အခန်း ၁၁၅၄
Vol. 77 Ch. 1154
အခန်း ( ၁၁၅၄ ) ပြန်လည်မွေးဖွားလာသော ရှေးဧကရာဇ်ငယ်။
ရွှေရောင်အလင်းများက နိယာမလှိုင်းတံပိုးများကဲ့သို့ တဟုန်းဟုန်း တောက်နေသည်။
ဤသည်မှာ မြောက်မြားစွာသော နိယာမများ ပေါ်လာခြင်း၏ ပုံရိပ်ပင်။
ထို့ပြင် အက်ကွဲသွားသော ရွှေရောင် အင်မော်တယ်အရင်းအမြစ်အလယ်မှ ပိန်ပိန်ပါးပါး ရုပ်သွင်တစ်ခုက လောကသို့ ဆင်းသက်လာသော နတ်ဘုရား၏ သားတော်ကဲ့သို့ ထွက်ပေါ်လာသည်။
ထိုပုံရိပ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ အသားအရေက ကျောက်စိမ်းကဲ့သို့ ကြည်လင်ပြီး အမျိုးသမီး အများစုထက်ပင် ပို၍ နူးညံ့လေသည်။
သူ၏ အသွင်အပြင်ကို အပြစ်ကင်းစင်သည်ဟုသာ ဖော်ပြနိုင်သည်။
ကျွင်းရှောင်ယောက်မှလွဲ၍ လူငယ်အများစုကို လွှမ်းမိုးနိုင်သော ပုံရိပ်ပင်။
အလွန်ချောမောသော ယွီဟွာဝမ်သည်ပင် ဤလူရိပ်၏ဘေးတွင် ရပ်နေသောအခါ အနည်းငယ် အရောင်ဝါမှေးမှိန်သွားနိုင်သည်။
သူ၏ ဆံပင်ရှည်များက ရွှေရောင်ဖြစ်ပြီး ကျောဘက်တွင် ဖြန့်ချထား၏။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ မျက်လုံးအစုံကမူ ငွေရောင်အတိ ဖြစ်နေသည်။
ရွှေရောင်ဆံပင်ရှည်၊ ငွေရောင်မျက်လုံးနှင့် အင်မော်တယ်တစ်ပါးကဲ့သို့ ဖြစ်သည်။
သို့ရာတွင်၊ အထူးခြားဆုံးအရာက သူ့အသွင်အပြင် မဟုတ်ပေ။
သူ၏ သဘာဝအတိုင်း ဖြစ်ပေါ်နေသော အရှိန်အဝါ ဖြစ်သည်။
အလွန်ထူးကဲပြီး ကောင်းကင်ဘုံက မျက်နှာသာပေးခံရသူကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် သူ့မျက်လုံးများတွင် လျစ်လျူရှုခြင်း အရိပ်အမြွက်တို့ ပေါ်လာသည်။
ယင်းက အရာရာကို လွှမ်းမိုးထားသော မာန်မာနမျိုးပင်။
ထိုလူငယ်က အင်မော်တယ်ခုံရုံး၏ တံဆိပ်ခတ်ထားသော ရှေးဧကရာဇ်ငယ်...
အဓိပဓိအင်မော်တယ်ခုံရုံး၏ အစစ်အမှန်နဂါးဖြစ်သော တိဟောက်ထျန်းပင်။
သူက အဓိပဓိ အင်မော်တယ်ခုံရုံး၏ သြဇာအကြီးဆုံး ရှေးဧကရာဇ်ငယ် ဖြစ်သည်။
ရန်ယွင်မြင်းသည်တော်ဆယ့်ရှစ်ဦးသည် တစ်ချိန်က အံ့ဩဖွယ်အကောင်းဆုံး ပါရမီရှင်အဖွဲ့ ဖြစ်သည်။
သို့သော်လည်း သူတို့အားလုံးက တိဟောက်ထျန်း၏ ဖိနှိပ်ခြင်းကို ခံခဲ့ရကာ ထိုအချိန်မှစ၍ သူ၏နောက်လိုက်များ ဖြစ်ခဲ့ကြပေသည်။
အကယ်၍ သူသာ တံဆိပ်ခတ်ခြင်းမပြုခဲ့ပါက၊ ထိုခေတ်တွင် အဓိပဓိအင်မော်တယ်ခုံရုံး၏ အရှင်သခင် ဖြစ်လာနိုင်သည်။
