့်တစ်ဦးက ကောင်းကင်မဲ့ အမှောင်နယ်မြေ ဦးတည်ရာသို့ မျက်နှာမူကာ ဒူးတစ်ဖက်ထောက်ပြီး ကောင်းကင်သို့ မော့၍ အော်ဟစ်လိုက်သည်။
"နတ်ဘုရားဘုရင်... ကျေးဇူးပြုပြီး အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ခိုက်ပါ"
နောက်တစ်ဦးလည်း မျက်လုံးများ နီရဲနေပြီး ဒူးတစ်ဖက်ထောက်ကာ အော်ဟစ်လိုက်၏။
ထို့နောက် တတိယ...
စတုတ္ထ...
ပဉ္စမ...
နယ်ခြားစောင့်များ အော်ဟစ်လိုက်ကြသည်။
"နတ်ဘုရားဘုရင်... ကျေးဇူးပြုပြီး အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ခိုက်ပါ"
အမာရွတ်လေးခုသခင်ကြီးလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
တစ်ဦးမှ တစ်ဆယ်၊ တစ်ဆယ်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်...
တဖြည်းဖြည်း ပျံ့နှံ့သွားကာ အင်အားစုကြီးအသီးသီး၏ ကျင့်ကြံသူများ လိုက်ပါအော်ဟစ်ကြတော့သည်။
မျိုးဆက်ဟောင်းဖြစ်စေ.. မျိုးဆက်သစ်ဖြစ်စေ...
ကျွင်းမိသားစု၏ ဧကရာဇ်တစ်ပိုင်း ဘိုးဘေးများနှင့် ဧကရာဇ်ကြီး ကျွင်းရှန်းယွီတို့ပါ ကောင်းကင်မဲ့အမှောင်နယ်မြေသို့ လှမ်းမျှော်ကြည့်ရင်း အော်ဟစ်လိုက်ကြသည်။
"ကျွင်းဝူဟွေ့... ကျေးဇူးပြုပြီး အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ခိုက်ပါ"
ကျွင်းမိသားစု၏ ပြိုင်ဘက်ဖြစ်သော ဖူရှီအင်မော်တယ်မျိုးရိုး၏ ဧကရာဇ်ကြီးပင်လျှင် သက်ပြင်းချကာ ကောင်းကင်မဲ့အမှောင်နယ်မြေသို့ လက်ယှက်ပြလိုက်သည်။
"နတ်ဘုရားဘုရင်... ကျေးဇူးပြုပြီး အင်မော်တယ်နယ်မြေကြီးအတွက် တိုက်ခိုက်ပါ"
အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူအားလုံး အော်ဟစ်လိုက်ကြသည်။
မရေမတွက်နိုင်သော အသံများက လှိုင်းလုံးကြီးများအဖြစ် ကောင်းကင်ကို ရိုက်ခတ်သွား၏။
နယ်စပ်တစ်ခုလုံး တုန်ခါကာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ပဲ့တင်ထပ်နေတော့သည်။
"ဝုန်း"
ရုတ်တရက်... မရေမတွက်နိုင်သော အလင်းတန်းများက ပျက်စီးခြင်းနယ်စပ်နှင့် အင်မော်တယ်နယ်မြေကြီး၏ နေရာအနှံ့မှ ထွက်ပေါ်လာခဲ့သည်။
"ဟင်... ဒါ... ဒါက ယုံကြည်ခြင်းစွမ်းအားတွေပဲ"
အနောက်ဘက်နိဗ္ဗာန်ဘုံနှင့် ကုရ်အာန် သူတော်စင်ဂိုဏ်းမှ အကျော်အမော်များလည်း ဤမြင်ကို မြင်ရသောအခါ အလွန် တုန်လှုပ်သွားကြသည်။
အလင်းတန်းတိုင်းက အင်မော်တယ်နယ်မြေကြီးမှ သတ္တဝါများ၏ ဆုတောင်းခြင်းနှင့် ယုံကြည်ခြင်းစွမ်းအား ဖြစ်၏။
ကျွင်းဝူဟွေ့ကို နယ်စပ်နှင့် အင်မော်တယ်နယ်မြေကြီးအား ဆက်လက်ကာကွယ်နိုင်ပါစေဟု ဆုတောင်းခဲ့ကြသည်။
အဆုံးမဲ့ ယုံကြည်ခြင်းစွမ်းအားများက အင်မော်တယ်နယ်မြေကြီး၏ နေရာအနှံ့မှ ထွက်ပေါ်လာပြီး ကောင်းကင်မဲ့အမှောင်နယ်မြေသို့ ပျံသန်းသွားတော့သည်။
သက်ရှိသတ္တဝါ တစ်ဦး၏ ယုံကြည်ခြင်းစွမ်းအားက မီးပွားတစ်ခုကဲ့သို့ အရေးမပါပေ။
သို့ရာတွင်... မီးပွားများ စုစည်းလာသောအခါမှာတော့ မီးတောက်ကြီးတစ်ခု ဖြစ်လာနိုင်သည်။
"ယုံကြည်ခြင်းစွမ်းအားတွေပါလား... ဘယ်လိုဖြစ်တာလဲ"
ကောင်းကင်မဲ့အမှောင်နယ်မြေ အပြင်ဘက်တွင် တိုက်ခိုက်နေသော အင်မော်တယ်ဘုရင်များလည်း တုန်လှုပ်စွာဖြင့် ခဏတာ ရပ်တန့်သွားကြသည်။
"ဒီတော့ ဒါက ယုံကြည်ခြင်းစွမ်းအားပေါ့"
ရှန်းအောင်ဘုရင်လည်း အံ့အားသင့်သွားလေသည်။
ထာဝရညကဲ့သို့ အမှောင်နယ်မြေအတွင်း၌ ယုံကြည်ခြင်းစွမ်းအား အလင်းတန်းများမှာ တောက်ပစွာ ပျံသန်းသွားသည်။
ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်အတွင်း၌ ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာ၏။
အဆုံးမရှိသော ယုံကြည်ခြင်းစွမ်းအားဖြင့် ကောင်းချီးပေးခံရပြီးနောက်...
