အခန်း ၁၁၂၄
Vol. 75 Ch. 1124
အခန်း ( ၁၁၂၄ ) အရှက်မရှိသော ရှေးဟောင်းတော်ဝင်မိသားစု။
"မင်း ဘာတွေလျှောက်ပြောနေတာလဲ"
"ဟုတ်တယ်၊ ငါတို့ကို လာပြီး မစွပ်စွဲနဲ့"
ကျွင်းရှောင်ယောက်၏ စကားများကို ကြားရပြီးနောက် ရှေးဟောင်းတော်ဝင်မိသားစုများမှ ကျင့်ကြံသူများမှာ ချက်ချင်း ဆန့်ကျင်ပြောဆိုလိုက်ကြသည်။
သို့သော်လည်း သူတို့၏ မျက်လုံးများမှာတော့ ဇဝေဇဝါဖြစ်နေသော အရိပ်အမြွက်များ ပေါ်လာ၏။
"ဟမ့်... ငါက စွပ်စွဲနေတာလား။ တိုင်းတပါးမှာ ရှိနေတုန်းက ငါဟာ ဘုရင်ဖုဖုန်းလိုမျိုး လူတချို့ရဲ့ အရိုးထဲကဆူးလို ဖြစ်ခဲ့တယ်"
ကျွင်းရှောင်ယောက်က အေးစက်စက်ပြောရင်း ဘုရင်ဖုဖုန်းကို တစ်ချက်ကြည့်လိုက်သည်။
ဘုရင်ဖုဖုန်း၏ မျက်နှာက ရှက်ရွံ့မှုတို့ ပေါ်လာ၏။
သို့သော်လည်း သူက ရှေ့ကိုတိုးကာ အမြန်ပြောလိုက်သည်။
"ဟုတ်တယ်... ဟုတ်တယ်၊ အဲဒါက အမှန်ပဲ"
"အစတုန်းကတော့ ကျွင်းရှောင်ယောက်ကို... မဟုတ်သေးဘူး... သခင်လေးကို မကြိုက်ခဲ့ဘူး။ ဒါကြောင့် နယ်စပ်ဒေသမှာ သူ့ကို ပစ်မှတ်ထားဖို့ ဧကရာဇ်သားတော်တချို့ကို အမိန့်ပေးခဲ့တယ်"
ထိုအခါ ကျွင်းရှောင်ယောက်က ခေါင်းညိတ်ပြီး စကားကိုဆက်သည်။
"ဒါပေမဲ့ အဲဒီဧကရာဇ်သားတော်တွေက ငါ့ရဲ့ စစ်နတ်ဘုရား အထောက်အထားကြောင့် ငါ့ကို ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လို့မရဘူး"
"ဒါကြောင့် လူတချို့နဲ့ တိတ်တဆိတ် ဆက်သွယ်ခဲ့တယ်။ သူတို့က ရှေးဟောင်းတော်ဝင်မိသားစုရဲ့ မျိုးစေ့တွေဖြစ်တဲ့ ရွှမ်ဟောက်ချုံ၊ ဟွမ်းနီ၊ ရွှေကျီးကန်း သူတော်စင်လေးနဲ့ တခြားလူတွေက အငှားဓားနဲ့ လူသတ်ချင်ခဲ့ကြတာပဲ"
"ဒီလိုအခြေအနေမျိုးမှာ ငါက လည်စင်းပြီး သူတို့လာသတ်တာကို ငြိမ်ခံရမှာလား"
ကျွင်းရှောင်ယောက်၏ စကားများက ရှေးဦးအင်ပါယာမြို့တော်တစ်ခုလုံးတွင် ကြီးမားသောလှိုင်းလုံးများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုအချက်သာ အမှန်ဖြစ်လျှင်၊ ရှေးဟောင်းတော်ဝင်မိသားစု၏ ဂုဏ်သိက္ခာအတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာမည်မှာ သေချာလှပေသည်။
အနည်းဆုံးတော့ နာမည်ဆိုးတွင်သွားမည် ဖြစ်သည်။
"မင်း လျှောက်မပြောနဲ့နော်၊ ငါတို့ ဘာမှမသိဘူး"
