← Chapters

အခန်း ၁၁၃၃

Vol. 76 Ch. 1133

အခန်း ၁၁၃၃

Vol. 76 Ch. 1133

အခန်း ( ၁၁၃၃ ) ကြီးစိုးသော အင်အား။

ယခုအချိန်တွင်...

ဟောက်ယန်မြင့်မြတ်နယ်မြေ၊ ထိုက်ရွှမ်ဂိုဏ်း၊ ချင်ရှကောင်းကင်ဂူနှင့် အခြား ပြပွဲကို စောင့်ကြည့်နေကြသည့် ကျင့်ကြံသူများဖြစ်စေ...

မြင့်မြတ်ဝိညာဉ်ကျွန်းမှ သတ္တဝါများဖြစ်စေ...

အားလုံး စိတ်ရှုပ်ထွေးနေခဲ့ကြသည်။

ကောင်းကင်အဓိပဓိငယ်က လှုပ်ရှားလိုက်သော်လည်း ဧရာမ လက်ဝါးကြီးအောက်တွင် တိုက်ရိုက် ကျဆုံးသွား၏။

ပို၍ အံ့ဖွယ်ကောင်းသည်က ကြားလိုက်ရသော စကားသံ ဖြစ်သည်။

မြင့်မြတ်ဝိညာဉ်ကျွန်းကို မျိုးဖြုတ်ခံချင်နေပြီလားဟု မေးလိုက်၏။

ထိုစကားက ရိုးရှင်းသော်လည်း မယုံနိုင်စရာပင်။

မြင့်မြတ်ဝိညာဉ်ကျွန်းက ထိပ်တန်း အင်မော်တယ်အင်အားစု ဖြစ်သည်။

တော်ရုံ ရှေးဟောင်းမိသားစုများ၊ တော်ဝင်မျိုးနွယ်များနှင့် နတ်မင်းဆက်များပင်လျှင် မြင့်မြတ်ဝိညာဉ်ကျွန်းကို ထိပါးဝံ့မည် မဟုတ်ပေ။

ယခုတော့ ထိုစကားများက ရိုးရှင်းသလောက် မောက်မာလွန်းလှသည်။ မြင့်မြတ်ဝိညာဉ်ကျွန်းကို လုံးဝ ဂရုစိုက်ပုံမပေါ်ပေ။

"ဟမ်"

ခရမ်းရွှေရောင် မြင့်မြတ်သားရဲ ချီလင်၏ မျက်လုံးများက အေးစက်သွားပြီး အသံလာရာသို့ လှမ်းကြည့်လိုက်သည်။

"ဘယ်အကြီးအကဲများ ရောက်လာတာလဲ"

အရိုးစုမိန်းမပျိုက မျက်မှောင်ကြုတ်ပြီး အော်ပြောလိုက်၏။

သူ့အမြင်အရ ကောင်းကင်အဓိပဓိငယ်ကို လက်ဝါးတစ်ချက်ဖြင့် ဖိနှိပ်နိုင်သူမှာ၊ အနည်းဆုံး ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် အကျော်အမော်တစ်ဦး ဖြစ်နိုင်သည်။

ကောင်းကင်တွင် ကြီးမားသော အရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။

လူတိုင်းက တအံ့တဩဖြင့် ကြည့်လိုက်ကြ၏။

ထိုအခါမှ ယင်းမှာ ဧရာမငှက်ကြီးတစ်ကောင်ဖြစ်ကြောင်း သိလိုက်ရလေသည်။

ဧရာမ ငှက်ကြီး၏ အတောင်တို့က ကောင်းကင်ကိုပင် ဖုံးလွှမ်းထားနိုင်ပုံရသည်။

"အဲဒါက ဂဠုန်ငှက်ကြီးလား"

လူများစွာ အံ့သြသွားကြ၏။

"မဟုတ်သေးဘူး၊ အပေါ်မှာလည်း မတ်တပ်ရပ်ပြီး လိုက်လာတဲ့သူ ရှိနေတယ်"

ထိုက်ရွှမ်ဂိုဏ်း၏ ခေါင်းဆောင်က‌ ပြောလိုက်သည်။

နတ်ဘုရားနှစ်ပါးကဲ့သို့ လုလင်တစ်ဦးနှင့် မိန်းမပျိုလေးတစ်ယောက်က ဧရာမ ဂဠုန်ငှက်ကြီး၏ ကျောပေါ်တွင် ရပ်နေကြလေသည်။

"ဟင်... အဲဒီလူက..."

ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ယောက်ချီမြင့်မြတ်မြေမှ မဟာအကြီးအကဲနှင့် ယွီချင်းနင်တို့မှာ ပိုအံ့ဩသွား၏။

"ကျွန်မ... ကျွန်မ အမြင်မမှားဘူး မဟုတ်လား။ ဒါက ကျွင်းရှောင်ယောက်လား"

‌ယောက်ချီ မဟာအကြီးအကဲက တအံ့တဩဖြင့် ရေရွတ်လိုက်သည်။

ကျန်းစန်းယီကို ဧကရာဇ်သင်္ချိုင်းကြယ်တွင် လာရောက်ခေါ်ယူစဉ်က ကျွင်းရှောင်ယောက်နှင့် သူ တွေ့ဆုံဖူးပေသည်။

ဤအခိုက်တွင်၊ ဧရာမ ငဠုန်ငှက်ကြီးကို စီးနင်းလာသူမှာ အမှန်တကယ်ပင် ကျွင်းရှောင်ယောက် ဖြစ်သည်။

"ဘာ၊ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်လား"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ရှန်းရွှီကမ္ဘာမှာ ကျဆုံးသွားပြီ မဟုတ်လား။ သူက အသက်ရှင်နေသေးတာလား"

ပတ်ဝန်းကျင်မှာ အံ့သြတုန်လှုပ်ခြင်းများဖြင့် စကားသံများ ဆူညံသွားသည်။

"ကျွင်းရှောင်ယောက်...၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အရိုးစုမိန်းမပျိုလည်း တစ်ကိုယ်လုံး‌ အေးစက်တောင့်တင်းသွား၏။

ကျွင်းရှောင်ယောက် ကျဆုံးသွားပြီး သူ့ဂုဏ်အသရေလည်းမရှိတော့ဘူးဟု သူ ပြောခဲ့ဖူးသည်။

ယခုတော့ ကျွင်းရှောင်ယောက်က သူတို့၏ရှေ့တွင် အသက်ရှင်လျက် ပေါ်လာပြီ။

ကိုယ့်မျက်စိနှင့် မမြင်ရပါက ယုံကြည်ရန်ခက်သည်။

ထို့ထက် ပိုအရေးကြီးတာက...

ကျွင်းရှောင်ယောက်ဟာ ယခု ဘယ်အဆင့်သို့ ရောက်နေသနည်း။

သူက လက်ဝါးတစ်ချက်တည်းဖြင့် ကောင်းကင်အဓိပဓိငယ်ကို ချေမှုန်းနိုင်ပြီလော။

အရိုးစုမိန်းမပျို မတွေးနိုင်တော့ပေ။

ကျွင်းရှောင်ယောက်ကတော့ အံ့ဩတုန်လှုပ်နေသည့် အကြည့်အားလုံးကို လုံးဝ လျစ်လျူရှုခဲ့သည်။

ယခုအခါ၊ သူ့မျက်စိထဲတွင် လူတစ်ယောက်သာ ရှိတော့သည်။

"ရှောင်ယောက်..."

ကျန်းစန်းယီ၏ မျက်လုံးအိမ်များလည်း စိုစွတ်နေသည်။ သူသည် အခြားသူများရှေ့တွင် အမြဲအေးစက်နေခဲ့သော်လည်း ယခုတော့ မျက်ရည်များဝဲနေခဲ့ပြီ။

ကျွင်းရှောင်ယောက်ကို ဘာမျှမဖြစ်နိုင်ဘူးဟု သူ အမြဲတမ်း ယုံကြည်ခဲ့သည်။

သို့သော်လည်း စိုးရိမ်ပူပန်မှုမရှိဘဲတော့ မနေပေ။

ယခုတော့ ကျွင်းရှောင်ယောက်ကို တွေ့ရပြီ။

အထီးကျန်မှုနှင့် လွမ်းဆွတ်မှုအားလုံး ပျောက်ကွယ်သွားရပြီ။

သို့သော်လည်း ယခုအချိန်က အတိတ်ကို အောက်မေ့နေရမည့်အချိန် မဟုတ်သေးကြောင်း ထင်ရှားသည်။

ကျွင်းရှောင်ယောက်က မြင့်မြတ်ဝိညာဉ်ကျွန်းမှ သတ္တဝါများအား အေးစက်စက်ဖြင့် လှည့်ကြည့်လိုက်သည်။

"မြင့်မြတ်ဝိညာဉ်ကျွန်း... မင်းတို့ အသက်ရှင်ရတာ ပင်ပန်းနေပြီလား"

ကျွင်းရှောင်ယောက်တွင် ပြောင်းပြန်အကြေးခွံ သိပ်မရှိပေ။ ကျန်းစန်းယီက ထိုအထဲမှ တစ်ခု ဖြစ်သည်။

