← Chapters

အခန်း ၁၁၆၈

Vol. 78 Ch. 1168

အခန်း ၁၁၆၈

Vol. 78 Ch. 1168

အခန်း ( ၁၁၆၈ ) စန်းမျိုးနွယ် ပေါ်လာခြင်း။

ရုတ်တရက် ပေါ်လာကြသော လူများက မိုးပြာရောင်အလင်းများ လွှမ်းခြုံထားကာ လျှို့ဝှက်ဆန်းကျယ်သည်။ သူတို့က သာမန်လူများနှင့် ကင်းကွာပုံရ၏။

အင်မော်တယ်အကယ်ဒမီ၏ တပည့်များလည်း စိတ်ရှုပ်ထွေးနေတော့သည်။

ယခုတစ်ကြိမ် ရွှီထျန်းလောကကို ဖွင့်လှစ်သောအခါ အင်မော်တယ်အကယ်ဒမီ၏ တပည့်များသာ ဝင်ရောက်ခဲ့ကြသည်။

ဤလူများက မည်သည့်နေရာမှ ရောက်လာကြသနည်း။

ထို့ပြင်၊ သူတို့၏ စကားများက မောက်မာပြီး အထင်မြင်သေးမှုတို့ ပြည့်နေသည်။

ဤလူများ၏ အပြုအမူနှင့် သဘောထားက သိပ်ပြီး အဆင်မပြေပေ။

သို့သော်လည်း သူတို့၏ အလင်းရောင်များက ကောင်းကင်ကဲ့သို့ ကျယ်ပြောတာကိုတော့ ဝန်ခံရမည်။

သူတို့က ဟွမ်နျဲ့တောက်၊ ကျွင်းပေါင်လီနှင့် အခြားသူများထက် အားမနည်းပေ။

"မင်းတို့ကလည်း ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို လိုချင်နေတာလား"

ဟွမ်နျဲ့တောက်၏ အမူအရာက အေးစက်နေသည်။

သူက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို သူ့ကိုယ်ပိုင်အဖြစ် မှတ်ယူထားကာ အခြားသူများကို ထိတွေ့ခွင့်မပြုနိုင်ပေ။

"ဝုန်း"

ဟွမ်နျဲ့တောက်က အပိုစကားများမပြောတော့ဘဲ တိုက်ရိုက် လှုပ်ရှားလိုက်သည်။ အင်မော်တယ်မီးလျှံများက မရေမတွက်နိုင်သော ဓားငှက်မွေးများအဖြစ်သို့ ပြောင်းလဲကာ ပြေးထွက်သွား၏။

သို့သော်လည်း ထိုသူများက ဂရုမစိုက်သလို ပေါ့ပေါ့ပါးပါး ရှိကြသည်။

သူတို့က လက်ဝါးရိုက်ချက် ထုတ်ဖော်လိုက်သောအခါ ကောင်းကင်ပြိုကျသကဲ့သို့ ကြီးမားသော စွမ်းအင်များ တုန်ထိုးတက်လာသည်။

ထူးဆန်းသော မြင်ကွင်းများလည်း ပေါ်လာ၏။

ရှေးနတ်ဘုရားများ၏ အရိုအသေပေးခြင်း ရူပါရုံများက အံ့ဩစရာပင်။

ဤလူများက ဘယ်နေရာမှ ရောက်လာသလဲဆိုတာကို ပို၍ မှန်းဆရန်ခက်လာသည်။

"ဝုန်း"

ထိပ်တိုက်တွေ့ဆုံသွားသော်လည်း ထိုရုပ်သွင်များက လုံးဝ မလှုပ်ရှားပေ။

ဟွမ်နျဲ့တောက်၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာသည်။

သူက အစွမ်းကုန် မထုတ်ဖော်သော်လည်း ဤတိုက်ခိုက်မှုမှာ သာမန်လူများ ကိုင်တွယ်နိုင်သောအရာ မဟုတ်ပေ။

"အံ့ဩနေကြတာလား"

"ငါ့မျိုးနွယ်စုရဲ့ မျိုးဆက်သစ်တွေကြားထဲမှာ ငါ့ခွန်အားက ပျမ်းမျှလောက်ပဲလို့ ပြောရင် မင်းတို့ ပိုပြီး အံ့သြကြလိမ့်မယ်"

ဟွမ်နျဲ့တောက်၏ အနည်းငယ် အံ့အားသင့်နေသည့် အကြည့်တို့ကို မြင်လိုက်ရသောအခါ တစ်ဖက်လူက တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အင်မော်တယ်အကယ်ဒမီ၏ တပည့်များအားလုံး ပင့်သက်ရှိုက်လိုက်မိကြသည်။

