အခန်း ၁၁၃၈
Vol. 76 Ch. 1138
အခန်း ( ၁၁၃၈ ) ယောက်ချီမြင့်မြတ်မြေမှ ထွက်ခွာခြင်း။
ကျန်းစန်းယီနှင့် ကျန်းလော့လီတို့ နှစ်ဦးစလုံးက အလွန်လှပသော အမျိုးသမီးများ ဖြစ်ကြသည်။
သူတို့တွင် မတူညီသော အလှပနှင့် စိတ်နေသဘောထားမျိုး ရှိ၏။
တစ်ယောက်က ဖျတ်လတ်တက်ကြွပြီး တစ်ယောက်ကတော့ နူးညံ့သိမ်မွေ့သည်။
တစ်ယောက်က လရောင်အောက်မှ နတ်သမီးတစ်ပါးဖြစ်လျှင်...
တစ်ယောက်က လှပပြီး အပြစ်ကင်းစင်သော နတ်သူငယ်တစ်ပါးကဲ့သို့ ဖြစ်၏။
သူတို့တစ်ဦးစီက မရေမတွက်နိုင်သော အမျိုးသားများ၏ ဘဝတစ်သက်တာလုံး မရနိုင်သော ကံကောင်းခြင်းတစ်ခုဟု ဆိုနိုင်သည်။
ကျွင်းရှောင်ယောက်ကတော့ နှစ်ဦးစလုံးကို ပိုင်ဆိုင်ထားပြီ။
ဤသည်မှာ တကယ်ကို ကောင်းချီးတစ်ခု ဖြစ်သည်။
"ရှောင်ယောက်၊ ငါ အရမ်းပျော်တာပဲ။ ဒါကို အိပ်မက်တစ်ခုလို့တောင် ခံစားရတယ်"
"ဒီဟာသာ အိပ်မက်ဖြစ်ရင် ဘယ်တော့မှ မနိုးထတော့ဖို့ ငါ မျှော်လင့်ပါတယ်"
ကျန်းစန်းယီက မျက်ရည်စတို့ကို သုတ်ဖယ်ရင်း ပြုံးလိုက်သည်။
ကျွင်းရှောင်ယောက်လည်း ကျန်းစန်းယီ၏ နူးညံ့သော နှုတ်ခမ်းဖူးကို ငုံ့နမ်းလိုက်လေသည်။
"အ့..."
ကျန်းစန်းယီမှာ စကားမဆက်နိုင်တော့ဘဲ တိတ်ဆိတ်သွားရသည်။
သူမ၏ နှလုံးသားထဲမှာတော့ ရှက်ရွံ့မှု၊ ပျော်ရွှင်မှု၊ စိတ်ခံစားမှု အမျိုးမျိုးတို့ ပေါ်လာ၏။
အနည်းငယ်ကြာပြီးမှ နှုတ်ခမ်းနှစ်ခုက ကွာသွားကြလေသည်။
"ရှောင်ယောက်ကလည်း... ဒီမှာ လော့လီရှိနေတာကို..."
ကျန်းစန်းယီက နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။
ထိုအချိန်တွင်၊ မကျေမနပ်ဖြစ်နေသော အကြည့်စူးစူးကို ကျွင်းရှောင်ယောက် သတိပြုမိလိုက်သည်။
ကျန်းလော့လီက ခါးကိုထောက်ကာ ရင့်ကောပြီး စူးစူးစိုက်စိုက် ကြည့်နေသည်။
"ကိုကိုရှောင်ယောက်၊ လော့လီကရော..."
