← Chapters

အခန်း ၁၁၆၁

Vol. 78 Ch. 1161

အခန်း ၁၁၆၁

Vol. 78 Ch. 1161

အခန်း ( ၁၁၆၁ ) ရွှီထျန်းလောကသို့ ဝင်ရောက်ခြင်း။

စနစ်၏ အသံက ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် ထပ်မံထွက်ပေါ်လာသည်။

သို့သော်၊ ကျွင်းရှောင်ယောက်က မအံ့ဩပေ။

အကန့်အသတ်မဲ့ပင်လယ်သည် အရေးကြီးသည့် လက်မှတ်ထိုးဝင်ရာ နေရာတစ်ခု ဖြစ်သည်။

ဤကဲ့သို့သော အရေးကြီးသောနေရာတွင် လက်မှတ်ထိုးခြင်းအတွက် ဆုလာဘ်များကိုသာ သူ သိချင်မိပေသည်။

သို့သော်လည်း ယခုအချိန်တွင် ထိုအကြောင်းကို တွေးမိရုံမျှသာ ဖြစ်သည်။

‌

နောက်ဆုံးတွင်၊ အကန့်အသတ်မဲ့ပင်လယ်ကို ဧကရာဇ်တစ်ပါးပင်လျှင် ဖြတ်ကျော်ရန် မလွယ်ကူပေ။

အထူးအခွင့်အလမ်းမရှိပါက၊ ကျွင်းရှောင်ယောက်သည် အကန့်အသတ်မဲ့ပင်လယ်ကို မစူးစမ်းမီတွင် အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းရမည် ဖြစ်သည်။

'အိုး၊ ငါ မေ့တော့မလို့။ အရင်က မီးနဂါးမျိုးနွယ်ရဲ့ ကျူးယဲ့ဟာ အကန့်အသတ်မဲ့ပင်လယ်မှာ အချိန်ကျမ်းရဲ့ အရိပ်အယောင်တွေရှိတယ်လို့ ပြောခဲ့ဖူးတယ်'

ကောင်းကင်ကျမ်းကိုးအုပ်ကို စုဆောင်းခြင်းသည် ကျွင်းရှောင်ယောက်၏ ဘဝတစ်လျှောက်လုံး လုပ်ဆောင်ခဲ့သော အရာများထဲမှ တစ်ခု ဖြစ်သည်။

ကောင်းကင်ကျမ်းကိုးအုပ်သည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုနှင့် ဆက်နွှယ်နေနိုင်သည်ဟု သူ ယောင်ဝါးဝါးခံစားမိ၏။

ယခုအခါ သူက ကောင်းကင်ကျမ်းကိုးအုပ်မှ ငါးအုပ်ကို စုဆောင်းထားပြီးပြီ ဖြစ်သည်။

အချိန်ကျမ်းက အချိန်လမ်းစဉ်ကို ရှင်းပြထားသည့် ကောင်းကင်ကျမ်းဖြစ်ပြီး ကျွင်းရှောင်ယောက်အတွက် အလွန်အရေးကြီးပေသည်။

'လက်မှတ်ထိုးဖို့ပဲ ဖြစ်ဖြစ်... အချိန်ကျမ်းကို ရှာတာပဲဖြစ်ဖြစ်၊ အနာဂတ်မှာ အကန့်အသတ်မဲ့ပင်လယ်ကို ငါသွားရမယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

သို့သော်လည်း ယင်းက အချိန်တိုအတွင်း မဖြစ်နိုင်တာ သေချာလှပေသည်။

"ကိုင်း၊ အဲဒါကိုကြည့်နေတာ ရပ်လိုက်ကြတော့။ ဒါက လက်ရှိအချိန် မင်းတို့ စဉ်းစားနေလည်း ထိတွေ့နိုင်တာမျိုး မဟုတ်ဘူး"

"မင်းတို့တွေ ဆည်ထဲကို ခြေချချင်ရင် အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ရမယ်"

