အခန်း ၁၁၁၉
Vol. 75 Ch. 1119
အခန်း ( ၁၁၁၉ ) ရှင်ဘုရင် ပြန်လာပြီ။
တိုင်းတစ်ပါးသို့ ခရီးစဉ်က ဤနေရာတွင် အဆုံးသတ်ခဲ့ပြီ။
ဤခရီးစဉ်တွင် သူ၏ ရည်မှန်းချက်တို့လည်း အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့သည်။
သူ့အဖေကို ပြန်တွေ့ရပြီး ရှေးဦးဝိညာဉ်ကျမ်းကို ရရှိခဲ့သည်။ သရဲမျက်နှာဖုံးဖြင့် အမျိုးသမီး၏ အကြောင်းအကျိုး သက်ရောက်မှုတချို့ကိုလည်း သိခဲ့ရသေးသည်။
အကြီးမားဆုံး လျှို့ဝှက်အန္တရာယ်နှင့် အန္တိမကပ်ဘေးကြီးကိုလည်း ရှင်းထုတ်နိုင်ခဲ့သည်။
ကျွင်းရှောင်ယောက်ကိုယ်တိုင် အင်မော်တယ်နယ်မြေကြီး၏ သူရဲကောင်းတစ်ဦး ဖြစ်ခဲ့ရပေသည်။
သို့သော်လည်း ယင်းကတော့ သူ၏ရည်ရွယ်ချက် မဟုတ်ပါ။
"နောက်ဆုံးမှာတော့ အင်မော်တယ်နယ်မြေကြီးကို ပြန်နိုင်ပြီ။ အရင်က အသိအကျွမ်းတွေကော အဆင်ပြေကြရဲ့လား"
လူတချို့၏အကြောင်းကို တွေးမိသောအခါ ကျွင်းရှောင်ယောက်၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကြသည်။
သူ သေဆုံးသွားကြောင်း သိလိုက်ရသောအခါတွင် သူတို့အားလုံး အလွန်ဝမ်းနည်းခဲ့ကြရသည်။
ယခုတော့ နောက်ဆုံးတွင်၊ သူတို့နှင့် အရင်အချိန်များအကြောင်း ပြန်ပြောနိုင်ပြီ။
ထို့နောက်တွင်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက ဒေါသရိပ်တို့ ပေါ်လာပြန်သည်။
"နောက်ထပ် လူတစ်စုလည်း ရှိသေးတယ်။ အခု မင်းတို့ရဲ့ အိပ်မက်ဆိုးတွေ ပြန်လာပြီ"
ရှန်းရွှီကမ္ဘာတွင် ကျွင်းရှောင်ယောက် ကျဆုံးသွားပြီးနောက်...
အင်မော်တယ်နယ်မြေကြီးမှ သူ၏ ပြိုင်ဘက် ရန်သူအားလုံးမှာ ဝမ်းသာပျော်ရွှင်ပြီး ဘဝကို သက်တောင့်သက်သာရှိစွာ ဖြတ်သန်းခဲ့ကြသည်။
မျိုးစေ့အဆင့် ပါရမီရှင်များစွာတို့လည်း စိတ်သက်သာရာ ရခဲ့ကြ၏။
အကြောင်းမှာ၊ ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီး၏ ထူးခြားဆန်းကျယ်သည့် အဖြစ်အပျက်အားလုံးကို လွှမ်းမိုးထားခဲ့သောကြောင့်ပင်။
ကမ္ဘာကြီးတစ်ခုလုံးကလည်း သူ ထင်ပေါ်ရန်အတွက် သူ့ကိုယ်ပိုင်ဇာတ်ခုံကဲ့သို့ ဖြစ်နေခဲ့သည်။
သူ ကျဆုံးသွားပြီးနောက်မှာတော့ အင်မော်တယ်နယ်မြေကြီးတွင် ပါရမီရှင်များစွာမှာ နာမည်ကျော်ကြားလာကြ၏။ မျိုးစေ့အဆင့် ပါရမီရှင်များစွာလည်း နိုးထလာကြတော့သည်။
ရှေးဧကရာဇ်၏ မျိုးဆက်များ။
ရှေးဟောင်းမျိုးနွယ်များ၏ ဆက်ခံသူများ...
