အခန်း ၁၁၂၁
Vol. 75 Ch. 1121
အခန်း ( ၁၁၂၁ ) တိုင်းတပါး၏ တပ်များ ဆုတ်ခွာသွားပြီ။
ကျန်းလော့လီက ကျွင်းရှောင်ယောက်၏ ရင်ခွင်ထဲသို့ ခိုဝင်ပြီး သူမ၏ နှလုံးသားထဲမှ အတွေးများကို လွတ်လွတ်လပ်လပ် ထုတ်ပြနိုင်သည်။
သို့ရာတွင်၊ လင်ယွမ်မှာတော့ မလုပ်နိုင်ပေ။
သူမက ဝါဟွမ်အင်မော်တယ်မျိုးရိုးမှ ဧကရီသမီးတော်ဖြစ်ပြီး အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ငယ် ဖြစ်သည်။
ထို့ပြင်၊ ယခုတစ်ကြိမ်တွင် တိုင်းတပါးနှင့် တိုက်ပွဲမှာ ကျွင်းမိသားစု၏ စွမ်းဆောင်မှုက ပိုမြင့်မားခဲ့သည်။
ထို့ကြောင့် သူမ၏ အထောက်အထား၊ ရာထူးတို့ဖြင့် လင်ယွမ်မှာ ကျွင်းရှောင်ယောက်ကို ပေါ်တင် ရင်းနှီးပြရန် မဖြစ်နိုင်တော့ပေ။
ကျန်းလော့လီကဲ့သို့ ပွေ့ဖက်ထားခြင်းကို မဆိုထားဘိ။
သူ ပြန်လာပြီဟု ထုတ်ပြောရန်ပင် ခက်ခဲသည်။
သို့သော်လည်း လင်ယွမ်က လင်ယွမ်တစ်ဦးတည်း မဟုတ်ပါ။
သူမက နတ်သမီးယွမ်၏ ဝိညာဉ်နှင့်လည်း ပေါင်းစပ်ထားခဲ့သည်။
ထို့ကြောင့် ဤအခိုက်အတန့်တွင် လင်ယွမ်၏ မျက်လုံးအကြည့်များက အလွန်ရှုပ်ထွေးနေခဲ့ရသည်။
ကျန်းလော့လီကိုကြည့်ရင်း သူမ မနာလိုဖြစ်မိ၏။
ကျွင်းရှောင်ယောက်၏ အကြည့်ကို သတိပြုမိတော့မှ လင်ယွမ်မှာ အဝေးကို အမြန် အကြည့်လွှဲလိုက်သည်။
ကျွင်းရှောင်ယောက်ကလည်း ဘာမျှမပြောပေ။
နတ်သမီးယွမ်ကြောင့်လည်း လင်ယွမ်ကို သူ ဘာမျှမလုပ်နိုင်တော့ပါ။
သို့သော်လည်း နောက်ပိုင်းမှာတော့ လင်ယွမ်ကို သူ သွားတွေ့ရဦးမည် ဖြစ်သည်။
အကြောင်းမှာ၊ မဟာနတ်ဘုရားသိုင်းကြီး ငါးခုထဲမှ တစ်ခုဖြစ်သည့် အင်မော်တယ်ကပ်ဘေးဓားသိုင်းကို သူမထံမှ ရယူလိုသောကြောင့် ဖြစ်သည်။
ဤနည်းအားဖြင့် ကျွင်းရှောင်ယောက်က မဟာနတ်ဘုရားသိုင်းကြီး ငါးခုစလုံးကို စုစည်းပြီး ဓားတာအိုနှင့် ဓားနိယာမကို နားလည်နိုင်လိမ့်မည်။
"ကျွင်းရှောင်ယောက်"
တိုင်းတစ်ပါးဘက်တွင် ဧကရာဇ်သားတော်၊ သမီးတော်များနှင့် မျိုးစေ့များစွာ ရှိနေသည်။
ကျွင်းရှောင်ယောက်ကို ကြည့်လိုက်ချိန်တွင် သူတို့မျက်လုံးများက ကြောက်ရွံ့မှုနှင့် နာကြည်းမှုတို့ ပေါ်လာ၏။