ကျွင်းဝူဟွေ့၏ တစ်ကိုယ်လုံးက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေတော့သည်။
"ကြွယ်ဝလိုက်တဲ့ ယုံကြည်ခြင်းစွမ်းအားပါလား"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့ဩတုန်လှုပ်မှုတို့ ပေါ်လာသည်။
ယုံကြည်ခြင်းမျိုးစေ့ကို ရရှိပြီးနောက် ယုံကြည်ခြင်း၏ စွမ်းအားကို လေ့လာကာ ကံကြမ္မာနတ်ဘုရားဂိုဏ်းကို သူ ထူထောင်ခဲ့သည်။
အဆုံးတွင်၊ သန်းပေါင်းများစွာသော ယုံကြည်သူများကို ရရှိခဲ့ပေသည်။
သို့သော်လည်း ကျွင်းဝူဟွေ့၏ ပတ်ဝန်းကျင်မှ ယုံကြည်ခြင်းစွမ်းအားက ကျွင်းရှောင်ယောက်ကို သက်ပြင်းချစေခဲ့သည်။
စစ်မှန်သောသူရဲကောင်းများသာလျှင် သက်ရှိသတ္တဝါအားလုံး၏ မြင့်မြတ်သော ယုံကြည်ခြင်းစွမ်းအားကို ခံယူရလိမ့်မည်။
ဤအခိုက်အတန့်တွင်၊ ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်က နတ်မီးတောက်များဖြင့် တောက်လောင်နေသည်။
သူ၏ အနက်ရောင်ဆံပင်များက တောက်ပသော ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွား၏။
သူ၏ မျက်နှာပေါ်တွင်လည်း လျှို့ဝှက်ဆန်းကျယ်သော အမှတ်အသားများ ပေါ်လာတော့သည်။
နေနှင့်လကဲ့သို့ သူ၏ မျက်လုံးများသည်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော ရွှေရောင်အဖြစ် ပြောင်းလဲသွားသည်။
ယခုအချိန်တွင်၊ ကျွင်းဝူဟွေ့၏ နတ်ဘုရားဘုရင်ခန္ဓာက မကြုံစဖူးသော အဆင့်သစ်တစ်ခုသို့ ရောက်နေပြီ။
"ဒါက နတ်ဘုရားဘုရင်ခန္ဓာရဲ့ အဆုံးစွန် အသွင်ကူးပြောင်းမှုပဲလား"
အင်မော်တယ်နယ်မြေကြီးမှ အကျော်အမော်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
နတ်ဘုရားဘုရင်ခန္ဓာက တာအိုခန္ဓာသုံးထောင်တွင် အလွန်မြင့်မားသော အဆင့်ရှိသည်။
ခေတ်ကာလတစ်လျှောက်လုံးတွင် အံ့သြဖွယ်ကောင်းသော နတ်ဘုရားဘုရင်ခန္ဓာများ ရှိခဲ့သည်။
သို့သော်လည်း ဒဏ္ဍာရီများအရ နတ်ဘုရားဘုရင်ခန္ဓာတွင် ထိုက်ချူးနတ်ဘုရားဘုရင်ခန္ဓာဟူသော အဆုံးစွန် အသွင်ကူးပြောင်းမှုတစ်ခု ရှိသေးသည်။
သို့ရာတွင်... ထိုကဲ့သို့ ထိုက်ချူးနတ်ဘုရားဘုရင်ခန္ဓာအဖြစ် အသွင်ကူးပြောင်းမှုက အလွန် ရှားပါးသည်။ သမိုင်းတစ်လျှောက်တွင် ထိုသို့ အသွင်ကူးပြောင်းနိုင်သော နတ်ဘုရားဘုရင်ခန္ဓာက များများမရှိပေ။
ထိုအကြောင်း ရိုးရှင်းသော မှတ်တမ်းတစ်ခုသာ ရှိခဲ့သည်။
အစစ်အမှန်နဂါးကို အမှုန့်ကြိတ်ပြီး နတ်ဖီးနစ်ကို နင်းချေခြင်း...
ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် ကောင်းကင်အသျှင်ခန္ဓာကို ချေမှုန်းခြင်း...
ခေတ်ပြိုင် ကစဉ့်ကလျားခန္ဓာကိုယ်ကိုလည်း ချေမှုန်းခဲ့ခြင်း...
ထိုမှတ်တမ်းများက ရိုးရှင်းသော်လည်း ကြောက်စရာကောင်းလှသည်။
ယခုမူကား၊ ခေတ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက်...
နတ်ဘုရားဘုရင်ခန္ဓာ၏ အသွင်ကူးပြောင်းမှုကို ထပ်မံ မြင်တွေ့ကြရပြီ။
အင်မော်တယ်နယ်မြေကြီး၏ သက်ရှိသတ္တဝါအားလုံး အလွန်စိတ်လှုပ်ရှားသွားပြီး ကောင်းကင်သို့မော့ကာ တိုး၍အော်ဟစ်လိုက်ကြသည်။
နတ်ဘုရားဘုရင်ခန္ဓာမှ အသွင်ပြောင်းနိုင်ခဲ့သော ကျွင်းဝူဟွေ့သည် လူတိုင်းကို မျှော်လင့်ချက်တစ်ခု ပေးခဲ့သည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာဖြင့် ကျွင်းဝူဟွေ့ကို ကြည့်နေသည်။
သူ၏ မှောင်မိုက်သော မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ ရှိနေသော်လည်း... ရေသေကဲ့သို့ငြိမ်သက်နေဆဲပင်။
"ဒါ မင်းရဲ့ ဝှက်ဖဲအစစ်လား၊ ဒါပေမဲ့... ဒီလိုဆိုရင်တောင် မင်းရဲ့ သေခြင်းတရားကနေ မလွတ်မြောက်နိုင်သေးဘူး"
နတ်ဘုရားဘုရင်ခန္ဓာက သန်မာသော်လည်း သူရင်ဆိုင်နေရသည်မှာ ကမ္ဘာပေါ်တွင် ကြောက်စရာအကောင်းဆုံး အန္တိမကပ်ဘေးကြီး ဖြစ်သည်။
ကျွင်းဝူဟွေ့က ဂရုမစိုက်သလို တစ်ချက်ပြုံးလိုက်သည်။
"ယောက်ျားဆိုတာ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းအတွက် စိုးရိမ်နေစရာ မလိုဘူး"
"ကမ္ဘာကြီးတစ်ခုလုံး အမှောင်ဖုံးသွားရင်တောင် ငါက မီးပွားတစ်ခုအဖြစ် အလင်းရောင် ဆက်ပြီးပေးချင်တယ်"
"ကမ္ဘာမှာ မီးပွားတွေ ထောင်ချီလာရင် မီးတောက်တစ်ခုအဖြစ် ငါအလင်းရောင်ပေးရမယ်"
"သက်ရှိသတ္တဝါအားလုံးအတွက်၊ ဘေးအန္တရာယ်များအားလုံးကို ချေမှုန်းမယ်"
ကျယ်လောင်စွာ ကြွေးကြော်လိုက်သံက မိုးနှင့်မြေကြားတွင် ပဲ့တင်ထပ်သွားသည်။
ဤမြင်ကွင်းက အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ထာဝရ ရေးထွင်းထားရန် လုံလောက်ပေသည်။
အန္တိမကပ်ဘေးကြီးက အေးစက်စက်ဖြင့် ကျွင်းဝူဟွေ့ကို စိုက်ကြည့်နေသည်။
"ဒီလိုဆိုမှတော့ မင်းရဲ့ ရိုးသားမှုအတွက် ငါ ကူညီပေးရမှာပေါ့"
အန္တိမကပ်ဘေးကြီးက စိတ်ပြောင်းသွားပြီ။ သူက ကျွင်းဝူဟွေ့ကို မထိန်းချုပ်ဘဲ တိုက်ရိုက် သုတ်သင်ပစ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
သူ့လက်ဝါးကို မြှောက်လိုက်သောအခါတွင် အနက်ရောင်စွမ်းအင်များက ဒီရေကဲ့သို့ တဟုန်ထိုးတက်လာသည်။
ဤအရာက အနှိုင်းမဲ့သော အမှောင်စွမ်းအင်များ ဖြစ်၏။
ယင်းကိုမြင်တော့ ကျွင်းဝူဟွေ့က သူ၏ နတ်ဘုရားစွမ်းရည်ကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်သည်။
ထိုက်ချူးနတ်ဘုရားဘုရင်ခန္ဓာက မကြုံစဖူးသော နတ်စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။
ဤအခိုက်တွင် ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေသည်။ သူ့ကိုကြည့်ရသည်မှာ ယုံကြည်ခြင်းစွမ်းအား မြစ်ရေထဲတွင် ရေချိုးနေသကဲ့သို့ပင်။
"နတ်ဘုရားတို့ရဲ့ ဆည်းဆာ၊ လောကရဲ့ အရုဏ်ဦး"