ကစဉ့်ကလျားမုခ်ဝတွင် တံဆိပ်ခတ်ထားသော ကစဉ့်ကလျားခန္ဓာ...
ကုရ်အာန်သူတော်စင်ဂိုဏ်းမှ ယုံကြည်သူ သန်းပေါင်းများစွာ၏ ယုံကြည်ခြင်းကို စုစည်းထားသော အမှန်တရား၏သားတော်...
အဓိပဓိအင်မော်တယ်ခုံရုံး၏ လျှို့ဝှက်ဆန်းကြယ်သော ဧကရာဇ်ငယ်... စသည်ဖြင့်။
ထူးကဲသော အရည်အချင်းဖြင့် ပါရမှရှင်များ၊ မျိုးစေ့များက ၎င်းတို့၏ စွမ်းရည်များကို စတင်ပြသလာကြသည်။
ကမ္ဘာကြီးကို လွှမ်းမိုးရန် ပြင်ဆင်ကြ၏။
ရလဒ်အနေဖြင့်၊ လူတိုင်းက အထက်သို့တက်ရန် ပြိုင်ဆိုင်နေကြချိန်တွင်...
သေဆုံးသွားပြီဖြစ်သော အဓိကဇာတ်ကောင်က ပြန်လည်ရောက်ရှိလာကြောင်း တွေ့လိုက်ကြရသည်။
ထို့ပြင်၊ ပို၍ ထက်မြက်ပြီး အံ့ဖွယ်ကောင်းသော ပုံစံမျိုးဖြင့် ရောက်လာခြင်း ဖြစ်၏။
ယင်းကြောင့် အချို့သော ပါရမီရှင်များ၏ စိတ်ဓာတ်များ ပြိုလဲသွားကာ တာအိုနှလုံးသားများပင် မတည်မငြိမ် ဖြစ်ခဲ့ကြရသည်။
အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းရှောင်ယောက်ကို ရိုသေလေးစားသူ အများအပြား ရှိသည်။
ထို့အတူ၊ ကျွင်းရှောင်ယောက်ကို ပျောက်ကွယ်သွားစေချင်သူများလည်း အများကြီးရှိသေးသည်။
ယခုအခါ၊ ကျွင်းရှောင်ယောက်၏ ပြန်လာခြင်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး၌ လှိုင်းတံပိုးများကို ထပ်မံဖြစ်ပေါ်စေမည်မှာ သေချာသည်။
..........
ပျက်စီးခြင်းနယ်စပ်တွင်၊ အလင်းမျက်နှာပြင်က အန္တိမကပ်ဘေးကြီး ကျဆုံးခြင်းနှင့်အတူ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤအခိုက်တွင်၊ တိုင်းတပါးသား သတ္တဝါအားလုံး သွေးပျက်၍ စိတ်ဓာတ်ကျနေသည်။
အကြောင်းအကျိုးတို့ကို လက်တစ်ဖက်တည်းဖြင့် ပိုင်းဖြတ်နိုင်သော အင်မော်တယ်ဘုရင်များပင်လျှင် စဉ်းစား၍ မရနိုင်ပေ။
ဒါက ဘယ်လိုအခြေအနေကြီးလဲ။
သက်ရှိသတ္တဝါအားလုံးကို ကြောက်ရွံ့စေကာ အင်မော်တယ်နယ်မြေကြီးကို ပျက်စီးခြင်းများ ယူဆောင်လာပေးနိုင်သော အန္တိမကပ်ဘေးကြီးမှာ...
