အခန်း ၁၁၁၅
Vol. 75 Ch. 1115
အခန်း ( ၁၁၁၅ ) အန္တိကပ်ဘေးကြီး၏ အဆုံးသတ်။
အန္တိမကပ်ဘေးကြီးကို ထိုအခြေအနေသို့ ကျရောက်သွားမည်ဟု မည်သူထင်ထားခဲ့မည်နည်း။
ဧရာမ မျက်လုံးကြီးက လေးစိတ်ကွဲသွားသည်။
ထို့နောက် မျိုးဆက်သုံးခု ကြေးခေါင်းတလားအတွင်းသို့ ဆွဲသွင်းခံရပြီး ပျက်သုဉ်းသွားတော့မည်။
မူလက သူသည် ကြောင်မှ ကြွက်ကို ကစားနေသကဲ့သို့ ကစားခဲ့သည်။
ယခုတော့၊ အန္တိမကပ်ဘေးကြီးကိုယ်တိုင် ကြွက်ဘဝသို့ ရောက်နေပြီ။
"မဟုတ်ဘူး၊ ဒါမဖြစ်နိုင်ဘူး..."
တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များ မျက်နှာပျက်သွားကြသည်။
"မြန်မြန်ပြန်သွားကြစို့"
အင်မော်တယ်ဘုရင်တချို့က တိုင်းတပါးသို့ ပြန်သွားရန် ပြင်လိုက်ကြ၏။
အန္တိမကပ်ဘေးကြီးသာ တံဆိပ်ကို ချိုးဖျက်လိုက်ပါက၊ အန္တိမဧကရာဇ်မျိုးနွယ်များ၏ သဘာဝကပ်ဘေးအဆင့် အင်မော်တယ်ဘုရင်များ နိုးထလာကြမည် ဖြစ်သည်။
ထိုအချိန်တွင်၊ အင်မော်တယ်နယ်မြေကြီးသို့ ကပ်ဘေးများကို ယူဆောင်လာလိမ့်မည်။
ယခုမူကား၊ အန္တိမကပ်ဘေးကြီးမှာ အခြေအနေမကောင်းတော့ပေ။
သူတို့ အန္တိမမျိုးနွယ်စုများ၏ ဘိုးဘေးများက မည်သည့်အချိန်မှ နိုးထလာတော့မည်ကို မသိရတော့ပါ။
ယင်းက တိုင်းတစ်ပါး၏ဘုရင်များ မြင်လိုသောအရာ မဟုတ်ချေ။
ထို့ကြောင့် တိုင်းတစ်ပါးကို ချက်ချင်း ပြန်ချင်ခဲ့ကြသည်။
သို့ရာတွင်၊ အင်မော်တယ်နယ်မြေကြီးက ထိုအခွင့်အရေးကို မည်သို့ပေးမည်နည်း။
"မင်းတို့အားလုံး ဒီမှာပဲ ဆက်နေကြစမ်း"
ကျွင်းရှန်းယွီနှင့် ကျွင်းမိသားစုမှ ဧကရာဇ်ကြီးများက တိုက်ခိုက်လိုက်ကြသည်။
အင်မော်တယ်နယ်မြေကြီးမှ အခြား အကျော်အမော်များကလည်း တိုက်ခိုက်လိုက်ကြ၏။ မည်သို့ပင်ဆိုစေ၊ တိုင်းတပါး၏ အင်မော်တယ်ဘုရင်များကို ပြန်သွားခွင့် မပြုနိုင်ကြပေ။
ပျက်စီးခြင်းနယ်စပ်တွင်၊ တိုက်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သွားသည်။
အန္တိမကပ်ဘေးကြီးကို အပြည့်အဝ မချေမှုန်းနိုင်သရွေ့...
အင်မော်တယ်နယ်မြေကြီးသည် တိုင်းတပါး၏ ပညာရှင်များကို ထွက်သွားခွင့် မပြုနိုင်ကြပေ။
အကြည့်အားလုံးက အလင်းမျက်နှာပြင်ပေါ်သို့ တစ်ဖန် ကျရောက်လာသည်။
နောက်ဆုံး ရလဒ်က မည်သို့ဖြစ်မည်နည်း။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
မှောင်မိုက်သော ကောင်းကင်ယံက အင်မော်တယ်သတ်ဓားအလင်းဖြင့် ကွဲကျနေခဲ့သည်။
ပေတစ်သောင်းမြင့်မားသော နတ်ဘုရား ဓမ္မခန္ဓာက အင်မော်တယ်သတ်ဓားကိုကိုင်ပြီး တည်ငြိမ်စွာ ရပ်နေ၏။ သူ၏ ဦးခေါင်းထက်မှာလည်း မျိုးဆက်သုံးခု ကြေးခေါင်းတလားက မျောလွင့်နေသည်။
နတ်ဘုရား ဓမ္မခန္ဓာ၏ အလင်းများက ယခင်ကထက် များစွာ မှုန်ဝါးလာသော်လည်း...
