အခန်း ၁၁၅၆
Vol. 78 Ch. 1156
အခန်း ( ၁၁၅၆ ) ကောင်းကင်ခေါင်းလောင်း မြည်သံ။
ယာယီကျင့်ကြံမှုအပြီးတွင်၊ ကျွင်းရှောင်ယောက်က သူ၏လက်နှစ်ဖက်ကို နောက်သို့ယှက်ကာ ဂူထဲမှ ထွက်လာခဲ့သည်။
ဂူအပြင်ဘက်တွင်၊ ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး တည်ငြိမ်ရင့်ကျက်သော အလှပိုင်ရှင် အမျိုးသမီးတစ်ဦး ရပ်နေလေ၏။
ကျွင်းရှောင်ယောက် ပေါ်လာတာကို မြင်လိုက်ရတော့ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တို့ ပေါ်လာကာ ကျွင်းရှောင်ယောက်ထံသို့ ချက်ချင်း လျှောက်လာသည်။
"မင်း လေ့ကျင့်လို့ပြီးသွားပြီလား"
ထိုအမျိုးသမီးက သဘာဝအတိုင်း လော့ရှန်းလင် ဖြစ်သည်။
"မင်း အပြင်မှာစောင့်နေတာလား"
ကျွင်းရှောင်ယောက်က မေးလိုက်၏။
လော့ရှန်းလင်က အနည်းငယ် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ငါ မင်းကို အနှောက်အယှက်ဖြစ်စေမှာစိုးလို့"
ထိုစကားကို ကြားသောအခါ ကျွင်းရှောင်ယောက် တိတ်ဆိတ်သွားလေသည်။
ဤအမျိုးသမီးသည် အဘက်ဘက်မှ ထူးချွန်ပြီး တိုင်းတပါးမှ အင်မော်တယ်နယ်မြေကြီးသို့ပင် လိုက်ပါလိုခဲ့သည်။
သူမက စွမ်းအားကြီးမားသလို အလွန်လှပ၏။ ထို့ပြင် သူမ၏ အသိစိတ်က လူသားများနှင့်မတူဘဲ အပြစ်ကင်းစင်ကာ ရိုးရှင်းသည်။
ကျွင်းရှောင်ယောက်ကို ရည်ရွယ်ပြီးပြီမို့ သူမ၏စိတ်က ပြောင်းလဲသွားတော့မည် မဟုတ်ပေ။
ယင်းက ကျွင်းရှောင်ယောက်ကို အနည်းငယ် တုံ့ဆိုင်းကာ ရင်ဆိုင်ရခက်စေသည်။
ယခုအခါ သူက ကျန်းမိသားစု၏ မိန်းကလေးနှစ်ယောက်နှင့် စေ့စပ်ရန် ကတိပြုထားခြင်းကြောင့် လော့ရှန်းလင်ကို ခဏချင်း ကိုင်တွယ်ရန် အမှန်တကယ်ပင် ခက်ခဲနေတော့သည်။
"ရှန်းလင်၊ မင်း ဒီကိုလာတာက..."
"ရွှီထျန်းလောက ဖွင့်တော့မယ်။ အဲဒါက မင်းကို အင်မော်တယ်အကယ်ဒမီက ကတိပေးထားတဲ့ အခွင့်အလမ်းတစ်ခုပဲလေ"
လော့ရှန်းလင်က ပြောလိုက်သည်။
တိတ်တဆိတ် လေ့ကျင့်နေခြင်းကြောင့် ဤအခွင့်အလမ်းကို ကျွင်းရှောင်ယောက် လက်လွတ်သွားမည်ကို သူမ စိုးရိမ်မိလေသည်။
"ကျွန်တော် နားလည်ပါပြီ"
ကျွင်းရှောင်ယောက်က ခေါင်းညိတ်လိုက်သည်။
ကျွင်းမိသားစုမှာပင် ထိုအခွင့်အလမ်းမျိုးကို ရရှိရန် မလွယ်ဟု ညွှန်းထား၏။
ရှေးဦးဝိညာဉ်နှင့်သာ ဝင်ရောက်နိုင်သော ထိုထူးဆန်းသောနေရာ၌ အဘယ်အခွင့်အလမ်းကောင်းများရှိနေမည်ကို သူလည်း သိချင်နေမိသည်။
ဤအခွင့်အလမ်းကြောင့်သာ မဟုတ်လျှင် ကျွင်းရှောင်ယောက်က အင်မော်တယ်အကယ်ဒမီသို့ လာရောက်ရန် ပျင်းရိလိမ့်မည်။
"ကိုကိုရှောင်ယောက်..."
