အခန်း ၁၁၀၆
Vol. 74 Ch. 1106
အခန်း ( ၁၁၀၆ ) ကောင်းကင်စွန့်ခွာ ဧကရာဇ်နှင့် အန္တိမကပ်ဘေးကြီး။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင် အကန့်အသတ်မဲ့ စွမ်းအင်များက ပြည့်နေသည်။
မှုန်ဝါးဝါး ထိုရုပ်သွင်က ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်မျှသာဖြစ်သော်လည်း ၎င်း၏စွမ်းအားက အစစ်အမှန် ဧကရာဇ်များထက် များစွာ သာလွန်သည်။
သူကား ကျွင်းမိသားစု၏သမိုင်းတွင် အံ့သြဖွယ်အကောင်းဆုံးနှင့် အရည်အချင်းအရှိဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်၏။
ဤအခိုက်တွင် ကြီးကျယ်ခမ်းနားသော စွမ်းအင်များက ကမ္ဘာတစ်ဝှမ်းလုံးကို လွှမ်းခြုံနေတော့သည်။
ထူထဲသော အနက်ရောင် မြူခိုးများက ဤစွမ်းအင်ကြောင့် ပြန့်ကျဲသွားရသည်။
မှောင်မိုက်သော နယ်မြေကြီးတွင် အရုဏ်ဦးကဲ့သို့ အလင်းရောင် ရောက်ရှိလာပြီ။
"ဟမ်"
အန္တိမကပ်ဘေးကြီးက ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်ကို ကြည့်လိုက်သည်။
ပထမဆုံးအကြိမ်အဖြစ် သူ၏ နက်မှောင်သော မျက်လုံးများတွင် လေးနက်မှု အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။
"ဒါက အစစ်အမှန်ဝိညာဉ်လေးပါပဲလေ။ မင်းရဲ့ မူလခန္ဓာ ရောက်လာရင်တော့ ငါ့ကို အာရုံစိုက်စေလိမ့်မယ်"
အန္တိမကပ်ဘေးကြီးက လျစ်လျူရှုစွာ ပြောလိုက်သည်။
အနက်ရောင်သွေးများ စီးကျလာပြီးနောက် သူ့ဒဏ်ရာများက ပြန်ကောင်းလာ၏။
သို့သော်လည်း သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်းစွမ်းအားက ရွှေရောင်မီးလျှံကဲ့သို့ အန္တိမကပ်ဘေးကြီး၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းစေကာ ပြန်လည် ကုသခြင်းမှ တားဆီးနေသည်။
အန္တိမကပ်ဘေးကြီး၏ စကားကို ကြားရပြီးနောက် နယ်စပ်ရှိ တိုင်းတစ်ပါးဘုရင်များ အံ့ဩသွားကြသည်။
သူတို့အမြင်တွင် အန္တိမကပ်ဘေးကြီးက အနှိုင်းမဲ့သော တည်ရှိမှုတစ်ခု ဖြစ်၏။
ယခုမူကား၊ အန္တိမကပ်ဘေးကြီးသည် ကျွင်းချီထျန်း၏ မူလခန္ဓာ ရောက်လာသည်ရှိသော်... သူ့ကို အာရုံစိုက်စေမည်ဟု ပြောခဲ့သည်။
"ကျွင်းမိသားစုရဲ့ ဒီတစ်ယောက်က တကယ်ကို တန်ခိုးကြီးမားပုံရတယ်"
တိုင်းတပါးမှ အင်မော်တယ်ဘုရင်အချို့၏ မျက်နှာပေါ်တွင် လေးနက်မှု အရိပ်အယောင်များ ပေါ်လာသည်။
"ကောင်းကင်စွန့်ခွာ ဧကရာဇ်၊ ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်၊ နတ်ဘုရားသားတော် ကျွင်းရှောင်ယောက်"
"မျိုးဆက်တစ်ခုပြီးတစ်ခု အရည်အချင်းရှိတဲ့ လူတွေရှိနေတယ်။ ဒီကျွင်းမိသားစုက အရမ်းကံကောင်းတာပဲ"
အင်မော်တယ်နယ်မြေကြီး၏ ပုဂ္ဂိုလ်ကြီးများလည်း သက်ပြင်းချလိုက်မိကြသည်။
ခေတ်သုံးခေတ်... ဘီလူးသုံးကောင်...
