အခန်း ၁၁၁၆
Vol. 75 Ch. 1116
အခန်း ( ၁၁၁၆ ) အင်မော်တယ် နယ်မြေကြီး၏ သူရဲကောင်း။
အန္တိမကပ်ဘေးကြီးကို ဤကဲ့သို့ ဇာတ်သိမ်းသွားမည်ဟု မည်သူမျှ မထင်ထားခဲ့ပါ။
ကျွင်းမိသားစု၏ ဘိုးဘေးများကဲ့သို့ အစွမ်းထက်သူများပင်လျှင် အန္တိမကပ်ဘေးကြီးကို အပြီးတိုင် မဖြေရှင်းနိုင်ပေ။ ဖိနှိပ်နိုင်ရုံသာ တတ်နိုင်ခဲ့သည်။
ယခုမူကား၊ ထာဝရ အနှိုင်းမဲ့သော အန္တိမကပ်ဘေးကြီးမှာ အဓိပတိအဆင့် လူငယ်တစ်ဦး၏လက်သို့ ကျရောက်သွားခဲ့ပြီ။
ဤအရာက ကမ္ဘာနှစ်ရပ်ရှိ သတ္တဝါအားလုံး မမျှော်လင့်ထားသော အရာဟု ဆိုနိုင်သည်။
ပျက်စီးခြင်းနယ်စပ်က တိတ်ဆိတ်နေသေးပြီး မည်သူမျှ မတုံ့ပြန်နိုင်တော့ပါ။
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က အန္တိမကပ်ဘေးကြီးကို ချေမှုန်းလိုက်ပြီလား"
တစ်ယောက်က ကြောင်တက်တက်ဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်ကွ၊ အန္တိမကပ်ဘေးကြီးကို တံဆိပ်ခတ်ထားတာတောင် မဟုတ်ဘူး။ အခုချိန်ကစပြီး တိုင်းတပါးမှာ အန္တိမကပ်ဘေးကြီးဆိုတာ မရှိတော့ဘူး၊ သူ ဇာတ်သိမ်းသွားပြီ"
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများက တုံ့ပြန်လာပြီး ဝမ်းသာအားရ အော်ဟစ်လိုက်၏။
ထို့နောက်မှာတော့ စိတ်ဓာတ်တက်ကြွစွာဖြင့် အော်ဟစ်သံများက မိုးနှင့်မြေကိုပင် တုန်လှုပ်သွားစေတော့သည်။
"နတ်ဘုရားသားတော်က အနှိုင်မဲ့တယ်ဟေ့။ နတ်ဘုရားသားတော်မှာ ပြိုင်ဘက်မရှိဘူး"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ငါတို့ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့ပြီ"
အဆုံးမရှိသော အသံလှိုင်းများက ကောင်းကင်ကို တုန်ခါသွားစေခဲ့သည်။
အားလုံးက ဝမ်းသာလွန်းသဖြင့် ကခုန် အော်ဟစ်နေကြတော့သည်။
"ဟားဟားဟား၊ ရှောင်ယောက်က မျှော်လင့်ထားတဲ့အတိုင်းပဲ"
"ရှောင်ယောက်က နောင်အခါမှာ ငါတို့ ကျွင်းမိသားစုရဲ့ ခေါင်းဆောင်ကြီး ဖြစ်လာလိမ့်မယ်"
ကျွင်းမိသားစုမှ အကြီးအကဲများ၊ ဘိုးဘွားများနှင့် ရှေးဘိုးဘေးများအားလုံးက ကျေနပ်အားရစွာ ရယ်မောလိုက်ကြသည်။
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူအားလုံးက လေးစားသော အကြည့်များဖြင့် ကြည့်ကြ၏။
ပါရမီရှင်များစွာအတွက်လည်း အလားတူပင်။
ကျွင်းမိသားစုနှင့် ကျွင်းရှောင်ယောက်၏ ရန်ဘက် အင်အားစုများ၊ ပါရမီရှင်များ၏ မျက်နှာများမှာတော့ စိတ်ရှုပ်ထွေးမှုနှင့် အကူအညီမဲ့သော အမူအရာများ ဖြစ်ပေါ်နေကြသည်။
"ကိုကို ရှောင်ယောက်..."
