← Chapters

အခန်း ၁၁၃၇

Vol. 76 Ch. 1137

အခန်း ၁၁၃၇

Vol. 76 Ch. 1137

အခန်း ( ၁၁၃၇ ) စေ့စပ်ကြောင်းလမ်းခြင်း ကတိတစ်ခု။

"ဒီလိုဖြစ်စရာမလိုပါဘူး၊ မမစန်းယီက ကျွန်တော်အတွက် အရမ်းအရေးကြီးတယ်"

"မိုင်ပေါင်းမရေမတွက်နိုင်အောင် ဝေးကွာသွားရင်တောင် အရောက်ပြန်လာရမှာက မမစန်းယီအတွက်ပဲ"

ကျွင်းရှောင်ယောက်က လေးလေးနက်နက် ပြောလိုက်သည်။

သူက ကျန်းစန်းယီ၏ နဖူးပေါ်သို့ ဝဲကျနေသော အဖြူရောင်ဆံနွယ်များကို သပ်ရပ်အောင် ဖယ်ရှားပေးလိုက်၏။

ကျန်းစန်းယီ၏ ဆံပင်များမှာ မူလက အနက်ရောင် ဖြစ်သည်။

နောက်ပိုင်းတွင်...

ကျွင်းရှောင်ယောက်က ကြေးအင်မော်တယ်နန်းတော်သို့ ဝင်ရောက်သွားပြီးနောက် သူ၏ အသက်ကတ်က အပိုင်းပိုင်း ကွဲသွား၏။

ကျွင်းရှောင်ယောက် ကျဆုံးပြီဟူသော သတင်းက ကျန်းစန်းယီအား ဖိစီးလွန်းသဖြင့် သူမ၏ ဆံပင်များမှာ ညတွင်းချင်း အဖြူရောင်ပြောင်းသွားတော့သည်။

ယခုအချိန်အထိ၊ ကျန်းစန်းယီ၏ ဆံပင်များက နှင်းကဲ့သို့ ဖြူဆွတ်နေခဲ့သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်က မြင့်မားလာသော်လည်း ထိုစဉ်က ခံစားခဲ့ရသည့် ပြင်းထန်သော ထိုးနှက်ချက်ကြောင့် ပြန်လည်ကောင်းမွန်လာရန် မလွယ်တော့ပေ။

သူ့အပေါ် ရိုးသားပြီး ခံစားချက်ကြီးလွန်းသည့် အမျိုးသမီးလေးကိုကြည့်ရင်း ကတိတစ်ခု ပေးသင့်ပြီဟု သူ ခံစားလိုက်ရသည်။

မဟုတ်ပါက၊ ထိုအမျိုးသမီးလေးကို သူ မျက်နှာချင်းဆိုင်ရန်ပင် ရှက်ရွံ့နေရလိမ့်မည်။

ကျွင်းရှောင်ယောက်၏ နူးညံ့သော အကြည့်က ကျန်းစန်းယီအား ရှက်ရွံ့မှုကြောင့် မျက်လွှာချသွားစေခဲ့သည်။ သူ့မျက်နှာမှာတော့ ပျော်ရွှင်မှု အရိပ်အယောင်များ ရှိနေလေ၏။

သို့သော်လည်း ကျန်းစန်းယီက လွန်စွာ ပါးနပ်သည်။ ကျွင်းရှောင်ယောက်ဟာ ခါတိုင်းနှင့်မတူကြောင်း သတိပြုမိသွားလေသည်။

"ရှောင်ယောက်... ဘာဖြစ်လို့လဲ။ ဒါက မင်းနဲ့ သိပ်မတူဘူး"

ကျွင်းရှောင်ယောက်က သီးခြားဆန်ပြီး အေးဆေးတည်ငြိမ်သော စရိုက်မျိုး ရှိသည်။ သူ့တွင် ခံစားချက် လုံးဝမရှိဘူးဟုပင် လူများကို ခံစားရစေနိုင်သူ ဖြစ်၏။