သူတို့ထဲမှ တစ်ဦးရှိလျှင်ပင် မည်သည့် အင်အားစုအတွက်မဆို ကံကောင်းခြင်းကြီးတစ်ခု ဖြစ်နေပြီ။
ကျွင်းမိသားစုကတော့ ခေတ်တိုင်းတွင် ပါရမီရှင်များ ရှိနေသည်။
"ဒါပေမဲ့ အခု ကျွင်းမိသားစုရဲ့ ကောင်းကင်စွန့်ခွာ ဧကရာဇ်က အစစ်အမှန်ဝိညာဉ်ပဲ ရောက်လာတာ... သူက အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်နိုင်ပါ့မလား"
နှစ်ဖက်စလုံးက ရင်တထိတ်ထိတ်ဖြင့် စောင့်ကြည့်နေကြသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
အန္တိမကပ်ဘေးကြီး၏ အမှောင်မျက်လုံးက အေးစက်နေသည်။
သူက လက်ဝါးတစ်ဖက်ကို ဖြန့်လိုက်သောအခါ ကောင်းကင်တစ်ခုလုံးတွင် အမှောင်ကမ္ပည်းအက္ခရာများက ပြည့်သွား၏။
သူက ကျွင်းချီထျန်း၊ အနီရောင်လီလီပန်းလေးများ၏မိခင်၊ ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်တို့ လေးဦးစလုံးကို ပစ်မှတ်ထားနေသည်။
ယခုတစ်ကြိမ်မှာတော့ အန္တိမကပ်ဘေးကြီးသည် ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ မလုပ်တော့ပေ။
ထိုအစား အပြတ်ရှင်းပစ်ရန် ကြံရွယ်နေပြီ ဖြစ်သည်။
အမှောင်နိယာမလက်ကြီးက ကောင်းကင်ကို ဖုံးအုပ်ထားသည်။
အဆုံးမရှိသော အနက်ရောင်သွေး ဒီရေလှိုင်းက နိယာမလက်ကြီးနှင့်အတူ စီးဆင်းလိုက်ပါလာ၏။
"တိုက်ခိုက်"
ကျွင်းဝူဟွေ့က ဟိန်းဟောက်လိုက်သည်။
ယခုအခါ၊ ထိုက်ချူးနတ်ဘုရားဘုရင်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ကျွင်းဝူဟွေ့၏ အင်အားက အထွတ်အထိပ်သို့ ပြန်ရောက်သွားပြီ ဖြစ်သည်။
ကျွင်းဝူဟွေ့က နတ်ဘုရားဘုရင်ခန္ဓာ၏ တားမြစ်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။
ကျွင်းချီထျန်းကမူ တည်ငြိမ်စွာ ရပ်နေ၏။ သူက မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုခဲ့ပေ။
ရိုးရိုးရှင်းရှင်း လက်ဝါးတစ်ချက်ကိုသာ ရိုက်ထုတ်လိုက်သည်။
"ဝုန်း"
သူ၏ လက်ဝါးရိုက်ချက်တွင် ကမ္ဘာပေါင်းများစွာကို ဖိနှိပ်ထားပုံ၏။
မိုးကြိုးထစ်ချုန်းသကဲ့သို့ ကျယ်လောင်သော မြည်ဟီးသံများလည်း ထွက်ပေါ်လာတော့သည်။
ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်၏ အင်အားသည် လူတိုင်း မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်သွားသည်။
အနီရောင်လီလီပန်းလေးများ၏မိခင်ကလည်း အနှိုင်းမဲ့သော စွမ်းအားမျိုး ရှိ၏။
သို့သော် သူမ၏ ရည်ရွယ်ချက်မှာ အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရန် မဟုတ်ပါ။
ထိုအစား ကျွင်းရှောင်ယောက်ကို ကာကွယ်ရန် ဖြစ်သည်။
ယခုအချိန်တွင် ကျွင်းရှောင်ယောက်က လူပိုတစ်ယောက်ကဲ့သို့ ဖြစ်လာသည်။
သိုသော်လည်း ယင်းက ပုံမှန်ပင်။
နောက်ဆုံးတွင်၊ ဧကရာဇ်အဆင့် တည်ရှိမှုများပင်လျှင် ဤတိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ရန် အခက်အခဲရှိလိမ့်မည်။
