အခန်း ၁၁၀၅
Vol. 74 Ch. 1105
အခန်း ( ၁၁၀၅ ) သွေးစတေးပြီး အစစ်အမှန်ဝိညာဉ်ကို ဖိတ်ခေါ်ခြင်း။
ကျွင်းဝူဟွေ့၏ ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် တောက်ပသော အလင်းများ ထွက်လာသည်။
ဤအလင်း၌ အရာအားလုံး ပျက်သုဉ်းသွားရ၏။
နတ်ဘုရားတို့၏ဆည်းဆာ...
ဤသည်မှာ နတ်ဘုရားဘုရင်ခန္ဓာ၏ အဆုံးစွန်နည်းလမ်း ဖြစ်သည်။
ယခုမူ ကျွင်းဝူဟွေ့ ပြသခဲ့သည့်အရာက နတ်ဘုရားတို့၏ ဆည်းဆာသက်သက် မဟုတ်ပါ။
သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်းစွမ်းအား ကောင်းချီးတို့ဖြင့်... ကျွင်းဝူဟွေ့သည် ပို၍ ကြောက်စရာကောင်းသော စွမ်းရည်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
လောက၏ အရုဏ်ဦး။
နတ်ဘုရားတို့၏ နေဝင်ချိန်ဆည်းဆာပြီးနောက် ကမ္ဘာလောက၏ အရုဏ်ဦးဖြစ်လိမ့်မည်။
ဤသည်မှာ နတ်ဘုရားဘုရင်ခန္ဓာ၏ အဆုံးစွန်နည်းလမ်းမှ အဆုံးစွန်သော လျှို့ဝှက်ချက် ဖြစ်သည်။
အကန့်အသတ်မဲ့သော အလင်းရောင်ဖျော့ဖျော့က တောက်ပနေသည်။
သို့သော်လည်း ဤဆည်းဆာချိန်အလင်းတွင် အရုဏ်ဦး၏ အလင်းရောင် အငွေ့အသက်တို့ ရှိနေ၏။
အဆုံးမဲ့ အမှောင်ထုကို ဖြတ်ကျော်သွားသော ဤအလင်းရောင်၏ တောက်ပမှုက အန္တိမကပ်ဘေးကြီး၏ အမှောင်နိယာမလက်ကြီးကိုပင် ဖြတ်သွားသည်။
ဖော်ပြရခက်ခဲသော အင်အားကြီးနှစ်ခု တိုက်မိသောအခါ...
အသံများပင် ပျောက်ဆုံးသွားပြီး ဟင်းလင်းပြင်က တိတ်တဆိတ် ပြိုကျသွား၏။
ဖရိုဖရဲ စွမ်းအင် အမျိုးမျိုးနှင့် အချိန် ဟင်းလင်းပြင် အက်ကြောင်းများပင် ပေါ်လာတော့သည်။
လူတိုင်းက ထိုမြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။
နယ်စပ်တွင်... ကမ္ဘာနှစ်ရပ်မှ သတ္တဝါအားလုံး နှလုံးခုန်သံ ရပ်တန့်သွားပုံရ၏။
အားလုံးက အသက်ပင်မရှူနိုင်ဘဲ အလင်းမျက်နှာပြင်မှ မြင်ကွင်းများကို ကြည့်နေကြသည်။
ကြီးမားသော စွမ်းအင်လှိုင်းများ၏ သက်ရောက်မှုကြောင့် အလင်းမျက်နှာပြင်တစ်ခုလုံးပင် မတည်မငြိမ်ဖြစ်ခဲ့ရပေသည်။
"နတ်ဘုရားဘုရင်..."
အင်မော်တယ်နယ်မြေကြီးဘက်တွင် မရေမတွက်နိုင်သော လူများက တိတ်တဆိတ် ဆုတာင်းနေကြသည်။
"ဒီတိုက်ပွဲက အင်မော်တယ်နယ်မြေကြီးရဲ့ သမိုင်းမှာ မှတ်တမ်းတင်ဖို့ လုံလောက်တယ်"
ဧကရာဇ်ကြီး ကျွင်းရှန်းယွီက သက်ပြင်းချလိုက်သည်။
ဤတိုက်ပွဲတွင် အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ...