အဝေးမှ ငွေခေါင်းလောင်းသံကဲ့သို့ ကြည်လင်သော အသံစာစာလေး ထွက်ပေါ်လာသည်။
ကျန်းလော့လီပင်၊ သူမလည်း တံခါးပိတ်လေ့ကျင့်နေခဲ့သည့်တိုင် ရွှီထျန်းလောက အခွင့်အလမ်းကိုတော့ လက်လွတ်မခံလိုပေ။
ထိုနေရာတွင် လော့ရှန်းလင်လည်းရှိကြောင်း မြင်ရသောအခါ ကျန်းလော့လီက အနည်းငယ် ကိုယ်ရှိန်သပ်ကာ နှုတ်ဆက်လိုက်သည်။
"အကြီးအကဲလော့..."
လော့ရှန်းလင်က တန်ခိုးကြီးမားသော ဧကရာဇ်တစ်ပိုင်းဖြစ်သလို ယခုအခါ ကောင်းကင်ကိုးခု အင်မော်တယ်အကယ်ဒမီ၏ ဂုဏ်ထူးဆောင်အကြီးအကဲတစ်ဦးလည်း ဖြစ်လာပါပြီ။
ကျန်းလော့လီက သူမကို သဘာဝအတိုင်း မလေးမစား မပြုနိုင်ပေ။
ကျွင်းရှောင်ယောက်က ကျန်းလော့လီကို တစ်ချက်ကြည့်လိုက်သည်။
အချိန်တစ်ခုကြာ တံခါးပိတ်လေ့ကျင့်နေပြီးနောက် ဤကောင်မလေးက ပို၍ ဖျတ်လတ်လာပုံရသည်။
သူ့ခန္ဓာကိုယ်ကလည်း လွန်စွာ မွန်မြတ်သန့်စင်လာပုံရ၏။
သေမျိုးဖုန်မှုန့်မှ ရုန်းထွက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။
"ဒီတစ်ခေါက် လေ့ကျင့်မှုကနေ မင်း အကျိုးရှိခဲ့ပုံရတယ်"
ကျန်းလော့လီ၏ ခန္ဓာကိုယ်မှ ကမ္ဘာအငွေ့အသက်တို့ကို ခံစားမိသောအခါ ကျွင်းရှောင်ယောက်က ပြုံးလိုက်သည်။
ကျန်းလော့လီကလည်း ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးလိုက်၏။
"ဟုတ်တာပေါ့၊ ကိုကိုရှောင်ယောက်ကလည်း အများကြီး ကြိုးစားပြီး ကူညီခဲ့တာပဲ။ ဒါကြောင့် ညီမက အသုံးမကျတဲ့သူတစ်ယောက်တော့ အဖြစ်မခံနိုင်ပါဘူး"
အကယ်၍ ကမ္ဘာ့သစ်ပင်၏ အကူအညီမရှိလျှင်၊ ကျန်းလော့လီ၏ ရှေးဦးဝိညာဉ်ကမ္ဘာကို လေ့ကျင့်ရန် အချိန်မည်မျှ ကြာမြင့်ဦးမည်မှန်း မသိနိုင်ပေ။
ကျွင်းရှောင်ယောက်အပေါ် ကျန်းလော့လီ၏ ချစ်ခင်သော သဘောထားကို မြင်လိုက်ရသောအခါ...