ဒီလူတွေရဲ့ ခွန်အားက သူတို့မျိုးနွယ်စုမှာ သာမန်လောက်ပဲလား။

တစ်နည်းဆိုရသော်၊ ဟွမ်နျဲ့တောက်ကဲ့သို့ ရှေးဧကရာဇ်၏ သားတော်များပင်လျှင် ထိုမျိုးနွယ်မှာ သာမန်တန်းစား ဖြစ်မည်လော။

ကြောက်စရာကောင်းလွန်းသည်။

"မင်းတို့က ဘယ်အင်အားစုကနေ လာတာလဲ"

ဟွမ်နျဲ့တောက်လည်း မျက်မှောင်ကြုတ်သွားသည်။

အခြေအနေက ခက်ခဲပြီး သူ့ထိန်းချုပ်နိုင်မှုထက် ကျော်လွန်လာပြီဟုလည်း ခံစားလာရတော့သည်။

"ကောင်းကင်ရဲ့ အလိုတော်ကို လိုက်ပါတယ်"

တစ်ယောက်က တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ဟွမ်နျဲ့တောက်၏ မျက်လုံးများက ပြူးကျယ်သွား၏။

ရှေးဧကရာဇ်၏သားတော်အနေဖြင့် သူ၏ အသိအမြင်မှာ ထူးခြားသည်။

"ကောင်းကင်ရဲ့အလိုတော်ကို လိုက်ပါတယ်" ဆိုသော စကားလုံးများနှင့် သူတို့၏ ကောင်းကင် အရှိန်အဝါများကို ပေါင်းစပ်လိုက်သောအခါ...

မျိုးနွယ်စုတစ်ခုအကြောင်း ချက်ခြင်း တွေးလိုက်မိသည်။

အင်မော်တယ်နယ်မြေကြီး၏ ရေအောက်မှာ အသန်မာဆုံး...

စန်းမျိုးနွယ်စု...

ဟွမ်နျဲ့တောက်မှာ လွန်စွာ တုန်လှုပ်သွားလေသည်။

'ဒီရွှေခေတ်မှာ ဒီမျိုးနွယ်စုလည်း ကိုယ်ထင်ပြလာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူတို့က မြင်ကွင်းရှေ့ကို ထွက်လာတော့မှာလား'

ဟွမ်နျဲ့တောက်၏ စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။

သူ၏ဖခင်... အင်မော်တယ် ရှေးဧကရာဇ်ကလည်း သူ့ကို သတိပေးဖူးသည်။

ရေအောက်တွင် ပုန်းအောင်းနေသော ရှေးခေတ် အင်အားစုတချို့ရှိပြီး သူတို့နှင့်မရှုပ်မိလျှင် အကောင်းဆုံးပင်။

စန်းမျိုးနွယ်က ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်။

ဒါက ဟွမ်နျဲ့တောက်၏ အမူအရာကို အေးခဲကာ အကျပ်ရိုက်သွားစေသည်။

နောက်ဆုံးတွင်၊ သူက အလွန်ကြီးစိုးပြီး ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို သိမ်းပိုက်မည်ဟု ဆိုထားခဲ့သည် မဟုတ်လော။

ယခုတော့ ထိပါးရန်မလွယ်သော ထိုမျိုးနွယ်မှလူများ ပေါ်လာခဲ့ကြပြီ ဖြစ်သည်။

"မင်းကို ငါသိပါတယ်။ မင်းက အင်မော်တယ်ရှေးဧကရာဇ်ရဲ့ သားတော် မဟုတ်လား။ မင်း‌အဖေရဲ့ မျက်နှာကြောင့် မင်းကို ဆက်မလိုက်တော့ဘူး"

ခေါင်းဆောင်လာသော လူငယ်က ပြောလိုက်သည်။

ဟွမ်နျဲ့တောက်လည်း အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏။

သူက ဤလူများကို အနိုင်ယူနိုင်တာ... အနိုင်မယူနိုင်တာအသာထား၊

သူတို့ကို အနိုင်ယူနိုင်ရင်တောင် တိုက်ခိုက်ရန် မလွယ်ပေ။

စန်းမျိုးနွယ်က လျှို့ဝှက်ဆန်းကြယ်လွန်းသည်။ သူတို့ကို အမှန်တကယ် စော်ကားလျှင် ရလဒ်ကောင်းများ ရရှိနိုင်မည် မဟုတ်ပါ။

