အခန်း ၁၁၄၈
Vol. 77 Ch. 1148
အခန်း ( ၁၁၄၈ ) အင်မော်တယ်ကပ်ဘေးဓားသိုင်းကို ရရှိခြင်း။
လင်ယွမ်၏ အကြံအစည်က အမှန်ပင် ထူးကဲသည်။
အဓိပဓိအင်မော်တယ်ခုံရုံးနှင့် ကျွင်းမိသားစုက ပူးပေါင်းလိုက်ပါက...
ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးကို သေချာပေါက် ဖိနှိပ်နိုင်လိမ့်မည်။
စန်းမျိုးနွယ်ကဲ့သို့ မြေအောက် အင်အားစုများ ရှိနေလျှင်ပင် ကျွင်းမိသားစုနှင့် အဓိပဓိအင်မော်တယ်ခုံရုံးကို ဖြုတ်ချရန် လုံးဝ မဖြစ်နိုင်ပေ။
ဤသည်က တကယ်ကို ရူးသွပ်သော အကြံအစည်တစ်ခု ဖြစ်သည်။
သို့ရာတွင်၊ ပိုအရေးကြီးတာက လင်ယွမ်သည် ကျွင်းရှောင်ယောက်ကို အနာဂတ်တွင် အဓိပဓိအင်မော်တယ်ခုံရုံး၏ အရှင်သခင် ဖြစ်လာနိုင်သည်ဟု ပြောခဲ့သည်။
သူမကလည်း ဘုရင်မဖြစ်လာလိမ့်မည်။
ထိုအဓိပ္ပာယ်က ရှင်းနေပြီ ဖြစ်သည်။
သူမက ကျွင်းရှောင်ယောက်၏ ဇနီးဖြစ်လာမည်ဟု မပြောရုံတမယ်ပင်။
သို့သော် ထိုစကားကိုကြားပြီးနောက် ကျွင်းရှောင်ယောက်က ခေါင်းယမ်းကာ ပြုံးလိုက်သည်။
"လင်ယွမ်၊ မင်းက တကယ်ကို ချစ်စရာကောင်းသလောက် အတတလေးဖြစ်တာပဲ"
"ကျွင်းရှောင်ယောက်၊ နင်..."
လင်ယွမ်က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။
သူသည် အဓိပဓိအင်မော်တယ်ခုံရုံး၏ ဂုဏ်သိက္ခာရှိသောဧကရီဖြစ်သော်လည်း သူမကို မိုက်မဲသူဟု ပြောနေသည်။
ဒါက ပထမဆုံးအကြိမ်ပင်။
ကျွင်းရှောင်ယောက်က ဆက်ပြောလိုက်သည်။
"ဂူတစ်ဂူထဲမှာ ကျားနှစ်ကောင် နေရိုးထုံးစံမရှိဘူး။ ကျားထီးနဲ့ ကျားမဆိုရင်တော့ တစ်မျိုးပေါ့လေ"
"ဒါပေမဲ့... အဓိပဓိအင်မော်တယ်ခုံရုံးက ဒီလိုမဖြစ်ချင်ဘူး"
ကျွင်းမိသားစုက အမြဲတမ်း အားကောင်းပြီး ကြီးစိုးသည်။
အတူတကွ ပူးပေါင်းဆောင်ရွက်ကြလျှင်ပင် ခေါင်းဆောင်နေရာတွင် နေလိမ့်မည်။
သို့ရာတွင်... အင်မော်တယ်နယ်မြေကြီး၏ အုပ်စိုးသူဖြစ်ခဲ့သော အဓိပဓိအင်မော်တယ်ခုံရုံးက အောက်ကျခံမည်လော။
ယင်းက မဖြစ်နိုင်ကြောင်း ထင်ရှားသည်။
ထို့အပြင်၊ အဓိပဓိအင်မော်တယ်ခုံရုံးက မျိုးနွယ်ကြီးကိုးခုကို ပေါင်းစည်းထားခြင်း ဖြစ်သည်။
လင်ယွမ်၏ ဝါဟွမ်အင်မော်တယ်မျိုးရိုးက သဘောတူလျှင်ပင်...
