အခန်း ၁၁၆၀
Vol. 78 Ch. 1160
အခန်း ( ၁၁၆၀ ) လျှို့ဝှက်ဆန်းကျယ်သော ပင်လယ်။
ကျွင်းရှောင်ယောက်၏ စကားက သူ့ပတ်ဝန်းကျင်မှ လူများအတွက် အားတက်စရာ ဖြစ်သည်။
သို့သော်လည်း ရန်ယွင်မြင်းသည်တော်များ၏ မျက်နှာများကတော့ ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်နေကြတော့သည်။
စိတ်ခံစားချက်တို့ကို ထုတ်မပြတတ်ဘဲ လျှို့ဝှက်သော ပုလော့ရွယ်ပင်လျှင် အသက်ပြင်းပြင်းရှူလိုက်မိသည်။
သူမ၏ တွက်ချက်မှုနှင့် စကားပြောစွမ်းရည်ကို ကောင်းမွန်နေပြီဟု သူ အမြဲထင်ခဲ့သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က ရိုးရှင်းသော စကားအနည်းငယ်ဖြင့် သူ့လူများ၏ နှလုံးသားကို အပြည့်အဝ သိမ်းပိုက်သွား၏။
ဤအခိုက်တွင် ပုလော့ရွယ် ခံစားလိုက်ရသည်။
'သူက ကောင်းကင်ကိုတောင် အနိုင်ယူနိုင်ခဲ့တာ အံ့ဩစရာ မဟုတ်တော့ပါဘူး'
ပုလော့ရွယ်က သူ့နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။
သူမက ကောင်းကင်နှင့် ကျွင်းရှောင်ယောက်တို့၏ ကစားပွဲအကြောင်းကို သိထားပြီး ဖြစ်သည်။
ယခုတော့ သူ အမှန်တကယ် ယုံကြည်သွားပြီ။
ထို့နောက်မှာတော့ အနှောင့်အယှက်တို့ မရှိတော့ပါ။
ရန်ယွင်မြင်းသည်တော်များကလည်း ရူးရူးမိုက်မိုက် မလုပ်ဆောင်ကြတော့ပေ။
သို့သော်လည်း စိတ်ပျက်စရာကောင်းသည်မှာ ရှေးဧကရာဇ်ငယ်က မပေါ်လာသေးခြင်း ဖြစ်သည်။
ရွှီထျန်းလောကသည် အကန့်အသတ်မဲ့ပင်လယ်နှင့် နီးကပ်ကာ အင်မော်တယ်နယ်မြေကြီးနှင့် အလွန်ဝေးကွာသည်။
ကံကောင်းထောက်မစွာဖြင့်၊ အင်မော်တယ်အကယ်ဒမီတွင် အကန့်အသတ်မဲ့ပင်လယ်နှင့်နီးသော နေရာများသို့ တိုက်ရိုက် ပို့ဆောင်နိုင်သည့် ရှေးဟောင်း တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ကြီး ရှိသည်။
"ကိုင်း၊ အချိန်နီးနေပြီ။ ရွှီထျန်းလောကကို သွားကြရအောင်"
အကြီးအကဲ ရွှီမော့က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
လူတိုင်းက တည်နေရာရွှေ့ပြောင်းခြင်း အစီရင်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားကြလေသည်။
ဤအခိုက်အတန့်တွင်၊ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သော စနစ်၏အသံက ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဒင်... ဂုဏ်ယူပါတယ် ပိုင်ရှင်၊ လက်မှတ်ထိုးဝင်တဲ့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး ရွှီထျန်းလောကမှာ လက်မှတ်ထိုးဝင်ပါ"
ကျွင်းရှောင်ယောက်၏ အမူအရာက သိပ်ပြီး မပြောင်းလဲပေ။
သူ့အတွက်တော့ စနစ်သည် အပိုဆုကဲ့သို့ ဖြစ်သည်။
စနစ်မှ အခွင့်အလမ်းများ ရရှိနိုင်လျှင် ကောင်းသည်။
မရရှိလျှင်လည်း ကိစ္စမရှိပေ။
သူ၏ လက်ရှိယုံကြည်မှုက စနစ်မဟုတ်ဘဲ သူ၏အရည်အချင်းနှင့် ခွန်အားမှ လာသည်။
သို့သော်လည်း အလကားရရှိသော အကျိုးကျေးဇူးများကို ကျွင်းရှောင်ယောက်က သဘာဝအတိုင်း ပျော်ရွှင်စွာ လက်ခံလိမ့်မည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီရင်အတွင်းသို့ ဝင်ရောက်လာပြီးနောက် ကမ္ဘာကြီး ချာချာလည်သွားသကဲ့သို့ ပတ်ဝန်းကျင်နေရာများက ပြောင်းလဲသွားသည်။
အချိန်နှင့်နေရာက ပြောင်းလဲသွားသလို ခံစားလိုက်ရ၏။
ထို့နောက်တွင် မှောင်မိုက်သော ကြယ်ကောင်းကင်သို့ ရောက်လာကြလေသည်။
သို့သော်လည်း ဤသည်မှာ လမ်းဆုံးမဟုတ်ဘဲ အကူးအပြောင်းလမ်းမျှသာ ဖြစ်သည်။
ရက်အနည်းငယ်ကြာပြီးမှ လမ်းဆုံးသို့ ရောက်လာခဲ့ကြသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူတို့အားလုံး ရင်ထိတ်သွား၏။
စကြဝဠာ၏အဆုံးကို ရောက်သွားသလို သူတို့အားလုံး ခံစားလိုက်ရသည်။
မှိန်ဖျော့နေသော ကြယ်ကောင်းကင်၊ ကြယ်များ၊ ကျိုးပဲ့နေသော ရှေးဟောင်းကြယ်များ...