သို့ရာတွင်၊ သူက သူ့ကိုယ်သူ တံဆိပ်ခတ်ရန် ရွေးချယ်ခဲ့ပေသည်။
အကြောင်းမူ၊ တိဟောက်ထျန်း၏ အမြင်တွင် စစ်မှန်သော ရွှေခေတ်သည်သာ သူ၏ထမြောက်ခြင်းနှင့်ထိုက်တန်သောကြောင့် ဖြစ်သည်။
ဤခေတ်၌သာလျှင် သူက အဆုံးစွန်သို့ အမှန်တကယ် ရောက်ရှိနိုင်လိမ့်မည်။ အင်မော်တယ် နယ်ပယ်ကို ထိတွေ့နိုင်မည် ဖြစ်သည်။
"မိုးနဲ့မြေရဲ့ အငွေ့အသက်တွေက ရင်းနှီးပြီးသားဖြစ်ပေမဲ့ တစ်ခုခု ထူးခြားနေသလိုပဲ။ မင်းတကယ်ပဲ ထပ်ပြီးလုပ်နေတာလား"
တိဟောက်ထျန်းက အနည်းငယ် အံ့သြသွားသည်။
ကောင်းကင်နှင့်မြေပြင်၏ အငွေ့အသက်က ရင်းနှီးသော်လည်း ထူးခြားမှုတစ်ခုခုကို သူ ခံစားရပေသည်။
တိဟောက်ထျန်းမှာ ရုတ်တရက် အိပ်မက်မက်နေသလို ခံစားလိုက်ရသည်။
မမှားပေ။
သူက ပြန်လည်မွေးဖွားလာပြီး သာယာဝပြောမှုနှင့် ပရမ်းပတာခေတ်၏ အစမှတ်သို့ ပြန်လာခဲ့သည်။
သူက အနာဂတ်မှ အတိတ်သို့ ပြန်ရောက်လာခဲ့ပြီ။
"ကောင်းကင်က ဒီဧကရာဇ်ငယ်ရဲ့ တုံ့ဆိုင်းမှုကို နားလည်သွားပုံရတယ်။ အခု အင်မော်တယ်နယ်မြေကြီးရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"
တိဟောက်ထျန်းက တစ်ယောက်တည်း ရေရွတ်ရင်း ရှေးဟောင်းပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းက ရှေးကျပြီး ဆန်းကြယ်ရှုပ်ထွေးသော ပုံစံများ ထွင်းထုထားသော ကျောက်ပြားတစ်ခုနှင့် တူလေသည်။
၎င်းမှာ ကောင်းကင်ယံမှ ကြယ်လမ်းကြောင်းနှင့်တူပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ အမှန်တရားကို ရှင်းပြထားပုံရသည်။
သို့သော် ဤကျောက်ပြားက မပြည့်စုံပါ။
၎င်းက မူလအရွယ်အစား၏ လေးပုံတစ်ပုံသာ ရှိဟန်ရသည်။
"ဒီရွှေခေတ်ရဲ့အစမှာ ငါ့ကို ပြန်လည်မွေးဖွားခွင့်ပေးခဲ့တာက ဒီအင်မော်တယ်ကျောက်ပြား အပိုင်းအစပဲလား"
တိဟောက်ထျန်းက သူ့လက်ထဲမှ ကျောက်ပြားကို ကြည့်လိုက်သည်။
အနာဂတ်မှ အတိတ်သို့ ပြန်လည်မွေးဖွားခြင်းမှာ မယုံနိုင်လောက်အောင်ပင်။
ဒဏ္ဍာရီလာ ဧကရာဇ်များက ရှည်လျားသော အချိန်မြစ်ကြောင်းကို ဖြတ်သန်းသွားလာနိုင်သော်လည်း အတိတ်နှင့် အနာဂတ်ကို အလွယ်တကူ မနှောင့်ယှက်နိုင်ပေ။
မဟုတ်ပါက စိတ်ကူးကြည့်ရန်ခက်ခဲသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်သည်။
ဒဏ္ဍာရီလာ ဧကရာဇ်ပင်လျှင် ထိုတန်ကြေးကို ပေးဆပ်နိုင်မည် မဟုတ်ပေ။
အနာဂတ်မှ အတိတ်သို့ တိုက်ရိုက်ပြန်သွားရန် မဆိုထားဘိ...