ကျန်းလော့လီလည်း တောက်ပစွာ ပြုံးလိုက်လေသည်။ သူမ၏ မျက်ဝန်းမှာတော့ ပျော်ရွှင်မှု မျက်ရည်စတို့ ရစ်ဝဲနေသည်။
ယခုအချိန်တွင်၊ သူမ ဘယ်လောက်ထိ ပျော်ရွှင်နေမလဲဆိုတာ တွေးကြည့်ရန်ပင် မလွယ်ပေ။
သူ့နှလုံးသားထဲမှ ချစ်ရသူ...
ထိုသူက အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့သော သူရဲကောင်း ဖြစ်သည်။
"ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ရတာလဲ"
အင်မော်တယ်နယ်မြေကြီးမှ ကျင့်ကြံသူများ ပျော်ရွှင်မြူးတူးနေချိန်...
တိုင်းတစ်ပါးမှ မရေမတွက်နိုင်သော သတ္တဝါများမှာတော့ မျက်နှာများ ဖြူရော်သွားကြသည်။
အင်မော်တယ်ဘုရင်များပင်လျှင် မယုံနိုင်ဘဲ ခန္ဓာကိုယ်များ တုန်ယင်နေတော့သည်။
သူတို့၏ တိုင်းတစ်ပါးပြည်၏ အန္တိမကပ်ဘေးကြီးမှာ အင်မော်တယ်နယ်မြေကြီးရှိ ပါရမီရှင်လူငယ်တစ်ဦးမှ ဖျက်ဆီးခံခဲ့ရသည်။
ဤတွင်၊ အကြောင်းရင်းများစွာရှိသော်လည်း...
အကြောင်းအရင်းအားလုံး၏ အရင်းအမြစ်က ကျွင်းရှောင်ယောက်ကြောင့်ပင်။
"သူက အဓိပဓိနယ်ပယ်မှာပဲ ရှိသေးပေမဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အန္တိမကပ်ဘေးကြီးကို ချေမှုန်းနိုင်တယ်။ သူသာ အနာဂတ်မှာ ကြီးပြင်းလာမယ်ဆိုရင်..."
ထိုအကြောင်းကို တွေးမိသောအခါ၊ တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်များစွာတို့၏ ရင်ထဲတွင် အေးစက်သွားကြသည်။
ကျွင်းရှောင်ယောက်၏ အရည်အချင်းဖြင့် ဧကရာဇ်ဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်တာ မဟုတ်ပေ။
ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ဖြတ်ကျော်ရုံဖြင့်ပင် သူတို့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။
ဉာဏ်အလင်းရရှိပြီး ဧကရာဇ်ဖြစ်လာပါက၊ တိုင်းတစ်ပါးအတွက် ပြဿနာကြီး ဖြစ်လာလိမ့်မည်။
အရေးကြီးဆုံးကတော့ တိုက်ခိုက်နိုင်စွမ်း မြင့်မားရုံသက်သက် မဟုတ်ပေ။
ကျွင်းရှောင်ယောက်၏ နည်းလမ်းနှင့် အကြံအစည်များက အလွန်နက်ရှိုင်းဆဲ ဖြစ်သည်။
သူဟာ ကစဉ့်ကလျားခန္ဓာအသွင်ပြောင်းပြီး တိုင်းတပါး၏ လူတိုင်းကို လှည့်စားခဲ့သည်။
ပါရမီ၊ ခွန်အားနှင့် ဉာဏ်ပညာ... အဘက်ဘက်မှ ပြည့်စုံသော ပါရမီရှင်တစ်ဦး ဖြစ်၏။
သူဟာ တိုင်းတပါးအတွက် တကယ်ကို အိပ်မက်ဆိုးတစ်ခုပင်။
"မရဘူး၊ ငါတို့ သူ့ကိုသတ်ရမယ်"
အန္တိမဧကရာဇ် မျိုးနွယ်စု၏ အင်မော်တယ်ဘုရင်တစ်ပါးက သတ်ဖြတ်ချင်စိတ်တို့ ပေါက်ကွဲထွက်လာသည်။
ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကို ဖယ်ရှားလိုက်သောကြောင့်...