အရာအားလုံးက ဆိတ်သုဉ်းပြီး ရှေးခေတ်ကို ရောက်နေသကဲ့သို့ပင်။
ဤနေရာတွင် အသက်ဓာတ်များပင်မရှိဘဲ အားလုံးက တိတ်ဆိတ်လွန်းလှသည်။
"အရမ်းလေးလွန်းတယ်၊ တစ်ခုခုက ဖိနှိပ်ထားသလို ခံစားရတယ်"
ပါရမီရှင်တချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့ စိတ်မသက်မသာ ခံစားလိုက်ရ၏။
ဤနေရာတွင် အလွန်မသက်မသာဖြစ်ရသည့် ဖိအားအနည်းငယ် ရှိနေသည်။
ဒါကိုမြင်တော့ အကြီးအကဲရွှီမော့က သူ၏ မုတ်ဆိတ်မွေးများကို ပွတ်သပ်ပြီး ပြုံးလိုက်သည်။
"မင်းတို့ မသက်မသာဖြစ်နေကြပြီမို့လား၊ တကယ်တော့ မင်းတို့နဲ့ အကန့်အသတ်မဲ့ပင်လယ်ကြားမှာ ဆည်ကြီးတစ်ခု ရှိနေသေးတယ်။ အဲဒီမှာဆိုရင် ပိုပြီးဆိုးတယ်"
အကြီးအကဲ ရွှီမော့၏ စကားကိုကြားတော့ ပါရမီရှင်များအားလုံး အံ့ဩသွားကြသည်။
ထို့နောက် လှိုင်းပုတ်သံများကို ကြားလိုက်ရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါက စကြဝဠာရဲ့ အစွန်းဆုံးပဲ။ လှိုင်းပုတ်သံက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"
ပါရမီရှင်အားလုံးက အံ့ဩသွားပြီး အသံကြားရာဆီသို့ အာရုံစိုက်ကာ လှမ်းကြည့်လိုက်ကြသည်။
အဝေးတွင်၊ မိုးနှင့်မြေကို ပိုင်းခြားထားသကဲ့သို့ ဧရာမ အရိပ်ကြီးကို မြင်လိုက်ရ၏။ ကောင်းကင်၏ အဆုံးကို ရောက်သွားပြီဟုပင် လူတိုင်း ခံစားလိုက်ကြရသည်။
"အဲဒါက ဘာလဲ၊ နယ်စပ်ဂိတ်များလား"
လူများစွာတို့ အံ့သြတုန်လှုပ်သွားကြသည်။
သူတို့မြင်ဖူးသမျှထဲတွင် အခမ်းနားဆုံးက ပျက်စီးခြင်းနယ်စပ် တံတိုင်း ဖြစ်သည်။
ယင်းက တိုင်းတပါးကို ခုခံကာကွယ်ရန် အင်မော်တယ်နယ်မြေကြီး၏ ပထမဆုံးသော အတားဆီး ဖြစ်၏။ ယင်းမှာ မိုးနှင့်မြေကို ထိန်းထားသော တံတိုင်းကြီးတစ်ခုကဲ့သို့ပင်။
ယခုမူ၊ ဧရာမနံရံကြီးကို မြင်လိုက်ရသောအခါ လူတိုင်းက မဖော်ပြနိုင်အောင် တုန်လှုပ်မှုကို ခံစားလိုက်ကြရသည်။
ထိုအတားအဆီးက ပျက်စီးခြင်းနယ်စပ်ထက် ပို၍ ကြီးကျယ်ခမ်းနားပြီး အလွန်လည်းရှေးကျပေသည်။
"ဒါက နယ်စပ်မဟုတ်ပါဘူး၊ ဆည်ကြီးတစ်ခုပဲ။ ဆည်ရဲ့ အပြင်တစ်ဖက်မှာ အဆုံးမရှိတဲ့ အကန့်အသတ်မဲ့ပင်လယ်ကြီး ရှိတယ်"
အကြီးအကဲရွှီမော့က သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဘာ၊ ဆည်ကြီးရဲ့တစ်ဖက်က အကန့်အသတ်မဲ့ ပင်လယ်လား"
အားလုံး တုန်လှုပ်သွားကြလေသည်။