လော့ရှန်းလင်၏ မျက်လုံးများက အနည်းငယ် အရောင်မှိန်ဖျော့သွားသည်။
ယခင်က သူသည် တိုင်းတပါးမှ ကျွင်းရှောင်ယောက်၏ အကြောင်းကိုသာသိခဲ့ပြီး ယခင်က အတွေ့အကြုံများကို မသိပေ။
နောက်ပိုင်း၊ အင်မော်တယ်အကယ်ဒမီကို ရောက်လာကာ စုံစမ်းကြည့်ပြီးမှ အခြေအနေများကို သိခဲ့ရသည်။
သူ့ကိုပင် စွဲလန်းနေသည့် မိန်းမလှများစွာပင် ရှိနေကြသေးသည်။
နှိုင်းယှဥ်ကြည့်လျှင် လော့ရှန်းလင်က သူ့မှာ အားသာချက်မရှိသလို ခံစားခဲ့ရသည်။
သူက တိုင်းတစ်ပါးတွင် ကျွင်းရှောင်ယောက်ကို နည်းနည်းပါးပါး အကူအညီပေးခဲ့ရုံပင်။
ခဏလောက်တော့ လော့ရှန်းလင် ငြိမ်သက်သွားသည်။
တစ်ချိန်တည်းမှာပင် ကျန်းလော့လီကလည်း တုံ့ပြန်နေသည်။ သူမက ကျွင်းရှောင်ယောက်ကို တိတ်တိန်လေး စူးစမ်းသလိုကြည့်နေလေ၏။
မတတ်နိုင်ပေ၊ သူမ၏ ယောက်ျားကို ဤမျှထူးချွန်ရန် ဘယ်သူကပြောထားလို့လဲ။
သူက တိုင်းတစ်ပါးမှ လှပသော ဒေါ်လေးကိုပင် အင်မော်တယ်နယ်မြေကြီးသို့ ခေါ်ဆောင်လာနိုင်သည်။
ထူးခြားသော အခြေအနေတစ်ရပ်ကို ခံစားလိုက်ရသဖြင့် ကျွင်းရှောင်ယောက်လည်း ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်လေသည်။
ဤသို့သော အခြေအနေများထက် အန္တိမကပ်ဘေးကြီးကိုသာ နောက်တစ်ဖန် ရင်ဆိုင်လိုက်ချင်သည်။
သို့သော်၊ ထိုအချိန်တွင် ခေါင်းလောင်းသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ကျန်းလော့လီက ပြောသည်။
"ဒါက ကောင်းကင်ခေါင်းလောင်းသံပဲ"
"ထွာခွာကျဖို့ အချိန်နီးနေပြီ။ ဒီတစ်ခါတော့ ရှေးဦးဝိညာဉ်တွေပဲ ရွှီထျန်းလောကကို ဝင်ရောက်နိုင်တာကြောင့် ကြီးကြီးမားမား အန္တရာယ် မဖြစ်သင့်ဘူး။ ငါ အရင်သွားတော့မယ်"
လော့ရှန်းလင်ကက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
ကျွင်းရှောင်ယောက်လည်း သက်ပြင်းချကာ ရေရွတ်လိုက်လေသည်။
"အင်မော်တယ်အကယ်ဒမီရဲ့ အကြီးအကဲတွေပြောတဲ့ အမြင့်ဆုံး ကံကောင်းခြင်းနေရာမှာ ဘယ်လိုအခွင့်အလမ်းတွေ ရှိနေမလဲဆိုတာကို ကြည့်ရအောင်"
..........
အင်မော်တယ်အကယ်ဒမီ၏ ကြီးမားကျယ်ပြန့်သော ရင်ပြင်တွင်...