ကျွင်းဝူဟွေ့၏ ဤတိုက်ခိုက်မှုက ထာဝရ အမှတ်ရနေစေရန် လုံလောက်ပေသည်။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် မြင်ကွင်းများကို မြင်လိုက်ရတော့ လူတိုင်း အံ့ဩသွား၏။
အန္တိမကပ်ဘေးကြီး နောက်ပြန်ဆုတ်သွားရပြီ။
ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်သွားရသည်။
သက်ရှိအပေါင်းတို့၏ ယုံကြည်ခြင်းစွမ်းအားက အန္တိမကပ်ဘေးကြီးလက်ကို လောင်ကျွမ်းနေသော မီးလျှံများကဲ့သို့ပင်။
အန္တိမကပ်ဘေးကြီး၏ ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
သူ့တကိုယ်လုံးက သွေးမည်းများ စီးကျနေပြီး မီးလောင်ခံထားရသည့် လက္ခဏာများလည်း ရှိနေသည်။
အန္တိမကပ်ဘေးကြီး ဒဏ်ရာရသွားပြီ။
ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဤသည်က တိုင်းတစ်ပါးသတ္တဝါတိုင်း စိတ်ကူးမယဉ်နိုင်သော အရာဖြစ်၏။
သူတို့၏အမြင်တွင် အမြင့်မားဆုံးသော တည်ရှိမှုဖြစ်သည့် အန္တိမကပ်ဘေးကြီးက အမှန်တကယ်ပင် ဒဏ်ရာရသွားပြီ ဖြစ်သည်။
"မဟုတ်ဘူး...ဒါ မဖြစ်နိုင်ဘူး။ အန္တိမကပ်ဘေးကြီးက ဘယ်လိုလုပ်ပြီး ဒဏ်ရာရနိုင်မှာလဲ"
"မယုံဘူး"
တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များပင် လှုပ်လှုပ်ရှားရှားဖြစ်ကုန်သည်။
သူတို့မျက်လုံးများကိုပင် မယုံနိုင်တော့ပေ။
"ကောင်းတယ်ဟေ့"
"နတ်ဘုရားဘုရင်က ပြိုင်ဘက်မရှိဘူး"
အင်မော်တယ်နယ်မြေကြီးဘက်မှာတော့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။
တုနှိုင်းမယှဉ်သာသော အသွင်ပြင်မျိုးဖြင့် အန္တိမကပ်ဘေးကြီးက အမှန်တကယ်ပင် ဒဏ်ရာရသွားပြီ။
ယင်းက အလွန်အရေးကြီးသည်။
အန္တိမကပ်ဘေးကြီးက ထာဝရတည်မြဲပြီး အကြွင်းမဲ့တည်ရှိမှုမျိုး မဟုတ်ပါ။
သူလည်း ဒဏ်ရာရနိုင်သည်။
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ ဝမ်းသာနေကြသော်လည်း...
ကျွင်းရှန်းယွီ၊ ဧကရာဇ်ပိုင်သို့ အစရှိသော ထိပ်သီးအကျော်အမော်များ၏ မျက်နှာများက လေးနက်နေဆဲသည်။
ကျွင်းဝူဟွေ့၏ ဤတိုက်ခိုက်မှုက တော်ရုံဧကရာဇ်များကိုပင် အလွယ်တကူ သတ်ပစ်နိုင်သည်ဟု ဆိုနိုင်သည်။
သို့သော်လည်း အန္တိမကပ်ဘေးကြီးကတော့ ဒဏ်ရာအနည်းငယ်သာရပြီး ဘာမျှမဖြစ်ခဲ့ပေ။
ယင်းက အင်မော်တယ်နယ်မြေကြီး၏ ထိပ်သီးအကျော်အမော်များကို မျက်မှောင်ကြုတ်သွားစေသည်။
သို့ပေသော်ငြား၊ ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
အန္တိမကပ်ဘေးကြီးကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်လက်သွားသည်။
'ယုံကြည်ခြင်း စွမ်းအားက သွေးနက်ရဲ့ စွမ်းအားကို ထိန်းထားနိုင်ပုံရတယ်'
ယုံကြည်ခြင်း၏ စွမ်းအားက ရွှေမီးလျှံနှင့်တူပြီး အနက်ရောင်သွေး၏ စွမ်းအားကို လောင်ကျွမ်းစေနိုင်သည်။
အပြည့်အဝ မဖိနှိပ်နိုင်သော်လည်း အန္တိမကပ်ဘေးကြီးကို ထိခိုက်စေနိုင်စွမ်းရှိ၏။
ကျွင်းရှောင်ယောက်လည်း သူ၏ ယုံကြည်ခြင်းမျိုးစေ့ကို ချက်ချင်း တွေးတောလိုက်မိသည်။
သူ၏ အတွင်းစကြာဝဠာတွင် နေတစ်စင်းကဲ့သို့ တောက်ပနေသည့် ယုံကြည်ခြင်းမျိုးစေ့တစ်ခု ရှိ၏။
ထိုမျိုးစေ့က ပေါက်ဖို့ အချိန်တန်နေပြီ။
'ဒါပေမဲ့ အဖေ့ရဲ့ အခြေအနေက...'