အကြီးအကဲရွှီမော့က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

သို့သော်လည်း လက်ရှိ ပါရမီရှင်အချို့၏ စူးစမ်းလိုစိတ်က နိုးကြားလာကြသည်။

သူတို့၏ မျက်လုံးများက တောက်ပနေပြီး သူတို့၏စိတ်ထဲမှာလည်း နောက်ထပ် ပန်းတိုင်တစ်ခု ရှိနေပြီ။

"ကိုင်း၊ ငါတို့ နည်းနည်းလောက် ဆက်လျှောက်ပြီးရင် ရောက်ပြီ"

အကြီးအကဲရွှီမော့က ရှေ့မှ လျှောက်လှမ်းသွားကာ ပြောလိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ နောက်ဆုံးတွင် သူတို့ကရွှီထျန်းလောက၏ တည်နေရာသို့ ရောက်ရှိခဲ့သည်။

ပတ်ဝန်းကျင်ကိုကြည့်လျှင် ကြယ်သေများစွာကို မြင်တွေ့ရ၏။

ပြိုကျပျက်စီးနေသော ရှေးခေတ်စစ်သင်္ဘောများ၊ ကွဲအက်နေသော ကြယ်များနှင့် ဟင်းလင်းပြင် အက်ကြောင်းများလည်း ရှိနေသေးသည်။

အမှောင်စကြာဝဠာ၏ နက်နဲသောနေရာတွင် ရှေးဟောင်းကြယ်ထက် ကြီးမားသည့် အမည်မသိ ရှေးဟောင်း သားရဲများ၏ အကြွင်းအကျန်များလည်း ရှိသည်။

"ဒါက ရှေးဟောင်းစစ်မြေပြင်လား"

လူငယ်တစ်ယောက်က အသက်ပြင်းပြင်းရှူလိုက်သည်။

"ရွှီထျန်းလောကဟာ အနန္တ အကျော်အမော်ကြီးနှစ်ဦးရဲ့ နတ်ဘုရားဝိညာဉ်အသိတွေ တိုက်မိရာကနေ ဖြစ်ပေါ်လာခဲ့တာတဲ့"

"ဒါက ဘယ်လိုတိုက်ပွဲမျိုး ဖြစ်ခဲ့မလဲဆိုတာ စိတ်ကူးမကြည့်နိုင်ဘူး"

ဤခရီးစဉ်က ပါရမီရှင်များအားလုံး၏ အသိအမြင်ကို ပြန်လည်ဆန်းသစ်စေသည်ဟု ဆိုနိုင်သည်။

"ဒါက ရွှီထျန်းလောကလား"

ရုတ်တရက် လူငယ်တစ်ယောက်က အော်လိုက်သည်။

သူတို့အရှေ့မှ ကြယ်ကောင်းကင်တွင် ဧရာမဥကြီးတစ်လုံးကဲ့သို့ ဧရိယာတစ်ခု ရှိနေသည်။

အချိန်နှင့်ဟင်းလင်းပြင်က ထိုနေရာတွင် ဖရိုဖရဲဖြစ်နေပုံရ၏။

အကြီးအကဲရွှီမော့က သူတို့ကို ရွှီထျန်းလောကနှင့် များစစွာမဝေးသော ကြယ်အပျက်အယွင်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။

ထိုကြယ်တွင် အင်မော်တယ်အကယ်ဒမီ၏ အကျော်အမော်တချို့က တည်ဆောက်ထားသည့် ရှေးဟောင်း အစီရင်တချို့ရှိသည်။

ထိုအစီရင်ပေါ်တွင် တည်‌ပျဉ်ခွေထိုင်ပြီးနောက် ရှေးဦးဝိညာဉ်ဖြင့် ရွှီထျန်းလောကသို့ တိုက်ရိုက် ဝင်ရောက်နိုင်ပေသည်။