အကန့်အသတ်မဲ့ပင်လယ်အကြောင်းကို ငယ်စဉ်ကတည်းက သူတို့ကြားဖူးသည်။ ၎င်းက အဆုံးမဲ့အန္တရာယ်များနှင့် ပြည့်နှက်နေသည့် နေရာဖြစ်ပြီး ၎င်း၏ မူလအစမှာလည်း အလွန်လျှို့ဝှက်ဆန်းကြယ်ပေသည်။
ကမ္ဘာပေါ်တွင် တားမြစ်ပိတ်ပင်ထားသော နေရာတစ်ခုဟု ဆိုနိုင်သည်။
ဧကရာဇ်တစ်ပါးပင်လျှင် အကန့်အသတ်မဲ့ပင်လယ်ကို ဖြတ်ကျော်သောအခါ အန္တရာယ်များစွာကို ကြုံတွေ့ရနိုင်သည်။
ထိုအထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာအရာများ အများကြီးရှိပေသည်။
ယခုအချိန်အထိ မည်သူမျှ မဖြေရှင်းနိုင်သေးသည့် လျှို့ဝှက်ချက်များလည်း ရှိနေကြသည်။
အားလုံး အံ့အားသင့်သွားကြချိန်တွင်...
ကြီးမားသော လှိုင်းလုံးကြီးက ဆည်ကို လာရောက်ရိုက်ခတ်သောကြောင့် ကျယ်လောင်သော လှိုင်းပုတ်သံကြီး ထွက်ပေါ်လာသည်။
သို့သော် လူတိုင်းကို ပို၍ အံ့အားသင့်စေသည့်အရာမှာ...
လှိုင်းများက တကယ်တမ်းတွင် ရှေးကျသော ဂြိုလ်များဖြစ်နေကြခြင်းပင်။
ကမ္ဘာငယ်လေးများ၊ ဂြိုလ်များနှင့် ကြယ်စက်ဝိုင်းများ အများအပြား မျောပါနေကြသည်။
အားလုံးက ပျက်စီးနေပြီး အချိန်တိုင်းတွင် ပြန်လည်ဖွဲ့စည်းနေ၏။
"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ အဲဒီလှိုင်းတွေက တကယ်ကို ကမ္ဘာတွေလား"
ယင်းက ပါရမီရှင်အားလုံး၏ စိတ်ကူးနိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်သည်။
သူတို့အားလုံးက မြင့်မားသော နောက်ခံပိုင်ရှင်များဖြစ်ပြီး အသိအမြင် ဗဟုသုတ ကြွယ်ဝသည်။
သို့သော်လည်း ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ဆုံး တားမြစ်နေရာကို မြင်လိုက်ရချိန်မှာတော့ နုံချာနေသေးသည်ဟု ခံစားလိုက်ကြရလေသည်။
ဒါက သူတို့၏ လောကအမြင်ကို ပြန်လည်ဆန်းသစ်စေသည်။
"ဝုန်း"
ထိုအချိန်၊ လှိုင်းလုံးကြီးများထဲတွင် ရှေးဟောင်းကြယ်ကဲ့သို့ ကြီးမားသော လူသားသဏ္ဍာန် ရုပ်သွင်ကြီးတစ်ခု ပေါ်လာသည်။
၎င်းက ပင်လယ်အတွင်းမှ ရုန်းထွက်ပြီး ဆည်ပေါ်သို့တက်ရန် ကြိုးစားနေပုံရ၏။
"အဲဒါ ဘာကောင်ကြီးလဲ"
အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
၎င်းက အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်မှ အစွမ်းထက် တည်ရှိမှုတစ်ခုဟု လူတိုင်း ခံစားခဲ့ကြရလေသည်။
သို့သော်၊ နောက်အခိုက်တွင်...