ကျွင်းရှောင်ယောက်က တိုက်ပွဲကို တစ်ဖန် အာရုံစိုက်လိုက်သည်။
ကျွင်းဝူဟွေ့ တစ်ခုခုဖြစ်မှာကို သူ စိုးရိမ်၏။
ကျွင်းရှောင်ယောက်သာမက လူတိုင်းက အာရုံစိုက်နေကြသည်။
ကျွင်းမိသားစုမှ အကြီးအကဲများ၊ ဘိုးဘေးများနှင့် အခြား အကျော်အမော်အားလုံးက အလင်းမျက်နှာပြင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြတော့သည်။
ဖရိုဖရဲ ပျက်စီးနေသည့် ဟင်းလင်းပြင်တွင်...
လူတိုင်း၏ အကြည့်အောက်မှာ အလင်းရောင်များ ထွက်ပေါ်လာပြီး မှုန်ရီဝေသော အသွင်တစ်ခု ပေါ်လာသည်။
သွေးစွန်းနေသော အဖြူရောင်အဝတ်အစားများဖြင့် လူတစ်ယောက်က ဖြောင့်မတ်စွာ ရပ်နေ၏။
သူ့တကိုယ်လုံးက ရွှေရောင်တဖိတ်ဖိတ်တောက်နေသည်။ သူ့ဆံပင်များကလည်း ရွှေများ စီးဆင်းနေသကဲ့သို့ပင်။
ထိုလူက အမှန်တကယ် ကျွင်းဝူဟွေ့ပင်။
"ဟမ်... ဘယ်လိုဖြစ်တာလဲ"
အေးစက်ပြီး အံ့အားသင့်နေပုံရသော နတ်ဆိုးဆန်ဆန်အသံတစ်ခုက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
အန္တိမကပ်ဘေးကြီး၏အသံ ဖြစ်၏။
သူ အံ့ဩသွားရခြင်းမှာ ကျွင်းဝူဟွေ့က ဒဏ်ရာရရှိပုံမရသောကြောင့် ဖြစ်သည်။
ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေသည်။
"ဘယ်လိုလုပ်ပြီး..."
တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များလည်း မယုံကြည်နိုင်ပေ။
အန္တိမကပ်ဘေးကြီးသည်ပင် ဒဏ်ရာရရှိသွားသော တိုက်ခိုက်မှုတွင်... ကျွင်းဝူဟွေ့က မည်သို့ လုံခြုံမှုရှိနေသေးသနည်း။
"သူ ဟန်ဆောင်နေတာလား"
ကမ္ဘာနှစ်ခုလုံးရှိ လူများ စိတ်ရှုပ်ထွေးနေချိန်...
ကျွင်းဝူဟွေ့၏ နောက်ကွယ်မှ ရွှေရောင်အမိန့်တော်တစ်ခု ပေါ်လာသည်။
"အဲဒါက..."
အမြင်စူးရှသော အကျော်အမော်များမှာ ရွှေရောင်အမိန့်တော်ကိုကြည့်ရင်း ရုတ်တရက် ပင့်သက်ရှိုက်လိုက်မိ၏။
ထို့နောက်တွင်၊ အင်မော်တယ်နယ်မြေကြီးရှိ ပုဂ္ဂိုလ်ကြီးများစွာ၏ မျက်လုံးများက ကျွင်းမိသားစုအပေါ်သို့ ကျရောက်လာတော့သည်။
"ဒါ ကျွင်းမိသားစုက ချန်ထားခဲ့တဲ့ အမိန့်တော်ပဲလား"
ထိုသို့တွေးမိသောအခါ လူတိုင်း တုန်လှုပ်သွားကြသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
ရွှေရောင်အမိန့်တော်မှ ရွှေရောင်လှိုင်းများက လောကတခွင်သို့ ဖြာထွက်သွားသည်။
အမိန့်စာတွင် နဂါးများ ကူးခတ်နေသကဲ့သို့ စာနှစ်ကြောင်းကို ရေးသားထား၏။
"ကောင်းကင်လမ်းရဲ့ သရဖူဆောင်းတာက ဝန်ထုပ်ဝန်ပိုးတစ်ခုပါပဲ"
"ငါချီထျန်းက တာအိုကို သက်သေပြပြီး ကပ်ဘေးတစ်သောင်းမှာ အင်မော်တယ် ဖြစ်လာလိမ့်မယ်"
လက်ရေးတိုင်းသည် ကောင်းကင်ကို လှုပ်ခါပြီး အဆုံးမဲ့အချိန်နှင့် နေရာတို့ကို ချေမှုန်းရန် လုံလောက်သော စွမ်းရည်မျိုးရှိသည်။
