အခန်း ၁၁၂၉
Vol. 76 Ch. 1129
အခန်း ( ၁၁၂၉ ) ကျန်းစန်းယီကို တွေ့ရန်။
ကျွင်းရှောင်ယောက်ကို နောက်ဆုံး တွေ့ခဲ့စဉ်က ပိအန်းပြည်နယ်တွင် ဖြစ်သည်။ ကျွင်းရှောင်ယောက်က အနီရောင်လီလီပန်းလေးများ၏မိခင်နှင့် တွေ့ရန် ရောက်လာခဲ့ခြင်း ဖြစ်၏။
ထိုအချိန်တွင် သူသည် တိုင်းတစ်ပါး၏ စစ်နတ်ဘုရား၊ ဖျက်ဆီးခြင်း ဘုရင်ခြောက်ပါးအနက် ပထမဘုရင် ဖြစ်နေသေးသည်။
အင်မော်တယ် နယ်မြေကြီးကို ဖျက်ဆီးပစ်ရန် တိုင်းတစ်ပါး၏ မျှော်လင့်ချက်ဟု သတ္တဝါများစွာက ယူဆခဲ့ကြသည်။
ယခုတော့...
ကံကြမ္မာက လူများကို လှည့်ဖြားတတ်လွန်းသည်ဟုသာ ဆိုရမည်။
"အဲဒီအချိန်က ငါ့မှာ ဖုံးကွယ်ထားဖို့ကလွဲလို့ ရွေးချယ်စရာမရှိခဲ့ဘူး။ မုန့်မိန်းကလေး ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ်"
ကျွင်းရှောင်ယောက်က တည်ငြိမ်သော အပြုံးဖြင့် ပြောလိုက်သည်။
"ငါ ဘယ်လိုဝံ့ရဲနိုင်မှာလဲ။ အနာဂတ်မှာ အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ဖို့ ကျွင်းသခင်လေးကို အားကိုးရဦးမယ်။ နောက်ဆုံးမှာတော့ ဒါက နင့်ရဲ့ နယ်မြေပဲ"
မုန့်နုအာက လှပစွာပြုံးပြီး ပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ခေါင်းကုပ်ပြီး ပြုံးလိုက်လေသည်။
မုန့်နုအာက သူ့ကို အင်မော်တယ်နယ်မြေကြီး၏ အရှင်သခင်အဖြစ် အဘယ်ကြောင့် မှတ်ယူနေရသနည်း။
ထို့နောက်တွင် ကျွင်းရှောင်ယောက်က ပိအန်းမျိုးနွယ်ညအခြေချနေထိုင်ရေးအတွက် စီစဉ်ပေးရန် လူတချို့ကို တာဝန်ပေးလိုက်သည်။
ကိစ္စများအားလုံး ပြေလည်သွားပြီး ရက်အနည်းငယ်အကြာမှာတော့ ကျွင်းရှောင်ယောက်နှင့် သူ့အဖွဲ့ဟာ ရှေးဦးအင်ပါယာမြို့မှ ထွက်ခွာသွားကြသည်။
အခြား ပါရမီရှင်များ အများစုကတော့ အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွားကြပြီ။
သူတို့ ထွက်သွားသောအခါ...