ဤသတ္တဝါများက ကျန်းစန်းယီအား အလင်းဝင်ပေါက်ကိုးခု ကျောက်သန္ဓေအား လွှဲပြောင်းပေးရန် ဖိအားပေးနေသည်။ ၎င်းက သူမ၏ ကျင့်ကြံမှုလမ်းကြောင်းအပေါ် သိသိသာသာ သက်ရောက်မှုရှိစေလိမ့်မည်။

ကျွင်းရှောင်ယောက်သာ မလာရောက်ခဲ့ပါက ယနေ့တွင် ကျန်းစန်းယီ အခက်အခဲကြုံရတော့မည် ဖြစ်သည်။

"ကျွင်းရှောင်ယောက်... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ နင်က သေသွားပြီ မဟုတ်ဘူးလား"

အရိုးစုမိန်းပျိုက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်သည်။

သူ့အမြင်တွင် ကျောက်ဧကရာဇ်လေးကမှ ဤခေတ်၏ အမြင့်ဆုံး ပါရမီရှင် ဖြစ်သည်။

ယခုတော့ ကျွင်းရှောင်ယောက်ကို တွေ့လိုက်ရပြီးနောက် သူမ၏ ယုံကြည်ခြင်းတို့ တုန်လှုပ်သွားပေပြီ။

"ကျွင်းရှောင်ယောက်၊ မင်း‌က ငါ့ရဲ့ မြင့်မြတ်ဝိညာဉ်ကျွန်းကို တားဆီးချင်ရင် အရည်အချင်း မရှိသေးဘူး"

ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် သတ္တဝါက အေးစက်စက် အော်လိုက်သည်။

ကျွင်းရှောင်ယောက်၏ နှိမ့်ချမှုနှင့် ကြီးစိုးသောလေသံကို သူ သဘောမတွေ့ပေ။

ယခုလေးတင် သူတို့က ယောက်ချီမြင့်မြတ်နယ်မြေကို ဤသဘောထားမျိုးဖြင့် ပြုမူနေခဲ့သည်။ ယခုတော့ ကျွင်းရှောင်ယောက်က သူတို့အပေါ်မှာ တစ်ဖန် ထုတ်ဖော်ပြနေပြီ။

"ဝုန်း"

ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် သတ္တဝါက ကျွင်းရှောင်ယောက်အား လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

ကျွင်းရှောင်ယောက်ကို မည်သို့မည်ပုံ အသက်ရှင်ကျန်ရစ်ပြီး ဤနေရာသို့ ရောက်ရှိလာမှန်း မသိပါ။

သို့ရာတွင်၊ သူတို့၏လမ်းကို တားဆီးရန်တော့ မဖြစ်နိုင်ပေ။

ဟုတ်သည်၊ သူက ကျွင်းရှောင်ယောက်ကိုသတ်ရန် မစဉ်းစားပါ။ ခြောက်လှန့်ရုံမျှသာ ဖြစ်သည်။

မမျှော်လင့်ဘဲ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားပြီး လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။

ထိုလက်ဝါးက ကစဉ့်ကလျားစွမ်းအား တစ်ခုတည်း မဟုတ်ပေ။

အတွင်းပိုင်းတွင် မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်း၏ စွမ်းအားများလည်း ပါဝင်သည်။

ကျွင်းရှောင်ယောက်က ကစဉ့်ကလျားခန္ဓာနှင့် မြင့်မြတ်ခန္ဓာတာအိုသန္ဓေတစ်ပိုင်းခန္ဓာကို ပေါင်းစပ်ထား၏။

ဤစွမ်းအားမျိူးက ဆန်းကျယ်ကောင်းကင်အဓိပဓိပင်လျှင် အလွယ်တကူ ဖိနှိပ်၍မရပေ။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသော်လည်း ကျွင်းရှောင်ယောက်က နေရာတွင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်သည်။

"ဒါ...."

ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့် သတ္တဝါ အံ့အားသင့်သွားသည်။

သူက ဆန်းကျယ်ကောင်းကင်အဓိပဓိအဆင့်မှ အကျော်အမော် ဖြစ်၏။

ကျွင်းရှောင်ယောက်က မည်မျှ အစွမ်းထက်စေကာမူ၊ လူငယ်မျိုးဆက်တွင်သာ ရှိရမည်။

ထို့ပြင်၊ ကျွင်းရှောင်ယောက်၏ ကျင့်ကြံမှုက အဓိပဓိအဆင့်သာ ဖြစ်သေးကြောင်း သူ ခံစားနိုင်သည်။