တိုက်ပွဲကို အဆုံးသတ်ရန်အထိတော့ လုံလောက်နေသေးသည်။
အန္တိမကပ်ဘေးကြီးက မျိုးဆက်သုံးခု ကြေးခေါင်းတလားကို တွန်းလှန်ရန် အသည်းအသန် ရုန်းကန်နေသည်။
အားလုံးကို ပုရွက်ဆိတ်များဟု မှတ်ယူထားခဲ့သော်လည်း ယခုတော့ သူကိုယ်တိုင် ထိုဘဝသို့ ရောက်နေပြီ။
"အင်မော်တယ်နယ်မြေကြီးရဲ့ ရန်သူဖြစ်ရင်... ကျွင်းမိသားစုရဲ့ ရန်သူဖြစ်ရင်... ဒါက နောက်ဆုံးရလဒ်ဆိုတာ သိထားပါ။ အခု အဆုံးသတ်ဖို့ အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်က သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များကို စုစည်းပြီး အင်မော်တယ်သတ်ဓားကို ကိုင်မြှောင်လိုက်သည်။
ဓားတစ်ချက် လွှဲခုတ်လိုက်၏။
တောက်ပသော ဓားအလင်းက အရာအားလုံးကို လွှမ်းခြုံသွားသည်။
ဤဓားချက်က ရှည်လျားသော အချိန််မြစ်ကို ဖြတ်တောက်ပစ်နိုင်သည်။
ထာဝရကောင်းကင်ဘုံအားလုံးကို ဖျက်ဆီးပစ်နိုင်၏။
"ဝုန်း"
အဆုံးမဲ့ အင်မော်တယ်သတ်ဓားအလင်းက အန္တိမကပ်ဘေးကြီးကို ပိုင်းဖြတ်သွား၏။
ကောင်းကင် အနက်ရောင်သွေး၏ စွမ်းအားကလည်း ဖိနှိပ်ထားသောကြောင့် အန္တိမကပ်ဘေးကြီးမှာ သူ့ကိုယ်သူ မကုသနိုင်ခဲ့ပေ။
အခြေအနေ ပြီးသွားပြီ။ အန္တိမကပ်ဘေးကြီးအတွက် နောက်ပြန်လှည့်စရာ မရှိတော့ပေ။
"ဝုန်း"
မျိုးဆက်သုံးခု ကြေးခေါင်းတလားက လျှို့ဝှက်ဆန်းကျယ်သော အငွေ့အသက်များကို တစ်ဖန် ထုတ်လွှတ်လာသည်။ ခေါင်းတလားက ကောင်းကင်တစ်ခုလုံးကို မြှုပ်နှံနိုင်သကဲ့သို့ပင်။
အပိုင်းပိုင်း ဖြတ်တောက်ခံထားရသော အန္တိမကပ်ဘေးကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများက ခေါင်းတလားအတွင်းသို့ စတင် မျောလွင့်လာသည်။
သူ သေရတော့မည်။
"ငါသေရရင်တောင် မင်းရဲ့ ကျွင်းမိသားစုကို လွယ်လွယ် အလွတ်မပေးဘူး"
"ငါ့ခန္ဓာကိုယ်နဲ့ သွေးစတေးပြီး ငါ ကျိန်စာတိုက်တယ်"
အန္တိမကပ်ဘေးကြီး၏ နတ်ဆိုးအသံက ပဲ့တင်ထပ်သွားသည်။ သူ့ခန္ဓာကိုယ်က လောင်ကျွမ်းလာပြီး ပေါက်ကွဲသွား၏။
အန္တိမကပ်ဘေးကြီးက သူ့ကိုယ်သူစတေးပြီး အမှန်တကယ် ပေါက်ကွဲလိုက်ပြီ။
"ရှောင်ယောက်၊ တားဆီးထား"
ကျွင်းဝူဟွေ့က အော်ဟစ်လိုက်သည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသည့် သွေးကျိန်စာ ဖြစ်သည်။ ကျိန်စာတိုက်သူက စွမ်းအားကြီးမားလေလေ၊ သက်ရောက်မှု အင်အားက ပြင်းထန်လေလေပင်။
ထိုကျိန်စာ ကျရောက်ပါက၊ ၎င်းတို့၏ မျိုးနွယ်များပင်လျှင် သက်ရောက်ခံရမည် ဖြစ်သည်။