အမာရွတ်လေးခု သခင်ကြီးနှင့် တံခါးစောင့် မျိုးနွယ်ဝင်များ အားလုံးက ကျွင်းရှောင်ယောက်ကို လက်ယှက်ပြကာ နှုတ်ဆက်လိုက်ကြသည်။
ကြီးကျယ်ခမ်းနားသော ပုံရိပ်တချို့ပင် ကောင်းကင်တွင် ပေါ်လာ၏။
နယ်စပ်ကို စောင့်ကြပ်နေသော ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။
သူတို့လည်း ကျွင်းရှောင်ယောက်ဘက်သို့ လက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။
"ကျွင်းမိသားစု၏ နတ်ဘုရားသားတော်က ကပ်ဘေးတိုင်းကို ချေမှုန်းပစ်ပြီး နယ်စပ်နဲ့ အင်မော်တယ်နယ်မြေကြီးကို ကာကွယ်ခဲ့တယ်။ သူ့နာမည်က သမိုင်းမှာ ထာတစဉ် တောက်ပနေလိမ့်မယ်"
မရေမတွက်နိုင်သော ကျင့်ကြံသူများက ကျွင်းရှောင်ယောက်ကို ဦးညွတ်လိုက်လေသည်။
ကြီးမားသော ယုံကြည်ခြင်းစွမ်းအားများက ကျွင်းရှောင်ယောက်၏ အတွင်းစကြာဝဠာရှိ ယုံကြည်ခြင်းပင်လယ်ထဲသို့ စီးဆင်းလာသည်။
" နယ်စပ်ကို မျိုးရိုးစဉ်ဆက် ကာကွယ်ခဲ့တဲ့ ခင်ဗျားတို့ကလည်း လေးစားထိုက်ပါတယ်"
"ခင်ဗျားတို့ရဲ့ အသွေးအသားနဲ့ မပြိုလဲနိုင်တဲ့ တံတိုင်းတစ်ခုအဖြစ် ရှိနေပေးခဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"
ကျွင်းရှောင်ယောက်ကလည်း ရှေးဦးအင်ပါယာမြို့တော်မှ နယ်ခြားစောင့်များနှင့် စစ်သည်များကို ဦးညွှတ်ဦးညွှတ်ခဲ့လေသည်။
သူတို့က ကိုယ်ကျိုးမဖက်ဘဲ အင်မော်တယ်နယ်မြေကြီးအတွက် အမြဲ ပေးဆပ်နေခဲ့ကြသူများ ဖြစ်သည်။
သူတို့က ကျွင်းရှောင်ယောက်၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။
အမာရွတ်လေးခု သခင်ကြီးနှင့် အခြားသူများလည်း ဝမ်းသာပျော်ရွှင်သွားကြသည်။
ယခင်က ကျွင်းဝူဟွေ့၏ သားဖြစ်သောကြောင့် ကျွင်းရှောင်ယောက်ကို လေးစားခဲ့သည်။
ယခုတော့ နယ်စပ်တွင် ကျွင်းရှောင်ယောက်၏ ကိုယ်ပိုင်ဂုဏ်သိက္ခာက ပို၍ မြင့်မားလာပြီ။
ဝတ်စုံဖြူဝတ် နတ်ဘုရားဘုရင်ထက် များစွာ အားမနည်းတော့ပါ။
သူတို့နှစ်ယောက်စလုံးက နယ်စပ်၏ ယုံကြည်မှုများ ဖြစ်ကြသည်။
ယခုမှစပြီး ကျွင်းရှောင်ယောက်၏ စကားတစ်ခွန်းတည်းသာ လိုအပ်သည်။
ဤတံခါးစောင့်များက ကျွင်းရှောင်ယောက်အတွက် တိုက်ပွဲဝင်ကြလိမ့်မည်။
ကျွင်းရှောင်ယောက်နှင့် အခြားသူများလည်း ရှေးဦးအင်ပါယာမြို့တော်မှ ထွက်ခွာသွားကြသည်။
သူတို့က အဆုံးစွန်ရှေးဟောင်းလမ်းအတိုင်း ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးသို့ ပြန်သွား၏။
ရှေးဟောင်းလမ်းတစ်လျှောက်မှ မြင်ကွင်းများကိုကြည့်ရင်း ကျွင်းရှောင်ယောက်၏ ရင်ထဲတွင် အမျိုးမျိုးသော ခံစားချက်များ ပေါ်လာသည်။
ဤခရီးလမ်းတစ်လျှောက် အချိန်မှာ ဆယ်နှစ်ပင် မပြည့်ခဲ့သော်လည်း...