"ဟုတ်တယ်၊ မင်းအပြစ်တွေကို ချေဖျက်ဖို့ အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေတွေ လာမပေးနဲ့"
"ဘာပဲဖြစ်ဖြစ် မင်းရဲ့လက်တွေမှာ ငါ့ ရှေးဟောင်းတော်ဝင်မိသားစုက မျိုးစေ့တွေရဲ့ သွေးတွေ စွန်းထင်းနေတယ်။ ဒါက ငြင်းမရတဲ့အချက်ပဲ"
ရှေးဟောင်းတော်ဝင်မိသားစုမှ သတ္တဝါအားလုံးက အေးစက်စက် အော်ဟစ်လိုက်ကြသည်။
တချို့က ဘာတွေဖြစ်နေမှန်း အမှန်တကယ် မသိကြပါ။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ၊ ဝန်ခံနိုင်မည် မဟုတ်တာတော့ သေချာသည်။
"ဒါဆို မင်းတို့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က အပြစ်တင်ဖို့ပဲလား"
ကျွင်းရှောင်ယောက်၏ အမူအရာက အစမှအဆုံးထိ တည်ငြိမ်နေဆဲပင်။
ဤအချက်အလက်များ သက်သက်နှင့် ရှေးဟောင်းတော်ဝင်မိသားစုများကို လွှမ်းမိုးနိုင်မည်ဟု သူ မမျှော်လင့်ထားပါ။ ယင်းက အဓိပ္ပာယ်မရှိပေ။
နောက်ဆုံးတွင်၊ ရှေးဟောင်းတော်ဝင်မိသားစုများက အင်မော်တယ်နယ်မြေကြီးတွင် မြင့်မားစွာရပ်တည်ခဲ့ပြီး တော်ဝင်မိသားစုတစ်ခုစီ၏ အမွေအနှစ်များသည်လည်း အလွန်ရှေးကျသည်။
ကျွင်းရှောင်ယောက်၏ စကားအနည်းငယ်ဖြင့် ရှေးဟောင်းတော်ဝင်မိသားစုကို ကြီးကြီးမားမား ထိခိုက်နစ်နာစေမည့် အလားအလာ မရှိပါ။
သို့သော်လည်း နာမည်ဂုဏ်သတင်းကို ထိခိုက်စေသည်ဆိုလျှင်ဖြင့် လုံလောက်ပြီ ဖြစ်သည်။
ယုံကြည်ခြင်းစွမ်းအားကို စတင် လေ့ကျင့်ချိန်မှစ၍ နာမည်ဂုဏ်သတင်းဟာ မည်မျှအရေးကြီးမှန်း သူ နားလည်လာခဲ့သည်။
နာမည်ကောင်းရှိသူတို့ကို သက်ရှိသတ္တဝါအားလုံး၏ ယုံကြည်ခြင်းဖြင့် ကောင်းချီးပေးခြင်း ခံရလိမ့်မည်။
မကောင်းသတင်းရှိသူကိုတော့ အလုံးစုံသော သတ္တဝါတို့က ကဲ့ရဲ့ခြင်းကို ခံရ၍ ကံဆိုးခြင်းနှင့် ဘေးဥပဒ်တို့ကို ပို၍ ခံစားရတတ်သည်။
အနည်းဆုံး ဤအဆင့်တွင်၊ ကျွင်းရှောင်ယောက်က ရှေးဟောင်းတော်ဝင်မိသားစုကို ထိခိုက်စေနိုင်ခဲ့ပေသည်။
"ဟမ့်၊ မင်းက အန္တိမကပ်ဘေးကြီးကို ချေမှုန်းခဲ့တာကြောင့် အကုသိုလ်ကို ကုသိုလ်နဲ့ချေတယ်လို့ ပြောရမယ်။ ငါတို့ ရှေးဟောင်းတော်ဝင်မိသားစုက ဒီလောက် သဘောထားမသေးပါဘူး"
"ဒီလိုလုပ်ရအောင်၊ အနက်ရောင် သွေးတစ်စက်နဲ့ အန္တိမကပ်ဘေးကြီးကို ဖိနှိပ်ခဲ့တဲ့ ရှေးခေါင်းတလားကို လူတိုင်းလေ့လာဖို့ ထုတ်ပေးလိုက်ပါ"
နတ်ဆိုးဖီးနစ်ရှေးဟောင်းဂူမှ အကြီးအကဲ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ပြုံးလိုက်၏။
