← Chapters

အခန်း ၁၁၃၉

Vol. 76 Ch. 1139

အခန်း ၁၁၃၉

Vol. 76 Ch. 1139

အခန်း ( ၁၁၃၉ ) ကျွင်းမိသားစုသို့ ပြန်ရောက်ပြီ။

ကျောက်ဧကရာဇ်လေးအတွက် ကျွင်းရှောင်ယောက်၏ နာမည်ကို ကြားရသည်မှာ ဒါပထမဆုံးတော့ မဟုတ်ပါ။

သူ့ကို သူ့ဖခင်‌ ကျောက်ဧကရာဇ်က နှစ်ပေါင်းများစွာ တံဆိပ်ခတ်ထားခဲ့ပြီး ဤခေတ်မှသာ နိုးထလာခဲ့ခြင်း ဖြစ်သည်။

နိုးလာပြီးနောက်တွင် သူအများဆုံးကြားရသည့် နာမည်မှာ ကျွင်းရှောင်ယောက် ဖြစ်၏။

ထိုအတွက် သူ အနည်းငယ်တော့ မကျေမနပ် ဖြစ်မိသည်။

သူ့အမြင်တွင်၊ အကယ်၍ သူသာ စောစောမွေးဖွားခဲ့ပါက... ကျွင်းရှောင်ယောက်ကဲ့သို့သော မျိုးဆက်သစ်များအနေဖြင့် ဤကဲ့သို့ ဂုဏ်သတင်းကျော်ကြားရန် နေရာရှိမည် မဟုတ်ပေ။

"ကျွင်းရှောင်ယောက်... ကျွင်းရှောင်ယောက်"

"ဒီကောင်က အတော် ရဲတင်းနေတာပဲ။ ငါ့ရဲ့နောက်လိုက်ကို သတ်ခဲ့တဲ့အပြင် အကြီးအကဲ သူတော်စင်ချီလင်ကိုတောင် သတ်ဝံ့တယ်"

အသတ်ခံရသူက အရိုးစုမိန်းမပျိုသာဖြစ်မည်ဆိုလျှင် သူ သည်းခံနိုင်ဦးမည်။

သို့ရာတွင်... ခရမ်းရောင်ရွှေချီလင်က ခြားနားသည်။

၎င်းမှာ သူ့ဖခင် ကျောက်ဧကရာဇ်၏ မြင့်မြတ်ဝိညာဉ်သားရဲ မဟုတ်လော။

ကျောက်ဧကရာဇ်၏ မျက်နှာကြောင့် အများစုမှာ ခရမ်းရောင်ရွှေချီလင်ကို မထိဝံ့ခဲ့ပေ။

ယခုတော့ ကျွင်းရှောင်ယောက်က ကျောက်ဧကရာဇ်ကို လုံးဝ အလေးအနက်မထားကြောင်း ထင်ရှားသည်။

သို့ရာတွင်...

သူ မသိတာက ကျွင်းရှောင်ယောက်ဟာ ကျောက်ဧကရာဇ်ကို မည်သို့မည်ပုံ သန့်စင်ရမလဲဟုပင် စဉ်းစားနေပြီ ဖြစ်သည်။

"ဒီကျွင်းရှောင်ယောက်က မုန်းစရာကောင်းလွန်းတယ်။ သူက အားလုံးကို အမှန်တကယ် သန့်စင်ပစ်ခဲ့တာ"

ကျောက်ဧကရာဇ်လေး၏ နောက်လိုက်မှာလည်း မျက်နှာမကောင်းလှပေ။

မြင့်မြတ်ဝိညာဉ်များအတွက် အကြီးမားဆုံး တားမြစ်ချက်မှာ သူတို့ကို အရင်းအမြစ်တစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။

မြင့်မြတ်ဝိညာဉ်တစ်ဦးကို လက်နက်အဖြစ် သန့်စင်ခြင်းက မြင့်မြတ်ဝိညာဉ်အားလုံးကို ရန်စလိုက်ခြင်းပင်။