ဤသူကား တိုင်းတစ်ပါးရှိ သတ္တဝါအားလုံးကို လှည့်ဖြားပြီး အန္တိမကပ်ဘေးကြီးကိုပင် သတ်ပစ်ခဲ့သော ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်သည်။
"ခေါင်းမာမာနဲ့ ခုခံချင်နေသေးတာလား"
ကျွင်းရှောင်ယောက်က တိုင်းတပါးသား ပါရမီရှင်များကို အေးစက်စက်ဖြင့် ကြည့်လိုက်သည်။
သူဟာ တိုင်းတပါးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး တုရှန်မင်းသမီးငါးပါး၊ အခြား တိုင်းတပါးသား ပါရမီရှင်အချို့နှင့် ခင်မင်ရင်းနှီးခဲ့သည်။
သို့ရာတွင်၊ ယင်းက ကျွင်းရှောင်ယောက်၏ တိုင်းတပါးသားများအပေါ် အမြင်က ပြောင်းလဲသွားသည်ဟု မဆိုလိုပေ။
ကျူးကျော်သူက အမြဲတမ်း ကျူးကျော်သူ ဖြစ်သည်။
ကျွင်းရှောင်ယောက်က တိုက်ခိုက်ရန် ဟန်ပြင်လိုက်ချိန်...
ရုတ်တရက် ကောင်းကင်ကြီးက မှောင်ကျသွားသည်။
အင်မော်တယ်ဘုရင် အငွေ့အသက်များဖြင့် ကြီးကျယ်ခမ်းနားသော နိယာမလက်ကြီးတစ်ခုက စစ်မြေပြင်ကို တိုက်ရိုက်ဖိနှိပ်လာ၏။
လက်ဝါးကြီးက ကျွင်းရှောင်ယောက်ကို ဦးတည်လာခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်၏ အသွင်အပြင်က တိုင်းတစ်ပါးမှ အင်မော်တယ်ဘုရင်၏ သတ်ဖြတ်ချင်စိတ်ကို နှိုးဆွခဲ့သည်မှာ ထင်ရှားသည်။
"ဟမ့်"
ကျွင်းရှောင်ယောက်က အေးစက်စက် နှာခေါင်းရှုံ့ကာ ရပ်နေပြီး မလှုပ်ရှားပေ။
နောက်အခိုက်အတန့်တွင် အိုမင်းသော စကားသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူက လှုပ်ရှားရဲတာလဲဆိုတာ ငါကြည့်ချင်သေးတယ်"
အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော အဘိုးအိုတစ်ဦးက တိတ်တဆိတ် ပေါ်လာ၏။ သူကား ရှန်းအောင်ဘုရင်မှတပါး အခြား မဟုတ်ပေ။
"ဝုန်း"
အင်မော်တယ်ဘုရင်အဆင့် လှိုင်းလုံးများ ထွက်ပေါ်လာပြီး ဧရာမလက်ဝါးကြီး ပျောက်ကွယ်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ စစ်မြေပြင်မှ နှစ်ဖက်စလုံး၏ ပါရမီရှင်များ ဘာပြောရမည်မှန်း မသိတော့ပေ။
အင်မော်တယ်ဘုရင်တစ်ပိုင်းကို စီးတော်အဖြစ် အသုံးပြုပြီး စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါးက သူ့အား ကာကွယ်ပေးနေသည်။