ဤအပြုံးက အနည်းငယ် အေးစက်သည်။
အနက်ရောင်သွေးစက်နှင့် မျိုးဆက်သုံးခု ကြေးခေါင်းတလားက ရှေးဟောင်းတော်ဝင်မိသားစုမျုးကို ဆွဲဆောင်ခဲ့ပုံပင်။
သူတို့၏ အရှက်မဲ့မှု အဆင့်က ကျွင်းရှောင်ယောက်၏ စိတ်ကူးကိုပင် ကျော်လွန်သွားသည်ဟု ဆိုရမည်။
"ဒီလောက်ထိ အရှက်မဲ့တဲ့လူကို တစ်ခါမှ မမြင်ဖူးဘူး"
ကျန်းလော့လီက ဒေါသတကြီးဖြင့် ဝင်အော်ပြောလိုက်သည်။ သူ့မျက်လုံးလေးများပင် ပြူးကျယ်လာ၏။
ကျွင်းရှောင်ယောက်က အင်မော်တယ်နယ်မြေကြီးအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။
သို့သော်လည်း ဤရှေးဟောင်းတော်ဝင်မျိုးနွယ်မှ သတ္တဝါများက မျိုးစေ့အဆင့် ဉာဏ်ကြီးရှင်များကို သတ်ပစ်သည်ဟူသော အကြောင်းပြချက်ဖြင့် ကျွင်းရှောင်ယောက်ကို ဖိနှိပ်ချင်နေသည်။
ကျွင်းရှောင်ယောက်၏ ရင်းနှီးသူများ ဒေါသထွက်ကုန်ကြသလို...
ဘေးမှ ကြည့်နေသူများပင် အထင်မြင်သေးသော အမူအရာများ ဖြစ်ပေါ်လာတော့သည်။
"ဘယ်လိုကောင်တွေလဲဟ၊ နတ်ဘုရားဘုရင် ကျွင်းဝူဟွေ့နဲ့ ကျွင်းရှောင်ယောက်တို့ သားအဖက ငါတို့ အင်မော်တယ်နယ်မြေကြီးအတွက် အသက်စွန့်ပြီး တိုက်ပွဲဝင်နေချိန်မှာ သူတို့ ဘယ်ရောက်နေကြလဲ"
"ဟုတ်တယ်၊ ဒီတစ်ခေါက်မှာ ရှေးဟောင်းတော်ဝင်မိသားစုက လုံးဝ မကြိုးစားခဲ့ဘူး။ ရှေးဧကရာဇ် ပေါ်လာခဲ့တာကလည်း အရိပ်တစ်ခုပဲကို... နောက်ပြီးတော့ သူက ဘာမှမလုပ်ဘဲ နောက်ဘက်မှာပဲ ထိုင်နေခဲ့တာ"
"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပြောတဲ့ စကားက တကယ်မှန်မယ် ထင်တယ်။ ဒီတော်ဝင်မိသားစုတွေရဲ့ နောက်ကွယ်မှာ တိုင်းတစ်ပါးနဲ့ ဆက်ဆံမှုမျိုး ရှိကောင်းရှိနိုင်တယ်"
"လူယုတ်မာတွေပါလားကွ၊ ဟေ"
ဆူဆူညံညံ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
တချို့ဆိုပါက ဒေါသတကြီး ကြိမ်းမောင်းပြောဆိုလာကြတော့သည်။
"ဘယ်သူက လာပြီး မိုက်ရိုင်းနေတာလဲကွ"
ရှေးဟောင်းတော်ဝင်မိသားစုမှ လူများ၏ မျက်နှာများက ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်လာကာ ဒေါသတကြီး ပြန်အော်လိုက်ကြသည်။
ရှေးဟောင်းတော်ဝင်မိသားစုကို ပေါ်ပေါ်တင်တင် စော်ကားဝံ့သူက မများပေ။