ယင်းက ကြောက်စရာကောင်းလွန်းသည့် မျိုးတုံးသတ်ဖြတ်တစ်မျိုးပင်။
အန္တိမကပ်ဘေးကြီး၏ နောက်ဆုံးနည်းလမ်းလည်း ဖြစ်သည်။
ယခုမူ၊ အန္တိမကပ်ဘေးကြီးက သူ့ကိုယ်သူ စတေးပြီး ကျွင်းမိသားစုကို ဖျက်ဆီးပစ်ရန် ကြိုးစားနေပြီ။
"ငါ့ကျွင်းမိသားစုရဲ့ သွေးမျိုးဆက်ကို ဘယ်သူက ဖြတ်တောက်နိုင်မှာလဲ"
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာပြောပြီး အင်မော်တယ်သတ်ဓားကို ထပ်မံမြှောက်လိုက်သည်။
သို့သော်လည်း လေထဲတွင် အဆုံးမဲ့ မှောင်မိုက်သော ရွန်းများ ပေါ်လာ၏။
ကျွင်းရှောင်ယောက်လည်း ရှောင်တိမ်း၍ မရတော့ပေ။
ကျိန်စာ အသက်ဝင်လာသည်နှင့် ကျွင်းမိသားစု၏ လူတိုင်းအပေါ်သို့ တိုက်ရိုက် ကျရောက်မည် ဖြစ်သည်။
ချက်ချင်းဆိုသလို၊ ကျွင်းရှောင်ယောက်သည် သူ့သွေးထဲတွင် အမှောင်စွမ်းအင်များ ပေါ်လာခြင်းကို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သူ့ကို ဖျက်ဆီးပစ်ရန် ကြိုးစားလာ၏။
သို့သော်လည်း ကျွင်းမိသားစု၏ သွေးမျိုးဆက်က သာမန် မဟုတ်ပေ။ ၎င်းက တောက်ပသော အလင်းများပေါ်လာပြီး ကျိန်စာစွမ်းအားကို ခုခံခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ ကျွင်းဝူဟွေ့အပါအဝင် ပျက်စီးခြင်းနယ်စပ်ရှိ ကျွင်းမိသားစုဝင်များအားလုံး...
သူတို့အားလုံး၏ သွေးထဲတွင် ကျိန်စာစွမ်းအားတစ်ခု ထွက်ပေါ်လာခြင်းကို ချက်ချင်း ခံစားလိုက်ရသည်။
အဆင့်နိမ့်သော ကျင့်ကြံသူတချို့မှာ သွေးများအန်ပြီး မြေပေါ်သို့ လဲကျသွားတော့သည်။
သူတော်စင်အဆင့်ကိုးခုမှ ကျွင်းမိသားစု၏ ပညာရှင်များပင်လျှင် ခန္ဓာကိုယ်များ တုန်ခါသွားကြသည်။
သို့သော်လည်း လူတစ်ယောက်၏ အင်အားက အားကောင်းလေလေ၊ ကျိန်စွာစွမ်းအားကို တွန်းလှန်နိုင်စွမ်း မြင့်မားလေလေပင်။
ဧကရာဇ်ကြီး ကျွင်းရှန်းယွီက လျစ်လျူရှုစွာ ပြောလိုက်သည်။
"အန္တိမကပ်ဘေးကြီးရဲ့ သွေးကျိန်စာက အမှန်တကယ် အားကောင်းလွန်းတယ်။ ဒါက ဧကရာဇ်သွေးမျိုးဆက်ကိုတောင် ဖျက်ဆီးနိုင်ဦးမယ်'
"ဒါပေမဲ့... ငါ့ကျွင်းမိသားစုရဲ့ သွေးက ဧကရာဇ်သွေးမျိုးဆက် မဟုတ်ဘူး"
အကယ်၍၊ အခြား ရှေးဟောင်းမင်းမျိုးနွယ် မိသားစုတစ်စုသာ အန္တိမကပ်ဘေးကြီး၏ ကျိန်စာတိုက်ခံရပါက...
သူတို့၏ မျိုးနွယ်တစ်ခုလုံး ချက်ချင်း သေဆုံးသွားလောက်သည်။
သို့သော်လည်း ကျွင်းမိသားစုအတွက်တော့ အနည်းငယ်သာ သက်ရောက်မှုရှိပြီး အသက်သေခြင်းပင် မရှိခဲ့ပေ။
"ဘယ်လိုဖြစ်တာလဲ..."