အလွန်ရှည်ကြာသည်ဟု ခံစားခဲ့ရပေသည်။
ပျက်စီးခြင်းကြယ်နှင့် မြွေလူသားမျိုးနွယ်တို့၏ ကြယ်ကို ဖြတ်သန်းသွားသောအခါ...
မြင့်မြတ်ခန္ဓာနန်းတော်နှင့် မြွေလူသားမျိုးနွယ်တို့ မရှိတော့ကြောင်း တွေ့ခဲ့ရသည်။
၎င်းတို့ကို ကျွင်းဧကရာဇ်ခုံရုံးက ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်လည်ခေါ်ဆောင်သွားပုံရသည်။
သို့သော်လည်း ယင်းက ကောင်းပေသည်။ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်ပါ မိတ်ဆွေဟောင်းအားလုံးနှင့် ပြန်တွေ့ရမည် ဖြစ်သည်။
မကြာမီ၊ ကျွင်းရှောင်ယောက်နှင့် အခြားသူများဟာ အင်မော်တယ်နယ်မြေကြီးသို့ ရောက်လာခဲ့ကြသည်။
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် တည်ရှိသော်လည်း မည်သည့် ဒေသတွင်မျှ မရှိပါ။ ၎င်းတို့က သီးခြား အင်မော်တယ်ကျွန်းတွင် တည်ရှိသည်။
"ကိုကိုရှောင်ယောက်၊ အခု ဘယ်ကိုသွားမှာလဲ"
ကျန်းလော့လီက မေးလိုက်သည်။
အများစုက အင်မော်တယ်အကယ်ဒမီမှ တပည့်များဖြစ်သောကြောင့် ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့ တိုက်ရိုက်ပြန်သွားသင့်သည်။
ဟုတ်ပေသည်၊ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ဦးစွာ ပြန်ချင်သူများလည်း ရှိနိုင်သည်။
"မင်းတို့အားလုံး အရင်ထွက်သွားသင့်တယ်။ ငါ့မှာ လုပ်စရာတွေရှိလို့ နောက်မှ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို လာခဲ့မယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ အားလုံးက အနည်းငယ် ခေါင်းညိတ်လိုက်ကြသည်။
ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီသို့ သွားသူသွားပြီး တချို့ကလည်း အင်မော်တယ်နယ်မြေကြီးကို ပြန်သွားကြလေသည်။
"ရှောင်ယောက်၊ မင်း..."
လော့ရှန်းလင်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
သူမက ကျွင်းရှောင်ယောက်နှင့် မခွဲခွာချင်ပေ။
ယခင်က တိုင်းတစ်ပါးတွင် သူမက လော့ဝမ်ဖြစ်ပြီး ခိုနားရာနေရာအဖြစ် စစ်နတ်ဘုရားနန်းတော် ရှိခဲ့သည်။
ယခုမူကား... သူမတွင် ဆွေမျိုးမရှိ၊ အင်အားစုမရှိဘဲ အင်မော်တယ်နယ်မြေကြီး၌ အစိမ်းသက်သက်ဖြစ်နေပြီဟု ဆိုနိုင်သည်။
သူမနှင့် ရင်းနှီးသည့် တစ်ဦးတည်းသောသူမှာ ကျွင်းရှောင်ယောက် ဖြစ်ချေသည်။
"မင်းအရင်ဆုံး ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို သွားလို့ရပါတယ်။ အဲဒါက စစ်နတ်ဘုရားနန်းတော်နဲ့ ဆင်တူတဲ့ နေရာပဲ"
"ဒါပေါ့၊ နောက်ကျရင် မင်းကို ကျွင်းမိသားစုကို ခေါ်သွားပေးမယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
