အခန်း ၁၁၂၀
Vol. 75 Ch. 1120
အခန်း ( ၁၁၂၀ ) အမှောင်မျိုးစေ့များကို လွယ်လင့်တကူ သတ်ခြင်း။
သူ၏ အဖြူရောင်ဝတ်စုံ အနားစများက လေထဲတွင် လူးလွန့်နေသည်။ သေမျိုးလောကနှင့် ကင်းဝေးသကဲ့သို့ သန့်စင်ပြီး မွန်မြတ်သော အငွေ့အသက်မျိုး ထွက်ပေါ်နေ၏။
အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့် မိုးပြာရောင် ဂဠုန်ငှက်ကြီးကိုပင် စီးနင်းထားသေးသည်။
သူ ပေါ်လာသည်နှင့်တပြိုင်နက်၊ သူ၏ အရှိန်အဝါက စစ်မြေပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။
ထိုအရှိန်အဟုန်မျိုးကို မည်သူမျှ သတိမပြုမိဘဲ မနေပေ။
မတုန်လှုပ်ဘဲ မနေနိုင်ပါ။
မတွေ့ရသည်မှာ ကြာခဲ့ပြီဖြစ်သော ရုပ်သွင်ကို မြင်လိုက်ရပြီးနောက်...
ကျန်းလော့လီ၏ မျက်လုံးများက မျက်ရည်များဖြင့် ဝေဝါးလာသည်။
မျက်ရည်များက အထိန်းအကွပ်မဲ့ စီးကျလာ၏။
ဤသည်မှာ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနှင့် ရှည်ကြာသော တောင့်တမှုတို့မှ ဖြစ်ပေါ်လာသော လွမ်းမျက်ရည်များပင်။
"ကိုကို ရှောင်ယောက်..."
ကျန်းလော့လီထံမှ ရှိုက်သံနှောသော ခေါ်လိုက်သံ ထွက်ပေါ်လာသည်။
"သူရောက်လာပြီ..."
ဤအခိုက်အတန့်တွင်၊ စစ်မြေပြင်တစ်ခုလုံးရှိ အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များမှာ မတူညီသော ခံစားချက်များ ပေါ်ပေါက်လာကြသည်။
"ကျွင်း ရှောင် ယောက်"
ကျွင်းရှောင်ယောက် ပေါ်လာသည်အား တွေ့လိုက်ရသောအခါ မိုရှီမျိုးနွယ်၏ အမှောင်မျိုးစေ့မှာ ပထမတော့ တုန်လှုပ်သွားသည်။ ထို့နောက် ဒေါသများ တလိပ်လိပ် ထွက်လာ၏။
ကျွင်းရှောင်ယောက်က မိုရှီမျိုးနွယ်တစ်ခုလုံးကို လှည့်စားခဲ့သည်။
ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးထဲမှ တစ်ပါးဖြစ်သော မိုဟူလာကိုပင် တစ်ချက်ကလေး မတုံ့ဆိုင်းဘဲ သတ်ခဲ့၏။
ယင်းကြောင့် မိုရှီမျိုးနွယ်စုဝင်များ၏ မျက်လုံးများက အေးစက်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်သွားစေသည်။
ထို့ပြင်၊ သူတို့အားလုံး သိကြသည်။
