အခန်း ၁၁၂၂
Vol. 75 Ch. 1122
အခန်း ( ၁၁၂၂ ) ဆွေမျိုးများနှင့် ပြန်လည်ဆုံစည်းခြင်း။
ကျွင်းရှောင်ယောက်၏ အေးဆေးတည်ငြိမ်ပြီး လျစ်လျူရှုထားသော အသံက ရှေးဦးအင်ပါယာမြို့တော်တစ်ခုလုံး ပျံ့နှံ့သွားသည်။
ဤအဖြစ်အပျက်များက အဆုံးစွန်ရှေးဟောင်းလမ်းကို လျှောက်လမ်းချိန်မှ စတင်သည်။
ကျွင်းရှောင်ယောက်နှင့် အင်မော်တယ်နယ်မြေကြီး၏ အလိုတော်တို့ကြားမှ အလောင်းအစားတစ်ခု ဖြစ်၏။
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က ကောင်းကင်မှ အမှန်တရားကို ဖုံးကွယ်ရန် အစီအစဉ်ကို ချမှတ်ကာ ကောင်းကင်ကို လုံးဝလှည့်စားခဲ့သည်။
ထိုစဉ်ကတော့ မည်သူမျှ အခြေအနေမှန်ကို မသိခဲ့ကြပေ။
ယခင် ကျွင်းပေါင်လီက ကျွင်းရှောင်ယောက်ကို တိုက်ခိုက်ခြင်းမှာလည်း ကစားပွဲ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းကိုသာ သိရှိခဲ့ကြသည်။
ကျွင်းမိသားစုဝင်အချင်းချင်း သတ်ဖြတ်ခြင်းကို မြင်လိုသောကြောင့် ကျွင်းမိသားစုထဲမှ ပါရမီရှင်တစ်ယောက်ကို ဆန့်ကျင်ခြင်း ဧကရာဇ်အဖြစ် ခန့်အပ်ခဲ့၏။
ရလဒ်အနေဖြင့်၊ ကျွင်းရှောင်ယောက်က သူ့အစီစဉ် အောင်မြင်စေရန် အင်မော်တယ်နယ်မြေကြီး၏ အလိုတော်ကို တန်ပြန်စီစဉ်ကာ အသုံးချခဲ့သည်။
"ကျွင်းရှောင်ယောက်သာ ကောင်းကင်ကို အောင်နိုင်မယ်"
ရှေးဦးအင်ပါယာမြို့တော်တွင် မရေမတွက်နိုင်သော သက်ပြင်းများ ထွက်ပေါ်လာသည်။
"သခင်လေးက ငါတို့ရဲ့မျှော်လင့်ချက်တွေကို တကယ်ကျော်လွန်သွားတာပဲ"
အမာရွတ်လေးခု သခင်ကြီးနှင့် အခြားသူများကတော့ ဝမ်းသာပျော်ရွှင်နေကြ၏။
တစ်ချိန်တည်းမှာပင် အမာရွတ်လေးခုသခင်ကြီးက အနောက်ဘက်သို့ မျှော်ကြည့်ကာ မေးလိုက်သည်။
"သခင်လေး၊ ငါ့ကျေးဇူးရှင်ကော..."