သူတို့ အန္တိမဧကရာဇ်မျိုးနွယ်၏ သဘာဝကပ်ဘေးအဆင့် ရှေးဘိုးဘေးများက အချိန်တိုအတွင်း နိုးထလာနိုင်မည် မဟုတ်တော့ပါ။
အန္တိမကပ်ဘေးကြီး၏ ကျဆုံးမှုက တိုင်းတပါးအတွက် ကြီးစွာသော သက်ရောက်မှု ရှိခဲ့သည်ဟု ဆိုနိုင်သည်။
တိုင်းတစ်ပါး၏ ပါရမီရှင်များစွာပင် ကျဆုံးခဲ့ရသေးသည်။
အချိန်တိုအတွင်း၊ တိုင်းတစ်ပါးပြည်သည် အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်ပေါ်လာရန် ခက်ခဲလိမ့်မည်။
"ဘာတွေ အတွေးများနေတာလဲ၊ တိုက်ပွဲက မပြီးသေးဘူး"
ကျွင်းရှန်းယွီက လှောင်ပြောင်ပြောဆိုပြီး တိုက်ခိုက်လိုက်သည်။
ကျွင်းရှောင်ယောက်၊ ကျွင်းဝူဟွေ့နှင့် အခြားသူများက တိုင်းတပါးတွင် ရှိနေသေးသည်။
ထို့ကြောင့် တိုင်းတပါး၏ အင်အားစုများကို ပြန်သွားခွင့် မပြုနိုင်ပေ။
ကမ္ဘာနှစ်ရပ်ကြား တိုက်ပွဲက ထပ်မံစတင်ခဲ့သည်။
သို့သော်လည်း ယခုတစ်ကြိမ်တွင်၊ အင်မော်တယ်နယ်မြေကြီး၏ အရှိန်အဟုန်က ပို၍ မြင့်မားလာသည်။
သို့သော်လည်း တိုင်းတပါးသားများမှာတော့ တိုက်ခိုက်လိုစိတ်တို့ လျော့ပါးလာကြတော့သည်။
ကောင်းကင်မဲ့အမှောင်နယ်မြေတွင်...
အရာအားလုံး တိတ်ဆိတ်နေသည်။
မျိုးဆက်သုံးခု ကြေးခေါင်းတလားက လေထဲတွင် ငြိမ်သက်စွာ ရှိနေ၏။
ကျွင်းရှောင်ယောက်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြန်ဆွဲယူလိုက်သည်။
ထိုအခါ၊ မျိုးဆက်သုံးခု ကြေးခေါင်းတလားမှ အလွန်ကြီးကျယ်ခမ်းနားသော စွမ်းအင်များကို သူ ချက်ချင်း ခံစားလိုက်ရတော့သည်။
"အလို၊ ဒါက အန္တိမကပ်ဘေးကြီးကို သန့်စင်ပြီးတော့ ကျန်ခဲ့တဲ့ စွမ်းအင်များလား"
ကျွင်းရှောင်ယောက်က မျက်ခုံးပင့်လိုက်သည်။
သို့သော်လည်း ကောင်းသည်။ ယင်းက ကျွင်းရှောင်ယောက်အတွက် အရင်းမြစ်တစ်မျိုးပင် မဟုတ်လော။
အန္တိမကပ်ဘေးကြီး သေသွားလျှင်ပင်၊ သူ့အတွက် ရနိုင်သမျှ အကုန်ညှစ်ယူရဦးမည်။
အန္တိမကပ်ဘေးကြီးကို အပြည့်အဝ ချေမှုန်းပြီးနောက် ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်သည်။
သို့သော်လည်း သူ အပြည့်အဝ စိတ်မအေးနိုင်သေးပါ။
နောက်ဆုံးတွင်၊ အန္တိမကပ်ဘေးကြီးက တစ်ခုတည်း မဟုတ်ပေ။
ကမ္ဘာပျက်ကိန်း၏ နိမိတ်ပုံက လေးခု ရှိသည်။
အန္တိမကပ်ဘေးကြီးက ထိုအထဲမှ တစ်ခုမျှသာ ဖြစ်၏။
တစ်နည်းဆိုရသော်၊ အနာဂတ်တွင် အခြားသော ကပ်ဘေးကြီးများ ပေါ်ပေါက်လာနိုင်သေးသည်။
ကျွင်းရှောင်ယောက်ကို ပို၍ စိုးရိမ်ပူပန်စေသည့်အရာက...