ရှေးဦးဝိညာဉ်သာ ဝင်ရောက်နိုင်သော နယ်မြေဖြစ်သောကြောင့် အန္တရာယ်အကင်းဆုံးလည်း ဖြစ်သည်။

"နောက်ပြီးကျရင် မင်းတို့က ဒီအစီရင်တွေကနေ ရှေးဦးဝိညာဉ်အဖြစ်နဲ့ ရွှီထျန်းလောကကို ဝင်ရောက်နိုင်တယ်"

"ဒါပေမဲ့ မှတ်ထားပါ၊ ရွှီထျန်းလောကကို ရှေးဦးဝိညာဉ်တွေပဲ ဝင်ရောက်နိုင်တယ်ဆိုပေမဲ့ အန္တရာယ်တွေ အများကြီးရှိနေတယ်"

"စိတ်ဝိညာဉ်ပျက်စီးရင် မင်းတို့ တကယ်သေလိမ့်မယ်၊ ဒါက ဝင်ရောက်ခွင့်ကျရှုံးတာပဲ"

"ဒုတိယအနေနဲ့၊ ရွှီထျန်းလောကရဲ့ အထူးစည်းမျဉ်းတွေကြောင့်၊ မင်းရဲ့စိတ်ဝိညာဉ်ဟာ အတွင်းထဲမှာ ပျက်စီးသွားခဲ့ရင်... အချိန်အတိုင်းအတာတစ်ခုအတွင်း ထပ်ပြီးဝင်ရောက်ဖို့ မဖြစ်နိုင်တော့ဘူး"

"ဒါကြောင့် ဒီအခွင့်အရေးကို တန်ဖိုးထားပါ။ ရတနာတစ်ခုမှမရဘဲ ရှုံးနိမ့်သွားရင် နှမြောစရာကောင်းလွန်းတယ်"

"တတိယက ရွှီထျန်းလောကမှာ ရှုပ်ထွေးတဲ့ အချိန်ဟင်းလင်းပြင် နေရာတွေ၊ ကြောက်စရာကောင်းတဲ့ ရှေးပညာရှင်ဝိညာဉ်တွေလည်း ရှိတယ်"

"တချို့ဟင်းလင်းပြင်အက်ကြောင်းတွေက မသိနိုင်တဲ့ ကမ္ဘာတွေကို ဦးတည်နေတယ်။ ဒါကြောင့် သိပ်ပြီး မစူးစမ်းပါနဲ့၊ မဟုတ်ရင် အခွင့်အလမ်းကို ဖြုန်းတီးရာရောက်လိမ့်မယ်"

အကြီးအကဲရွှီမော့က ရှင်းပြလိုက်သည်။

သို့သော်လည်း အဓိကအားဖြင့် ကျွင်းရှောင်ယောက်ကို ရည်ရွယ်နေခြင်း ဖြစ်၏။

နောက်ဆုံးမှာတော့၊ ယခုတစ်ကြိမ်တွင် အင်မော်တယ်အကယ်ဒမီက ကျွင်းရှောင်ယောက်ကို အနိုင်ယူရန်အတွက် ရွှီထျန်းလောကကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ကျွင်းရှောင်ယောက်က ဘာမှ အကျိုးအမြတ်မရဘဲ ထွက်လာခဲ့လျှင် မကောင်းပေ။

"အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ"

ကျွင်းရှောင်ယောက်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

သူ၏ မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်အကြောင်းကို မပြောလျှင်ပင်၊ သူ့တွင် အကာအကွယ်များ ရှိသည်။

လွမ်ကုဧကရာဇ်၏ အဆောင် ရှိ၏။

၎င်းက ရှေးဦးဝိညာဉ်ကို ကာကွယ်ရာတွင် တုနှိုင်းမရပေ။

ထို့နောက် ပါရမီရှင်အုပ်စုတစ်စုက အစီရင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

ရှေးဦးရေစီးကြောင်းများကဲ့သို့ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုပါရမီရှင်များကို ဖုံးအုပ်သွား၏။

သူတို့၏ ဝိညာဉ်များက ခန္ဓာကိုယ်မှ လွတ်မြောက်တော့မည်ကို ချက်ချင်း ခံစားလိုက်ရသည်။

ကျွင်းရှောင်ယောက်မှာလည်း အလားတူပင်။

အချိန်နှင့် နေရာက အပြောင်းအလဲများ ဖြစ်သွားပြီးနောက်...