"အဖေက သူ့မှာ လုပ်စရာတွေ ရှိသေးလို့ ပြန်မလာသေးပါဘူး"
ကျွင်းရှောင်ယောက်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ထိုစကားကို ကြားရပြီးနောက် အမာရွတ်လေးခု သခင်ကြီးနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ အားလုံး တိတ်ဆိတ်သွားကြသည်။
ထို့နောက် သူတို့၏ မျက်လုံးထဲတွင် ရိုသေလေးစားမှုတို့ ပေါ်လာတော့သည်။
ရန်သူများကို ချေမှုန်းပြီးသည့်အခါ အောင်မြင်မှုနှင့် ကျော်ကြားမှုတို့ကို ဂရုမစိုက်ဘဲ ထွက်သွားသည်။
ကျွင်းဝူဟွေ့က လူအများ၏ ရိုသေလေးစားမှုနှင့် အမှန်တကယ် ထိုက်တန်ပေသည်။
"ဟားဟားဟား... ရှောင်ယောက်၊ မင်းရဲ့ ဒီကစားပွဲက ငါတို့အားလုံးကို တကယ် အံ့အားသင့်စေတယ်"
ကျွင်းမိသားစု၏ ဘိုးဘေးများ၊ အကြီးအကဲများနှင့် မျိုးနွယ်စုဝင်များစွာတို့ ရောက်လာကြသည်။
သူတို့က ရာထူးအရှိန်အဝါ ကြီးမြင့်သူများဖြစ်ပြီး ပုံမှန်အားဖြင့် ဘိုးဘွားခန်းမတွင်သာ နေထိုင်ကြ၏။
ဤအခိုက်မှာတော့ သူတို့၏ မျက်နှာများက ပြုံးရွှင်နေကြလေတော့သည်။
"ရှောင်ယောက်က ဘိုးဘေးတွေကို နှုတ်ခွန်းဆက်ပါတယ်။ အရင်က ဘိုးဘေးတို့ကို စိတ်ပူအောင်လုပ်မိတာ ခွင့်လွှတ်ပေးပါ"
ကျွင်းရှောင်ယောက်က မိုးပြာရောင်ဂဠုန်ကြီးအပေါ်မှ ဆင်းသက်ပြီး ဘိုးဘေးများအားလုံးထံ ဦးညွတ်ကာ အရိုအသေပေးလိုက်သည်။
"ရှောင်ယောက်၊ မင်းမွေးဖွားစဥ်တုန်းက မြင်ကွင်းကို ငါ အခုထိ မှတ်မိနေသေးတယ်။ အဲဒီကလေးလေးက မျက်စိတစ်မှိတ်အတွင်း ကြီးပြင်းလာခဲ့ပြီလေ"
"အန္တိမကပ်ဘေးကြီးကိုတောင် ဖယ်ရှားပစ်ခဲ့ပြီ"
ဤနေရာတွင် ဘိုးဘေးဆယ့်ရှစ်လည်း ရှိနေသည်။ ကျွင်းရှောင်ယောက်ကို တွေ့သောအခါ သူ့မျက်နှာက အပြုံးပန်းတို့ ဝေဆာသွား၏။
ကျွင်းရှောင်ယောက်က အသက်ငယ်သေးသော်လည်း သူတို့ကို ဖမ်းစားထားပြီး ဖြစ်သည်။ ထို့ပြင်၊ သူက ဤမျှကြီးမားသော အောင်မြင်မှုများကိုလည်း ပြုလုပ်ခဲ့သေးသည်။
အတိတ်နှင့် ပစ္စုပ္ပန်တွင် တုနှိုင်းမယှဉ်သာသူဟု ဆိုနိုင်သည်။
"ဘိုးဘေးက နောက်နေပြန်ပါပြီ။ ဘိုးဘေးတို့နဲ့ မိသားစုရဲ့ အထောက်အပံ့မရှိရင် ကျွန်တော် ဘယ်လိုလုပ်ပြီး အေးအေးချမ်းချမ်း ကြီးပြင်းလာနိုင်မှာလဲ။"
ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်သည်။
ဘိုးဘေးဆယ့်ရှစ်သည် သူ ပထမဆုံး လေ့ကျင့်သောအခါ ကူညီပြီး လေ့ကျင့်ပေးခဲ့သူ ဖြစ်ချေသည်။
"ဟားဟားဟား၊ မင်း အိမ်ကိုပြန်လာပြီဆိုရင် ကျန်းထျန်းလည်း သိပ်ပြီး ဝမ်းသာနေလိမ့်မယ်"
ဘိုးဘေးဆယ့်ခြောက်ကလည်း ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
ကမ္ဘာနှစ်ရပ်ကြား စစ်ပွဲတွင် ကျွင်းမိသားစုက ဦးဆောင်ရန် ထိပ်သီး အကျော်အမော်တချို့ကိုသာ စေလွှတ်ခဲ့သည်။
ကျွင်းကျန်းထျန်းနှင့် အခြားသူများက မလာခဲ့ပေ။
သို့သော်လည်း ပြန်လာမည်ဆိုသော သတင်းကို သူတို့သိပါက အလွန်ပျော်နေကြမည်မှာ သေချာသည်။