"ဒါပေမဲ့... ပျက်စီးခြင်းနယ်စပ်မှာ ကျွင်းရှောင်ယောက်ရဲ့ သတင်းက အမှန်ပဲလား"

ကျောက်ဧကရာဇ်လေးက မေးလိုက်သည်။

“ဒါက အမှန်ပါပဲ”

‌နောက်လိုက်က ပြန်ဖြေ၏။

ကျောက်ဧကရာဇ်လေး၏ မျက်လုံးများက လေးနက်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

သူက မာနကြီးပြီး ကြီးစိုးသော်လည်း ငတုံး မဟုတ်ပါ။

သူက ကျွင်းရှောင်ယောက်ကို ဂရုမစိုက်သော်လည်း အမှိုက်တစ်စလိုတော့ သဘောမထားနိုင်ပါ။

"မင်း သွားပါ၊ အချိန်တန်ရင် ငါ ကျွင်းရှောင်ယောက်နဲ့ သဘာဝအတိုင်း တွေ့ရမယ်"

ကျောက်ဧကရာဇ်လေးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"‌ကောင်းပါပြီ"

သူ့နောက်လိုက်၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တို့ ပေါ်လာ၏။

ကျောက်ဧကရာဇ်လေးက နောက်ဆုံးမှာတော့ တိတ်တဆိတ် လေ့ကျင့်မှုကနေ ထွက်လာတော့မည်လော။

သူ့နောက်လိုက် ပြန်ထွက်သွားပြီးနောက်... ကျောက်ဧကရာဇ်လေး၏ မျက်လုံးများက အေးစက်စက် အလင်းများ ဖြာထွက်လာခဲ့သည်။

"သူက အန္တိမကပ်ဘေးကြီးကို ချေမှုန်းခဲ့ပေမဲ့ တကယ်တော့ ပြင်ပအင်အားတွေကိုပဲ အားကိုးခဲ့ရတာ။ နောက်ပြီးတော့ စစ်မှန်တဲ့ အန္တိမကပ်ဘေးကြီးက မပေါ်လာသေးဘူး"

"တကယ့် ကပ်ဘေးကြီး ပေါ်လာတဲ့အခါ... ကံကြမ္မာအတွက် တိုက်ပွဲဝင်ဖို့ ငါ့အဖေ မွေးဖွားလာလိမ့်မယ်"

"အဲဒီအချိန်ဟာ ငါတို့ရဲ့ မြင့်မြတ်ဝိညာဉ်ကျွန်းက ထမြောက်ပြီး အင်မော်တယ်နယ်မြေကြီးကို အပြည့်အဝစိုးမိုးမဲ့ အချိန်ပဲ"

ကျောက်ဧကရာဇ်လေး၏ မျက်လုံးများတွင် ရည်မှန်းချက် မီးတောက်များ တောက်လောင်လာခဲ့သည်။

မြင့်မြတ်ဝိညာဉ်မျိုးရိုးက အလွန်နက်နဲသော အခြေခံအုတ်မြစ် ရှိပေသည်။ ခေတ်ကာလတစ်လျှောက်လုံးတွင် မြင့်မြတ်ဝိညာဉ်များ မည်မျှ ထွက်ပေါ်လာခဲ့မှန်း မည်သူမျှမသိပါ။

သူတို့အားလုံးသာ အမှန်တကယ် စည်းလုံးမှုရှိပါက...

ရှေးဟောင်းတော်ဝင်မိသားစု၊ အဓိပဓိ အင်မော်တယ်ခုံရုံး သို့မဟုတ် ကျွင်းမိသားစုထက် နိမ့်ကျမည် မဟုတ်ပေ။

...........

ကျွင်းရှောင်ယောက်ကတော့ ကျောက်ဧကရာဇ်လေး၏ အတွေးများကို သဘာဝအတိုင်း မသိပါ။

သိခဲ့လျှင်လည်း သူက ဂရုမစိုက်ပေ။

ဘုရင်ဖုဖုန်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် အမြန်နှုန်းဖြင့်...