ဤအနေအထားကြီးက ကောင်းလွန်းလှပေသည်။
အခြားသော အင်မော်တယ်ဘုရင်များက တိုင်းတစ်ပါးမှ ကျွင်းရှောင်ယောက် ပြန်လာပြီဖြစ်ကြောင်း သိကြသည်။
သူတို့ ဒေါသများကို ထုတ်ဖော်ပြီး ကျွင်းရှောင်ယောက်ကို သတ်ပစ်ချင်ကြ၏။
သို့သော်လည်း ကျွင်းရှန်းယွီနှင့် အခြား ပညာရှင်များက တားဆီးခဲ့ကြသည်။
"မင်းတို့မှာ အခွင့်အရေးမရှိတော့ဘူး၊ ဆက်ပြီး တိုက်ခိုက်ချင်သေးတာလား"
ကျွင်းရှန်းယွီက လျစ်လျူရှုစွာ ပြောလိုက်သည်။
အန္တိမကပ်ဘေးကြီး ကျဆုံးသွားပြီးနောက်၊ တိုင်းတပါးနှင့် အင်မော်တယ်နယ်မြေကြီးတွင် အင်အကွာခြားမှု သိပ်မရှိတော့ပါ။
အတင်းအကျပ် တိုက်ခိုက်ပါက နှစ်ဖက်စလုံး အကျဆုံးများမည် ဖြစ်သည်။
အောင်နိုင်သူပင်လျှင် ကြီးစွာသော တန်ကြေးကို ပေးဆပ်ရဦးမည်။
အင်မော်တယ်နယ်မြေကြီးက ၎င်းတို့၏ ဝှက်ဖဲများကို မထုတ်ပြရသေးပါ။
တိုင်းတပါးမှာလည်း သဘာဝကပ်ဘေးအဆင့် အင်မော်တယ်များက အိပ်စက်နေကြဆဲ ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်သည် ကမ္ဘာနှစ်ခုကြား နောက်ဆုံးတိုက်ပွဲအတွက် အချိန်မဟုတ်သေးပါ။
"ကျွင်းမိသားစု... မင်းတို့ အပျော်စောမနေနဲ့ဦး။ အချိန်ကြာလာတာနဲ့အမျှ အန္တိမကပ်ဘေးကြီးရဲ့ ကျိန်စာကြောင့် မင်းတို့တွေ အားနည်းလာလိမ့်မယ်"
"ကမ္ဘာနှစ်ခုကြားက တကယ့် နောက်ဆုံးတိုက်ပွဲအထိ မင်းတို့ ဆက်ထိန်းထားနိုင်မယ်လို့ ငါမျှော်လင့်တယ်"
အန္တိမဧကရာဇ်မျိုးနွယ်၏ အင်မော်တယ်ဘုရင်တစ်ပါးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဟားဟားဟား၊ အင်အားမရှိတော့ လေလုံးနဲ့ ပစ်ချင်တယ်ပေါ့"
ကျွင်းရှန်းယွီက လှောင်ပြောင်ရယ်မောလိုက်၏။
အန္တိမကပ်ဘေးကြီး၏ ကျိန်စာက ကျွင်းမိသားစုအပေါ် သက်ရောက်မှုရှိလျှင်ပင်...
အချိန်ကြာလာသည်နှင့်အမျှ ဤကျိန်စာကို ဖယ်ရှားရန် နည်းလမ်းများကို သဘာဝအတိုင်း ရှာတွေ့နိုင်ကြမည် ဖြစ်သည်။
နောက်ဆုံးမှာတော့ ကျွင်းမိသားစု၏ သွေးမျိုးဆက်က သာမန်မဟုတ်ပေ။
"တပ်ဆုတ်ကြ"
အမိန့်ပေးသံနှင့်အတူ တိုင်းတစ်ပါးမှ ဘုရင်အားလုံး ဆုတ်ခွာသွားကြသည်။
ကျွင်းရှောင်ယောက်ကို သတ်ရန်ကတော့...