လှိုင်းတံပိုးများ ကျရောက်လာပြီး ရှေးကမ္ဘာများစွာ ကွဲအက်သွားခဲ့သည်။
ဧရာမသတ္တဝါကြီးလည်း လှိုင်းလုံးများထဲသို့ တိုက်ရိုက်ပျောက်ကွယ်သွားတော့သည်။
ဤအခိုက်တွင်၊ အားလုံး တိတ်ဆိတ်သွားကြသည်။
ဧကရာဇ်တစ်ပိုင်းအဆင့် သတ္တဝါကြီးသည်ပင် လှိုင်းလုံးကြီးများအောက်တွင် လုံးဝပျောက်ကွယ်သွားခဲ့ရသေးသည်။
ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။
ထို့ပြင် ဤသည်က ဆည်နှင့်နီးသော အကန့်အသတ်မဲ့ပင်လယ်၏ အပြင်ဘက်ဆုံးအပိုင်းသာ ဖြစ်သည်။
အကန့်အသတ်မဲ့ပင်လယ် အတွင်းပိုင်းကို ပို၍ နက်နဲလာပါက မည်မျှကြောက်စရာကောင်းမည်နည်း။
"အကန့်အသတ်မဲ့ပင်လယ်မှာ သက်ရှိတွေရှိနေနိုင်မလား"
ပါရမီရှင်တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်မိသည်။
"ဒါပေါ့၊ အကန့်အသတ်မဲ့ပင်လယ်က ဂြိုလ်ကမ္ဘာတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သက်ရှိတွေ ရှင်သန်နိုင်တဲ့ နည်းနည်းတည်ငြိမ်တဲ့ ကမ္ဘာတွေလည်း ရှိတယ်"
"အဲဒီကမ္ဘာတွေကနေ အားကောင်းတဲ့ ပညာရှင်တွေလည်း မွေးဖွားလာနိုင်တာပဲ"
အကြီးအကဲရွှီမော့က ရှင်းပြလိုက်သည်။
လူငယ်လေးများ၏ နှလုံးသားက စိတ်ခံစားချက် အတက်အကျတို့ ပြည့်နေခဲ့လေသည်။
ကမ္ဘာကြီး၏ လျှို့ဝှက်ဆန်းကြယ်သော တစ်ဖက်ခြမ်းကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
'ဒါက ငါ့အဖေရဲ့ ကိုယ်ပွားတစ်ခု စောင့်ရှောက်နေတဲ့ အကန့်အသတ်မဲ့ပင်လယ်လား'
ကျွင်းရှောင်ယောက်က ကောင်းကင်ယံအထိ မြင့်မားသော ဆည်ကြီးကိုကြည့်ရင်း သူ့စိတ်ထဲမှ တွေးလိုက်သည်။
ကျွင်းဝူဟွေ့က ချီတစ်ခုကို သုံးခုပြောင်းနည်းဖြင့် တားမြစ်နယ်မြေသုံးခုကို တစ်ဦးတည်း ချုပ်ကိုင်ထားခဲ့သည်။
ထိုအချိန်တွင်၊ ကျွင်းရှောင်ယောက်၏ စိတ်ထဲမှာ သံသယများ ရှိလာသည်။
ကျွင်းဝူဟွေ့က အကန့်အသတ်မဲ့ပင်လယ်တွင် အဘယ်ကြောင့် ရှိနေရသနည်း။
အကန့်အသတ်မဲ့ပင်လယ်၏ တစ်ဖက်တွင် ဘာများရှိသနည်း။
"ဒင်၊ ဂုဏ်ယူပါတယ်ပိုင်ရှင်။ လက်မှတ်ထိုးဝင်တဲ့ တည်နေရာအသစ်ကို ပြန်လည်ဆန်းသစ်ပြီးပါပြီ၊ ကျေးဇူးပြုပြီး အကန့်အသတ်မဲ့ပင်လယ်မှာ လက်မှတ်ထိုးဝင်ပါ"
စနစ်၏ အသံက ရုတ်တရက် ထပ်မံထွက်ပေါ်လာခဲ့သည်။