ကျွင်းရှောင်ယောက်က အန္တိမကပ်ဘေးကြီးကို ဖယ်ရှားနိုင်ခဲ့ခြင်းမှာ ရွှေရောင် ဓမ္မခန္ဓာ၊ မျိုးဆက်သုံးခု ကြေးခေါင်းတလားနှင့် အခြားသော ပြင်ပအင်အားများကြောင့် ဖြစ်၏။
ထိုဓမ္မခန္ဓာက ယုံကြည်ခြင်းစွမ်းအားများ ကုန်ဆုံးသွားသောအခါ အသုံးမပြုနိုင်တော့ကြောင်း လူတိုင်း မြင်ခဲ့ရသည်။
ထို့ကြောင့်၊ မိုရှီမျိုးနွယ်စု၏ အမှောင်မျိုးစေ့က ကျွင်းရှောင်ယောက်ကို သိပ်မကြောက်ကြတော့ပေ။
ထို့ပြင်၊ ကျွင်းရှောင်ယောက်က သူကဲ့သို့ အဓိပဓိနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သာ ဖြစ်သည်။ ကောင်းကင်အဓိပဓိငယ်အဆင့်သို့ မရောက်သေးပေ။
"လာ အသေခံစမ်း"
မိုရှီမျိုးနွယ်စု၏ အမှောင်မျိုးစေ့က မတုံ့ဆိုင်းတော့ဘဲ တိုက်ရိုက် လှုပ်ရှားလိုက်သည်။ အဆုံးမဲ့ နတ်ဆိုးစွမ်းအင်များက အနက်ရောင် လှံတစ်လက်အဖြစ် စုဖွဲ့လာ၏။ ကောင်းကင်ကို ထိုးဖောက်နိုင်ပုံရသော လှံရှည်က ကျွင်းရှောင်ယောက်ထံသို့ ပြေးဝင်လာတော့သည်။
ယခုအချိန်တွင်၊ ကျွင်းရှောင်ယောက်ကို သတ်နိုင်ပါက တိုင်းတပါး၏ အကြီးမြတ်ဆုံး ဂုဏ်ဆောင်သူ ဖြစ်လာမည်မှာ သေချာသည်။
ကျွင်းရှောင်ယောက်၏ အမူအရာကတော့ မပြောင်းလဲပါ။
အန္တိမကပ်ဘေးကြီးကို ရင်ဆိုင်ပြီးနောက်...
သူ့မျက်လုံးထဲတွင် မျိုးဆက်သစ်လူငယ်တွေများ၏ တိုက်ပွဲက အိမ်မှာကစားနေသော ကလေးများကဲ့သို့ဖြစ်ကာ သူ့နှလုံးသားထဲမှာ လှိုင်းလုံးများ မဖန်တီးနိုင်တော့ပေ။
"ဝုန်း"
ကျွင်းရှောင်ယောက်က လက်တစ်ဖက်ဖြင့် ဖိချလိုက်သည်။
ကစဉ့်ကလျားစွမ်းအင်များက သူ့လက်ဝါးမှ ထွက်ပေါ်လာ၏။ စွမ်းအင်ကြိုးမျှင်တိုင်းက တောင်တစ်လုံးကိုပင် ပြိုကျစေနိုင်သည်။
အလွန်ကြောက်စရာကောင်းသော စွမ်းအားကို ခံစားလိုက်ရတော့ မိုရှီမျိုးနွယ်စု၏ အမှောင်မျိုးစေ့များမှာ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။
သူ မမှားခဲ့ပေ။
သူနှင့် ကျွင်းရှောင်ယောက် နှစ်ယောက်စလုံးက အဓိပဓိနယ်ပယ် ပြီးပြည့်စုံသောအဆင့်ခြင်း အတူတူပင် ဖြစ်သည်။
သို့သော်လည်း တိုက်ခိုက်နိုင်စွမ်းက ကွာခြားမှု ရှိ၏။
နိယာမကိုးပါးကို ထိန်းချုပ်ထားသော အဓိပဓိနှင့် သာမန်အဓိပဓိက အဆင့်တူသော်လည်း တိုက်ခိုက်နိုင်စွမ်း မတူပါ။
ကျွင်းရှောင်ယောက် ဆိုပါက...