သို့သော်လည်း ကျိန်ဆဲကြသူက များလွန်းပြီး များပြားလှသော လူအုပ်ကြားမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
ယင်းကြောင့် ရှေးဟောင်းတော်ဝင်မိသားစုများမှ သတ္တဝါများမှာ မစင်ကိုင်မိသကဲ့သို့ မအီမသာ အမူအရာများ ဖြစ်နေကြတော့သည်။
"ဘယ်သူက သခင်လေးကို ဝေဖန်ဝံ့တာလဲကွ"
ထိုအချိန်တွင်၊ အမာရွတ်လေးခု သခင်ကြီးနှင့် အခြား တံခါးစောင့်များက အရှိန်အဝါများ ထုတ်ဖော်ရင်း ရောက်ချလာသည်။
"အမာရွတ်လေးခု သခင်ကြီး၊ ဒါက မင်းနဲ့ ဘာမှမဆိုင်ဘူး"
ကျိုးယိုးတောင်မှ အကြီးအကဲတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။
ကျိုးယိုးတောင်သည် ရှေးဦး မိစ္ဆာသားရဲကြီး ကျိုးယိုး၏ သွေးမျိုးဆက်များ နေထိုင်ရာ ဖြစ်သည်။
ဤမျိုးနွယ်က မိစ္ဆာသားရဲများကြားတွင် အသန်မာဆုံးပင်။
သို့သော်လည်း ကျိုးယိုးတောင်မှ မျိုးဆက်တစ်ဦးမှာ ပျက်စီးခြင်းနယ်စပ်တွင် ကျွင်းရှောင်ယောက်၏လက်၌ ကျဆုံးခဲ့ရသည်။
"အင်မော်တယ်နယ်မြေကြီးရဲ့ သူရဲကောင်းကို မင်းတို့က ဒီလိုပဲ ဆက်ဆံတာလား။ ကမ္ဘာပေါ်က လူတိုင်းရဲ့ နှလုံးသားကို အေးစက်သွားအောင် လုပ်နေတာလား"
အမာရွတ်လေးခု သခင်ကြီးက ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"သူရဲကောင်းဆိုတာ အခြေအနေအရ ဖြစ်ပေါ်တာ။ ကျွင်းရှောင်ယောက် မရှိရင်တောင် အခြားသူတွေ ရှိနိုင်သေးတာပဲ"
နဂါးနန်းတော်မှ သတ္တဝါက လှောင်ပြောင်လိုက်၏။
"မင်း..."
အမာရွတ်လေးခု သခင်ကြီးမှာ အသားတဆတ်ဆတ် တုန်လာသည်။
ဤရှေးဟောင်းတော်ဝင်မိသားစုများ၏ နောက်ကွယ်မှ အင်အားကြောင့်သာ မဟုတ်လျှင်၊ သူတို့ကို လက်ဝါးတစ်ချက်တည်းဖြင့် အမှုန့်ချေလိုက်ပြီ ဖြစ်သည်။
"ကောင်းပြီ၊ ကျွင်းရှောင်ယောက်က ငါတို့ တော်ဝင်မျိုးစေ့တွေကို သတ်လိုက်တဲ့ကိစ္စ ဆက်မလိုက်တော့ဘူး။ ပစ္စည်းတွေကိုပဲ လွှဲပေးလိုက်တော့"
တစ်ယောက်က ပြောလိုက်သည်။
အမှန်အတိုင်းပြောရလျှင်၊ ဤရှေးဟောင်းတော်ဝင်မိသားစုများက ကျွင်းရှောင်ယောက်၏ အနက်ရောင်သွေးစက်နှင့် မျိုးဆက်သုံးခု ကြေးခေါင်းတလားအတွက် ရောက်လာကြခြင်းသာ ဖြစ်သည်။
နောက်ဆုံးတွင်၊ ဤသည်က အန္တိမကပ်ဘေးကြီးကိုပင် ဖိနှိပ်နိုင်သော ရတနာများ မဟုတ်ပါလား။
သူတို့ ရှေးဟောင်းတော်ဝင်မိသားစုများသာ ထိန်းချုပ်နိုင်လျှင်၊ ပြိုင်ဘက်ကင်းသော ဝှက်ဖဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က အနည်းငယ်ပြုံးနေဆဲပင်။