ကျန်းလော့လီက ပန်းနုရောင်နှုတ်ခမ်းကို အသာဟပြီး မျက်လုံးများကို မှိတ်လိုက်၏။
ကလေးဆန်သောမျက်နှာနှင့် ဆွဲဆောင်မှုရှိသော လော့လီလေးက အစပြုရန် တောင်းဆိုနေသည်။ ဤသွေးဆောင်မှုမျိုးကို မည်သူမျှ မခံနိုင်မှာကို ကြောက်ရသည်။
ကျွင်းရှောင်ယောက်လည်း ကျန်းလော့လီကို တစ်လှည့် နမ်းလိုက်လေသည်။
ကျန်းလော့လီလည်း ကျေနပ်စွာ ပြုံးလိုက်သည်။
"ရှောင်ယောက်၊ မင်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ကျန်းစန်းယီက ခပ်တိုးတိုး မေးလိုက်သည်။
နွေးထွေးမှုနှင့် ကြင်နာမှုတို့ အပြည့်အဝရှိသော ဤအခိုက်အတန့်မျိုးက ကောင်းမွန်သော်လည်း...
ကျွင်းရှောင်ယောက်ကတော့ အမြဲနေနိုင်ဦးမည်မဟုတ်ပေ။
"ကျွန်တော် ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီကို သွားရမယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာတော့ ကျွင်းမိသားစု အိမ်ကို အရင်ပြန်ဦးမှာပါ"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျွင်းမိသားစု အိမ်သို့ ပြန်သွားပြီးနောက် သူ့ဆွေမျိုးများနှင့်တွေ့ဆုံပြီး အချို့အရာများကို စီစဉ်ရဦးမည်။
စန်းမျိုးနွယ်အကြောင်းကိုလည်း စုံစမ်းရန်လိုသည်။
"အမေ့ကို ပြန်တွေ့တော့မှာပေါ့"
ကျန်းလော့လီက ပြောလိုက်၏။
စေ့စပ်ပွဲ မစတင်သေးသော်လည်း ကျန်းလော့လီကတော့ ကျန်းရို့ကို အမေဟုခေါ်နေပြီ ဖြစ်သည်။
"ဒါပေါ့၊ မင်းကို ငါနဲ့အတူ ပြန်ခေါ်သွားမယ်။ မမစန်းယီကော... ကျွန်တော်နဲ့ လိုက်ခဲ့မှာလား"
ကျွင်းရှောင်ယောက်က ကျန်းစန်းယီကို ကြည့်လိုက်သည်။
ကျန်းစန်းယီမှာ အနည်းငယ် ရှက်ရွံ့သွား၏။
မိဘများနှင့် တွေ့ပေးရန်အတွက် ချစ်သူကို အိမ်ခေါ်သွားခြင်းမှာ ပုံမှန်ပင်။
သို့သော်...
ကျန်းရို့က ကျန်းစန်းယီ၏ ဝမ်းကွဲအစ်မ ဖြစ်နေသည်။
သွေးသားရင်းနှီးမှုက မနက်ရှိုင်းသော်လည်း မိသားစုအရ အစ်မတစ်ဦး ဖြစ်နေသေးသည်။
ဤဆက်ဆံရေးဖြင့် အစ်မကို အမေဟု ခေါ်ရပါက အနည်းငယ်တော့ ရှက်စရာကောင်းသည်။
ရှက်ကိုးရှက်ကန်းဖြစ်နေသော ကျန်းစန်းယီကိုကြည့်ရင်း ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။
"မမစန်းယီရယ်... ဒီလို သေမျိုးလောကရဲ့ သတ်မှတ်ချက်တွေကို ဘာကြောင့် ဂရုစိုက်နေရတာလဲ"
ကျန်းစန်းယီက သူ၏ အဒေါ်ဖြစ်သော်လည်း သက်မှတ်ချက်တစ်ခုထက် မပိုပေ။
သူတို့နှစ်ယောက်ကြားတွင် စစ်မှန်သည့် သွေးရင်း ပတ်သက်မှုမျိုး မရှိပါ။
ထို့ပြင် ဤကမ္ဘာကြီးတွင်၊ အချို့သော မိသားစုများက ၎င်းတို့၏ သွေးမျိုးဆက်ကို သန့်စင်စေရန်အတွက် ဝမ်းကွဲများအချင်းချင်း တမင်တကာ လက်ထပ်ပေးတတ်သည်။
ထို့ကြောင့် သူတို့၏ ပတ်သက်မှုအတွက် အလွန်ဆုံး နောက်ကွယ်တွင် အတင်းအဖျင်း ပြောရုံမျှသာ ရှိလိမ့်မည်။
"ရုပ်ဆိုးတဲ့ ချွေးမဆိုတော့လည်း ယောက္ခမနဲ့ မတွေ့လိုဘူးပေါ့လေ"
ကျွင်းရှောင်ယောက်က စနောက်လိုက်သည်။
ကျန်းစန်းယီက ချစ်စဖွယ်ကောင်းစွာ မျက်စောင်းလေးထိုးလိုက်၏။
"ငါက တကယ်ရုပ်ဆိုးနေတာလား"
"ဟားဟားဟား၊ စတာပါ။ မမစန်းယီကိုသာ ရုပ်ဆိုးတယ်ပြောရင် ကမ္ဘာပေါ်က တခြားအမျိုးသမီးတွေ ဘယ်လိုနေထိုင်ကြမလဲ"
ကျွင်းရှောင်ယောက်က ရယ်မောလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက်...