ကူတိကျစ်၏ ဖူရှီအင်မော်တယ်မျိုးရိုးက ဆန္ဒရှိမည်လော။
ထို့ကြောင့် လင်ယွမ်၏ အကြံအစည်က နုံချာသည်ဟုသာ ပြောနိုင်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က စဉ်းစားထားသည်။
နတ်သမီးယွမ်၏ ဝိညာဉ်က လင်ယွမ်ကို အမှန်တကယ် ထိခိုက်ခဲ့၏။
ထို့ပြင်၊ ဘဝတစ်ရာ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရပြီးနောက် လင်ယွမ်၏ သူ့အပေါ်ထားရှိသော ခံစားချက်များက ပြောင်းလဲသွားခဲ့သည်။
ထို့ကြောင့် လင်ယွမ်က သူ၏ ရန်သူမဖြစ်သင့်ပေ။
ကျွင်းရှောင်ယောက်သည်လည်း လင်ယွမ်နှင့် ရန်သူမဖြစ်ချင်ပါ။
"ဟုတ်ပါတယ်၊ ငါ နုံအတယ်"
လင်ယွမ်က အားနည်းစွာ ပြုံးလိုက်သည်။
"ဒါပေမဲ့ အတိအကျတော့ မဟုတ်ပါဘူး၊ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ"
"အနာဂတ်မှာ ငါက အဓိပဓိအင်မော်တယ်ခုံရုံးကို ဦးညွတ်စေဖို့ လုံလောက်အောင် သန်မာလာရင် ဘယ်လိုဖြစ်မလဲ"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာ ပြုံးလိုက်သည်။
လင်ယွမ် အံ့ဩသွား၏။
နောက်ဆုံးတွင်၊ အဓိပဓိအင်မော်တယ်ခုံရုံးကို ဦးညွတ်စေနိုင်မည်ဟု ဘယ်သူက ပြောဝံ့ပါမည်နည်း။
"ဒါဆို အင်မော်တယ်ကပ်ဘေးဓားသိုင်းက..."
ကျွင်းရှောင်ယောက်က စကားလမ်းကြောင်းပြောင်းလိုက်သည်။
လင်ယွမ်လည်း သက်ပြင်းချလိုက်လေသည်။
သူမက သိုလှောင်ခြင်း မှော်ရတနာအတွင်းမှ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။
"ဒါက နင်လိုချင်တာ"
လင်ယွမ်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက် ပြုံးလိုက်သည်။ သူက ကျောက်စိမ်းပြားကိုယူကာ နတ်ဘုရားစိတ်အာရုံဖြင့် ဖတ်ရှူလိုက်၏။
တကယ်ကို အင်မော်တယ်ကပ်ဘေးဓားသိုင်းပင်။
"ကျေးဇူးတင်တယ်"
ကျွင်းရှောင်ယောက်က ကျောက်စိမ်းပြားကို သိမ်းလိုက်သည်။
ထို့နောက် လင်ယွမ်အား ယဉ်ကျေးသိမ်မွေ့စွာ ပွေ့ဖက်လိုက်လေသည်။
လင်ယွမ်၏ ခန္ဓာကိုယ်ကလေးက ဆတ်ခနဲ တုန်သွားသည်။ ဤအခိုက်တွင် အသိစိတ်လွတ်သွားသလို ခံစားလိုက်ရ၏။
ကျွင်းရှောင်ယောက်ထံ၏ နွေးထွေးမှုကို ခံစားမှုမှ လင်ယွမ်သည် သူမကို ပွေ့ဖက်ထားကြောင်း သိလိုက်ရသည်။
ကြည်နူးမှုနှင့် ပျော်ရွှင်မှုက သူမ၏ စိတ်ထဲတွင် ထွက်ပေါ်လာတော့သည်။
ထို့နောက် ကျွင်းရှောင်ယောက်က လက်လွှတ်လိုက်သောအခါ...
သူမ၏ နှလုံးသားထဲတွင် ဗလာကျင်းသွားသလို ထပ်မံ ခံစားလိုက်ရသည်။
"ငါ မင်းကို အခွင့်ကောင်းမယူပါဘူး။ ဒီအသက်စမ်းရေကို မင်းယူနိုင်တယ်"
ကျွင်းရှောင်ယောက်က အသက်စမ်းရေကို ထုတ်ယူလိုက်သည်။
လင်ယွမ်ကတော့ ကျွင်းရှောင်ယောက်၏ ပွေ့ဖက်မှုကိုသာ အမှတ်ရနေဆဲပင်။
"ကောင်းပြီလေ၊ ငါ ထွက်သွားဖို့အချိန်တန်ပြီ"
ကျွင်းရှောင်ယောက်က ပြုံးပြီး လှည့်ထွက်လိုက်သည်။
"ခဏလေး..."