အမြင်အာရုံများ ပြန်လည် ကြည်လင်လာသည်။

မျက်လုံးပြန်ဖွင့်လိုက်သောအခါ ကျွင်းရှောင်ယောက်ကကျယ်ပြန့်သော နေရာလပ်တစ်ခုသို့ ရောက်ရှိနေပြီ။

ဤသည်က ရှေးဟောင်းစစ်မြေပြင်တစ်ခုကဲ့သို့ပင်။ တောင်နှင့်‌မြစ်များ ပြိုကျနေသည်။

ကောင်းကင်ကလည်း အက်ကွဲကြောင်းများ ပြည့်နှက်နေ၏။

ကျွင်းရှောင်ယောက်၏ ပတ်ဝန်းကျင်မှာတော့ မည်သူမျှမရှိပေ။

ပါရမီရှင်အားလုံးက ရွှီထျန်းလောက၏ ကျပန်းနေရာများသို့ ပို့လွှတ်ခံရကြောင်း ထင်ရှားသည်။

"ဟင်...၊ ဒီခံစားချက်က..."

ရုတ်တရက်၊ ကျွင်းရှောင်ယောက်သည် ထူးခြားသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

သူ့သွေးများ အနည်းငယ်ဆူလာသလို ခံစားလိုက်ရ၏။

ဤနေရာတွင် ရုပ်ခန္ဓာများ မပါဝင်သော်လည်း ကျွင်းရှောင်ယောက်၏ ခန္ဓာကိုယ်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ ဖြစ်သည်။

သူ့သွေးများကို ဆူပွက်လာအောင် လုပ်နိုင်တာက...

'ဒီရွှီထျန်းလောကမှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာ မျိုးရိုးအကြောင်း တစ်ခုခုရှိနေတာလား'

ကျွင်းရှောင်ယောက်မှာ အနည်းငယ် သိချင်လာသည်။

သူက ရွှီထျန်းလောကထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခဲ့ပေသည်။

မျှော်လင့်ထားသည့်အတိုင်း၊ တတိယအကြီးအကဲ၏ သတိပေးချက်မှာ အချည်းနှီးသက်သက် မဟုတ်ပေ။

ကျွင်းရှောင်ယောက်က အတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့် အတားအဆီးတချို့ကို ကြုံတွေ့ခဲ့ရသည်။

ရုတ်တရက်၊ သူ့ရှေ့တွင် ရှေးခေတ်စစ်မြေပြင်ကို ရောင်ပြန်ဟပ်နေသကဲ့သို့ ထူးဆန်းသော မြင်ကွင်းတစ်ခု ရုတ်တရက်ပေါ်လာသည်။

တိုက်ပွဲ၏ အကြွင်းအကျန်များစွာ ရှိနေ၏။

"ဒါက ဘယ်လိုစစ်ပွဲမျိုးလဲ၊ ကမ္ဘာကြီး ပျက်စီးသွားသလို ခံစားရတယ်..."

ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်ပြီး စောင့်ကြည့်လိုက်သည်။

သို့သော် ထိုအခိုက်တွင်၊ သက်ရှိသတ္တဝါကဲ့သို့ မြွေတစ်ကောင်က ကျွင်းရှောင်ယောက်ဆီသို့ ပျံသန်းလာသည်။

"ဟမ်"

ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။

တောက်ပသော နတ်သံကြိုးများ ထွက်ပေါ်လာပြီး ရွှေရောင် ဓားငယ်တစ်လက်အဖြစ်သို့ ပြောင်းလဲသွား၏။

ယင်းက မူလတာအိုအုပ်ချုပ်သူဓားပင်။

"ရွှပ်"

မူလတာအိုအုပ်ချုပ်သူဓားက မြွေကို အပိုင်းပိုင်း ဖြတ်တောက်ပစ်လိုက်သည်။

"ဒါက တတိယအကြီးအကဲပြောခဲ့တဲ့ ရှေးပညာရှင် ဝိညာဉ်လား"

ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။

ရွှီထျန်းလောကသည် အလွန်ထူးဆန်းသည်။

ထိုကပ်ဆိုးတိုက်ပွဲတွင် ပါဝင်နေသော သတ္တဝါများစွာနှင့် အကျော်အမော်များ၏ အငွေ့အသက်များက ဤကမ္ဘာပေါ်တွင် စွဲထင်ကျန်ရစ်ခဲ့၏။

"ဒုန်း... ဒုန်း"

တစ်ဖက်မှ မြင်းစီးသူရဲကောင်းများ၊ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးမျောက်ဝံများ၊ သာလွန်သော နတ်ဘုရားမများနှင့် အခြားသော ဝိညာဉ်များ ထွက်ပေါ်လာပြန်သည်။

တစ်စုံတစ်ယောက်၏ ရှေးဦးဝိညာဉ်သည် အားနည်းပါက ဤရှေးပညာရှင်ဝိညာဉ်များ၏ တိုက်ရိုက် အသတ်ခံရကာ အခွင့်အလမ်းများ ဆုံးရှုံးသွားလိမ့်မည်။

သို့သော်လည်း ကျွင်းရှောင်ယောက်က မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် ဖြစ်သည်။ သူ၏ ဝိညာဉ်က အနန္တအဆင့်သို့ ရောက်ရှိနေပြီး ဝိညာဉ်ကျမ်းကိုလည်း လေ့ကျင့်ထားသေးသည်။

ရှေးဦးဝိညာဉ်လမ်းစဉ်တွင် သူက အဆင့်တစ်ခုသို့ ရောက်နေပြီဟု ဆိုနိုင်သည်။

ကျွင်းရှောင်ယောက်က သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဝါးမျိုခြင်းစွမ်းအားကို အသက်သွင်းကာ တွင်းနက်ကြီးတစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုရှေးပညာရှင်ဝိညာဉ်များက စိတ်ဝိညာဉ်အတွက် အသန့်စင်ဆုံးအရင်းအမြစ်အဖြစ် တိုက်ရိုက် သန့်စင်ခံခဲ့ရလေသည်။

'အလို၊ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက နည်းနည်း တိုးတက်လာတယ်'

ကျွင်းရှောင်ယောက် အံ့ဩသွားသည်။

ပုံမှန်ဆိုလျှင် ရှေးဦးဝိညာဉ်က အနန္တအဆင့်၏ ကြီးမားသော ပြီးပြည့်စုံမှုသို့ ရောက်ရှိပြီးနောက် တိုးတက်ရန် အလွန်ခက်ခဲနေပြီ ဖြစ်သည်။

သို့သော်လည်း ‌ဤရှေးပညာရှင်ဝိညာဉ်များကို သန့်စင်လိုက်သောအခါ... သူ၏ စိတ်ဝိညာဉ်စွမ်းအားက တိုးတက်လာရုံမျှမကဘဲ ပို၍ သန့်စင်လာခဲ့သည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများ တောက်ပလာသည်။

ဤရှေးပညာရှင်ဝိညာဉ်များက ရှေးဦးဝိညာဉ်အဆင့်ကို မြှင့်တင်ရန်အတွက် အကောင်းဆုံးအာဟာရ ဖြစ်နိုင်သည်။

All Chapters