ကျွင်းရှောင်ယောက်က ကျန်းစန်းယီနှင့် ကျန်းလော့လီကို ခေါ်ဆောင်ကာ ယောက်ချီမြင့်မြတ်မြေမှ ထွက်ခွာခဲ့ဘေသည်။
သို့သော်လည်း နောက်ပိုင်းတွင် ကျန်းစန်းယီက ယောက်ချီမြင့်မြတ်မြေသို့ ပြန်လာဦးမည် ဖြစ်သည်။
အကြောင်းမူ၊ သူမက ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို အပြည့်အဝ မသန့်စင်ရသေးသောကြောင့်ပင်။
ယခုအခါ သူမက ဝင်ပေါက်ကိုးခု တာအိုနှလုံးသားကို တည်ဆောက်နေပြီ ဖြစ်သည်။
၎င်းက အမှန်တကယ် ပြီးပြည့်စုံသော အလင်းဝင်ပေါက် ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားနှင့် မဝေးတော့ပေ။
ကျန်းစန်းယီက ဝင်ပေါက်ဆယ့်နှစ်ခု အင်မော်တယ်နှလုံးသားကို လေ့ကျင့်နိုင်တော့မည်ဟုပင် ဝိုးတဝါး ခံစားနေခဲ့ရသည်။
ယွီချင်းနင်နှင့် ယောက်ချီသခင်မတို့လည်း ကျွင်းရှောင်ယောက်တို့ ထွက်သွားကြသည်ကို မြင်သောအခါ အနည်းငယ် သက်ပြင်းချလိုက်ကြသည်။
"သူရဲကောင်းဆိုတာ ကပ်ဘေးတွေကြားကနေ မွေးဖွားလာတယ်တဲ့။ ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို ဒီလောက် ထူးချွန်ထက်မြက်ပြီး အင်မော်တယ်နယ်မြေကြီးကိုတောင် ကယ်တင်ခဲ့သူ ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ နောက်ဆုံးမှာတော့ ငါ့တပည့်လေးအတွက် လက်တွဲဖော်ကောင်းတစ်ခု တွေ့ခဲ့ရပြီ"
ယွီချင်းနင်လည်း သူ့တပည့်အတွက် ဝမ်းသာနေလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ပျက်စီးခြင်းနယ်စပ်မှ သတင်းတချို့ကို ကြားသိခဲ့ရသည်။
ကျွင်းရှောင်ယောက်ကို ထိုမျှ ကြီးကြီးမားမား စွမ်းဆောင်ခဲ့မည်ဟု သူတို့ မမျှော်လင့်ထားပေ။
"ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ငါ့စိတ်ထဲမှာ ခံစားချက်တွေ မကောင်းဘူးဖြစ်နေတယ်"
ယောက်ချီသခင်မက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ဟမ်၊ ဘာဖြစ်လို့လဲ"
ယွီချင်းနင်က မေးသည်။
"ကျန်းစန်းယီမှာ အနောက်တိုင်း မယ်တော်ဘုရင်မရဲ့ ပုံရိပ်ကို ငါ တွေ့နေရသလိုပဲ"
ယောက်ချီသခင်မက ပြောလိုက်၏။
ယွီချင်းနင်လည်း အနည်းငယ် တုန်လှုပ်သွားသည်။
"မဖြစ်နိုင်ဘူး၊ အခု တိုင်းတပါးက ကပ်ဘေးတွေတောင် ပြီးသွားပြီပဲ... ဒီလိုမျိုး ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ငါ အစိုးရိမ်လွန်နေတာ ဖြစ်ပါစေလို့ပဲ ဆုတောင်းပါတယ်"
ယောက်ချီသခင်မက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်လေသည်။
..........