ယခုမူကား၊ ကျွင်းရှောင်ယောက်၏ အမူအရာက သူ့စရိုက်နှင့် သိပ်မတူပေ။

သူ မသိသည်က ကျွင်းရှောင်ယောက်ဟာ အနာဂတ်အပိုင်းအစကို မြင်တွေ့ထားပြီး ဖြစ်သည်။

ယင်းက အမှန်မဟုတ်လျှင်ပင် ကျွင်းရှောင်ယောက်အပေါ်မှာ အရိပ်တစ်ခု ဖြစ်စေခဲ့သေးသည်။

"မမစန်းယီ၊ ကျွန်တော် မမကို ကတိ‌တစ်ခုပေးချင်တယ်"

ကျွင်းရှောင်ယောက်က ကျန်းစန်းယီ၏ သွယ်လျသော ခါးကိုဖက်ကာ သူမ၏ နားအနားသို့ကပ်၍ ခပ်တိုးတိုး ပြောလိုက်သည်။

"ဘာ... ဘယ်လို..."

ကျန်းစန်းယီ၏ အမူအရာက ရုတ်တရက် အေးခဲသွားသည်။

ထို့နောက်မှာတော့ သူမ၏ မျက်ဝန်းမှ မျက်ရည်များက ပါးပြင်ထက်သို့ လိမ့်ဆင်းလာတော့သည်။

"ဟင်၊ မမစန်းယီ..."

ကျွင်းရှောင်ယောက် အံ့ဩသွားသည်။ ကျန်းစန်းယီကို ဤသို့တုံ့ပြန်မည်ဟု သူ မမျှော်လင့်ထားပေ။ သူက ကျန်းစန်းယီ၏ ပါးပြင်ပေါ်မှ မျက်ရည်များကို ကြင်နာစွာ သုတ်ပေးလိုက်သည်။

"မဟုတ်... မဟုတ်ပါဘူး...ရုတ်တရက်ဆန်သွားတော့..."

ကျန်းစန်းယီက မျက်ရည်များကို ကမန်းကတန်း သုတ်ဖယ်ပြီး ပြုံးလိုက်လေသည်။

ကျွင်းရှောင်ယောက်လည်း ဤတော့မှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်နိုင်သည်။

"မမစန်းယီ၊ အရင်က ကျွန်တော်ရဲ့ ကျင့်ကြံမှုလမ်းကြောင်းအတွက်ပဲ အာရုံစိုက်နေပြီး မမကို ကတိမပေးခဲ့ဖူးဘူး"

"အခုတော့ ဒါက တစ်ကိုယ်ကောင်းဆန်မှုတစ်ခုဆိုတာ နားလည်လာခဲ့ပါပြီ"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

သူက သူ၏ လမ်းစဉ်အတိုင်း ဆက်လက် လျှောက်လှမ်းနေမည်ဖြစ်သော်လည်း...

လူတချို့ကို ဖယ်ထားခဲ့လို့ မရပါ။

"ရှောင်ယောက်၊ မင်း ဘာတွေစဉ်းစားနေတာလဲ"

ကျန်းစန်းယီက အလွန်ထက်မြက်သည်။ ကျွင်းရှောင်ယောက်က တစ်ခုခုကို ဖုံးကွယ်ထားမှန်း သူ သတိပြုမိ၏။

ကျွင်းရှောင်ယောက်က ခေါင်းကိုသာ ခါယမ်းလိုက်သည်။

ထိုအနာဂတ်၏ အစိတ်အပိုင်းကို ဖော်ထုတ်ပြရန် သဘာဝအတိုင်း မဖြစ်နိုင်ပေ။

ထိုသို့မဖြစ်ရန်လည်း သူ ကြိုးစားရမည် ဖြစ်သည်။

"မမစန်းယီ... အနာဂတ်မှာ ကျွန်တော်အတွက် မိုက်မဲတဲ့ အရာတွေကို မလုပ်ပါဘူးလို့ ကတိပေးနိုင်မလား"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ကျန်းစန်းယီက ဘာမျှပြန်မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်၏။

အနောက်တိုင်း၏ မယ်တော်ဘုရင်မထံမှ အမွေအနှစ်ကို လက်ခံခဲ့ချိန်အား ပြန်လည်အမှတ်ရမိသည်။

အနောက်တိုင်း၏ မယ်တော်ဘုရင်မသည် သူမ ချစ်ရသူကို ကယ်တင်ရန်အတွက် သူ့နှလုံးသားကို ကိုယ်တိုင် နှုတ်ယူခဲ့လေသည်။