လေတိုးသံများနှင့်အတူ ပုံရိပ်များစွာတို့ ဆင်းသက်လာကြသည်။
သို့သော်လည်း အင်မော်တယ်အကယ်ဒမီ၏ တပည့်အရေအတွက်နှင့် နှိုင်းယှဉ်ပါက ရောက်လာမည့်သူဟာ အများအပြား မရှိပေ။
ဤအခွင့်အလမ်း၏ အထူးအနေအထားကြောင့် လူတိုင်းသွားရန် အရည်အချင်း မပြည့်မီပေ။
အထူးချွန်ဆုံး ပါရမီရှင်များသာ သွားရောက်ရန် အရည်အချင်းပြည့်မီသည်။
ထို့ကြောင့်၊ ရွှီထျန်းလောကသို့ သွားနိုင်သူများက ပါရမီရှင်များကြားမှ ထိပ်သီး ပါရမီရှင်များပင်။
ထို့ကြောင့် ဤနေရာကိုရောက်လာသော ပါရမီရှင်များက များပြားသော်လည်း အမှန်တကယ် သွားရောက်ရန် အရည်အချင်းရှိသူမှာ အနည်းငယ်သာ ရှိသည်။
အများစုက အပျော်တမ်း ကြည့်ရှုရန်သာ လာရောက်ကြပေသည်။
လေထဲတွင် ပိတ်ဝတ်ရုံဖြင့် အဘိုးအိုတစ်ဦး ရပ်နေသည်။
သူက ဤတစ်ကြိမ်တွင် အင်မော်တယ်အကယ်ဒမီကို ခေါင်းဆောင်သွားမည်သူ ဖြစ်၏။
သူက အင်မော်တယ်အကယ်ဒမီ၏ တတိယအကြီးအကဲ ရွှီမော့ပင်။
ထိုအချိန်တွင် ပါရမီရှင်အချို့ ရောက်နေကြပြီ ဖြစ်သည်။
လင်ယွမ်၊ ကူတိကျစ်၊ လူဝင်စားဗုဒ္ဓ၊ လုံယောက်အာ၊ ကျိချင်းရီနှင့် အခြားသူများ ဖြစ်၏။
သူတို့က နောက်ပိုင်းမှ မွေးဖွားလာသည့် မျိုးစေ့အဆင့် ပါရမီရှင်များ မဟုတ်ပေ။
သို့သော်လည်း အဆုံးစွန်ရှေးဟောင်းလမ်း၏ လမ်းဆုံးသို့ ရောက်ရှိနိုင်သည့် လက်ရှိခေတ်၏ အထင်ရှားဆုံးပုံရိပ်များ ဖြစ်သည်။
အတိုင်းအတာတစ်ခုအထိ၊ သူတို့ကိုလည်း အသန်မာဆုံးမျိုးစေ့အဖြစ် သတ်မှတ်နိုင်ပေသည်။
အင်မော်တယ်အကယ်ဒမီကလည်း သူတို့ကို ဂရုတစိုက် ပျိုးထောင်ပေးခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ပါရမီရှင်များက ပိုများလာသည်။
အင်မော်တယ်အကယ်ဒမီတွင် လေ့ကျင့်နေသော ကျွင်းလုံခန်းနှင့် ကျွင်းမိသားမှ ပါရမီရှင်များလည်း ရောက်လာကကြ၏။
ကျွင်းရှောင်ယောက် နောက်လိုက်များအပြင် ယွိချန်ကျွမ့်၊ ထိုက်ယင်ကျောက်စိမ်းယုန်နှင့် အခြားသူများလည်း ရှိသည်။
အမှန်တော့၊ ထိုက်ယင်ကျောက်စိမ်းယုန်ကဲ့သို့ လူအချို့သည် ရွှီထျန်းလောကသို့သွားရန် အရည်အချင်းမပြည့်မီကြပေ။
သို့သော်လည်း ကျွင်းရှောင်ယောက်နှင့် ပတ်သက်နေသရွေ့ ကြက်၊ငှက်များပင် ကောင်းကင်ဘုံသို့ တက်နိုင်သည်။
ကျွင်းရှောင်ယောက်၏နောက်သို့ အချိန်တိုအတွင်းသာ လိုက်ပါနိုင်ခဲ့သော ရွှေတောင်ပံဘုရင်ပင်လျှင် အင်မော်တယ်အကယ်ဒမီတွင် ကောင်းမွန်စွာ လေ့ကျင့်နိုင်ပေသည်။
ယင်းက ပါရမီရှင်များစွာကို မနာလိုဖြစ်စေသည်။ ဤသို့ဖြစ်မည်မှန်းသာ ကြိုတင်သိလျှင်၊ ဧကရာဇ်လမ်းနှင့် အဆုံးစွန်ရှေးဟောင်းလမ်းတွင် ကျွင်းရှောင်ယောက်၏နောက်သို့ အတင်းအကြပ် လိုက်ပါမိလိမ့်မည်။
ယခုတော့ အခွင့်အရေးမရှိတော့ပေ။
နောက်လိုက်များကို မဆိုထားဘိ၊ ကျွင်းရှောင်ယောက်၏ စီးတော်သားရဲပင်လျှင် ဧကရာဇ်တစ်ပိုင်းအဆင့် ဖြစ်သည်။
ဤအခိုက်အတန့်တွင် ရုပ်သွင်နှစ်ခုက အဝေးမှ အေးအေးလူလူ ရောက်လာသည်။
ကျွင်းရှောင်ယောက်နှင့် ကျန်းလော့လီတို့ပင်။