ကျွင်းမိသားစု၏ ဘိုးဘေးများက ရှေးဦးအင်ပါယာမြို့တော်မှ ထွက်သွားပြီ ဖြစ်သည်။
ယင်းက ဤရှေးဟောင်းတော်ဝင်မိသားစုများက အလွန်မောက်မာဝံ့စေခဲ့ပေသည်။
ဤအခိုက်အတန့်တွင် ကြယ်ကောင်းကင်မှ ကြီးစိုးသော ဧကရာဇ်အဆင့် အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ဟင်.... ဘယ်ဧကရာဇ်ကြီး ရောက်လာတာလဲ"
ရှေးဦးအင်ပါယာမြို့တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
ကမ္ဘာနှစ်ခုကြားမှ စစ်ပွဲကြီး ပြီးဆုံးပြီးနောက်တွင် ဧကရာဇ်အဆင့် အကျော်အမော်များက ထွက်သွားပြီ ဖြစ်သည်။
နောက်ဆုံးတွင်၊ ထိုအဆင့် တည်ရှိမှုမျိုးက ကမ္ဘာကြီးတွင် အလွယ်တကူ မပေါ်လာတတ်ပေ။
ထို့ပြင်၊ ရှေးပဋိညာဉ်ကြောင့်လည်း ဧကရာဇ်အဆင့်နှင့်အထက် အကျော်အမော်များက အင်မော်တယ်နယ်မြေကြီးတွင် ဆန္ဒရှိသည့်အတိုင်း ပေါ်လာခွင့်မရှိပါ။
ယခုတော့ ဤကြောက်မက်ဖွယ်ကောင်းသော ဧကရာဇ်ဖိအားက ရှေးဟောင်းတော်ဝင်မိသားစုများမှ လူများကို မြေပေါ်သို့ ပြားကပ်သွားအောင် ဖိချလိုက်သည်။ သူတို့၏ အရိုးများ မည်မျှကျိုးသွားသလဲ မသိနိုင်ဘဲ သွေးများအန်နေကြတော့သည်။
"ဒါ ကျွင်းမိသားစုရဲ့ ဧကရာဇ်ကြီးလား"
အားလုံးက စူးစမ်းလိုစိတ်ဖြင့် အာရုံစိုက်လိုက်ကြသည်။
ကျွင်းမိသားစုမှ ဧကရာဇ်ကြီးသုံးပါး၏ အသွင်အပြင်က အင်မော်တယ်နယ်မြေကြီး၏ လူတိုင်းကို အမှန်တကယ် တုန်လှုပ်စေခဲ့ပေသည်။
ကောင်းကင်တွင် ကြယ်များတောက်ပနေပြီး အဘိုးအိုတစ်ဦး၏ ရုပ်သွင်က တဖြည်းဖြည်း ပေါ်လာသည်။
၎င်းက ဧကရာဇ်ပိုင်သို့ပင်။
လူတိုင်းကို ပို၍ တုန်လှုပ်သွားစေခဲ့သည်က...
ဧကရာဇ်ပိုင်သို့က ကျွင်းရှောင်ယောက်ဆီသို့ အနည်းငယ် လက်ယှက်ပြလိုက်ခြင်း ဖြစ်သည်။
"တောင်းပန်ပါတယ် မိတ်ဆွေလေးရှောင်ယောက်... အရင်က နယ်စပ်ဒေသမှာ မင်းကို တိုက်ခိုက်ခဲ့မိတယ်"
"အဲဒီအတွက် ဒီအဘိုးကြီးက တောင်းပန်ချင်ပါတယ်"
ထိုစကားများနှင့် အမူအရာက ရှေးဦးအင်ပါယာမြို့တော်တစ်ခုလုံးကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။
ဧကရာဇ်တစ်ပါးက ကျွင်းရှောင်ယောက်ကို တောင်းပန်နေ၏။
ထိုမြင်ကွင်းကြောင့် လူတိုင်း အောက်မေးရိုးများပင် မြေပေါ်ပြုတ်ကျမတတ် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။