ကျွင်းရှောင်ယောက်၊ ကျန်းစန်းယီနှင့် ကျန်းလော့လီက မိုးပြာရောင် ဂဠုန်ငှက်ကြီးကို စီးနင်းပြီး ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်လာခဲ့သည်။
ထိုအချိန်တွင်...
ယောက်ချီမှ အဖြစ်အပျက်များက ပျံ့နှံ့သွား၏။
ကျွင်းရှောင်ယောက်က ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်သည်နှင့် မြင့်မြတ်ဝိညာဉ်ကျွန်းမှ သတ္တဝါတစ်စုကို တိုက်ရိုက် သုတ်သင်ပစ်လိုက်သည်။
ကျောက်ဧကရာဇ်၏ တွဲဖက် မြင့်မြတ်ဝိညာဉ်သားရဲကိုပင် ကျွင်းရှောင်ယောက်က သန့်စင်ပစ်ခဲ့သေးသည်။
ဤလှုပ်ရှားမှုက အင်မော်တယ်နယ်မြေကြီးကို တုန်လှုပ်စေခဲ့သည်။
ကျွင်းရှောင်ယောက်၏ ဩဇာတည်ဆောက်ခြင်း ရည်ရွယ်ချက်က အောင်မြင်ခဲ့ပြီ။
အခြားတစ်ဖက်မှာ...
အကျော်အမော်တစ်ဦး၏ ကမ္ဘာငယ်တစ်ခုတွင်...
တိုက်ကြီးတစ်ခုကဲ့သို့ အလွန်ကြီးမားသော ကျွန်းတစ်ခုကို လေထဲတွင် ဆိုင်းငံ့ထားသည်။
ကျွန်းပေါ်တွင် အရောင်မျိုးစုံ တောက်ပနေသော နတ်ရွှေအမျိုးမျိုး ရှိ၏။ မိုးနှင့်မြေ၏ အနှစ်သာရကလည်း ထိုနေရာတွင် သိပ်သည်းလွန်းလှသည်။
ဤကား၊ အင်မော်တယ်အင်အားစု... မြင့်မြတ်ဝိညာဉ်ကျွန်း၏ ဌာနချုပ်ပင်တည်း။
ထိုအချိန်၊ မြင့်မြတ်ဝိညာဉ်ကျွန်းရှိ ရှေးဟောင်းဂူတစ်ခု အတွင်းပိုင်းတွင်...