နိယာမဆယ်ခုကို ထိန်းချုပ်ပြီး အမြင့်ဆုံးအဆင့်ကိုပင် ကျော်လွန်နေပြီ ဖြစ်သည်။
မိုရှီမျိုးနွယ်စု၏ အမှောင်မျိုးစေ့များက အလွန်သန်မာပေသည်။ ၎င်းက နိယာမခြောက်ခုအထိ ထိန်းချုပ်ထားသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ရှေ့မှာတော့ သူသည် ပုရွက်ဆိတ်ကဲ့သို့ အားနည်းနေဆဲပင်။
ရှေးဟောင်း တောင်ကြီးတစ်လုံးကဲ့သို့ လက်ဝါးကြီးက အမှောင်မျိုးစေ့ကို ရိုက်ချလိုက်သည်။ ထိုလက်ဝါးရိုက်ချက်အောက်တွင် အမှောင်မျိုးစေ့၏ ခန္ဓာကိုယ်ကော စိတ်ဝိညာဉ်ပါ ပျက်သုဉ်းသွားတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော အခြား အမှောင်မျိုးစေ့နှစ်ဦးက သွေးပျက်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
ကျွင်းရှောင်ယောက်က သူ့လက်ကိုမြှောက်ပြီး ထပ်မံ ရိုက်ချလိုက်၏။
တစ်ဦးကို တစ်ချက်သာ ရိုက်သည်။
ခဏချင်းမှာပင်၊ ပါရမီရှင် စစ်မြေပြင်၏ နေရာအနှံ့တွင် သတ်ဖြတ်ခြင်းများ ပြုလုပ်နေခဲ့သော အမှောင်မျိုးစေ့ သုံးခုစလုံး သေဆုံးသွားတော့သည်။
"ဂလု"
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်အချို့မှာ တံတွေးတစ်လုပ်ကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။
ဤသည်က ဓမ္မခန္ဓာ၏ အကူအညီဖြင့် ကျွင်းရှောင်ယောက် မဟုတ်ပေ။
သူ၏ ကိုယ်ပိုင်ခွန်အား ဖြစ်သည်။
အဓိပဓိများကို သတ်ဖြတ်ခြင်းက သူ့အတွက် ပုရွက်ဆိတ်များကို သတ်နေသကဲ့သို့ပင်။
"သခင်လေး ရှောင်ယောက် ပြန်လာပြီ"
"နတ်ဘုရားသားတော် ပြန်လာပြီဟေ့"
"နောက်ဆုံးတော့ ငါတို့ အင်မော်တယ်နယ်မြေကြီးရဲ့ မျိုးဆက်သစ်ဘုရင် ပြန်လာပြီ"
အင်မော်တယ်နယ်မြေကြီးမှ ပါရမီရှင်များစွာက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
အင်မော်တယ်နယ်မြေကြီးတွင် ကျွင်းရှောင်ယောက်၏ ရန်သူများ အများကြီးရှိသော်လည်း...
သူ့ကို သဘောကျနှစ်သက်သူများ အများကြီး ရှိနေသေးသည်။
အထူးသဖြင့်၊ အန္တိမကပ်ဘေးကြီးကို သတ်လိုက်ပြီးနောက် ရိုသေလေးစားမှုများမှာ အသိဉာဏ်မဲ့ပြီး ရူးသွပ်လုနီးပါး ဖြစ်လာကြသည်။
ကောင်းကင်နှင့် ကစားပွဲကို အနိုင်ယူသည်။
နတ်ဘုရား၏ မိစ္ဆာအတွေးများကို ဖိနှိပ်ပြီး ပျက်စီးခြင်းနယ်စပ်ကို ကယ်တင်သည်။
အန္တိမကပ်ဘေးကြီးကို ချေမှုန်း၏။
သာမန်လူများအတွက် ဤအထဲမှ တစ်ခုခုကို ပြီးမြောက်ခဲ့လျှင်ပင် အလုံးစုံသော သတ္တဝါတို့ ကိုးကွယ်ဆည်းကပ်ရန် လုံလောက်ပေလိမ့်မည်။
ကျွင်းရှောင်ယောက်ကတော့ တစ်ယောက်တည်းဖြင့် အားလုံးကို လုပ်ခဲ့သည်။
သူမှ ပလ္လင်ပေါ်သို့ မတက်ရလျှင်၊ မည်သူက တက်နိုင်ဦးမည်နည်း။
"ကိုကို ရှောင်ယောက်..."
