အခန်း ၁၁၀၉
Vol. 74 Ch. 1109
အခန်း ( ၁၁၀၉ ) အန္တိမကပ်ဘေးကြီး၏ စစ်မှန်သော မျက်နှာ။
အားလုံးက ပြီးဆုံးသွားပြီဟု ထင်နေကြချိန်တွင်...
ဤကြောက်စရာကောင်းသော အပြောင်းအလဲက ဖြစ်ပေါ်လာသည်။
"အဲဒါက ဘာကြီးလဲ"
အလင်းမျက်နှာပြင်တွင်၊ ကောင်းကင်မဲ့အမှောင်နယ်မြေ၏ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။
အနှိုင်းမဲ့ ကြီးမားသော အရိပ်တစ်ခုက အမှောင်ထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာ၏။
ဤခဏတွင် အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး တုန်လှုပ်သွားတော့သည်။
"အန္တိမကပ်ဘေးကြီးကို ချေမှုန်းပြီးပြီ မဟုတ်ဘူးလား၊ ဒါက ဘာကြီးလဲ"
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများကို မဆိုထားဘိ၊ တိုင်းတပါးမှ ကျင့်ကြံသူများပင်လျှင် အနည်းငယ် စိတ်ရှုပ်ထွေးသွားကြသည်။
ဤအလှည့်အပြောင်းမျိုးက ရုတ်တရက် ဖြစ်လာမည်ဟု မမျှော်လင့်ထားပေ။
"အဓိကလူ ရောက်လာပြီပေါ့"
ကျွင်းရှန်းယွီ၏ မျက်လုံးများက လေးနက်လာသည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
ဖော်ပြရန်ခက်ခဲသော အငွေ့အသက်တစ်ခုက လောကတစ်ခွင်သို့ ဖြာထွက်လာသည်။
၎င်းက သက်ရှိသတ္တဝါအားလုံးကို အလွယ်တကူ ဖျက်ဆီးနိုင်ပုံရသော စွမ်းအားတစ်ခု ဖြစ်၏။ မိုးနှင့်မြေ၏ နိယာများက စတင် ပြိုကျလာပြီ။
ကျွင်းရှောင်ယောက်၏ မျက်လုံးအကြည့်များက စူးရှလာသည်။
ယခုလေးတင် တစ်ခုခု မှားနေသကဲ့သို့သာ သူခံစားခဲ့ရသည်။
အခြေအနေများက ထိုမျှမရိုးရှင်းသလို သူ ခံစားရ၏။
ယခုတော့၊ အန္တိမကပ်ဘေးကြီးကို သူက ရိုးရိုးရှင်းရှင်း တွေးမိခဲ့ပုံပင်။
မရေမတွက်နိုင်သော မျက်လုံးအကြည့်များအောက်တွင်...
ကောင်းကင်မဲ့ အမှောင်နယ်မြေမှ အရိပ်ကြီးက နောက်ဆုံးတွင် ပေါ်လာသည်။
သို့သော်လည်း ထိုအရိပ်ကြီး၏ ပုံစံက လူတိုင်းကို တုန်လှုပ်သွားစေသည်။
ယင်းက မည်သို့သော မကောင်းဆိုးရွားမျိုး ဖြစ်သနည်း။
လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာသည့်အရာမှာ မျက်လုံးတစ်လုံး ဖြစ်သည်။
ရှေးဟောင်းကြယ်တစ်စင်းကဲ့သို့ ကြီးမားသော မျက်လုံးကြီးတစ်လုံး ဖြစ်၏။
မျက်လုံးကြီးက အနီရင့်ရောင်မီးပွားကဲ့သို့ဖြစ်သော်လည်း မရေမတွက်နိုင်သော အသာ အပုပ်အပွများဖြင့် ပြုလုပ်ထားပုံရသည်။
မျက်လုံးကြီးမှ အနက်ရောင်သွေးများကလည်း စီးကျနေသေးသည်။
မျက်လုံးတစ်ဝိုက်မှာတော့ ရေဘဝဲလက်တံကဲ့သို့ မရေမတွက်နိုင်သော လက်တံများ ပြည့်ကျပ်နေသည်။
လက်တံတစ်ခုစီက ကမ္ဘာတစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်ပုံရပြီး အနက်ရောင်သွေးများလည်း စီးဆင်းနေကြသည်။
ဤမြင်ကွင်းက လူတိုင်းကို တုန်လှုပ်စွာဖြင့် အသက်ရှူကျပ်သွားစေသည်။
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး သွေးအန်တော့မလို ခံစားလိုက်ကြရလေသည်။