"ရှောင်ယောက်၊ မင်းက ငါတို့ရဲ့ယုံကြည်မှုအတိုင်း တကယ်နေခဲ့တာပဲ"
လေထဲမှ အသံတစ်ခု ထပ်ထွက်လာသည်။
၎င်းတို့မှာ ကျွင်းထိုက်ရွှမ်၊ ကျွင်းထိုက်အနှင့် အခြားသော ရှေးဘိုးဘေးများ ဖြစ်၏။
"ရှောင်ယောက်က ရှေးဘိုးဘေးတွေကို နှုတ်ခွန်းဆက်ပါတယ်"
ကျွင်းရှောင်ယောက်က အနည်းငယ် လက်ယှက်ပြီး ပြောလိုက်သည်။
ဤရှေးဘိုးဘွားများကို ပုံမှန်နေ့များတွင် တွေ့ဆုံခဲကြောင်း သူသိသည်။
သို့သော်လည်း အရေးကြီးသော အချိန်များတွင် သူတို့က ကျွင်းမိသားစုအတွက် ထောက်တိုင်ကြီးများ ဖြစ်၏။
ယခင် အင်မော်တယ်စစ်ပွဲတွင် ကျွင်းထိုက်ရွှမ်က ဓားတစ်ချက်ဖြင့် ဘိုးဘွားနဂါးသိုက်ကို ဖျက်ဆီးပစ်ခဲ့သည်။
အသျှင်ခန္ဓာနှင့် တိုက်ပွဲတွင်၊ အသျှင်ဘိုးဘွားနန်းတော်မှ အကျော်အမော်တစ်ဦးက ဝင်ရောက်စွတ်ဖက်လိုသော အခါမှာလည်း ကျွင်းထိုက်အက လျှို့ဝှက်စွာ ကူညီခဲ့သေးသည်။
ထို့ကြောင့် ကျွင်းရှောင်ယောက်ဟာ ဤဘိုးဘေးများကို အလွန်လေးစားဆဲ ဖြစ်သည်။
"ဒါက မူလမျိုးရိုးရဲ့ နတ်ဘုရားသားတော်လား။ တကယ်ကို ထူးချွန်သူပေပဲ"
ဆံဖြူ အဘွားအိုတစ်ဦးက ကျွင်းရှောင်ယောက်ကိုကြည့်ကာ မှတ်ချက်ချလိုက်သည်။
သူမက လျှို့ဝှက်သွေးကြောမှ ဧကရာဇ်တစ်ပိုင်း အကျော်အမော် ကျွင်းစွေ့ဟွာပင်။
ထိုအချိန်တွင် ကျွင်းပေါင်လီနှင့် အခြားသော လျှို့ဝှက်သွေးကြောမှ ပါရမီရှင်တို့လည်း ရောက်လာကြသည်။
ယခုဆိုလျှင် ဤသည်က ကျွင်းပေါင်လီနှင့် ကျွင်းရှောင်ယောက်တို့ ပူးပေါင်းကြံစည်ခဲ့သော မြင်ကွင်းတစ်ခုဖြစ်မှန်း လူတိုင်း သိကြပြီ။
ရယ်စရာကောင်းတာက ဤအချိန်အတွင်းမှာ ကျွင်းပေါင်လီသည် တခြားသူများ၏ ဝေဖန်ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရလေ့ရှိပြီး ဖိအားတွေများစွာ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
"လျှို့ဝှက်သွေးကြောက မူလသွေးကြောဆီ ပြန်ရောက်လာပြီပဲ။ ငါတို့ကြားမှာ ကွာခြားမှု မရှိတော့ပါဘူး"
ကျွင်းထိုက်ရွှမ်က အနည်းငယ်ပြုံးလိုက်သည်။
ကျွင်းမိသားစု၏ မျိုးဆက်သစ်လူငယ်များကြားတွင် ဝေးကွာမှုမျိုး မရှိစေချင်ပေ။
"ဒါက သဘာဝပါပဲ"
ကျွင်းစွေ့ဟွာလည်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ၊ ဒီလူငယ်တွေအတွက် အချိန်တစ်ခုလောက် ပေးလိုက်ပါ"
ကျွင်းထိုက်အက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။
ထို့နောက် ကျွင်းမိသားစု၏ ရှေးဘိုးဘေးများအားလုံး ထွက်ခွာသွားကြ၏။
စစ်ပွဲပြီးသွားသော်လည်း အရေးတကြီး လုပ်စရာများ ကျန်သေးသည်။
ဥပမာအားဖြင့်၊ ကျွင်းမိသားစုကို ကျရောက်နေသော အန္တိမကပ်ဘေးကြီး ကျိန်စာ ဖြစ်သည်။
၎င်းက ပြဿနာကြီးကြီးမားမား မဖြစ်စေသော်လည်း... ကောင်းစွာမကိုင်တွယ်ပါက ကျွင်းမိသားစု၏ တိုးတက်မှုကို နှောင့်နှေးစေမည့် ပြဿနာအချို့ ရှိသေးသည်။
ကျွင်းမိသားစုမှ အကျော်အမော်များ ထွက်သွားပြီးနောက်...