သိပ်မကြာခင်မှာပဲ ပျက်စီခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ ပြန်ရောက်လာခဲ့ကြသည်။

ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ မျက်လုံးများက လွမ်းဆွတ်မှု အရိပ်အယောင်များ ပေါ်လာသည်။

ဧကရာဇ်လမ်းကို ခြေချခဲ့ချိန်မှစ၍ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးသို့ သူ ပြန်မရောက်သည်မှာ ကြာခဲ့ပြီ။

"ကိုကိုရှောင်ယောက်၊ အိမ်နဲ့နီးလာတော့ စိတ်လှုပ်ရှားနေပြီလား"

ကျန်းလော့လီက ပြုံးလိုက်သည်။

"ကျွင်းမိသားစုကို သွားပြီးရင် ကျန်းမိသားစုက အိမ်ကိုလည်း ပြန်ရမယ်"

ကျန်းစန်းယီက ပြောလိုက်‌၏။

ကျွင်းရှောင်ယောက်လည်း ခေါင်းညိတ်ပြပြီး မိုးပြာရောင်ဂဠုန်ငှက်ကို ဆက်လက် ပျံသန်းသွားစေလိုက်သည်။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ၊ ဧကရာဇ်ပြည်နယ်...

ကျွင်းမိသားစုက ယခင်အတိုင်း ကြီးပွားတိုးတက်ဆဲ ဖြစ်သည်။

အင်မော်တယ်စစ်ပွဲအပြီးတွင် ကျွင်းမိသားစုက အင်မော်တယ်အင်အားစု အများအပြားကို ဖျက်ဆီးခဲ့ပြီး ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး၏ အကြွင်းမဲ့ အုပ်စိုးသူတစ်ဦး ဖြစ်လာခဲ့ပေသည်။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေ တစ်ခုလုံးက ကျွင်းမိသားစု၏ နယ်မြေဖြစ်နီးပါးဟုပင် ဆိုနိုင်သည်။

ကျိမိသားစု၊ ရဲ့မိသားစု၊ လူသားအင်မော်တယ်ဂိုဏ်း၊ နတ်ဆိုးအင်မော်တယ်ဂိုဏ်း၊ အနောက်ဘက်နိဗ္ဗာန်ဘုံနှင့် အခြား အင်မော်တယ်အင်အားစုများကလည်း ကျွင်းမိသားစုနှင့် အတိုက်အခံ မပြုကြတော့ပါ။

ကျွင်းမိသားစု၏ ဩဇာအာဏာက အလွန်ကြီးမားလာခဲ့သည်။

မကြာသေးမီကလည်း ကျွင်းမိသားစု၏ အကြီးအကဲများက ပျက်စီးခြင်းနယ်စပ်မှ သတင်းများကို ဖြန့်ကြသေးသည်။

ကျွင်းမိသားစု၏ ဂုဏ်သိက္ခာက တဟုန်ထိုး ထပ်မံ တိုးတက်လာခဲ့သည်။

ကျွင်းရှောင်ယောက်နှင့် ကျွင်းဝူဟွေ့တို့ သားအဖနှစ်ဦးက ဒဏ္ဍာရီများဖြစ်လာလုနီးပါးပင်။

လော့ထျန်း အင်မော်တယ်နယ်မြေကြီးနှင့် မတူသောအချက်မှာ ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေက ကျွင်းမိသားစု၏ နယ်မြေ ဖြစ်သည်။ ကျွင်းမိသားစုကလည်း သတင်းများကို သဘာဝအတိုင်း အမြန်ဖြန့်၏။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးက ဆူညံနေပြီး ကျွင်းမိသားစုဝင်များမှာလည်း စိတ်လှုပ်ရှားနေကြတော့သည်။

ထိုစဉ်၊ ဧကရာဇ်ပြည်နယ်ရှိ ကျွင်းမိသားစုတွင်...