သူတို့လုပ်ချင်သော်လည်း ဤနေရာတွင် မဖြစ်နိုင်တော့ကြောင်း သူတို့ သိပေသည်။
တိုင်းတစ်ပါးဘုရင်များ ဆုတ်ခွာလာသည်နှင့်အမျှ တိုင်းတစ်ပါး တပ်များအပါအဝင် မျိုးနွယ်စုပေါင်းစုံမှ ပါရမီရှင်များလည်း ဆုတ်ခွာလာကြသည်။
ဤတစ်ကြိမ် ဆုတ်ခွာပြီးနောက်၊ အချိန်အတိုင်းအတာတစ်ခုအတွင်း စစ်ပွဲကြီးများ ထပ်မံစတင်နိုင်တော့မည် မဟုတ်ပါ။
တိုက်ပွဲလေးများကတော့ သဘာဝအတိုင်း ဖြစ်နိုင်သည်။
"နိုင်ပြီ၊ ငါတို့ အနိုင်ရသွားပြီ"
"အင်မော်တယ်နယ်မြေကြီးကို ကာကွယ်နိုင်ခဲ့ပြီကွ"
"နတ်ဘုရားဘုရင်နဲ့ နတ်ဘုရားသားတော် ဘုန်းတန်ခိုးကြီးမားပါစေ၊ သက်တော်ရာကျော်ရှည်ပါစေ"
အင်မော်တယ်နယ်မြေကြီး၏ ကျင့်ကြံသူများက ဝမ်းသာရွှင်မြူးစွာဖြင့် ကျွင်းမိသားစုနှင့် ကျွင်းဝူဟွေ့တို့ သားအဖ၏ နာမည်များကို အော်ဟစ်လိုက်ကြသည်။
နောက်ဆုံးတွင်၊ ဤတစ်ကြိမ် တိုက်ပွဲကို အဓိက တားဆီးခဲ့သူက ကျွင်းမိသားစုနှင့် ကျွင်းဝူဟွေ့တို့ သားအဖဖြစ်ကြောင်း လူတိုင်း မြင်နိုင်သည်။
အခြားအင်အားစုများ၏ ကောင်းမှုတို့ ပါဝင်သော်လည်း ကျွင်းမိသားစု၏ ပံ့ပိုးမှုနှင့်ယှဉ်လျှင်တော့ များစွာ လိုအပ်နေသေးသည်။
အင်မော်တယ်ခုံရုံး၏ ဧကရာဇ်ကြီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူက ကျွင်းဝူဟွေ့ကို သဘောကျသော်လည်း...
အခြားတစ်ဖက်မှကြည့်လျှင် ဤအခြေအနေက အဓိပဓိ အင်မော်တယ်ခုံရုံး မြင်လိုသောအရာ မဟုတ်ပါ။
ပါရမီရှင်တို့၏ စစ်မြေပြင်တွင်၊ အင်မော်တယ်နယ်မြေကြီး၏ ပါရမီရှင်များအားလုံး သက်ပြင်းချလိုက်ကြသည်။
"ကိုကိုရှောင်ယောက်၊ ရှင်က သူရဲကောင်းတစ်ယောက်ပဲ"
ကျန်းလော့လီက ကျွင်းရှောင်ယောက်အား ချစ်မြတ်နိုးစွာဖြင့် ကြည့်လိုက်သည်။
သူ ချစ်ရသူက တုနှိုင်းမရသော သူရဲကောင်းတစ်ယောက် ဖြစ်၏။
"သူရဲကောင်းလား"
ကျွင်းရှောင်ယောက်က စိတ်ထဲမှ ခေါင်းခါယမ်းလိုက်သည်။
အရာအားလုံးက သူ့အစီအစဥ်ကို ပြီးမြောက်စေခဲ့ရုံ ဖြစ်သည်။
ကမ္ဘာကြီးကို ကယ်တင်ခြင်းက ကျွင်းရှောင်ယောက်၏ ရည်ရွယ်ချက် မဟုတ်ပါ။
ဟုတ်သည်၊ ယုံကြည်ခြင်းစွမ်းအားများကို စုဆောင်းနိုင်လျှင်တော့ သူ ကျေနပ်စွာ လုပ်မည်။
ထို့နောက် လူအားလုံးက ရှေးဦးအင်ပါယာမြို့တော်သို့ ပြန်သွားကြသည်။
အချိန်တစ်ခုအထိတော့ အင်မော်တယ်နယ်မြေကြီးက ငြိမ်သက်နေသင့်ပြီး မည်သည့်ဘေးဆိုးအတွက်မျှ စိုးရိမ်စရာမလိုတော့ပါ။
အင်မော်တယ်နယ်မြေကြီးရှိ ကျင့်ကြံသူများအားလုံး အလွန်ပျော်ရွှင်ခဲ့ကြသည်။
ဤကာလ၌ စစ်မြေပြင်သို့ မသွားရောက်သော ကျင့်ကြံသူအပေါင်းတို့လည်း ရှေးဦးအင်ပါယာမြို့တော်သို့ လာရောက်ကြ၏။
သူတို့၏ ရည်ရွယ်ချက်ကတော့ အင်မော်တယ်နယ်မြေကို ကာကွယ်ပေးခဲ့သည့် သူရဲကောင်း ကျွင်းဝူဟွေ့နှင့် ကျွင်းရှောင်ယောက်ကို တွေ့ဆုံရန်ပင် ဖြစ်တော့သည်။
..........