ရှည်လျားသော အချိန်မြစ်ကို အနှောက်အယှက်ဖြစ်စေရုံမျှဖြင့် ထိုကဲ့သို့သော ဆိုးရွားသောအကျိုးဆက်များ ခံစားရပေလိမ့်မည်။
သို့သော်လည်း တိဟောက်ထျန်းကတော့ ဤရွှေခေတ်၏အစတွင် ပြန်လည်မွေးဖွားခဲ့သည်။
"ငါ့ရဲ့ အရင်ဘဝမှာ အထွတ်အထိပ်ကို တက်လှမ်းလိုပေမဲ့ လမ်းတစ်ဝက်မှာပဲ ကျဆုံးခဲ့ရတယ်။ အဲဒီတံခါးကို ဖွင့်နိုင်သရွေ့ အင်မော်တယ်ဖြစ်လာဖို့ လျှို့ဝှက်ချက်ကို ထိတွေ့နိုင်လိမ့်မယ်"
တိဟောက်ထျန်းက အတိတ်ကိုပြန်တွေးရင်း အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့စိတ်ထဲတွင် အမျိုးမျိုးသော ခံစားချက်များ ပေါ်လာ၏။
သို့သော်လည်း သူ၏ စိတ်နှင့် တာအိုနှလုံးသားက ပြီးပြည့်စုံကာ အပြစ်ကင်းစင်သည်။
သူ၏ စိတ်ခံစားချက်များကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။
"ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ ဒီအင်မော်တယ်ကျောက်ပြား အပိုင်းအစက ငါ့ကို ဒီကမ္ဘာရဲ့ အစမှတ်တိုင်ဆီ ပြန်ခေါ်လာခဲ့ပြီ။ ဒါက ကောင်းကင်ရဲ့ အလိုတော်ပဲ"
"ငါဟာ အရင်ကတည်းက အဓိပဓိအင်မော်တယ်ခုံရုံးရဲ့ ဧကရာဇ်ငယ်ပဲ။ ငါ့ရဲ့ အနာဂတ်ဘဝက အမှတ်တရတွေနဲ့အတူ အခွင့်အလမ်းတွေကို ဆုပ်ကိုင်ပြီး ဒီဘဝမှာ တစ်ဦးတည်းသော ဇာတ်ဆောင် ဖြစ်လာလိမ့်မယ်"
ထိုစကားများက အနည်းငယ် မာနကြီးပုံရသော်လည်း တိဟောက်ထျန်းအတွက်တော့ သဘာဝပင်။
တိဟောက်ထျန်းတွင် အဓိပဓိအင်မော်တယ်ခုံရုံး၏ အဆုံးမဲ့ အရင်းအမြစ်များ ရှိသည်။
ထို့ပြင်၊ သူက ဘဝတစ်ခုလုံး ဖြတ်သန်းခဲ့ရပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိသလောက်ပင်။
သူ့အတွက် ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော ဇာတ်ဆောင်ဖြစ်ဖို့ဆိုတာ တကယ်ကို မခက်ခဲပါချေ။
ထိုအခိုက်တွင် ရွှေရောင်နန်းတော် အပြင်ဘက်မှ လူရိပ်တချို့ပေါ်လာပြီး အတွင်းသို့ ဝင်ရောက်လာကြသည်။
တိဟောက်ထျန်းကိုတွေ့တော့ အားလုံးက မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ကြလေသည်။
"ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်"
ထိုပုံရိပ်များမှာ တံဆိပ်ကို ကြိုတင် ချိုးဖြတ်ခဲ့ကြသော ရန်ယွင်မြင်းသည်တော်များ ဖြစ်ကြသည်။
"အင်း"
တိဟောက်ထျန်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဧကရာဇ်ငယ်ကို တင်ပြစရာရှိပါတယ်၊ ဒီလိုပါ..."
ထို့နောက် ရန်ယွင်မြင်းသည်တော်များထဲမှ တစ်ယောက်က တိဟောက်ထျန်းကို သတင်းအချို့ ပြောပြလိုက်လေသည်။
အမှတ်ဆယ့်ရှစ်ကို ကျွင်းရှောင်ယောက်က သတ်ဖြတ်လိုက်ခြင်း အပါအဝင် အားလုံးကို ပြောပြလိုက်သည်။
အမှတ်ဆယ့်ရှစ်နှင့် အခြားသူများ အသတ်ခံလိုက်ရကြောင်း ကြားရသော်လည်း တိဟောက်ထျန်း၏ အမူအရာက တည်ငြိမ်နေကာ အပြောင်းအလဲမရှိပေ။
ရန်ယွင်မြင်းသည်တော်များက သူ့နောက်လိုက်များဖြစ်သော်လည်း၊ ၎င်းတို့က သူ၏ ကိရိယာများသာ ဖြစ်သည်။
"ကျွင်းရှောင်ယောက်လား"
တိဟောက်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ပြန်လည်မွေးဖွားလာသူအနေဖြင့် အနာဂတ် အကြောင်းအရာအချို့ကို သူ သိရှိသည်။
သို့သော်၊ သူ၏ မှတ်ဉာဏ်များထဲတွင်...