လင်ယွမ်က ရုတ်တရက် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က နားမလည်နိုင်သလို လှည့်ကြည့်လိုက်၏။
"နင် ဒီအကကို မှတ်မိသေးလား"
လင်ယွမ်က ခပ်တိုးတိုး ပြောလိုက်သည်။
ထို့နောက် စကားအများကြီးမပြောတော့ဘဲ စတင် ကခုန်လိုက်လေသည်။
လင်ယွမ်က နှင်းဖြူဝတ်စုံကို ဝတ်ဆင်ထားပြီး ကခုန်လိုက်သည့်အခါ ပို၍ပင် ချစ်စရာကောင်းလာသည်။
လော့ရှန်းကျင်းဟုန် အက ဖြစ်၏။
ကျွင်းရှောင်ယောက်လည်း အနည်းငယ် အံ့ဩသွားကာ တိတ်တဆိတ် ကြည့်နေလိုက်တော့သည်။
နောက်ဆုံးတွင်၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံးမှာ လင်ယွမ်၏ သီးခြား ကပြခြင်းကို ကြည့်ရှူနိုင်သူက မည်သူမျှ မရှိသေးပေ။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပနေသည်။
နတ်ဘုရားမအဆင့် မိန်းမလှတစ်ဦးအနေဖြင့် သူမ၏ ကခုန်မှုက အလွန်လှပကြောင်း သူ ဝန်ခံရမည်။
ကခုန်ရတာ ပင်ပန်းလို့လား သို့မဟုတ် ကျွင်းရှောင်ယောက်အတွက် သီးသန့် ကခုန်ပြမိခြင်းကြောင့်လား မသိပါ။
ကခုန်ပြီးနောက် လင်ယွမ်၏ မျက်နှာက အနည်းငယ်နီမြန်းသွားသည်။
"ဧကရီသမီးတော်ရဲ့ အကပညာက ဒီလောက်ထိ ရင်သပ်ရှုမောဖွယ်ကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ ချီးမွမ်းစကားကြောင့် လင်ယွမ်လည်း အနည်းငယ်ရှက်ရွံ့သလို ခံစားလိုက်ရလေသည်။
ဟုတ်သည်၊ သူမ၏ မာနကြီးသော အကျင့်စရိုက်အရ ထုတ်ဖော်ပြမှာ မဟုတ်ပါ။
သို့သော်၊ ထိုအချိန်တွင် ဂူအပြင်ဘက်မှ ရူယင်း၏ အသံကို ကြားလိုက်ရသည်။
"ဧကရီ... အပြင်မှာ တစ်ယောက်ယောက် လာနေတယ်"
"ဟင်"
လင်ယွမ်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
လေထုက နောက်ဆုံးတွင် သဟဇာတဖြစ်သွားသော်လည်း တစ်စုံတစ်ယောက်က အနှောင့်အယှက်ပေးနေသည်။
"ကူတိကျစ်ပဲဖြစ်ရမယ်၊ ငါ လေ့ကျင့်နေတယ်လို့ ပြောလိုက်ပါ"
လင်ယွမ်က အေးစက်စက် ပြောလိုက်၏။
ယခင်က ကူတိကျစ်သည် ကျွင်းရှောင်ယောက်အပေါ် သူမ၏သဘောထားကို မေးမြန်းကာ အနှောင့်အယှက်ပေးခဲ့ဖူးသည်။
ထို့ကြောင့် လင်ယွမ်က ကူတိကျစ်ကို တွေ့ဆုံရန် စိတ်ကူးမရှိပေ။
"ဒါက ကူတိကျစ်ပါပဲ၊ ဒါပေမဲ့ သူတစ်ယောက်တည်း မဟုတ်ဘူး။ ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ယောက်က လူသုံးယောက်လည်း ရှိတယ်။ သူတို့... သူတို့က ရှေးဧကရာဇ်ငယ်ရဲ့ နောက်လိုက်တွေဖြစ်ပုံရတယ်"
ထိုစကားများကိုကြားတော့ လင်ယွမ် အနည်းငယ် အံ့အားသင့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်လုံးများမှာလည်း အလင်းရောင်တစ်ခု လင်းလက်လာတော့သည်။
"အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ်...၊ စိတ်ဝင်စားစရာပဲ..."
ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
"ငါ အရင်ထွက်သွားပြီး တွေ့လိုက်မယ်"
လင်ယွမ်က ပြောလိုက်၏။
သူမက ရန်ယွင်မြင်းသည်တော်များကို ဂရုမစိုက်ပေ။
သို့ရာတွင်၊ အဓိပဓိအင်မော်တယ်ခုံရုံး၏ ရှေးဧကရာဇ်ငယ်က သူမပင်လျှင် သတိထားကာ ဆက်ဆံရမည် ဖြစ်သည်။
"ငါလည်း မင်းနဲ့ လိုက်ခဲ့မယ်"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
လင်ယွမ်က တိတ်ဆိတ်သွားသည်။
သို့သော်လည်း သူ့စိတ်ထဲတွင် အေးချမ်းသလို ခံစားလိုက်ရ၏။
သူ့နောက်တွင် အထောက်အပံ့ ရှိနေသကဲ့သို့ပင်။
"ကျေးဇူးတင်ပါတယ်"
လင်ယွမ်က ပြောလိုက်သည်။
ထိုအချိန်၊ ဂူအပြင်ဘက်တွင်...