အန္တိမကပ်ဘေးကြီး အံ့ဩသွားသည်။
သူ၏ ကျိန်စာစွမ်းအားက ရှေးဟောင်းမျိုးနွယ်ကြီးကိုပင် ဖျက်ဆီးနိုင်သည်။
သို့ရာတွင်၊ ကျွင်းမိသားစုမှာတော့ သေဆုံးသူပင် သိပ်မရှိပေ။
"မင်းရဲ့ ကျိန်စာတစ်ခုတည်းနဲ့ ငါ့ရဲ့ ကျွင်းမိသားစုကို ဖျက်ဆီးပစ်နိုင်ရင်... ငါ့ကျွင်းမိသားစုက ထာဝရ ရပ်တည်နေတဲ့ မျိုးနွယ်တစ်ခု ဖြစ်ပါဦးမလား"
ကျွင်းရှောင်ယောက်က လှောင်ပြောင်ပြောဆိုလိုက်သည်။ သူက ဤကျိန်စာကို လုံးဝ ဂရုမစိုက်ပေ။
သူ့ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသည့် ကောင်းကင်၏ အနက်ရောင်သွေးကြောင့်လည်း... ဤကျိန်စာက ကျွင်းရှောင်ယောက်အတွက် သက်ရောက်မှုမရှိသလို လျစ်လျူရှုထားနိုင်ခဲ့သည်။
"အင်မော်တယ် သွေးမျိုးဆက်ပဲ... ချီးပဲ"
အန္တိမကပ်ဘေးကြီး တုန်လှုပ်သွားပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"ပြီးသွားပြီ"
နတ်ဘုရား ဓမ္မခန္ဓာက အင်မော်တယ်သတ်ဓားကို မြှောက်လိုက်သည်။ အဆုံးမဲ့ စွမ်းအားများက တဟုန်ထိုး တက်လာ၏။
လွှဲခုတ်လိုက်ပြီ။
အန္တိမကပ်ဘေးကြီးက ရုန်းကန်နေသော်လည်း အဆုံးတွင် ပြိုကျသွားရသည်။
"ငါဖျက်ဆီးခံခဲ့ရပေမဲ့ တကယ့် ကပ်ဘေးဒုက္ခနဲ့ တကယ့်အမှောင်ထုက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး"
"အမှောင်ထုက အရင်းအမြစ်ကနေ တစ်ဖန်ပြန်ဝင်လာတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံး မြှုပ်နှံခံရလိမ့်မယ်"
"ကမ္ဘာပျက်ကိန်းရဲ့ နိမိတ်ပုံရိပ်က ငါပဲမဟုတ်ဘူး"
အန္တိမကပ်ဘေးကြီးက နောက်ဆုံးအကြိမ် အော်ဟစ်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကို ကြေးခေါင်းတလားထဲသို့ ဆွဲယူခံလိုက်ရ၏။
တခဏချင်းမှာပင် မျိုးဆက်သုံးခု ကြေးခေါင်းတလားမှ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာသည်။
အန္တိမကပ်ဘေးကြီး လုံးဝ ပြိုကွဲသွားပြီ။ နောက်ဆုံးတွင်၊ ကမ္ဘာပေါ်မှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ယခုတော့ အားလုံးပြေလည်သွားပြီ။
တိုင်းတစ်ပါးပြည်၏ အန္တိမကပ်ဘေးကြီး ကျဆုံးသွားချေပြီ။
ပေတစ်သောင်းမြင့်သော နတ်ဘုရားဓမ္မခန္ဓာမှာလည်း အလင်းရောင်က လွန်စွာမှိန်ဖျော့နေသည်။
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ခြင်းက စွမ်းအင်စားသုံးမှု ကြီးမားပြီး ယုံကြည်ခြင်းစွမ်းအား အကုန်လုံးနီးပါးကို ကုန်ဆုံးစေခဲ့သည်။
နောက်ဆုံးတွင်၊ ဓမ္မခန္ဓာက ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာသို့ တိတ်တဆိတ်ပြန်ရောက်သွားသည်။
လေထဲတွင် ကျွင်းရှောင်ယောက်တစ်ဦးသာ ကျန်၏။ သူ၏ အဖြူရောင် အဝတ်အစားများက လေထဲတွင် တဖျတ်ဖျတ် လူးလွန့်နေသည်။
ကမ္ဘာနှစ်ရပ်မှ မရေမတွက်နိုင်သော သတ္တဝါများက အဖြူရောင်ဝတ်စုံဖြင့် လူငယ်လေးကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်တွင် သူက ဘုရင်ငယ်တစ်ပါးကဲ့သို့ပင်။