အဆုံးတွင် အင်မော်တယ်နယ်မြေကြီးမှ အဓိပတိအဆင့် လူငယ်တစ်ဦး၏လက်၌ သေဆုံးသွားခဲ့ရသည်။
ထိုသို့သော သေခြင်းတရားကို မည်သူမျှ စိတ်မကူးနိုင်ခဲ့ပေ။
ကျွင်းဝူဟွေ့နှင့် အခြားသူများ၏ လက်ထဲတွင် သေဆုံးသွားလျှင်ပင် ဖြေသိမ့်နိုင်သည်။
သို့ရာတွင်၊ မျိုးဆက်သစ် လူငယ်လေးတစ်ဦး၏ လက်ထဲမှာ သေသွားတာက ဘာကိုဆိုလိုတာလဲ။
အန္တိမဧကရာဇ်မျိုးနွယ်မှ အင်မော်တယ်ဘုရင်တချို့၏ မျက်နှာများမှာ ရှုံ့မဲ့နေခဲ့သည်။
ယခုအချိန်ထိ၊ တိုင်းတပါး၏ အလုံးစုံအင်အားက သန်မာနေသေးသည်။
သို့သော်လည်း အသန်မာဆုံး တည်ရှိမှုဖြစ်သည့် အန္တိမကပ်ဘေးကြီးက ကျဆုံးသွားပြီ ဖြစ်သည်။
ယင်းက တိုင်းတပါးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုပင်။
အင်မော်တယ်နယ်မြေကြီးကို လုံးဝကျူးကျော်ပြီး ဖျက်ဆီးချင်ပါက မည်မျှကြာကြာ စောင့်ရမည်ဆိုတာ မသိနိုင်ပါ။
မကြုံစဖူး ကပ်ဘေးကြီးတစ်ခု ကျရောက်သည်အထိ ကျွန်ုပ်တို့ စောင့်ရမည် ဖြစ်သည်။
သို့သော်လည်း ကပ်ဘေးက မည်သည့်အချိန်တွင် ထပ်မံကျရောက်မည်မှန်း မည်သူမှ မပြောနိုင်ပါ။
ယခုအခါ တိုင်းတစ်ပါးမှ ဘုရင်များပင် ဆုတ်ခွာရန် ကြံရွယ်နေပြီ ဖြစ်သည်။
ဆက်လက် တိုက်ခိုက်နေစရာ အကြောင်းမရှိတော့ပေ။
ဆန့်ကျင်ဘက်အနေဖြင့်၊ အင်မော်တယ်နယ်မြေကြီးဘက်မှာ စိတ်ဓာတ်မြင့်မားနေကြပြီ ဖြစ်သည်။
တန်ပြန်တိုက်စစ်ဆင်ရန် အချိန်တန်ပြီ။
"သတ်ကြ၊ တိုင်းတစ်ပါးက အရှိန်ကုန်တဲ့မြှားလို ဖြစ်နေပြီ"
"ဟုတ်တယ်ဟေ့၊ သူတို့ရဲ့ အကြီးဆုံး ဝှက်ဖဲမရှိတော့ရင် တိုင်းတပါးဆိုတာ အစွယ်ကျိုးနေတဲ့ ကျားတစ်ကောင်လိုပဲ"
အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများသည် ယခင်က မြိုသိပ်ခဲ့ရသမျှကို ယခုအချိန်တွင် မီးကုန်ယမ်းကုန် ဖွင့်ထုတ်လိုက်ကြသည်။
သို့သော်လည်း ထိပ်တန်း အကျော်အမော်များကတော့ တည်ငြိမ်နေဆဲပင်။
ယခုအခါတွင် အကြီးမားဆုံးသော လျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားလိုက်ပြီဟု ဆိုနိုင်သော်လည်း တိုင်းတပါး၏ အလုံးစုံ ခြိမ်းခြောက်မှုမှာ ကြီးမားဆဲ ဖြစ်သည်။
အန္တိမကပ်ဘေးကြီး၏ ကျဆုံးခြင်းက ကမ္ဘာနှစ်ခုကြားမှ နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲကို နှောင့်နှေးစေရုံသာ။
တိုင်းတစ်ပါး၏ သဘာဝဘေးအန္တရာယ်အဆင့် အင်မော်တယ်ဘုရင်များ ရှင်ပြန်ထမြောက်လာသည့်အခါ...