လူရိပ်လေးခု ရပ်နေသည်။
၎င်းတို့အနက် တစ်ဦးက ပါ့ကွား၀တ်စုံကို ၀တ်ဆင်ထားပြီး ချောမောခန့်ညားသော ရုပ်ရည်ဖြင့် ကူတိကျစ် ဖြစ်၏။
ကျန်သုံးယောက်မှာ မတူညီသော အရောင်များရှိသည့် ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသော အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။ သူတို့၏ အငွေ့အသက်များကလည်း အလွန်အားကောင်းပြီး အနည်းငယ်အေးစက်ကာ မာနကြီးပုံရပေသည်။
သူတို့က မျက်လုံးပြာရွှေလင်းယုံ၊ ချီလုံ... အစရှိသော သားရဲများကို စီးနင်းထားကြသည်။
သူတို့ပတ်ဝန်းကျင် ကောင်းကင်ယံမှာလည်း အပျော်တမ်းကြည့်နေသည့် အင်မော်တယ်အကယ်ဒမီ၏ တပည့်များ ရှိနေကြသေးသည်။
"ဟေ၊ သူတို့က ရန်ယွင်မြင်းသည်တော် ဆယ့်ရှစ်ယောက်က ပါရမီရှင်တွေ မဟုတ်လား"
"သူတို့နဲ့ အဓိပဓိ အင်မော်တယ်ခုံရုံးက လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဧကရာဇ်ငယ်က ခေတ်တစ်ခေတ်တည်းက ပါရမီရှင်တွေလို့ ကြားဖူးတယ်။ သူတို့တစ်ဉီးချင်းစီက အင်မတန် အစွမ်းထက်တယ်တဲ့"
"နောက်ဆုံးတော့၊ သူတို့ကို အင်မော်တယ်ခုံရုံးရဲ့ ရှေးဧကရာဇ်ငယ်က အနိုင်ယူခဲ့တယ်။ ဒီလိုနဲ့ သူတို့က ရှေးဧကရာဇ်ငယ်ရဲ့ နောက်လိုက်ဖြစ်လာပြီး အတူတကွ တံဆိပ်ခတ်ခဲ့တယ်"
"သူတို့ရဲ့ အရည်အချင်းနဲ့ ခွန်အားအရဆိုရင် ရန်ယွင်မြင်းသည်တော်တွေဟာ သာမန် မျိုးစေ့အဆင့် ပါရမီရှင်တွေထက် သေချာပေါက် သာလွန်တယ်၊ မဟုတ်ရင် ရှေးဧကရာဇ်ငယ်ရဲ့ နောက်လိုက် ဖြစ်လာမှာမဟုတ်ဘူး"
"ဒါပေမဲ့ သူတို့က ဒီမှာ ဘာလုပ်နေကြတာလဲ"
"ဒါက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်နဲ့ ပတ်သက်နေပုံရတယ်"
"ဒီလိုဆိုရင်တော့ စိတ်ဝင်စားစရာပေါ့။ ရှေးဧကရာဇ်ငယ်နဲ့ မျိုးဆက်သစ် ဧကရာဇ်ငယ်က တိုက်ပွဲဝင်ကြတော့မှာလား"
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တီးတိုးပြောဆိုနေချိန်...
အင်မော်တယ်ဂူအတွင်းမှ လူနှစ်ယောက် ထွက်လာသည်။
ဤအခိုက်တွင်၊ လင်ယွမ်၏ အမူအရာက နှင်းခဲကဲ့သို့ အေးစက်နေ၏။
ကျွင်းရှောင်ယောက်၏ရှေ့တွင် သူမက သာမန် မိန်းမပျိုတစ်ယောက်ကဲ့သို့ပင်။
သို့ရာတွင် အခြားသူများရှေ့မှာတော့ သူမက အဓိပဓိအင်မော်တယ်ခုံရုံး၏ မြင့်မြတ်သော ဧကရာဇ်ငယ် ဖြစ်သည်။
"ငါ့ရဲ့ အင်မော်တယ်ဂူရှေ့မှာ လှုပ်ရှားဝံ့တယ်။ နင်က ဧကရာဇ်ငယ်ဆိုတဲ့ ငါ့ကို မျက်လုံးထဲမထည့်တာလား"
လင်ယွမ်က ဘုရင်မတစ်ပါးကဲ့သို့ အေးစက်ပြီး ကြီးစိုးသော လေသံဖြင့် အော်ဟစ်လိုက်သည်။