သူ့ကို ကာကွယ်ရန် ဖခင်ကောင်းတစ်ယောက်ရှိရင်တောင် လွယ်မည်မဟုတ်ပေ။

ဟွမ်နျဲ့တောက်က ဘာမျှမပြောတော့ဘဲ တိတ်တဆိတ် ဆုတ်သွားသည်။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်အတွက် ဤမျိုးနွယ်ကို စော်ကားမိလျှင် မတန်ပေ။

"ဟမ့်၊ အဲဒါက ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး ရတနာ မဟုတ်ဘူးလား။ မင်း ဘာဖြစ်လို့ ဆက်ပြီး မယှဉ်ပြိုင်တော့တာလဲ။ တကယ်ကို အရှက်မဲ့ပြီး ကြောက်တတ်တဲ့ ငှက်တစ်ကောင်ပဲ"

ဟွမ်နျဲ့တောက်၏ သဘောထားကို မြင်လိုက်ရတော့ ရှောင်ယီက သဘာဝအတိုင်း လက်လွတ်မခံဘဲ လှောင်ပြောင်လိုက်သည်။

"သူက အဖေအားကိုးနဲ့ ကျယ်နေတဲ့သူပဲ"

"သူ့ရဲ့ အ‌ဖေကြောင့်သာမဟုတ်ရင် သူ့လက်ရှိအနေအထားကို ဘယ်လိုရနိုင်မှာလဲ"

အင်မော်တယ်အကယ်ဒမီ၏ တပည့်တချို့ကလည်း အထင်မြင်သေးစွာဖြင့် မကြားတကြား ပြောဆိုလိုက်ကြသည်။

'မင်းတို့ကမှ အခြေအနေကိုမသိတဲ့သူတွေ'

ဟွမ်နျဲ့တောက်က ရှောင်ယီနှင့် အခြားသူများကို အေးစက်စက်ဖြင့်ကြည့်ကာ ဆက်လျှောက်သွားလေသည်။

အင်မော်တယ်အကယ်ဒမီ၏ အခြား တပည့်များလည်း နောက်ဆုတ်ရန် ဟန်ပြင်လိုက်ကြသည်။

ကျွင်းပေါင်လီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

'ဒီမျိုးနွယ်လည်း ပေါ်လာခဲ့ပြီလား'

ကျွင်းပေါင်လီကလည်း ထိုလူများ၏ အထောက်အထားကို ခန့်မှန်းမိပေသည်။

သူက နောက်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ ယခုအချိန်တွင် ထိုလူများနှင့် မညိစွန်းလိုသေးပေ။

သို့သော်လည်း ထိုအချိန်တွင်၊ တစ်ဖက်လူများမှ ခေါင်းဆောင်က ရုတ်တရက် ပြောလိုက်သည်။

"ခဏနေဦး၊ ကျွင်းရှောင်ယောက်နဲ့ ပတ်သက်တဲ့သူတွေ နေခဲ့ပါ"

အနီးနားရှိ အင်မော်တယ်အကယ်ဒမီ၏ တပည့်များ အံ့အားသင့်သွားကြ၏။

ရုတ်တရက်ပေါ်လာသည့် ဤလျှို့ဝှက်ဆန်းကြယ်သော အင်အားစုက ကျွင်းရှောင်ယောက်နှင့် ရန်ညှိုးရှိခြင်း ဖြစ်မည်လော။

"နင် ဘာသဘောလဲ"

မင်းသမီးလုံကျိက သတိထားကာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး၊ ကျွင်းရှောင်ယောက်က အမှားတစ်ခု လုပ်ထားတယ်။ ဒါကြောင့် မင်းတို့ကို အရင် အပြစ်ပေးမယ်"

တစ်ဖက်လူစု၏ ခေါင်းဆောင်က ပြောလိုက်၏။

"အတင့်ရဲလို့"

မင်းသမီးလုံကျိ၏ လှပသော မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ ပေါ်လာသည်။

ကျွင်းရှောင်ယောက်ကို အမှန်၊အမှား ဆုံးဖြတ်ရအောင် ဘယ်သူက အရည်အချင်းရှိလို့လဲ။

"အစ်ကိုကြီးကျွင်းက အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကွ။ မင်းတို့ ကန်းနေကျတာလား"

ရှောင်ယီကလည်း ဒေါသတကြီး အော်လိုက်သည်။

"ကျွင်းရှောင်ယောက်က အကြောင်းပြချက်တစ်ခုပါပဲ။ နောက်ပြီးတော့ ငါတို့က အဲဒီအမျိုးသမီးကို အရမ်းစိတ်ဝင်စားတယ်။ သူက ငါတို့မျိုးနွယ်ထဲမှာ ပါဝင်နိုင်တယ်"