ကောင်းကင် အနက်ရောင်သွေးနှင့် ပေါင်းစပ်နေချိန်တွင် မြင်တွေ့ခဲ့ရသော မြင်ကွင်း ဖြစ်သည်။
ထာဝရ အေးစက်ပြီး မှောင်မိုက်သော ပလ္လင်ပေါ်တွင် ထိုင်နေသော နတ်ဆိုးပုံရိပ် ဖြစ်၏။
အန္တိမကပ်ဘေးကြီးက ၎င်း၏ မျက်လုံးတစ်လုံးမျှသာဖြစ်လျှင်...
ထိုတည်ရှိမှုက မည်မျှ ကြောက်စရာကောင်းမည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။
"ရှောင်ယောက်၊ အဖေ မင်းကို အများကြီးမျှော်လင့်ထားပေမဲ့ မင်းရဲ့စွမ်းဆောင်မှုက မျှော်လင့်ထားတာထက် သာလွန်နေသေးတာပဲ"
ကျွင်းဝူဟွေ့က ကျွင်းရှောင်ယောက်အနားသို့ ရောက်လာသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် အဝတ်အစားများက သွေးများဖြင့် စွန်းထင်းနေသော်လည်း... နတ်ဘုရင်တစ်ပါးအဖြစ် သူ၏ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတို့ကို မပြောင်းလဲစေပေ။
ယခင်ကတော့ သားအဖနှစ်ယောက် ဆုံခဲ့ကြသော်လည်း အန္တိမကပ်ဘေးကြီးကြောင့် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ရန် အချိန်မရှိခဲ့ပါ။
ယခုမှသာ ကျွင်းဝူဟွေ့မှာ သူ့သားကိုကြည့်ရင်း ဂုဏ်ယူမဆုံး ဖြစ်ခဲ့သည်။ အန္တိမကပ်ဘေးကြီးကို သူကိုယ်တိုင် သတ်နိုင်ခဲ့ခြင်းထက်ပင် ပို၍ ပျော်ရွှင်နေသေးသည်။
"ကျွန်တော်က နည်းလမ်းအမျိုးမျိုးကို သုံးခဲ့လို့ပါ၊ အဖေကမှ တကယ့်သူရဲကောင်းပါပဲ"
ကျွင်းရှောင်ယောက်က ရိုးရိုးသားသား ပြောလိုက်သည်။
အမှန်လည်း ဓမ္မခန္ဓာအဖြစ် ပြောင်းလဲသွားသော ယုံကြည်ခြင်းမျိုးစေ့ ဖြစ်စေ၊ မျိုးဆက်သုံးခု ကြေးခေါင်းတလား သို့မဟုတ် ကောင်းကင်၏ အနက်ရောင်သွေးပင် ဖြစ်စေ...