ထိုအချိန်က အန္တရာယ်သည် ယခုထက် အားနည်းမည် မဟုတ်ပေ။
သို့သော်လည်း ပါရမီရှင်များ၏ စစ်မြေပြင်တွင်...
အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များ အားလုံး အလွန်တက်ကြွနေကြသည်။
သူတို့၏ ကမ္ဘာကြီးအတွက် ရှေ့ဆက်ရန် မျှော်လင့်ချက်ရှိသေးသည်။
"ဒီတိုင်းတစ်ပါးသား မိစ္ဆာတွေကိုသတ်ပစ်ကြ"
"အောင်ပွဲက ဆုံးဖြတ်ပြီးပြီ"
အင်မော်တယ်နယ်မြေကြီး၏ ဤပါရမီရှင်များက စိတ်လှုပ်ရှားပြီး စိတ်ဓာတ်တက်ကြွနေခဲ့သည်။
သို့သော်လည်း စိတ်ဓာတ်ကျနေသူများ ရှိနေသေးသည်။
ဥပမာအားဖြင့်၊ မျက်စိမျက်နှာပျက်နေသော ကူတိကျစ် ဖြစ်သည်။
လုံယောက်အာလည်း ရှိ၏။
ယခင်က သူသည် ကျွင်းရှောင်ယောက်၏ မူလပုံစံ ပြန်ရောက်သည်အထိ ရိုက်နှက်ခြင်း ခံခဲ့ရသည်။
အင်မော်တယ်နယ်မြေကြီးသို့ ကျွင်းရှောင်ယောက် ပြန်လာခြင်းကို မမြင်လိုသူများရှိသလို...
ကျွင်းရှောင်ယောက်ကို စောင့်မျှော်နေသူများလည်း သဘာဝအတိုင်း ရှိပေသည်။
စစ်မြေပြင်တစ်နေရာတွင် ကျန်းလော့လီ၏ မျက်ဝန်းမှ ဝမ်းသာမျက်ရည်များ စီးကျနေသည်။
ကျိုးပဲ့နေသော ရှေးဦးဝိညာဉ်ကမ္ဘာကို ရရှိပြီးနောက်၊ ယခုအခါ သူမ၏ ခွန်အားကို လျှော့တွက်၍မရတော့ပေ။
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ ပါရမီရှင်များထဲတွင် သူမက ရှေ့တန်းမှဖြစ်သည်။
ထိုအချိန်တွင် ကျန်းလော့လီလည်း တိုက်ခိုက်နေခဲ့သည်။ ကျွင်းရှောင်ယောက်ကို သိစေချင်၏။
သူမက အခြားသူများကို အားကိုးရမည့် ကောင်မလေးတစ်ယောက် မဟုတ်တော့ပါ။
သို့သော်...