ကျွင်းမိသားစု၏ အကျော်ကြားဆုံး လူငယ်များမှာ ကောင်းကင်သားတော် ကျွင်းပေါင်လီ၊ လူသားဧကရာဇ်ခန္ဓာ ကျွင်းမိုရှောင်နှင့် နှစ်သွယ်မျက်လုံး ကျွင်းလုံခန်းတို့ ဖြစ်သင့်သည်။
သူတို့ကို ကျွင်းမိသားစု၏ ဘီလူးကြီး သုံးယောက်ဟု လူသိများ၏။
အနာဂတ်တွင် သူတို့က ကျွင်းမိသားစု၏ မဏ္ဍိုင်ဖြစ်လာလိမ့်မည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က မည်သူနည်း။
သူ၏ မှတ်ဉာဏ်ထဲတွင် ကျွင်းရှောင်ယောက် မရှိပေ။
ထို့ပြင်၊ ယခုအချိန်တွင် ကျွင်းမိသားစု၏ လျှို့ဝှက်သွေးကြောက ပင်မသွေးကြောများနှင့် မပေါင်းစည်းသင့်သေးပါ။
နောက်တစ်ချက်ကတော့ ကျွင်းရှောင်ယောက်ဟာ အန္တိမကပ်ဘေးကြီးကိုပင် သတ်လိုက်ခြင်း ဖြစ်သည်။
ထိုအခြေအနေများက တိဟောက်ထျန်းကို အံ့အားသင့်စေသည်။
အရာအားလုံးက သူ၏ ပြန်လည်မွေးဖွားခြင်း မှတ်ဉာဏ်မှ လွန်စွာ သွေဖည်နေခဲ့ပေသည်။
ယုတ္တိဗေဒအရပြောရလျှင် ကျွင်းရှောင်ယောက်က လုံးဝ မတည်ရှိသင့်ပါ။
သူက ဤလောကတွင် ရုတ်တရက် ပေါ်လာသကဲ့သို့ပင် ဖြစ်သည်။
ပြောင်းလဲမှုအားလုံးက ကျွင်းမိသားစု၏ နတ်ဘုရားသားတော်ထံမှ ဆင်းသက်လာခြင်းပင်။
ယင်းက တိဟောက်ထျန်းကို စိတ်ဝင်စားစေခဲ့သည်။
'အခုကမ္ဘာက ငါမှတ်မိတဲ့ကမ္ဘာနဲ့ အတော်ကွာခြားသွားတာပဲ'
'ပြောင်းလဲမှုအားလုံးကလည်း ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကြောင့် ဖြစ်ပုံရတယ်'
တိဟောက်ထျန်းမှာ နက်နက်နဲနဲ အတွေးဝင်သွားလေသည်။
တိဟောက်ထျန်း၏ အနည်းငယ် အတွေးဝင်နေပုံရသော အမူအရာကိုမြင်တော့ နောက်လိုက် တစ်ယောက်က ခေါ်လိုက်သည်။
"ဧကရာဇ်ငယ်"
"အင်း၊ နောက်ပြီးတော့ ဘာရှိသေးလို့လဲ"
ထိုအခါမှ တိဟောက်ထျန်း သတိပြန်ဝင်လာသည်။
ပြန်လည်မွေးဖွားခြင်းမှာ သူတစ်ယောက်အတွက် သီးသန့် လျှို့ဝှက်ချက် ဖြစ်သည်။ တခြားသူများကို ပြောပြရန် လုံးဝမဖြစ်နိုင်ပေ။
"အင်မော်တယ်အကယ်ဒမီရဲ့ ရွှီထျန်းလောက အခွင့်အလမ်းက ဖွင့်လှစ်တော့မှာပါ"
နောက်လိုက်တစ်ဦးက ပြောလိုက်သည်။
"ရွှီထျန်းလောက..."
တိဟောက်ထျန်း၏ မျက်လုံးများတွင် နက်နဲသော အလင်းရောင်တစ်ခု လင်းလက်လာသည်။
တံဆိပ်ခတ်ခြင်းမခံရမီ ခေတ်တွင်၊ သူသည်လည်း ရွှီထျန်းလောကသို့ ဝင်ရောက်ခဲ့သည်။
ဤအင်မော်တယ်ကျောက်ပြား အပိုင်းအစကိုလည်း ထိုနေရာမှ အမှတ်မထင် ရရှိခဲ့ခြင်း ဖြစ်ချေသည်။
"ဒါက နည်းနည်းတော့ လွမ်းဆွတ်စရာပဲ"
တိဟောက်ထျန်းက ရေရွတ်လိုက်သည်။