ရှေးဦးသားရဲကြီး လိပ်နက် ထမ်းပိုးထားသော ရှေးဦးအင်ပါယာမြို့တော်က လေထဲတွင် ဆိုင်းငံ့ထားသည်။
မြို့တော်တံတိုင်းက မိုးထိအောင် မြင့်မားပြီး အလွန်ရှည်လျားကာ ခမ်းနားထည်ဝါ၏။
တိုက်ကြီးတစ်ခုကဲ့သို့ ကျယ်ဝန်းသော ရှေးဦးအင်ပါယာမြို့သည် ယခုအခါမှာတော့ လူများဖြင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ရှေးဦးအင်ပါယာမြို့တော်သို့ စုပြုံရောက်ရှိလာသည်။
ထိုအချိန်တွင် ရှေးဦးအင်ပါယာမြို့တော်အတွင်းရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီရင်က တောက်ပလာပြီး နယ်စပ်မှ ကျင့်ကြံသူများ ပြန်လည်ရောက်ရှိလာ၏။
မျိုးနွယ်စုပေါင်းစုံမှ ပါရမီရှင် လူငယ်လေးများလည်း ရှိသည်။
မကြာမီ၊ လေထဲမှ တောက်ပသော အလင်းများ ထွက်ပေါ်လာသည်။
မိုးပြာရောင် ဂဠုန်ငှက်ကြီးတစ်ကောင် ပေါ်လာ၏။
"အဲဒါက ဧကရာဇ်တစ်ပိုင်းအဆင့် သတ္တဝါပဲ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော် ပြန်လာပြီဟေ့၊ အင်မော်တယ်နယ်မြေကြီးကို ပြန်ရောက်ပြီ"
မိုးပြာရောင် ဂဠုန်ကြီးအထက်မှ အဖြူရောင်ဝတ်စုံဝတ် လူငယ်ကို တွေ့လိုက်ရပြီးနောက်...
လူအများမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ထိုအချိန်တွင်၊ ကောင်းကင်မှ မိုးကြိုးထစ်ချုန်းသံများ ရုတ်တရက် ထွက်ပေါ်လာ၏။
လျှပ်စီးများမှာလည်း တဖျပ်ဖျပ် လက်နေတော့သည်။
"ဘာဖြစ်တာလဲ"
လူအားလုံး အံ့သြသွားကြသည်။
ကျွင်းရှောင်ယောက် ကောင်းကင်ကို မော့ကြည့်လိုက်ရင်း လှောင်ပြုံး ပြုံးလိုက်၏။
ယခင်က အင်မော်တယ်နယ်မြေကြီး၏ အလိုတော်သည် ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးအား ခန့်အပ်ခဲ့ပြီး ထာဝရကွဲလွဲမှု ကျွင်းရှောင်ယောက်ကို သတ်ပစ်လိုခဲ့သည်။
သို့သော်လည်း နောက်ဆုံးတွင် ကျွင်းရှောင်ယောက်၏ လှည့်ဖြားခံရပြီး ကောင်းကင်သရဖူကိုပင် အချည်းနှီး ပေးအပ်ခဲ့ရပေသည်။
ယခုတော့ ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်လာပြီဖြစ်သောကြောင့် ကောင်းကင်ကို ဒေါသထွက်စေခဲ့သည်။
ကျွင်းရှောင်ယောက်က လျစ်လျူရှုစွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ကောင်းကင်ဘုံ၊ မင်းက ရှုံးနိမ့်သွားတဲ့ စစ်သူကြီးတစ်ယောက်ပဲလေ"
"ငါ ကျွင်းရှောင်ယောက်က မင်းကို အကြိမ်ကြိမ် အနိုင်ယူဖို့ စိတ်ထဲမထားဘူး"