ထိုစဉ်က ကျန်းစန်းယီကို သူချစ်ရသူအတွက် စတေးလိုစိတ် ရှိရဲ့လားဟု မေးခဲ့သည်။

ကျန်းစန်းယီ၏ အဖြေကတော့ သူမ အကြွင်းမဲ့ လက်ခံပြီးသားပင်။

တိတ်ဆိတ်နေသော ကျန်းစန်းယီကိုကြည့်ရင်း ကျွင်းရှောင်ယောက်လည်း အကူအညီမဲ့သလို ခံစားလိုက်ရသည်။

ဤအမျိုးသမီးလေးက ခေါင်းမာပြီး ဇွဲနပဲကြီးတာကို သူသိ၏။

သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာက ထိုသို့မဖြစ်အောင် တားဆီးရန်ပင်။

ကျွင်းရှောင်ယောက်နှင့် ကျန်းစန်းယီတို့၏ နှလုံးသားထဲတွင် ကိုယ်ပိုင် လျှို့ဝှက်အတွေးများ ရှိကြသည်။

"မမစန်းယီ၊ ကျွန်တော် မမကို ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခု ကျင်းပပေးမယ်"

ကျွင်းရှောင်ယောက်က ရိုးရိုးသားသား ပြောလိုက်သည်။

ကျန်းစန်းယီ၏ မျက်ဝန်းမှ မျက်ရည်များဖြင့် အရည်လဲ့လာပြန်သည်။

သူ့နှလုံးသားထဲတွင် လွန်စွာ ပျော်ရွှင်နေ၏။

ဤစကားကို သူမ စောင့်နေခဲ့တာ ကြာလှပြီ။

သို့သော်လည်း သူမ၏ ခံစားချက်များကို ထိန်းချုပ်ကာ ပြောလိုက်သည်။

"ရှောင်ယောက်၊ မင်း မမကို ကတိပေးချင်တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့..."

"မင်းသွားရမယ့်လမ်းက အရှည်ကြီးကျန်နေသေးတယ်။ မင်းစိတ်ထဲမှာ စိုးရိမ်နေရရင် အဝေးကို ဘယ်လိုလုပ်ပြီး လျှောက်လှမ်းနိုင်မှာလဲ"

"မမ မင်းကို စောင့်နေနိုင်ပါတယ်"

ကျွင်းရှောင်ယောက်၏ အရည်အချင်းက အလွန်တရာ ထူးကဲကြောင်း သူသည်။

သူသွားရမည့်လမ်းက အဝေးကြီး ရှိသေးသည်။

အချိန်မတန်မီ အိမ်ထောင်ပြုခြင်းက သံယောဇာဉ်နှောင်ကြိုး တိုးလာရုံသာ ဖြစ်နိုင်သည်။

ကျွင်းရှောင်ယောက်တွင် ထိုအတွေးမျိုး ရှိနေသရွေ့ သူမ ကျေနပ်လိမ့်မည်။

အလွန်နူးညံ့သိမ်မွေ့ပြီး သူ့အတွက် စဉ်းစားပေးတတ်လွန်းသူလေးကိုကြည့်ရင်း ကျွင်းရှောင်ယောက်လည်း တိတ်ဆိတ်သွားမိသည်။

သူက ခံစားချက်များကို သိပ်ပြီး ထည့်အတွက်ပေ။ မရေမတွက်နိုင်သော နတ်သမီးများနှင့် မိန်းမလှလေးများကို သူ မြင်ဖူးသည်။ သို့‌သော်လည်း သူ့နှလုံးသားကို အမှန်တကယ် လှုပ်ရှားစေနိုင်သော အမျိုးသမီးက အနည်းငယ်သာ ရှိပေသည်။

ကျန်းစန်းယီက ထိုအထဲမှ တစ်ဦး ဖြစ်သည်။

"ဒါဆိုရင် ‌တစ်ဆင့်လျှော့ပြီး စေ့စပ်ထားကြရအောင်"

ကျွင်းရှောင်ယောက်က ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူ ကတိပေးရမည်။

ကျန်းစန်းယီ၏ မျက်လုံးအကြည့်က ဝမ်းသာမျက်ရည်တို့ဖြင့် ရီဝေလာသည်။ ကျွင်းရှောင်ယောက်ကို ခပ်တင်းတင်း ပွေ့ဖက်လိုက်လေသည်။

"ဒါနဲ့၊ လော့လီ... သူ..."