ကျွင်းရှောင်ယောက်က အဓိပဓိတစ်ဦးသာ ဖြစ်သည်။
သူတို့ကြားမှ အင်အား ကွာခြားချက်မှာ ဖော်ပြ၍ပင်မရပေ။
ထို့ပြင်၊ အင်မော်တယ်နယ်မြေကြီး၏ မည်သူမျှ ကျွင်းရှောင်ယောက်ကို အပြစ်တင်မည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်၏ အသက် ဘယ်လောက်ရှိသေးလို့လဲ။
သူက အသက်နှစ်ဆယ်ကျော်သာ ရှိသေးသော်လည်း သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး နတ်ဘုရား၏ မိစ္ဆာအတွေးကို ချုပ်နှောင်ခဲ့ကာ အင်မော်တယ်နယ်မြေကြီး၏ သူရဲကောင်းတစ်ဦး ဖြစ်လာနေပြီ ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ မကျေနပ်ပါ။
ဤအခြေအနေမျိုးတွင် ပွဲကြည့်နေရန် ဆန္ဒမရှိပေ။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာရှိ နေတစ်စင်းကဲ့သို့ တောက်ပနေသည့် ယုံကြည်ခြင်းမျိုးစေ့သည် အဆက်မပြတ် တုန်ခါနေသည်။
ယုံကြည်ခြင်း၏ စွမ်းအားများ စုစည်းလာသည်နှင့်အမျှ အလွန်အစွမ်းထက်သော အရာတစ်ခု ပေါက်ဖွားလာတော့မည်ကဲ့သို့ပင်။
သို့ရာတွင်... အချိန်နှင့် ဒီရေက လူကိုမစောင့်ပါ။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
အချိန် ဟင်းလင်းပြင်အက်ကြောင်းများက ကောင်းကင်တွင် ပြည့်သွား၏။
မြင်ကွင်းက ကြောက်စရာကောင်းလွန်းသည်။
ပြင်းထန်သော တိုက်ပွဲက ကမ္ဘာတစ်ခုလုံး ပျက်စီးတော့မည်ကဲ့သို့ပင်။
ပျက်စီးခြင်းနယ်စပ်ရှိ အလင်းမျက်နှာပြင်မှာလည်း တုန်ခါနေပြီး မြင်ကွင်းများကို ထင်ထင်ရှားရှား မမြင်နိုင်တော့ပါ။
ဤအခိုက်တွင် ကမ္ဘာနှစ်ရပ်မှ သတ္တဝါအားလုံး အသက်ပြင်းပြင်းရှူလိုက်ကြသည်။
နောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ကြ၏။
ကောင်းကင်စွန့်ခွာဧကရာဇ်၏ အစစ်အမှန်ဝိညာဉ်က အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်နိုင်မည်လော။
ဖရိုဖရဲ မြူခိုးများ ပျောက်ကွယ်သွားမှ မြင်ကွင်းကို ပြန်မြင်လာရသည်။
ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်ကို အဆုံးမဲ့ကမ္ဘာများက ဝန်းရံထားသည်။
ကြီးမားကျယ်ပြန့်သော ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများကြောင့်လည်း မိုးကောင်းကင်နှင့် မြေကမ္ဘာမှာ တောက်ပနေတော့သည်။
"တားဆီးထားတယ်... ကောင်းကင်စွန့်ခွာဧကရာဇ်ရဲ့ အစစ်အမှန်ဝိညာဉ်က အန္တိမကပ်ဘေးကြီးရဲ့ အင်အားအပြည့်ကို တားဆီးထားလိုက်ပြီ"
အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
အင်မော်တယ်နယ်မြေကြီးအတွက် မျှော်လင့်ချက်ရှိလာပြီ။
ကျွင်းမိသားစုမှ လူများလည်း အလွန်ဝမ်းသာသွားပြီး ဂုဏ်ယူနေကြတော့သည်။
အခြားတစ်ဖက်တွင်မူ၊ တိုင်းတစ်ပါး၏ အကျော်အမော်များက မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
"တိုက်ပွဲက မပြီးသေးပါဘူးလေ၊ ရလဒ်က ဘယ်လိုဖြစ်မယ်ဆိုတာ မသိနိုင်သေးဘူး"