အော်ခေါ်လိုက်သံနှင့်အတူ၊ လှပသော ပုံရိပ်လေးတစ်ခုက အသိုက်ကို ပြန်ရောက်လာသော ငှက်ကလေးတစ်ကောင်ကဲ့သို့... ကျွင်းရှောင်ယောက်ထံသို့ ပြေးသွားကာ ရင်ခွင်ထဲကို ခိုဝင်လိုက်သည်။
ကျန်းလော့လီ ဖြစ်၏။
မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း ကျန်းလော့လီ၏ အရပ်အမောင်းက မြင့်မားမလာဘဲ ခြေတံတိုတိုလေး ဖြစ်နေသေးသည်။
သို့ရာတွင်၊ သူမ၏ စိတ်နေစိတ်ထားက အနည်းငယ် ပြောင်းလဲသွားသည်။
ယခင်က ကျန်းလော့လီသည် သွက်လက်ချက်ချာပြီး ကလေးလေးတစ်ယောက်ကဲ့သို့ ဖြစ်သည်။
ယခုတော့ အနည်းငယ်ပို၍ တည်ငြိမ် ရင့်ကျက်လာ၏။
ယင်းက နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံများကြောင့် ဖြစ်နိုင်သည်။
အထူးသဖြင့်၊ ကျွင်းရှောင်ယောက် သေဆုံးမှုအကြောင်း ကြားသိရပြီးနောက်...
ကျန်းလော့လီသည် နေ့ချင်းညချင်း ကြီးပြင်းလာပုံရပြီး ဆုံးရှုံးမှုကိုလည်း နားလည်သွားခဲ့သည်။
ယခုတော့ ရင်းနှီးပြီးသား ချစ်ရသူကို ပြန်တွေ့နေရပြီ။
စစ်မြေပြင်တွင် ရှိနေကြခြင်းဖြစ်သော်လည်း၊ မနေနိုင်တော့ဘဲ ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲသို့ ခိုဝင်သွားမိသည်။
မိမိ တန်ဖိုးအထားရဆုံးအရာ ဆုံးရှုံးလိုက်ရပြီးမှ ရုတ်တရက် ပြန်တွေ့လိုက်ရခြင်း ခံစားချက်မှာ ကောင်းလွန်းလှပေသည်။
သူ့ရင်ခွင်ထဲတွင် တိတ်တဆိတ် ရှိုက်ငိုနေဟန်ဖြင့် ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်နေရှာသော ကျန်းလော့လီကြည့်ရင်း...
ကျွင်းရှောင်ယောက်လည်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ဤနှစ်များတစ်လျှောက်၊ သူသည် အာရုံစိုက်ကာ လေ့ကျင့်ရင်း လောက၏အမှန်တရားကို စူးစမ်းရှာဖွေရန် မြှုပ်နှံထားခဲ့သည်။
ထိုအတွက် သူ့ပတ်ဝန်းကျင်မှ လူများကို လျစ်လျူရှုသလို ဖြစ်ခဲ့၏။
ကျန်းလော့လီ တစ်ဦးတည်းသာမကဘဲ... နောက်ကွယ်မှသာ တိတ်တဆိတ် ထောက်ပံ့နေပြီး သူ့ဆီမှ ဘာတစ်ခုမျှ မတောင်းဆိုဖူးသော ကျန်းစန်းယီလည်း ရှိသည်။
အနာဂတ်အပိုင်းအစများတွင် မြင်လိုက်ရသော ဆိုးရွားသော ကံကြမ္မာကို တွေးလိုက်မိသောအခါ...