ကျန်းစန်းယီက ပြောလိုက်သည်။

"လော့လီ..."

ကျွင်းရှောင်ယောက် တိတ်ဆိတ်သွား၏။

ထို‌ခြေတံတိုတိုလေး ကျန်းလော့လီအပေါ်တွင် ခံစားချက်မရှိဘူးဟု ပြောလိုက်ပါက သူ လိမ်ညာရာကျမည်။

သို့သော်လည်း သူက ချက်ချင်း မထုတ်ဖော်လိုသေးပေ။

"တကယ်တော့ ရိုးရိုးသားသားပြောရရင် ငါက နောက်ကျတဲ့သူပါ။ မင်းရဲ့ ဆယ်နှစ်ပြည့်မွေးနေ့ပွဲမှာကတည်းက လော့လီဟာ မင်းကို သဘောကျကြောင်း ပထမဆုံးပြောခဲ့တာ"

"ဒီကောင်မလေးကို မင်း စိတ်ပျက်စေလို့မရဘူး"

ကျန်းစန်းယီက‌ ပြောလိုက်သည်။

ကျန်းလော့လီ၏ ကျွင်းရှောင်ယောက်အပေါ် ချစ်ခြင်းမေတ္တာက သူမထက် မနိမ့်ကျပေ။

"ရှောင်ယောက်၊ မင်းက အရမ်းထူးချွန်တဲ့သူပါ။ မင်းကို နှစ်သက်တဲ့သူတွေကလည်း အများကြီးပဲလေ။ ငါတစ်ယောက်တည်းနဲ့ဆိုရင် မလုံလောက်ဘူးလို့ ခံစားရတယ်"

"မမစန်းယီရယ်..."

ကျွင်းရှောင်ယောက်က ကျန်းစန်းယီကို ပွေ့ဖက်လိုက်သည်။

ဤကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ထက်မြက်သည့် အမျိုးသမီးကို ပိုင်ဆိုင်ခွင့်ရတာက သူ့အတွက် ကံကောင်းခြင်းတစ်ခုပင်။

"နောက်ပြီးလော့လီက ငါ့ရဲ့ ညီမလေးလိုပဲ။ မင်းအပေါ်မှာထားတဲ့ သူ့ရဲ့ စွဲလမ်းမှုနဲ့ ရိုးသားမှုတွေကို ငါမြင်နေရတယ်"

"ငါ့အတွက်နဲ့ လော့လီရဲ့ နှလုံးသားကို နာကျင်စေမယ်ဆိုရင် ငါ မလုပ်နိုင်ဘူး"

ကျန်းစန်းယီက ပြောလိုက်သည်။

အခြား အမျိုးသမီးသာဆိုလျှင် မည်ကဲ့သို့ တုံ့ပြန်မိမည်မှန်း မသိပါ။

သို့ရာတွင်၊ ကျန်းလော့လီအတွက်တော့ အပြစ်ရှိသလို ခံစားခဲ့ရသည်။

"ကောင်းပြီ"

ကျွင်းရှောင်ယောက် ခေါင်းညိတ်လိုက်သည်။

ကျန်းစန်းယီကလည်း သဘောတူနေမှတော့ သူ အချိန်ဆွဲနေစရာ မလိုတော့ပါ။

"လော့လီကို ခေါ်လိုက်ရအောင်"

ကျန်းစန်းယီက ပြောလိုက်သည်။

မကြာမီ၊ ကျန်းလော့လီ ရောက်လာလေသည်။ သူမ၏ မျက်နှာပေါ်မှာတော့ စိတ်ရှုပ်ထွေးနေသည့် အရိပ်အယောင်များ ပေါ်‌နေသည်။

"လော့လီ၊ နင်... ငါနဲ့အတူ ရှောင်ယောက်ကိုချစ်ဖို့ ဆန္ဒရှိရဲ့လား"

ကျန်းစန်းယီက ခပ်တိုးတိုး မေးလိုက်သည်။

ကျွင်းရှောင်ယောက်ကလည်း ပြောလိုက်၏။

"မင်း လက်ခံမယ်ဆိုရင် ကတိတစ်ခု ပေးချင်တယ်။ စေ့စပ်ကြောင်းလမ်းဖို့ ကတိတစ်ခုပေါ့..."