ကျွင်းမိသားစုဝင် လူငယ်များလည်း ပေါ့ပေါ့ပါးပါးဖြစ်ကာ ကျန်ရစ်ခဲ့ကြသည်။
"နတ်ဘုရားသားတော်က တကယ်ကို အံ့ဖွယ်ကောင်းပြီး ငါတို့မျိုးဆက်အတွက် စံပြပါပဲ"
"လူတစ်ဦးက သူ့ရဲ့တစ်သက်တာတွင် နတ်ဘုရားသားတော်ရဲ့ ဘုန်းအသရေ အပုံတစ်ထောင်ပုံ တစ်ပုံရှိရင်တောင် နောင်တရစရာ မရှိနိုင်ဘူး"
"ဟားဟားဟား၊ နတ်ဘုရားသားတော်က ခဏလေး ပျောက်ကွယ်နေတာကို ခွေးတွေ ကြောင်တွေက ဘယ်လိုတောင် ဖုန်ထဝံ့တာလဲ မသိဘူး။ အခု နတ်ဘုရားသားတော် ပြန်ရောက်လာပြီ၊ သူတို့ ဘာလုပ်နိုင်ဦးမလဲ ကြည့်ရသေးတာပေါ့"
ကျွင်းမိသားစုဝင် လူငယ်များက စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ကြသည်။
"မင်း ငါတို့အားလုံးကို တကယ် လှည့်စားခဲ့တာပဲ"
ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်တို့ ရောက်လာသည်။
တစ်ချိန်တုန်းက ကျွင်းမိသားစု၏ ဘီလူးကြီး သုံးကောင်အနေဖြင့် သူတို့ဟာ ရှေးဟောင်းလမ်းမှာ နာမည်ကြီးခဲ့သည်။
ယခုတော့ ပြန်ဆုံကြပြီ။
"စိတ်ပူအောင်လုပ်မိတာ တောင်းပန်ပါတယ်"
သွေးရင်းညီကိုနှစ်ယောက်၏ ရိုးသားသောအပြုံးကို မြင်လိုက်တော့ ကျွင်းရှောင်ယောက်လည်း အနည်းငယ်ပြုံးလိုက်မိသည်။
"ငါတို့အတူတကွ တိုးတက်ဖို့ ကတိပေးခဲ့တယ်၊ ဒါပေမဲ့ အခုတော့ မင်းက အန္တိမကပ်ဘေးကြီးကိုတောင် သတ်ပစ်လိုက်ပြီတဲ့လေ"
အမြဲတမ်း လေးလေးနက်နက် ပြောဆိုတတ်သော ကျွင်းလုံခန်းက ဤအခိုက်တွင် နောက်ပြောင်နေလေသည်။
"ပြင်ပအရာတွေကို အားကိုးခဲ့ရုံပါ၊ ခွန်အားနဲ့ ပြောရရင် မင်းတို့လည်း တကယ်ကို မဆိုးပါဘူး"
ကျွင်းရှောင်ယောက် ပြောလိုက်သည်။
ယခုအခါ ကျွင်းလုံခန်းနှင့် ကျွင်းမိုရှောင်တို့ နှစ်ဦးစလုံး၏ ကျင့်ကြံခြင်းက အဓိပဓိနယ်ပယ်သို့ ရောက်နေပြီ။
သို့သော်လည်း သူတို့ထဲမှ တစ်ဦးမှာ နှစ်သွယ်မျကလုံးရှိပြီး ကျန်တစ်ဦးမှာတော့ လူသားဧကရာဇ်ခန္ဓာ ဖြစ်သည်။ သူတို့အတွက် ဤခွန်အားမျိုး ရှိနေခြင်းက ပုံမှန်ပင်။
သူတို့အပြင် ကျွင်းမူလန်၊ ကျွင်းကျန်းကျန့်၊ ကျွင်းရွယ်ဟွမ်နှင့် ကျွင်းမိသားစု၏ အခြား စီကွမ်များလည်း ရှိသည်။
သို့သော်လည်း ကျွင်းလုံခန်း၊ ကျွင်းမိုရှောင်တို့နှင့် ယှဉ်လျှင် သူတို့က အနည်းငယ် သီးခြားဆန်လာပုံရသည်။
နောက်ဆုံးမှာတော့ ကျွင်းရှောင်ယောက်နှင့် သူတို့ကြားမှ ကွာဟချက်က အလွန်ကြီးနေပြီမို့ သူတို့ဟာ မျိုးဆက်တူများလိုတောင် မခံစားရတော့ပေ။
ထူးကဲသော ခွန်အားဖြင့် အကြီးအကဲတစ်ဦးကို ရင်ဆိုင်ရသည်နှင့် ပိုတူနေသည်။
"ဘာဖြစ်လို့လဲ မူလန်၊ မင်း အရင်က ငါနဲ့တွေ့ရင် ဒီလိုမဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က ကျွင်းမူလန်ကို ကြည့်လိုက်သည်။