သူမ၏ အရပ်ကတော့ မပြောင်းလဲခဲ့ပါချေ။
"ဟမ့်၊ ဒီလောက်လေးနဲ့ မင်းတို့က သိပ်ပျော်နေတယ်ပေါ့။ ကမ္ဘာနှစ်ခုရဲ့ ရလဒ်က မဆုံးဖြတ်ရသေးဘူးကွ"
တိုင်းတပါးမှ အင်မော်တယ်ဧကရာဇ်မျိုးနွယ်၏ ဧကရာဇ်သားတော်တစ်ပါးက လှောင်ပြောင်လိုက်သည်။
"အောင်နိုင်ခြင်းနဲ့ ရှုံးနိမ့်ခြင်းဆိုတာ စစ်ဘက်ရေးရာမှာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ နောက်ပြီးတော့ ဒါကဆိုရင် ငါတို့ကမ္ဘာအတွက် ရှုံးနိမ့်မှုလို့တောင် ခေါ်လို့မရဘူး။ ဒါက အားသာချက်အချို့ကို ခဏတာ ဆုံးရှုံးသွားရုံပဲ"
အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းထားသော ပါရမီရှင်တစ်ယောက်ကလည်း အေးစက်စက် ပြောလိုက်၏။
သူ၏ အရှိန်အဝါက အလွန်အစွမ်းထက်ပြီး နတ်ဆိုးစွမ်းအင်များ လွှမ်းခြုံထားသည်။
"ဒါက မိုရှီမျိုးနွယ်စုရဲ့ အမှောင်မျိုးစေ့ပဲ"
အင်မော်တယ်နယ်မြေကြီးဘက်မှ ပါရမီရှင်တစ်ယောက်က လေးနက်သော အမူအရာဖြင့် ကြည့်လိုက်သည်။
အမှောင်မျိုးစေ့များက အန္တိမဧကရာဇ်မျိုးနွယ်များမှ မျိုးစေ့အဆင့် ပါရမီရှင်များ ဖြစ်သည်။ ၎င်းတို့၏ အစွမ်းသတ္တိက အင်မော်တယ်နယ်မြေကြီးမှ မျိုးစေ့အဆင့် ပါရမီရှင်အချို့ထက်ပင် အားကောင်းကြသေးသည်။
ယခင်က၊ မိုရှီမျိုးနွယ်စု၏ အမှောင်မျိုးစေ့သည် အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များစွာကို သတ်ခဲ့ဖူးသည်။
"မင်းကိုကြည့်ရတာ ကျွင်းရှောင်ယောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပုံရတယ်။ ဒီလိုဆိုမှတော့ ငရဲကိုသွားတော့"
မိုရှီမျိုးနွယ်စု၏ အမှောင်မျိုးစေ့က ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ယခင်က ကျွင်းရှောင်ယောက်သည် မိုရှီမျိုးနွယ်စုမှ မိုဟူလာကို သတ်ဖြတ်ခဲ့၏။ ထိုမြင်ကွင်းကို အလင်းမျက်နှာပြင်မှ သူ မြင်တွေ့ခဲ့ရသည်။
တိုင်းတပါးသား အားလုံးနီးပါးက ကျွင်းရှောင်ယောက်ကို အလွန်မုန်းတီးကြသည်ဟု ဆိုနိုင်ပေသည်။
မိုရှီမျိုးနွယ်စု၏ အမှောင်မျိုးစေ့က လှုပ်ရှားလိုက်သည်။ သူက အဓိပဓိအဆင့် ပြီးပြည့်စုံခြင်း အရှိန်အဝါများကို ထုတ်ဖော်ပြီး ကျန်းလော့လီကို တိုက်ခိုက်လိုက်၏။
ကျန်းလော့လီ၏ လှပသော မျက်နှာလေးမှာလည်း ကြောက်ရွံ့မှု စိုးစဥ်းမျှ မရှိပေ။ သူမ၏ မျက်လုံးအကြည့်များက အလွန်တည်ငြိမ်သည်။
သူမက ကိုယ်ပိုင်စွမ်းအားကို စုစည်းပြီး ကိုယ်ပိုင်ကမ္ဘာ၏ စွမ်းအားများကို ပေါက်ကွဲထုတ်လိုက်၏။