လေးနက်သော ကတိတစ်ခုကို ပေးသင့်ပြီဟု သူ တွေးလိုက်မိသည်။
လွဲချော်သွားခဲ့ပါက နောက်ထပ်အခွင့်အရေး ထပ်မရနိုင်တော့မှာကို သူကြောက်မိပေသည်။
ကျွင်းရှောင်ယောက်က ထိုကိစ္စကို စိတ်ထဲမှ မှတ်ထားလိုက်သည်။
ထို့နောက် ကျန်းလော့လီ၏ ချောမွတ်ဖြူနုသော မေ့ဖျားကိုကိုင်ပြီး မျက်နှာလေးကို မော့စေလိုက်၏။
ဤအခိုက်တွင် ကျန်းလော့လီ၏ မျက်လုံးများက အနည်းငယ် နီနေသည်။
"ကိုကိုရှောင်ယောက်... ရှင် သူများကို စကားတစ်ခွန်းတောင်မှမပြောဘဲ ဘယ်လိုလုပ်ပြီး ထားခဲ့နိုင်ရတာလဲ"
ကျန်းလော့လီက စိတ်ကောက်နေဟန်ဖြင့် ပြောလိုက်သည်။ သို့သော်လည်း သူမ၏ နှုတ်ခမ်းများကတော့ ပြုံးနေလေ၏။
သူမ၏ စိတ်ထဲတွင် ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုနှင့် မကျေမနပ်ဖြစ်ခြင်းတို့ ရောနှောနေသည်။
"စိတ်ပူအောင်လုပ်မိသွားတယ်၊ တောင်းပန်ပါတယ်"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
"ဒါပေမဲ့လည်း ကိုကိုရှောင်ယောက် ပြန်လာတာက ကောင်းနေပါပြီ"
ကျန်းလော့လီက မျက်ရည်ဝိုင်းနေရင်းမှ ပြုံးပြီး ပြောလိုက်လေသည်။
"နေပါဦး၊ မင်းတကယ်ကြီးပြင်းလာတာပဲ"
ကျွင်းရှောင်ယောက်က မျက်ခုံးပင့်ပြီး ပြောလိုက်သည်။
"နောက်ဆုံးတော့ ညီမ အရပ်ပိုရှည်လာတယ်ဆိုတာကို ကိုကိုရှောင်ယောက် သတိပြုမိပြီပေါ့"
"အာ... ဒါက အရပ်မဟုတ်ဘူး"
ကျွင်းရှောင်ယောက်က ခေါင်းကုပ်လိုက်သည်။ သူ့မျက်လုံးအကြည့်က ကျန်းလော့လီ၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာ၏။
ကျန်းလော့လီ၏ အရပ်က မပြောင်းလဲသော်လည်း အချို့သော အစိတ်အပိုင်းများမှာ ကောင်းမွန်စွာ ဖွံ့ဖြိုးလာခဲ့သည်။
"ကိုကိုရှောင်ယောက်... ရှင်..."
ကျန်းလော့လီ၏ မျက်နှာလေးက ရှက်ရွံ့မှုကြောင့် ရဲခနဲ ဖြစ်သွားသည်။ ကျွင်းရှောင်ယောက်၏ ရင်ဘတ်ကို လက်သီးဆုပ်သေးသေးလေးဖြင့် ထုလိုက်၏။
ကျွင်းရှောင်ယောက်သည် သေခြင်းတရားနှင့် ကွဲကွာခဲ့ပြီးမှ ပြန်လည်ဆုံတွေ့ရချိန်တွင်၊ သူမကို ဤကဲ့သို့ စနောက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
"ဟားဟားဟား၊ ဒီလိုနေစမ်းပါကွာ။ ဒါကမှ ကိုယ်မှတ်မိတဲ့ လော့လီပဲ"
ကျွင်းရှောင်ယောက် ရယ်မောလိုက်သည်။
ကျန်းလော့လီ ခဏမျှ အံ့အားသင့်သွားသည်။ ထို့နောက် မျက်ရည်များက ထိန်းချုပ်မရဘဲ ပါးပြင်ထက်သို့ စီးကျလာပြန်၏။ ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲတွင် သူမ၏ မျက်နှာလေးကိုအပ်ကာ ငိုကြွေးပြန်လေတော့သည်။
သူမအပေါ်တွင် ယခင်အတိုင်း နွေးထွေးနေဆဲပင်။
ကျွင်းရှောင်ယောက်လည်း ကျန်းလော့လီ၏ နောက်ကျောကို ညင်သာစွာပုတ်ရင်း နှစ်သိမ့်ပေးလိုက်သည်။
ထိုစဉ်... မနာလိုသော အရိပ်အမြွက်တို့ဖြင့် စိတ်ရှုပ်ထွေးစွာ ကြည့်နေသော အကြည့်တစ်ခုကို ခံစားလိုက်ရသည်။
ဧကရီသမီးတော် လင်ယွမ် ဖြစ်တော့သည်။