ကြီးကျယ်ခမ်းနားသော အရိပ်တစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။

"ဘယ်သူလဲ"

ကျွင်းမိသားစုမှ အစောင့်တစ်ယောက်က လှမ်းအော်လိုက်၏။

သို့သော်လည်း ဧရာမ ပုံရိပ်ကြီးနှင့် ၎င်းအပေါ်တွင်ရပ်နေသော လူရိပ်ကို မြင်ရသောအခါ သူတို့အမူအရာများ ပြောင်းလဲကာ တုန်တုန်ယင်ယင် ဖြစ်သွားကြတော့သည်။

"နတ်ဘုရားသားတော် ပြန်လာပြီဟေ့"

ကျယ်လောင်သော ခေါင်းလောင်းသံက ကျွင်းမိသားစု တစ်ခွင်သို့ ပျံ့နှံ့သွားသည်။

"ဝှစ်... ဝှစ်"

ကျွင်းမိသားစုအထက် ကောင်းကင်ယံတွင် ပုံရိပ်များစွာ ပေါ်လာကြ၏။

"နတ်ဘုရားသားတော် ပြန်လာပြီ"

"နောက်ဆုံးတော့ သူပြန်လာပြီဟေ့။ ပျက်စီးခြင်းနယ်စပ်ရဲ့ သတင်းက အမှားကြီးလို့ ဘယ်သူပြောဝံ့သေးလဲ"

"ဟားဟားဟား၊ ရှောင်ယောက် ပြန်ရောက်လာပြီ"

ကျွင်းရှောင်ယောက် ပြန်ရောက်လာခြင်းက ကျွင်းမိသားစုတစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။

"အလို၊ ကျန်းမိသားစုရဲ့ နတ်သမီးတွေလည်း ပါလာကြတယ်"

မျိုးနွယ်စုအချို့က ကျန်းလော့လီနှင့် ကျန်းစန်းယီကို မြင်သောအခါတွင် သဘောပေါက်ဟန်ဖြင့် ပြုံးလိုက်ကြလေသည်။

"ရှောင်ယောက်၊ မင်းပြန်လာတာ ကောင်းတယ်"

ဘိုးဘေးဆယ့်ရှစ်၊ ဘိုးဘေးဆယ့်ခြောက်နှင့် အခြားသူများက ဝမ်းသာအားရဖြင့် ပြုံးလိုက်ကြသည်။

"ဟားဟားဟား၊ မြေးလေး... မင်း ပြန်ရောက်လာပြီ"

ထိုအချိန်တွင် စိတ်လှုပ်ရှားနေသည့် အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကိုကြားတော့ ကျွင်းရှောင်ယောက်မှာ အနည်းငယ် ရှက်ရွံ့သွား၏။ အသံရှင်ကို မပြောဘဲနှင့် သူ သိသည်။

မကြာမီ၊ မုတ်ဆိတ်နှင့် ဆံပင်များ ဖြူဆွတ်နေသော အဘိုးကြီးတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြေးလာခဲ့သည်။ ယင်းက သူ၏အဖိုး ကျွင်းကျန်းထျန်းပင်။

"အဘိုးကို စိတ်ပူစေခဲ့မိတာ တောင်းပန်ပါတယ်"

ကျွင်းရှောင်ယောက်က လက်ယှက်ပြီး အနည်းငယ် ဦးညွတ်ကာ ပြောလိုက်သည်။

"ဟားဟားဟား၊ မင်း ပြန်ရောက်လာတာရင် အဆင်ပြေပါပြီ"

ကျွင်းကျန်းထျန်းက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများမှာပင် အနည်းငယ်နီနေလေသည်။

ထိုအချိန်တွင် ကျက်သရေရှိစွာ လှပသည့် အမျိုးသမီးတစ်ဦး ပေါ်လာခဲ့သည်။ သူမက ကျန်းရို့ပင်။

"အမေ"

ကျွင်းရှောင်ယောက်က ဆီးကြိုပွေ့ဖက်လိုက်သည်။

ကျွင်းရှောင်ယောက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ကျန်းရို့၏ မျက်လုံးများ နီရဲလာ၏။