ကျွင်းရှောင်ယောက်နှင့် ကျန်းစန်းယီ၏ စကားများကိုကြားတော့ ကျန်းလော့လီ၏ ခန္ဓာကိုယ်ကလေးက သိမ့်ခနဲ တုန်လှုပ်သွားသည်။ ထို့နောက်တော့ သူမ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာတော့သည်။

ဤအခိုက်အတန့်ကို သူမ မည်မျှကြာအောင် စောင့်ခဲ့ရမှန်း နတ်သိကြားမှသာ သိမည်။

ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့် မွေးနေ့ကတည်းက ကျွင်းရှောင်ယောက်၏ ဇနီးသည်ဖြစ်လိုကြောင်း ကြေညာခဲ့ပြီးသား ဖြစ်ချေသည်။

ယခု‌အခါမှာတော့ သူမ၏ မျှော်လင့်ချက်တို့ ပြည့်ဝတော့မည် ဖြစ်သည်။

သူမက ကျန်းစန်းယီအား မျက်ရည်တို့ဖြင့် မှုန်ရီဝေသော အကြည့်ဖြင့်ကြည့်လိုက်သည်။

ကျန်းစန်းယီကြောင့် မဟုတ်ပါက ဤကိစ္စမှာ ကြာဦးမည်မှန်း သူမ သိပေသည်။

"မမစန်းယီ၊ ဒါက မမပဲ မဟုတ်လား"

ကျန်းလော့လီက ရှိုက်သံလေးဖြင့် ပြောလိုက်သည်။

ယခင်က ကျွင်းရှောင်ယောက်နှင့်ပတ်သက်ပြီး ကျန်းစန်းယီကို မနာလိုမှုအနည်းငယ်ပင် ရှိခဲ့သည်။ သူတို့ကြားမှာလည်း အနည်းငယ်‌‌ ဝေးကွာခဲ့ဖူးပေသည်။

သို့သော်လည်း ကျန်းစန်းယီက အပြစ်မယူဘဲ သူ့အပေါ်တွင် လွန်စွာ ကောင်းမွန်ခဲ့သည်။

ကျန်းလော့လီလည်း ကျန်းစန်းယီကို ချက်ချင်း ပွေ့ဖက်လိုက်တော့သည်။

"အဟင့်... အဟင့်...၊ မမစန်းယီက အားကြီးသိမ်မွေ့ပြီး စာနာတတ်တာပဲ။ ညီမလေးသာ ယောက်ျားဆိုရင် မမစန်းယီကိုပဲ လက်ထပ်မှာ သေချာတယ်"

ကျန်းလော့လီက ခပ်တင်းတင်း ပွေ့ဖက်ထားရင်းမှ အော်လိုက်သည်။

"လော့လီ..."

ကျန်းစန်းယီလည်း ကျန်းလော့လီ၏ ဦးခေါင်းကို ချစ်ခင်စွာဖြင့် ခပ်ဖွဖွ ပုတ်လိုက်လေသည်။

"အဟမ်း... အဟမ်း...၊ ဒီလူကို မလိုအပ်တော့ဘူးလို့ ဘာဖြစ်လို့ ခံစားလာရတာလဲ"

ကျွင်းရှောင်ယောက်က ခြောက်ကပ်ကပ်ဖြင့် ချောင်းဟန့်ကာ ပြောလိုက်သည်။

"ကိုကိုရှောင်ယောက်ကလည်း လော့လီ အချစ်ရဆုံးပါပဲနော်"

ကျန်းလော့လီက ခပ်လွင်လွင် ရယ်မောပြီး ကျွင်းရှောင်ယောက်ကို လှည့်ဖက်လိုက်၏။

ကျန်းစန်းယီက ပြုံးပြီး ကျွင်းရှောင်ယောက်၏ ပခုံးကို ဆုပ်ကိုင်လိုက်သည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ နှလုံးသားထဲမှာ အတွေးတစ်ခု ပေါ်လာသည်။

အနာဂတ်မှာ ဘာတွေပဲဖြစ်နေပါစေ...

လှိုင်းများထကာ ခေတ်များပြောင်းလဲပြီး ကမ္ဘာကြီး တုန်ဟီးလျှင်ပင်...

သူ ချစ်ရသောသူများကို သူ့လက်နှင့် ကာကွယ်ပေးချင်သည်။

All Chapters