အဓိပဓိနယ်ပယ်တွင် ကိုယ်ပိုင်ကမ္ဘာကို လေ့ကျင့်နိုင်သော ပါရမှရှင်က မရှိသလောက် နည်းပါးသည်ဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်ကဲ့သို့ ထာဝရကွဲလွဲမှုကိုတော့ သာမန်အသိအမြင်ဖြင့် ဆုံးဖြတ်မရသောကြောင့် ထည့်မတွက်ပါ။
တစ်ဖက်တွင်၊ ကျန်းလော့လီက သင်္ချိုင်းဧကရာဇ်ကြယ်၏ သေခြင်းရှင်ခြင်းတံခါးမှ ပျက်စီးနေသော ရှေးဦးဝိညာဉ်ကမ္ဘာကို ရရှိခဲ့ကာ ကိုယ်ပိုင်ကမ္ဘာကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
နှစ်ဖက် ထိပ်တိုက်တွေ့ဆုံသောအခါ အာကောင်းသော စွမ်းအင်လှိုင်းများ ဖြာထွက်လာသည်။
ထိုအချိန်တွင် နောက်ထပ် မျိုးစေ့နှစ်ဦး ထပ်ရောက်လာ၏။
ယခုဆိုလျှင်၊ ကျွင်းရှောင်ယောက်နှင့် ပတ်သက်သည့် မည်သူမဆို အသားထဲမှ ဆူးအဖြစ် မှတ်ယူခံရမည် ဖြစ်သည်။
အနည်းဆုံးတော့ တိုင်းတစ်ပါးသို့ မဆုတ်ခွာခင် ရသမျှ သတ်ချင်ကြသေးသည်။
မနီးမဝေးတွင်၊ ကျွင်းမိသားစု၏ ပါရမီရှင်များက ကူညီချင်သော်လည်း တားဆီးခံထားခဲ့ရသည်။
တိုင်းတစ်ပါးမှ အမှောင်မျိုးစေ့သုံးခုက ကျန်းလော့လီကို သတ်ရန် ကြိုးစားအားထုတ်နေချိန်...
ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။
ကျယ်လောင်သော ငှက်အော်သံကို ကြားလိုက်ရ၏။
မိုးပြာရောင် ဧရာမငှက်ကြီး၏ တောင်ပံများက ပါရမီရှင်တို့၏ စစ်မြေပြင်ကို ဖုံးအုပ်သွားသည်။
ထို့နောက်မှာတော့ ကြီးကျယ်ခမ်းနားသော အငွေ့အသက်တို့ဖြင့် ဖိအားကြီးတစ်ခုက ကျဆင်းလာတော့သည်။
"အဲဒါ... တိုင်းတစ်ပါးက အင်မော်တယ်ဘုရင်တစ်ပိုင်းပဲ"
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များက တုန်လှုပ်ချောက်ချားစွာ အော်ဟစ်လိုက်ကြသည်။
တိုင်းတပါးမှ အင်မော်တယ်ဘုရင်တစ်ပိုင်း ပညာရှင်က ဤနေရာတွင် အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသနည်း။
"မဟုတ်သေးဘူး၊ ကြည့်ကြစမ်း... ဂဠုန်ငှက်ကြီးရဲ့ ခေါင်းပေါ်မှာ လူတစ်ယောက် ရပ်နေတယ်"
တစ်ယောက်က အော်ဟစ်လိုက်၏။
အင်မော်တယ်ဘုရင်တစ်ပါးကို မည်သူက စီးနင်းနိုင်သနည်း။
ကမ္ဘာနှစ်ခုလုံးမှ ပါရမီရှင်များစွာက ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။
မိုးပြာရောင် ဂဠုန်ငှက်ကြီး၏ ဦးခေါင်းပေါ်တွင် ရပ်နေသူမှာ အဖြူရောင် ဝတ်စုံဝတ် လူငယ်တစ်ဦး ဖြစ်၏။
သူ့ကိုကြည့်ရသည်မှာ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို အုပ်စိုးမည့် ရှင်ဘုရင် ပြန်လာသကဲ့သို့ပင်။