သူ ယခုသွားမည့်နေရာက လော့ရှန်းလင်ကို ခေါ်သွားရန် မသင့်ပေ။
ကျွင်းရှောင်ယောက်၏ စကားကိုကြားတော့ လော့ရှန်းလင်၏ မျက်နှာမှာ အနည်းငယ်နီမြန်းသွားသည်။
မင်းရဲ့ မိဘတွေနဲ့ သွားတွေ့ရမှာလား။
သူမက အနည်းငယ် ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။
ကျန်းလော့လီနှင့် အခြားမိန်းကလေးများကတော့ သိပ်ပြီး မကျေနပ်ကြပေ။
သို့သော်လည်း သူတို့ရှေ့မှ အမျိုးသမီးက လွန်စွာ လှပသည့်အပြင် ဧကရာဇ်တစ်ပိုင်း အကျော်အမော် ဖြစ်သည်။
သူတို့ မကျေနပ်လျှင်ပင် လော့ရှန်းလင်ကို ဘာမျှလုပ်နိုင်မည် မဟုတ်ပါ။
ကျွင်းရှောင်ယောက်က မိုးပြာရောင် ဂဠုန်ငှက်ကြီးကိုစီး၍ ကောင်းကင်သို့ ပျံတက်သွားသည်။
သို့သော်လည်း မကြာမီပင် ကျွင်းရှောင်ယောက်က ရပ်လိုက်၏။ သူက နောက်ကိုပြန်လှည့်ကြည့်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။
"မင်း ဘာဖြစ်လို့ ဒီကို လိုက်လာတာလဲ"
သူ့နောက်မှ တိတ်တဆိတ် လိုက်နေသူက ကျန်းလော့လီ ဖြစ်လေသည်။
"ကိုကိုရှောင်ယောက် ဘယ်ကိုသွားနေတာလဲဆိုတာ သိပါတယ်နော်"
ကျန်းလော့လီက ခေါင်းလေးမော့ပြီး ပြောလိုက်သည်။
"ဘယ်ကိုသွားလို့လဲ"
ကျွင်းရှောင်ယောက်က မသိဟန်ဆောင်ကာ မေးလိုက်၏။
"မမစန်းယီကို ရှာဖို့ ယောက်ချီမြင့်မြတ်မြေကို သွားတော့မှာ မဟုတ်ဘူးလား။ ဒါကြောင့်ပဲ ဒေါ်လေး လှလှလေးကို ခေါ်မလာရဲတာပေါ့"
ကျန်းလော့လီက စနောက်ဟန်ဖြင့် လျှာလေးထုတ်ပြီး ပြောသည်။
"ဘယ်က ဒေါ်လေးရမှာလဲ"
ကျွင်းရှောင်ယောက်လည်း ကျန်းလော့လီ၏ နဖူးကို ခပ်ဖွဖွလေး တောက်လိုက်သည်။
"ကိုကိုရှောင်ယောက်နော်... တစ်ရွာမှာ တစ်ကျီဆောက်နေသိလား။ မမစန်းယီနဲ့တွေ့မှ တိုင်ပြောရမယ်"
ကျန်းလော့လီက သူမ၏ နဖူးကိုပွတ်ကာ မကျေမနပ်ဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ပြန်ရောက်ပြီးကတည်းက သူဟာ ပြန်လည်မွေးဖွားလာသလို ယခင်ကကဲ့သို့ တက်ကြွမှုတို့ ပြန်လည်ရရှိခဲ့လေသည်။
ကျွင်းရှောင်ယောက်လည်း ပြုံးလိုက်သည်။
ထို့နောက်တော့ ကျန်းလော့လီကို သူနှင့်အတူ ခေါ်ဆောင်သွားတော့သည်။
ယောက်ချီမြင့်မြတ်မြေသည် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးရှိ လော့ထျန်းအင်မော်တယ်နယ်မြေတွင် ရှိသည်။
ရှေးယခင်က ယောက်ချီမြင့်မြတ်မြေသည် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် ကျော်ကြားသော အင်မော်တယ်နယ်မြေကြီး ဖြစ်သည်။
အထူးသဖြင့် အနောက်တိုင်း၏ မယ်တော်ဘုရင်မခေတ်တွင်၊ ယောက်ချီမြင့်မြတ်မြေ၏ ဂုဏ်သိက္ခာက အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