ကျွင်းမူလန်က သူမ၏ ဆံပင်များကို မြင်းမြီးကျစ်ဆံမြီးကျစ်ထားဆဲ ဖြစ်သည်။ သူ့ပုံစံက ရဲရင့်ပြီး ပြတ်သားပုံရ၏။
ယခင်ကဆိုလျှင် ကျွင်းရှောင်ယောက်ရှေ့မှာတောင် သူ့ကိုယ်သူ အစ်မကြီးဟု သုံးနှုန်းခဲ့သေးသည်။
သို့သော်လည်း ယခုအချိန်မှာတော့ ထိုသို့ လွတ်လပ်ပေါ့ပါးမှုမျိုး မရှိတော့ပေ။
သူမက ခါးသက်သက်ဖြင့် ပြုံးပြီး ပြောလိုက်သည်။
"နတ်ဘုရားသားတော် မနောက်ပါနဲ့"
"မင်း ဒီလိုဖြစ်စရာ မလိုပါဘူး၊ ငါက အမြဲတမ်း ငါပဲ"
ကျွင်းရှောင်ယောက်က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။
သို့သော်လည်း ကြီးမားသော အင်အားက လူတို့ကြား အကွာအဝေးကို ဖြစ်ပေါ်စေကြောင်း သူ နားလည်ပေသည်။
ထိုအချိန်တွင် လူတစ်စု ရောက်လာသည်။
သူတို့ကို မြင်သောအခါ၊ ကျွင်းလုံခန်းနှင့် အခြား ကျွင်းမိသားစု၏ မူလမျိုးရိုးမှ ပါရမီရှင်များ၏ အပြုံးများက အနည်းငယ် တင်းမာလာကြသည်။
ရောက်လာသူများမှာ ကျွင်းပေါင်လီနှင့် အခြားသော လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များ ဖြစ်၏။
ကျွင်းပေါင်လီ၏ ဘေးမှာတော့ မိုးပြာရောင် ဝတ်စုံဖြင့် လှပသော မိန်းကလေးတစ်ယောက် ရှိနေသည်။
ကျွင်းရင်ဟွမ်၊ ကျွင်းချင်းရန်၊ ကျွင်းလန်ရှီနှင့် အခြားသော လျှို့ဝှက်သွေးကြောမှ ပါရမီရှင်များလည်း အနီးကပ် လိုက်လာကြသေးသည်။
ကျွင်းပေါင်လီက ကျွင်းရှောင်ယောက်ရှေ့သို့ ရောက်သောအခါ ကိုးဆယ်ဒီဂရီ ဦးညွှတ်ပြီး အရိုအသေပေးလိုက်သည်။
မိုးပြာရောင် ဝတ်စုံဝတ် မိန်းကလေး လီချင်းအာသည်လည်း အလားတူပင် ဖြစ်၏။
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပင် ကြည့်နေလိုက်သည်။
အမှန်အတိုင်းပြောရလျှင် ယခင်အခြေအနေများက သဘောတူညီချက်နှင့် သူ့အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။
ထို့ကြောင့် သူ့တွင် ကျွင်းပေါင်လီအပေါ် ရန်လိုမှု မရှိပေ။
သို့သော်လည်း လီချင်းအာကို ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် အံ့အားသင့်မှု အရိပ်အယောင်များ ပေါ်လာသည်။
"ဖြစ်နိုင်လား..."
လီချင်းအာထံမှ ကောင်းကင်တာအို အငွေ့အသက်များကို သူ ခံစားလိုက်ရ၏။
ကျွင်းရှောင်ယောက်လည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။
"အစ်ကိုရှောင်ယောက်ရဲ့ ကြင်နာမှုကို ချင်းအာရဲ့ ဘဝတစ်သက်လုံး မမေ့နိုင်ပါဘူး။ ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ ချင်းအာ အစွမ်းကုန် ကြိုးစားသွားမှာပါ"
လီချင်းအာက ရိုးရိုးသားသား ပြောလိုက်လေသည်။