ထိုမျက်လုံးကြီးကို တိုက်ရိုက်ကြည့်ရန်ပင် ခက်ခဲသည်။
ဤသည်က အန္တိမကပ်ဘေးကြီး၏ စစ်မှန်သော မျက်နှာပင်။
"ဘာ...ဘာကောင်ကြီးလဲ"
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူတစ်ဦးက တုန်လှုပ်ချောက်ချားစွာဖြင့် ပြောလိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ဒါကမှ အန္တိမကပ်ဘေးကြီးရဲ့ အစစ်အမှန်ပုံစံပဲ။ အရင် အန္တိမကပ်ဘေးကြီးက သူ့ရဲ့ ပုံဖော်မှုသက်သက်ပဲ"
ကျွင်းရှန်းယွီက လေးနက်သော အမူအရာဖြင့် ရေရွတ်လိုက်သည်။
"ဒါကမှ တကယ့် အန္တိမကပ်ဘေးကြီးပေါ့"
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံး တုန်လှုပ်ကုန်ကြသည်။
ဤမျှ ခက်ခက်ခဲခဲ တိုက်ယူခဲ့ရသော အန္တိမကပ်ဘေးကြီးမှာ၊ အန္တိမကပ်ဘေးကြီး၏ စွမ်းအားတစ်ခုသာ ဖြစ်နေခဲ့သည် မဟုတ်လော။
တိုင်းတပါး၏ ကျင့်ကြံသူများပင်လျှင် တုန်လှုပ်ကြရသည်။
သူတို့စိတ်ထဲမှ အန္တိမကပ်ဘေးကြီးသည် နတ်ဘုရားကဲ့သို့ဖြစ်ပြီး ဤပုံစံမျိုး လုံးဝ မဟုတ်ပေ။
"မဟုတ်သေးဘူး၊ အဲဒီမျက်လုံးကြီးမှာ ဓားတစ်ချောင်း စိုက်ဝင်နေတယ်"
အင်မော်တယ်နယ်မြေကြီးဘက်မှ အော်သံတစ်ခု ထွက်ပေါ်လာသည်။
အန္တိမကပ်ဘေးကြီး၏ ပုံစံအမှန်က ကြောက်စရာကောင်းလွန်းပြီး တိုက်ရိုက်ကြည့်ရန် ခက်ခဲသောကြောင့် လူအများစုမှာ အသေးစိတ် မကြည့်နိုင်ခဲ့ပေ။
ယခုတော့ ဂြိုလ်တစ်လုံးကဲ့သို့ ကြီးမားသော မျက်လုံးကြီးပေါ်တွင် ဓားတစ်ချောင်း စိုက်ဝင်နေကြောင်း မြင်လိုက်ရသည်။
ဓားက အလွန်ကြီးမားပြီး မျက်လုံးအိမ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွား၏။
ဓားကို တောက်ပသော နတ်အလင်းများက ဝန်းရံထားသည်။ ၎င်းက နှစ်ပေါင်းများစွာ မျက်လုံးအိမ်ထဲတွင် ပိတ်မိနေခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များ ထွက်ပေါ်နေသေးသည်။
ယင်းက အင်မော်တယ်နယ်မြေကြီးမှ အကျော်အမော်များကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
"အဲဒါ... အင်မော်တယ်သတ်ဓားလား"
အကျော်အမော်တချို့မှာ အသက်ပြင်းပြင်း ရှူလိုက်မိ၏။
အင်မော်တယ်သတ်ဓားသည် အင်မော်တယ်နယ်မြေကြီးမှ နာမည်ကျော် ရတနာတစ်ခု ဖြစ်သည်။
ရလဒ်အနေဖြင့်၊ ယခုအခါ ၎င်းက အန္တိမကပ်ဘေးကြီး၏ မျက်လုံးကို စိုက်ဝင်နေပြီ။
သို့ရာတွင်... အင်မော်တယ်သတ်ဓားကို အန္တိမကပ်ဘေးကြီး၏ မျက်လုံးအိမ်သို့ မည်သူက ထိုးစိုက်ခဲ့သနည်း။
အင်မော်တယ်နယ်မြေကြီးမှ အကျော်အမော်အားလုံး၏ အကြည့်က ကျွင်းမိသားစုအပေါ်သို့ ကျရောက်သွားသည်
"ဒဏ္ဍာရီက တကယ် အမှန်ဖြစ်နေတာလား။ တစ်ချိန်က ကျွင်းမိသားစုမှာ ထူးကဲတဲ့ တားမြစ်တည်ရှိမှု ရှိခဲ့တယ်။ နောက်ပိုင်းမှာ သူက တိုင်းတပါးရဲ့ နက်နဲရာကို ဝင်ရောက်ပြီး အန္တိမကပ်ဘေးကြီးနဲ့ တိုက်ခိုက်ခဲ့တယ်တဲ့"