ဤအခိုက်တွင်၊ သူတင်မကဘဲ လူအားလုံး စိတ်ရှုပ်ထွေးသွားကြလေသည်။

"ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်က ဆန်းကျယ်ကောင်းကင်အဓိပဓိရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်တယ်ဟ။ ပြီးတော့ အရမ်းလည်း အားထုတ်ရပုံမပေါ်ဘူး။ သူ့ရဲ့ ကျင့်ကြံမှုက ဘယ်အဆင့်ကို‌ ရောက်နေပြီလဲ မသိဘူး"

"ဆန်းကျယ်ကောင်းကင်အဓိပဓိကို တိုက်နိုင်ရအောင် သူ့အသက်က ဘယ်လောက်ရှိသေးလို့လဲ"

ပတ်ဝန်းကျင်မှ ကြည့်ရှုသူများ အားလုံး အသက်ပြင်းပြင်းရှူလိုက်မိကြသည်။

ကျွင်းရှောင်ယောက်၏ စွမ်းဆောင်ရည်က မယုံနိုင်လောက်အောင်ပင်။

"ဒီအငွေ့အသက်က..."

ကျန်းစန်းယီ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ကျွင်းရှောင်ယောက်တွင် သူနှင့် အလွန်ရင်းနှီးသော စွမ်းအင်တစ်မျိုးရှိနေကြောင်း သူ ခံစားရ၏။

၎င်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာမဟုတ်ဘဲ တာအိုသန္ဓေပင် ဖြစ်တော့သည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ"

အရိုးစုမိန်းမပျိုလည်း တုန်လှုပ်သွားသည်။

သူမ၏သခင် ကျောက်ဧကရာဇ်လေးပင်လျှင် ဤကဲ့သို့ စွမ်းဆောင်မှုမျိုး မရှိနိုင်သေးပေ။

ထိုအချိန်တွင် ခရမ်းရောင်ရွှေ ချီလင်က ရှေ့သို့ထွက်လာပြီး လျစ်လျူရှုစွာ ပြောလိုက်သည်။

"ကျွင်းရှောင်ယောက်၊ ဆန်းကျယ်သလို ဟန်ဆောင်မနေစမ်းနဲ့။ ကျွင်းမိသားစုက သန်မာပေမဲ့ ငါတို့ မြင့်မြတ်ဝိညာဉ်ကျွန်းက အရွက်ပဲစားနေကြတာ မဟုတ်ဘူး"

"ဒီနေ့ အလင်း‌ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို ငါ ရအောင်ယူပြမယ်"

ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ခြေတစ်လှမ်းသာလိုသော အကျော်အမော်တစ်ဦးအနေဖြင့် သူ၏အင်အားက သံသယဖြစ်ဖွယ် မရှိပေ။

ယောက်ချီဘက်တွင်...

ယောက်ချီသခင်မ၊ ယွီချင်းနင်၊ မဟာအကြီးအကဲနှင့် အခြားသူများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။

ကျွင်းရှောင်ယောက်၏ အရှိန်အဝါက အံ့ဖွယ်ကောင်းသော်လည်း...

ရန်သူက ဧကရာဇ်တစ်ပိုင်းအဆင့်နှင့် အလွန်နီးစပ်သော မြင့်မြတ်ဝိညာဉ် ဖြစ်၏။

သူက အင်အားအပြည့်ဖြင့် လှုပ်ရှားမည်ဆိုလျှင် ဤနေရာရှိ မည်သူမျှ သူ့ကို တားဆီးနိုင်မည်မဟုတ်ပေ။

သို့သော်...

ကျွင်းရှောင်ယောက်က ဘာမျှမပြောရသေးခင်မှာ မိုးပြာရောင်ဂဠုန်ကြီး ဘုရင်ဖုဖုန်းက လူသားဘာသာစကားဖြင့် ငေါက်ငမ်းပြောဆိုလိုက်သည်။

"မင်းကိုယ်မင်း ဘယ်ထင်လို့လဲ။ ငါ့သခင်ရှေ့မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဝံ့တယ်"

အတောင်ပံခတ်သံနှင့်အတူ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာ၏။

ကောင်းကင်နှင့်မြေပြင်ကြားတွင် လေပြင်းများ တိုက်ခတ်လာတော့သည်။

ကြောက်စရာကောင်းသော ဧကရာဇ်တစ်ပိုင်းအဆင့် ဖိအားက မိုးနှင့်မြေကို တုန်လှုပ်သွားစေနိုင်သည်။

ဘုရင်ဖုဖုန်းက သူ့အရှိန်အဝါကို အပြည့်အဝ ထုတ်ဖော်လိုက်ရာ ဧကရာဇ်တစ်ပိုင်းအဆင့် ဖိအားက အားလုံးကို လွှမ်းခြုံသွားတော့သည်။

All Chapters