"အမှန်ပဲ၊ အန္တိမကပ်ဘေးကြီးက တားဆီးလို့မရဘူး"
အင်မော်တယ်ဘုရင်တချို့က အေးစက်စက်ဖြင့် ပြောဆိုလိုက်ကြသည်။
သို့သော်လည်း သူတို့၏ ယုံကြည်မှုက ယခင်ကလောက် မမြင့်မားတော့ကြောင့် သိသာထင်ရှားလေသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
ကျွင်းချီထျန်း၏ အစစ်အမှန်ဝိညာဉ်က တည်ငြိမ်စွာ ရပ်နေသည်။
ကျွင်းဝူဟွေ့ကလည်း လေထဲတွင် ရပ်နေ၏။ သူ့နှုတ်ခမ်းထောင့်မှ သွေးစတချို့ စီးကျနေသော်လည်း ပြဿနာတော့ မရှိပေ။
ထိုက်ချူးနတ်ဘုရားဘုရင်ခန္ဓာနှင့် သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်မှုကောင်းချီးများဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤမြင်ကွင်းက အန္တိမကပ်ဘေးကြီး၏ မျက်လုံးများကို အေးစက်သွားစေသည်။
"ကြယ်တစ်ပွင့်ရဲ့ အလင်းရောင်က တောက်ပတဲ့လမင်းနဲ့ ယှဉ်ဝံ့သလား"
အန္တိမကပ်ဘေးကြီးက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ အနက်ရောင်သွေးများက နေရာအနှံ့မှ စီးဆင်းလာ၏။
ကြည့်ရသည်မှာ အကန့်အသတ်မဲ့စကြာဝဠာကြီးကို လွှမ်းမိုးတော့မည့် အမှောင်စွမ်းအင်လှိုင်းတစ်ခုကဲ့သို့ပင်။
ယင်းက အလွန်ကြောက်စရာကောင်းသည့် တားမြစ်နည်းလမ်း ဖြစ်သည်။
အကယ်၍ သူသာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို တိုက်ခိုက်လာပါက မည်သို့သော ကပ်ဆိုးမျိုး ဖြစ်စေမည်ကို စိတ်ကူးကြည့်ရန် မလွယ်ပေ။
အနက်ရောင်သွေးများ၏ ညစ်ညမ်းမှုကြောင့် မရေမတွက်နိုင်သော လူများ ရူးသွပ်ကုန်ကြမည် ဖြစ်သည်။
ကသောင်းကနင်း ဖြစ်ကုန်လိမ့်မည်။
ဤလှုပ်ရှားမှုက ကောင်းကင်မဲ့အမှောင်နယ်မြေမှ လူတိုင်းကို တစ်ချိန်တည်းတွင် ဖုံးအုပ်သွားသည်။
စူးဟုန်ယီနှင့် ကာကူရာကတော့ ကျွင်းရှောင်ယောက်၏အနောက်သို့ ဝင်ရောက်ခိုနေသည်မှာ ကြာခဲ့ပြီ။
ကျွင်းချီထျန်းနှင့် ကျွင်းဝူဟွေ့သာ ခုခံနိုင်ခဲ့သည်။
တစ်ဖက်တွင်၊ အနီရောင်လီလီပန်းလေးများ၏မိခင်က ကျွင်းရှောင်ယောက်ကို ကာကွယ်ရန် လှုပ်ရှားလိုက်၏။
အနီရောင်လီလီပန်းလေးများမိခင်၏ နှုတ်ခမ်းထောင့်မှ သွေးစတချို့ စီးကျလာသည်။
သူမ၏ ခွန်အားက အင်မော်တယ်ဘုရင်များထက် အဆပေါင်းများစွာ သာလွန်နေသော်လည်း... အန္တိမကပ်ဘေးကြီးထက် အားနည်းနေသေးသည်။
"အကြီးအကဲ..."
ကျွင်းရှောင်ယောက် တုန်လှုပ်သွားသည်။
"ဘာမှမဖြစ်ပါဘူး"
အနီရောင်လီလီပန်းလေးများ၏မိခင်က ခေါင်းကိုခါယမ်းလိုက်သည်။ သို့သော်လည်း သူ့လေသံမှာ အနည်းငယ် မောပန်းနေပုံရ၏။
ထိုအခိုက်တွင်...
ကျွင်းရှောင်ယောက်၏ သိုလှောင်ခြင်းရတနာအတွင်းမှ တစ်စုံတစ်ခုက တုန်လှုပ်လာသည်။
"ဒါက..."
ကျွင်းရှောင်ယောက် အံ့အားသင့်သွားပြီးနောက် ထုတ်ယူလိုက်၏။
အံ့သြစရာကောင်းအောင်... ထိုအရာက ကြေးနန်းတော်မှ ရရှိခဲ့သော သရဲမျက်နှာဖုံး ဖြစ်တော့သည်။