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီမှ မဟာအကြီးအကဲက တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
ရှေးခေတ်က ကျွင်းမိသားစုတွင် အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့သည့် တားမြစ်တည်ရှိမှု ရှိခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။
သို့သော်လည်း ၎င်းကို အင်မော်တယ်ခုံရုံးနှင့် ရှေးဟောင်းမင်းမျိုးနွယ်မိသားစုကဲ့သို့ အင်အားစုကြီးများက လိမ်လည်မှုဟု ဆိုခဲ့ကြပေသည်။
ယခုတော့ ထိုကောလဟာလမှာ အမှန်ဖြစ်နေပုံရသည်။
ကျွင်းမိသားစု၏ ထိုတည်ရှိမှုက အင်မော်တယ်သတ်ဓားကို အသုံးပြု၍ အန္တိမကပ်ဘေးကြီးကို ချုပ်နှောင်ကာ အိပ်စက်နေစေခဲ့ခြင်း ဖြစ်လိမ့်မည်။
"အန္တိမကပ်ဘေးကြီးက အပြည့်အဝ ပြန်မကောင်းလာသေးဘူး"
အန္တိမဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်တစ်ပါးက ပြောလိုက်သည်။
သို့သော်လည်း အပြည့်အဝ ပြန်လည်ကောင်းမွန်ခြင်းမရှိသေးလျှင်ပင်၊ ၎င်း၏ စွမ်းအားက အရာအားလုံးကို ချေမှုန်းပစ်ရန် လုံလောက်သည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
မျက်လုံးကြီးတွင် စိုက်ဝင်နေသော အင်မော်တယ်သတ်ဓားကိုကြည့်ရင်း ကျွင်းရှောင်ယောက်လည်း အလွန်အံ့သြသွားသည်။
စစ်မှန်သည့် အန္တိမကပ်ဘေးကြီးကို မျက်လုံးတစ်လုံးမျှသာ ဖြစ်နေမည်ဟု မမျှော်လင့်ထားပေ။
သို့ဆိုလျှင်၊ မျက်လုံးပိုင်ရှင်က မည်သူနည်း။
သို့သော်လည်း ကျွင်းရှောင်ယောက်မှာ အများကြီး မတွေးတော့ပေ။
တစ်ချိန်က ကျွင်းမိသားစု၏ ဘိုးဘေးများသည် အန္တိမကပ်ဘေးကြီးကို နှိမ်နင်းရန် အင်မော်တယ်သတ်ဓားကို အသုံးပြုခဲ့ကြသည်။
ယခု ကျွင်းမိသားစုနှင့် ကျွင်းဝူဟွေ့တို့၏ ရည်ရွယ်ချက်က အင်မော်တယ်သတ်ဓားကို ပြန်ယူရန် ဖြစ်၏။
ကျွင်းဝူဟွေ့ ပေါ်လာစဉ်ကလည်း ထိုသို့ ပြောခဲ့ဖူးသည်။
ကျွင်းမိသားစုပိုင်ဆိုင်သော အရာတစ်ခုခုကို ပြန်ယူရန် ရောက်လာခြင်းပင်။
"တကယ်ကို ငါ့ကျွင်းမိသားစုရဲ့ အင်မော်တယ်သတ်ဓားပဲလား"
ကျွင်းရှောင်ယောက် တအံ့တဩ ရေရွတ်လိုက်မိသည်။
အင်မော်တယ်သတ်ဓားက အင်မော်တယ်လက်နက်များကြားမှာပင် ထိပ်တန်းအဆင့် လက်နက်တစ်ခု ဖြစ်သည်။
သူ ယခင်က တွေ့ခဲ့ရသည့် ဓားစွမ်းအင်များကလည်း အင်မော်တယ်သတ်ဓားမှ ကျန်ရစ်ခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
ကျွင်းရှောင်ယောက်က ဓားစွမ်းအင်ကို အနည်းငယ်ရင်းနှီးသည်ဟု ခံစားခဲ့ရသည့်အကြောင်းရင်းမှာ၊ အင်မော်တယ်သတ်ဓားက ကျွင်းမိသားစုနှင့် သက်ဆိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။
ကျွင်းဝူဟွေ့က ထိုဓားကို ပြန်ယူရန်အတွက် တိုင်းတပါးသို့ လာရောက်ပုန်းအောင်းနေခဲ့ခြင်းပင်။
ယခုတော့ အခြေအနေများကို သူ နားလည်သွားပြီ ဖြစ်သည်။
သို့သော်လည်း သူ နားမလည်နိုင်တာ တစ်ခု ရှိနေသည်။
ကျွင်းဝူဟွေ့က အင်မော်တယ်သတ်ဓားကို ပြန်ယူမည်ဆိုလျှင်...