ကျွင်းရှောင်ယောက်အတွက် သူမ မည်မျှစိုးရိမ်ပူပန်နေရကြောင်း သိကြားမှသာ သိမည်။

သူမ ဂရုစိုက်ရသည့် လူနှစ်ယောက်ဖြစ်သော ကျွင်းရှောင်ယောက်နှင့် ကျွင်းဝူဟွေ့က အန္တရာယ်ကြားတွင် ရုန်းကန်နေရသည်။

ဤအတွက် ကျန်းရို့မှာ ကောင်းမွန်စွာပင် အနားမယူနိုင်ခဲ့ပေ။

"ပြန်လာတာကောင်းပါတယ်၊ သား ပြန်လာတာကောင်းတယ်...၊ သူ..."

ကျွင်းရှောင်ယောက်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။

"အဖေက သူ့မှာ လုပ်စရာတွေ ရှိသေးတာကြောင့် လောလောဆယ် ပြန်လာနိုင်ဦးမှာမဟုတ်ဘူး"

ကျွင်းရှောင်ယောက်က သက်ပြင်းချလိုက်၏။

ကျန်းရို့လည်း သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်ခြင်း မရှိဘူးဟုဆိုပါက လိမ်နေရာကျမည်။

သူ့မှာ နှစ်ပေါင်းများစွာကြာအောင် စောင့်နေခဲ့သော်လည်း ကျွင်းဝူဟွေ့က တစ်ကြိမ်မျှ ပြန်လာမတွေ့သေးပေ။

"အဖေက အမေ့ကို တောင်းပန်စကားဆိုလိုက်ပါတယ်"

ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။

ကျန်းရို့၏ မျက်လုံးများက နီရဲလာပြီး မျက်ရည်များလည်း ဝဲလာလေသည်။

သူမ၏ခင်ပွန်းက သူရဲကောင်းတစ်ဦး ဖြစ်သည်။

သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်မိသော်လည်း မုန်းတီးခြင်းတော့ မရှိပါချေ။

"ကိုင်း၊ ရှောင်ယောက် ပြန်လာတာက သိပ်ကောင်းနေပါပြီ။ ဝူဟွေ့ကတော့ ပြန်မလာသေးပေမဲ့ စိုးရိမ်နေစရာမလိုဘူး"

ဘိုးဘေးဆယ့်ရှစ်က ပြောလိုက်သည်။

"မှန်ပါတယ်၊ ဝူဟွေ့ ပြန်မလာနိုင်သေးပေမဲ့ ငါတို့မှာ ရှောင်ယောက်ရှိသေးတယ်"

တည်ကြည်သော အသွင်အပြင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ပေါ်လာသည်။

သူက ကျွင်းရှောင်ယောက်၏ ဒုတိယဦးလေးဖြစ်ပြီး ကျွင်းဝူဟွေ့အစ်ကို၊ လက်ရှိ ကျွင်းမိသားစု၏ ခေါင်းဆောင် ကျွင်းဝူယီပင်။

ကျွင်းရှောင်ယောက် ပြန်ရောက်လာခြင်းက မိသားစုခေါင်းဆောင်ကိုပင် ထွက်ကြိုစေခဲ့သည်။

ကျွင်းရှောင်ယောက်က ယခုဆိုလျှင် ကျွင်းမိသားစုတစ်ခုလုံး၏ အကြွင်းမဲ့ ဗဟိုချက်နီးပါးဖြစ်နေပြီ။

သာမန်အကြီးအကဲများနှင့် ခေါင်းဆောင် အဆင့်အတန်းပင်လျှင် ကျွင်းရှောင်ယောက်ထက် နိမ့်ကျသည်။

အကြောင်းမူ၊ သူက ကျွင်းမိသားစု၏ အနာဂတ်နှင့် မျှော်လင့်ချက်ကို ကိုယ်စားပြုနေသောကြောင့်ပင်။

All Chapters