အရာအားလုံးက လက်မှတ်ထိုးဝင်ခြင်းမှ ကျွင်းရှောင်ယောက် ရရှိခဲ့သော အရာများ ဖြစ်သည်။ သူ့အတွက် အထူးတလည် ကြိုးစားအားထုတ်စရာ မလိုဘူးဟု ဆို၍ရပေသည်။
တစ်ဖက်တွင်၊ ကျွင်းဝူဟွေ့က သန့်စင်သော ကိုယ်ပွားသုံးခုဖြင့် တားမြစ်နယ်မြေသုံးခုကို တစ်ဦးတည်း ဖိနှိပ်ထားခဲ့သည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်မှာ ကျွင်းဝူဟွေ့ကို သူ့နှလုံးသားထဲမှ လေးစားနေသေးသည်။
"ရှောင်ယောက်... တောင်းပန်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ငါ့ရဲ့ တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက်နိုင်ခဲ့ဘူး။ အဖေ မင်းတို့ သားအမိအပေါ်မှာ တာဝန်မကျေခဲ့ဘူးလေ။ တကယ်ပဲ အရှက်ရမိပါတယ်"
ကျွင်းဝူဟွေ့က အပြစ်ရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
သူဟာ ကမ္ဘာ့အမြင်တွင် ယုံကြည်အားကိုးထိုက်သော သူရဲကောင်းတစ်ဦး ဖြစ်သည်။
သို့သော်လည်း သူ့မိသားစုအတွက်တော့ အိမ်ထောင်ဦးစီ မပီသသူအဖြစ် ခံစားမိ၏။
"အဖေ... အမေက အဖေ့ကို ဘယ်တုန်းကမှ အပြစ်မဆိုခဲ့ဖူးပါဘူး။ အဖေ့အတွက် ဂုဏ်ယူနေခဲ့တာပါ"
ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးလိုက်သည်။
ကျွင်းဝူဟွေ့၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရသော အရိပ်အယောင်တို့ ပေါ်လာသည်။
"အိုး၊ ငါ မေ့တော့မလို့ပဲ။ ဒါက အဖေတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုဆိုတော့ သားကို တွေ့ဆုံမှုလက်ဆောင်အနေနဲ့ ပေးရအောင်"
ကျွင်းဝူဟွေ့က ပြုံးလိုက်သည်။
အဝေးမှ မိုးပြာရောင် ငှက်ငယ်လေးတစ်ကောင်က အတောင်ကိုဖြန့်ပြီး ပျံသန်းလာနေ၏။
ကျွင်းရှောင်ယောက်ဘည်း ထိုငှက်ငယ်လေးကို သေသေချာချာ ကြည့်လိုက်ပြီးနောက်၊ သူ့မျက်နှာတွင် အံ့အားသင့်မှုတို့ ပေါ်လာတော့သည်။
"သူ... ဘုရင်ဖုဖုန်းလား"
ကျွင်းရှောင်ယောက် အံသြသွားသည်။
ဘုရင်ဖုဖုန်း၏ မူလပုံစံက မိုးပြာရောင် ကောင်းကင်ဂဠုန် ဖြစ်သည်။
သို့သော်လည်း သူ့ရှေ့မှ မိုးပြာရောင် ငှက်ငယ်လေးနှင့် လုံးဝ ဆက်စပ်၍မရပေ။
ဘုရင်ဖုဖုန်း တစ်ဖြစ်လဲ မိုးပြာရောင် ငှက်ငယ်လေးက ကျွင်းရှောင်ယောက်၏ နံဘေးသို့ ပျံသန်းလာသည်။ ငှက်ကလေးမှာ စိတ်ရှုပ်ထွေးနေပြီး ရှက်ရွံ့နေပုံလည်း ရ၏။
စစ်နတ်ဘုရားတွင် ရှိခဲ့စဉ်က၊ သူသည် ကျွင်းရှောင်ယောက်ကို ပုရွက်ဆိတ်ကဲ့သို့ သဘောထားကာ လုံးဝ ဂရုမစိုက်ပေ။
သူ့လက်တစ်ချောင်းတည်းဖြင့် အလွယ်တကူ ချေမှုန်းနိုင်သည်။
ထိုစဉ်က၊ ယခုကဲ့သို့ ဖြစ်လာမည်ဟု အဆိုးရွားဆုံး အိပ်မက်မှာပင် မမက်ခဲ့ဖူးပေ။