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ရန် မည်သည့်နည်းလမ်းကို အသုံးပြုမည်နည်း။
ကျွင်းရှောင်ယောက်က တွေးနေချိန်...
မျက်လုံးကြီးမှ စကားသံ ထွက်ပေါ်လာသည်။ မျက်လုံးကြီးတွင် ပါးစပ်မရှိသော်လည်း အသံများကို ထုတ်လွှတ်နိုင်ပုံရ၏။
"ကျွင်းမိသားစုရဲ့ တံဆိပ်က ငါ့ကို ထာဝရ ပိတ်လှောင်ထားနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား။ မဖြစ်နိုင်ဘူးကွ။ အဆုံးမဲ့ အနက်ရောင်ကပ်ဘေးကြီးက ကျယ်ပြောတဲ့ နယ်မြေကြီးကို ဖုံးလွှမ်းပြီး အင်မော်တယ်နယ်မြေကြီးကို ဖျက်ဆီးပစ်ဦးမှာ"
သွေးနီရောင် မျက်လုံးကြီးမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင်၊ အင်မော်တယ်သတ်ဓားက တောက်ပသော နတ်အလင်းများ ဖြာထွက်လာ၏။
"အင်မော်တယ်သတ်ဓားက ငါ့ရဲ့ ကျွင်းမိသားစု ပိုင်ဆိုင်တယ်... ဒီနေ့ ငါ ပြန်ယူရလိမ့်မယ်။ မင်းကိုလည်း ငါ သတ်မယ်"
ကျွင်းဝူဟွေ့က အေးစက်စက် ပြောလိုက်သည်။ သူ့နှလုံးသွေးက အင်မော်တယ်သတ်ဓားပေါ်သို့ ကျရောက်သွား၏။ တစ်ချိန်တည်းမှာပင် သူက လက်ဟန်သင်္ကေတများကို လျင်မြန်စွာ ပြုလုပ်လိုက်တော့သည်။
တခဏချင်းမှာပင် အင်မော်တယ်သတ်ဓားက အသက်ဝင်သကဲ့သို့ ဖြစ်လာသည်။
အလွန်တောက်ပသော နတ်အလင်းက ဓါးသွားပေါ်တွင် စီးဆင်းသွား၏။
နောက်ဆုံးတွင် လူအသွင် ပုံရိပ်တစ်ခုက ဓားအပေါ်တွင် ပေါ်လာတော့သည်။
၎င်းက ကျွင်းဝူဟွေ့ကြောင့် နိုးထလာသော အင်မော်တယ်သတ်ဓား၏ ဓားဝိညာဉ် ဖြစ်သည်။
ယင်းက ကျွင်းမိသားစု၏ တားမြစ်တည်ရှိမှု ချန်ရစ်ခဲ့သည့် နည်းလမ်းတစ်ခုဆိုလျှင်လည်း မမှားပေ။
"ဒါက ရှေးဧကရာဇ်တုန်ထျန်းပဲ... သူက အရန်အစီအစဉ်တောင် လုပ်ထားခဲ့သေးတယ်၊ ဟမ့်..."
အန္တိမကပ်ဘေးကြီးက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။