သို့သော်လည်း အနောက်တိုင်း၏ မယ်တော်ဘုရင်မ ကျဆုံးပြီးနောက်တွင် ကပ်ဆိုးများစွာကို ကြုံတွေ့ခဲ့ရသည်။
ယောက်ချီမြင့်မြတ်မြေက ကျဆင်းလာပြီး ယခင်ကဲ့သို့ အရှိန်အဝါ မရှိတော့ပါ။
သို့ပေသော်ငြား၊ လော့ထျန်းအင်မော်တယ်နယ်မြေကြီးတွင် ကျော်ကြားသော အင်အားတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။
ရက်အနည်းငယ်ကြာပြီးနောက်၊ ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီက လော့ထျန်းအင်မော်တယ်နယ်မြေကြီးသို့ ရောက်ရှိလာကြလေသည်။
ဤနယ်မြေကြီးက ငြိမ်းချမ်းဆဲဖြစ်ပြီး သဟဇာတဖြစ်ကြသည်။
ပျက်စီးခြင်းနယ်စပ်တွင် စစ်ပွဲများဖြင့် ပူလောင်နေသော်လည်း ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို မထိခိုက်စေကြောင်း ထင်ရှားသည်။
နယ်စပ်မှ စစ်ပွဲသတင်းက ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးသို့ ပျံ့နှံ့လာသော်လည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခြင်းမရှိသေးကြောင်း သိသာလှပေသည်။
ထို့ပြင်၊ ကျွင်းမိသားစု၏ ဂုဏ်သတင်းကို မတိုးပွားစေရန် တမင်နှောင့်နှေးအောင် တားဆီးပိတ်ပင်လိုသော အင်အားစုများစွာလည်း ရှိသည်။
ထို့ကြောင့်၊ လော့ထျန်း အင်မော်တယ်နယ်မြေကြီးရှိ လူများစွာက နယ်စပ်ရှိ အခြေအနေများကို မသိကြသေးပေ။
ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီက မြို့တစ်မြို့ကို ရောက်လာခဲ့ကြသည်။
ဘုရင်ဖုဖုန်းက သူ့အရှိန်အဝါများကို ထိန်းချုပ်ထားသောကြောင့် မည်သူမျှ သူတို့ကို အထူး အာရုံမစိုက်မိပေ။
အနည်းငယ် မေးမြန်းပြီးနောက် ယောက်ချီမြင့်မြတ်နယ်မြေ၏ တည်နေရာကို သိနိုင်သည်။
သို့သော်... ထိုအချိန်တွင် ကျွင်းရှောင်ယောက်ဟာ မြို့တွင်းမှ ဆွေးနွေးပြောဆိုသံများကို ကြားလိုက်ရသည်။
"ယောက်ချီမြင့်မြတ်မြေက ဘယ်လောက်ကြာကြာ ခံနိုင်မလဲ မသိဘူး"
"ဟုတ်တယ်၊ တံခါးကိုတောင် ပိတ်ထားလိုက်ပြီ။ တစ်ချိန်က ဂုဏ်သိက္ခာကြီးမြတ်တဲ့ မြင့်မြတ်မြေဟာ အခုတော့ ဒီအခြေအနေကိုတောင် ရောက်နေရပြီတဲ့"
"စိတ်မကောင်းစရာပါပဲကွာ"
"အဲ့ဒီသတ္တဝါတွေကလည်း မောက်မာလွန်းတယ်နော်။ သူတို့က ယောက်ချီမြင့်မြတ်မြေကို တကယ်ကြီး အနိုင်ကျင့်ဝံ့တယ်။ ကျန်းမိသားစုရဲ့ နတ်သမီးက ယောက်ချီမြင့်မြတ်မြေရဲ့ သူတော်စင်ငယ်ဆိုတာကို မသိကြဘူးလား... မကြောက်တာလား"
ထိုစကားများကိုကြားတော့ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
ယောက်ချီမြင့်မြတ်မြေတွင် တစ်ခုခုဖြစ်နေသလော။