ကျောက်သား ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။
ကျောက်တုံး ချပ်ဝတ်တန်ဆာက အလွန်ရိုးရှင်းသည်။ ၎င်းက အနည်းငယ် စုပ်ပြဲနေပြီး ရှေးကျလွန်းသော အငွေ့အသက်များပင် ထွက်ပေါ်နေ၏။
ထိုပုံရိပ်က တောင့်တင်းကြံ့ခိုင်သောသော ကြွက်သားများဖြင့် လူငယ်တစ်ဦး ဖြစ်သည်။
သူ၏ အရေပြားက အလွန်ထူးဆန်းသည်။ ၎င်းက ကျောက်တုံးကျောက်ခဲနှင့် ဆင်တူသော်လည်း အင်မော်တယ်ကဲ့သို့ မပျက်စီးနိုင်သော အငွေ့အသက်မျိုး ရှိ၏။
ထိုလူငယ်က အင်မော်တယ်နယ်မြေကြီးတွင် နာမည်ကျော်ကြားနေသော မြင့်မြတ်ဝိညာဉ်ကျွန်း၏ ကျောက်ဧကရာဇ်လေး ဖြစ်တော့သည်။
သူ့ဖခင်က အင်မော်တယ်ရွှေကျောက်မှ အသွင်ပြောင်းခဲ့သော မြင့်မြတ်ဝိညာဉ် ဖြစ်သည်။
ကျောက်ဧကရာဇ်၏ တိုက်ရိုက်မျိုးဆက်အနေဖြင့်... ကျောက်ဧကရာဇ်လေးက သူ့ဖခင်၏ အရည်အချင်းနှင့် စွမ်းရည်အချို့ကို သဘာဝအတိုင်း အမွေဆက်ခံခဲ့ပေသည်။
သူ့ခန္ဓာကိုယ်ကလည်း အင်မော်တယ် အငွေ့အသက်များ ထွက်ပေါ်နေခဲ့သည်။
ယင်းက အင်မော်တယ်ကျောက်သန္ဓေ၏ စွမ်းရည်ပင်။
ထိုအချက်ကြောင့်ပင် ကျောက်ဧကရာဇ်လေးက ကျန်းစန်းယီ၏ အလင်းဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို ရယူရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်း ဖြစ်သည်။
ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို ရယူပြီး ပေါင်းစပ်နိုင်ပါက၊ သူ၏ စွမ်းရည်ဟာ အထွတ်အထိပ်ကို ရောက်သွားလိမ့်မည်။
ပြီးပြည့်စုံမှုအဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်။
ထိုအချိန်တွင် ပုံရိပ်တစ်ခုက ဂူအတွင်းသို့ ဝင်ရောက်လာသည်။ ၎င်းက မြင့်မြတ်ဝိညာဉ်ကျွန်းမှ မျိုးစေ့အဆင့် ပါရမီရှင် သို့မဟုတ် ကျောက်ဧကရာဇ်လေး၏ နောက်လိုက်တစ်ဦးပင်။
"သခင်၊ အရိုးစုမိန်းမပျို..."
ထိုပါရမီရှင်၏ မျက်နှာအမူအရာက ကြည့်မကောင်းလှပေ။ သူက တစ်ခုခုပြောလိုသော်လည်း ရပ်လိုက်သည်။
"ပြော"
ကျောက်ဧကရာဇ်လေးက တည်ငြိမ်စွာ ပြောသည်။
"ဝင်ပေါက်ကိုးခု ကျောက်သန္ဓေကို မရနိုင်တော့ပါဘူး။ အရိုးစုမိန်းမပျိုနဲ့ အခြားသူတွေလည်း အားလုံး သေဆုံးသွားကြပါပြီ"
"ခရမ်းရောင်ရွှေ သူတော်စင်ချီလင်... သူ... သူတောင်မှ ကျဆုံးသွားပါတယ်"
"ဘာ"
ကျောက်ဧကရာဇ်ငယ်လေး၏ မျက်လုံးများက စူးရှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
"ဒါတင်မကပါဘူး။ သူတို့အားလုံးက သေသွားတဲ့အပြင် သန့်စင်ခံလိုက်ရပါသေးတယ်"
ထိုပါရမီရှင်က လေးလေးနက်နက် ပြောလိုက်သည်။
"ဝုန်း"
ကျောက်ဧကရာဇ်လေးထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။ ဂူတစ်ခုလုံး သိမ့်သိမ့်တုန်သွား၏။
"ရှင်းရှင်းလင်းလင်းပြောစမ်း၊ ယောက်ချီမြင့်မြတ်မြေက ဒီလိုစွမ်းဆောင်နိုင်စရာ အကြောင်းမရှိဘူး"
ကျောက်ဧကရာဇ်လေးက အေးစက်စက် ပြောလိုက်သည်။
ထိုပါရမီရှင်လည်း ယောက်ချီမြင့်မြတ်မြေ၌ ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်လေသည်။
နားထောင်ပြီးနောက်၊ ကျောက်ဧကရာဇ်လေး တိတ်ဆိတ်သွားသည်။ သူ့မျက်နှာအမူအရာကတော့ ရေခဲတောင်ကြီးတစ်လုံးကဲ့သို့ အေးစက်သွားတော့သည်။