ကျွင်းဝူဟွေ့က သူ့နှလုံးသွေးကိုထုတ်ယူပြီး အမိန့်တော်ပေါ်သို့ ချလိုက်သည်။
"ဝေးကွာတဲ့ ဘိုးဘေးရဲ့ အစစ်အမှန်ဝိညာဉ်ကို ဖိတ်ခေါ်ပါတယ်၊ ကျွန်တော်နဲ့ အတူရပ်တည်ပြီး အန္တိမကပ်ဘေးကြီးကို ဖိနှိပ်ပေးပါ"
ကျွင်းဝူဟွေ့က သွေးစတေးပြီး အစစ်အမှန်ဝိညာဉ်ကို ဖိတ်ခေါ်လိုက်၏။
အလွန်အစွမ်းထက်သော တန်ခိုးရှင်ကြီးများသည် သူတို့၏ သားမြေးများမှ သူတို့၏အမည်ကို ခေါ်ဆိုပါက၊ သူတို့၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ထင်ရှားစေနိုင်သည်။
ယခုကဲ့သို့ အမိန့်တော်နှင့် ကျွင်းဝူဟွေ့၏ နှလုံးသွေးကို ကြားခံအဖြစ် အသုံးပြုလိုက်သောအခါ အထူးပြောနေရန် မလိုတော့ပေ။
ချီထျန်းအမိန့်တော်မှ နားလည်ရခက်ပြီး ကြီးမားသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
အမိန့်တော်ရှိ စာလုံးတိုင်းသည် ရှေးခေတ်ကြယ်များကဲ့သို့ တောက်ပစွာ အသက်ဝင်လာပုံရ၏။
ချက်ချင်းပင် လူရိပ်တစ်ခုက တိတ်တဆိတ် ပေါ်လာတော့သည်။
ထိုလူရိပ်မှ ကောင်းကင်ဘုံကိုလွှမ်းခြုံကာ နယ်ပယ်အားလုံးကို နင်းချေနိုင်သည့် လွှမ်းမိုးချုပ်ကိုင်မှုရှိသော ရောင်ဝါတစ်ခု ထွက်ပေါ်နေသည်။
သူကား ဧကရာဇ်အပေါင်းတို့၏ အရှင်သခင်ကဲ့သို့ပင်။
အဆုံးမဲ့ကြယ်များက ထိုမှုန်ဝါးဝါး ရုပ်သွင်ကို ဝန်းရံထားသည်။
ကြယ်မြစ်ကြီးကလည်း သူ့ခြေရင်းအောက်တွင် စမ်းချောင်းတစ်ခုမျှသာပင်။
ကျွင်းမိသားစုမှ ဘိုးဘေးကြီး ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ် ရောက်လာပြီ ဖြစ်သည်။
"ဒါ ကျွင်းမိသားစုက ကျွင်းချီထျန်းရဲ့ အစစ်အမှန်ဝိညာဉ်ပဲ"
"ကျွင်းမိသားစုရဲ့ အမြင့်မြတ်ဆုံး ဧကရာဇ်ကြီး...၊ သူ့ကို ဧကရာဇ်လို့ ခေါ်ပေမဲ့ သူ့ရဲ့ စစ်မှန်တဲ့စွမ်းအားက သာမန်ဧကရာဇ်တွေ လက်လှမ်းမမီနိုင်လောက်အောင်ကို နက်နဲလွန်းတယ်"
"အံ့သြစရာမဟုတ်တော့ပါဘူး။ ကျွင်းဝူဟွေ့က ဘယ်လောက်သတ္တိရှိပါစေ... သူတစ်ဦးတည်းနဲ့ အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်တဲ့အထိ အဆင်ခြင်မဲ့မှာ မဟုတ်ဘူး။ ကျွင်းဝူဟွေ့က ဒီဝှက်ဖဲကို အမြဲဖုံးကွယ်ထားခဲ့တာ"
ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ် ပေါ်လာသောအခါ၊ ကမ္ဘာနှစ်ရပ်လုံးရှိ အကျော်အမော်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။
"ကောင်းကင်စွန့်ခွာ ဧကရာဇ်ကြီး... ကောင်းကင်ကိုတောင် စွန့်ပယ်ခဲ့တဲ့ ဘိုးဘေးကြီး"
ကျွင်းရှောင်ယောက်လည်း အံ့အားသင့်သွားသည်။
ကျွင်းဝူဟွေ့က အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရန်အတွက် သမိုင်းတစ်လျှောက်တွင် ကျွင်းမိသားစု၏ ဂုဏ်အယူရဆုံး၊ အမြင့်မြတ်ဆုံး ဧကရာဇ်ကြီး၏ အစစ်အမှန်ဝိညာဉ်ကို ဖိတ်ခေါ်လိုက်ပြီ။
ရလဒ်က အဘယ်သို့ ရှိမည်နည်း။