တခြားတစ်ယောက်ယောက်က ကျွင်းပေါင်လီအနားမှ လီချင်းအာကို လက်ညှိုးထိုးလိုက်သည်။

လီချင်းအာ၏ အမူအရာက ပြောင်းလဲသွားသည်။

ကျွင်းပေါင်လီ၏ အမူအရာမှာလည်း အေးစက်သွား၏။

လီချင်းအာက သူ၏ ပြောင်းပြန်အကြေးခွံဖြစ်ကာ ထိပါး၍မရပေ။

"မင်းတို့လွန်သွားပြီ"

ကျွင်းပေါင်လီက လျစ်လျူရှုစွာ ပြောလိုက်သည်။

"ကောင်းကင်သရဖူကို သန့်စင်ထားသူက ငါတို့ရဲ့ မျိုးနွယ်ဝင်ဖြစ်သင့်တယ်"

"ဒါပေမဲ့ မင်းတို့ လက်မခံရင်လည်း ကိစ္စမရှိပါဘူး၊ ငါတို့မျိုးနွယ်စုက သူ့ခန္ဓာကိုယ်ထဲက ကောင်းကင်သရဖူကို ပြန်လည်ထုတ်ယူနိုင်တဲ့ အထူးနည်းလမ်းရှိတယ်"

ခေါင်းဆောင်လူငယ်က ရက်စက်ကြမ်းကြုတ်သောလေသံဖြင့် ပြောလိုက်၏။

"ဝုန်း"

ကျွင်းပေါင်လီက အချိန်မဆိုင်းတော့ဘဲ ရှေးဦးဝိညာဉ်စွမ်းအားကို ထုတ်ဖော်ကာ တိုက်ခိုက်လိုက်တော့သည်။

"ဟားဟားဟား၊ ငါတို့က ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ရယူဖို့ လာခဲ့မှတော့ ကြိုတင်မပြင်ဆင်ဘဲရှိမှာလား"

ထိုလူများက သူတို့၏ ရှေးဦးဝိညာဉ်စွမ်းအားကို ပြိုင်တူ အသက်သွင်းလိုက်ကြသည်။

တခဏချင်းမှာပင် ကောင်းကင်ကဲ့သို့ ဖိနှိပ်မှုအင်အားများ တိုးတက်လာ၏။

မိုးပြာရောင် အစီရင်အလွှာကြီးတစ်ခု ထွက်ပေါ်လာသည်။ မိုင်ပေါင်းများစွာ ရှည်လျားသော တောင်များကိုပင် ဖြိုချနိုင်သကဲ့သို့ ဖိအားက ကြီးမားလွန်း၏။

ကျွင်းပေါင်လီကဲ့သို့ အစွမ်းထက်သူတစ်ဦးပင်လျှင် ဤအစီရင်ကို ရင်ဆိုင်ရသောအခါ၊ သူ၏ ဝိညာဉ်ခန္ဓာက တုန်ခါပြီး နောက်ဆုတ်သွားရတော့သည်။

လီချင်းအာ၊ ရှောင်ယီနှင့် မင်းသမီးလုံကျိတို့ကလည်း အစီရင်ကို ခုခံရန် လှုပ်ရှားလိုက်ကြသည်။

"အသုံးမဝင်တဲ့ ရုန်းကန်မှုတွေ လုပ်မနေစမ်းပါနဲ့။ ကျွင်းရှောင်ယောက် ဘယ်မှာလဲ၊ သူ့အပြစ်ကို လာပြီးခံယူစေ"

"ကောင်းကင်ကို စော်ကားဖို့ ဘယ်သူက သူ့ကို သတ္တိတွေပေးထားတာလဲ"

ထိုလူတွေက မာနကြီးလွန်းသည်။

ကောင်းကင်က ဆရာကြီးဖြစ်လျှင် သူတို့က ဆရာလေး ဖြစ်သည်။

ကောင်းကင်မှလွဲ၍ ကမ္ဘာပေါ်တွင် မည်သူ့ကိုမျှ အထင်မကြီးပေ။

ထိုစဉ်၊ ကြယ်ကောင်းကင်အထက်မှာ ဧရာမ ရွှေရောင်ဓမ္မခန္ဓာကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ မဟာနေမင်း သထ္ထကထာက ရှေးဦးတောင်တစ်လုံးကဲ့သို့ အစီရင်ကို ဖိချလိုက်တော့သည်။

"ငါ့ကို အပြစ်ပေးရအောင် ဘယ်သူက အရည်အချင်းရှိလဲ။ မင်းတို့မပြောနဲ့... ကောင်းကင်တောင်မှ မလုပ်နိုင်ဘူး"

All Chapters