အခန်း ၁၁၆၉
Vol. 78 Ch. 1169
အခန်း ( ၁၁၆၉ ) သူတို့က ကောင်းကင်လမ်းစဉ်ရဲ့ လက်ပါးစေလောက်ပဲ။
အေးစက်ပြီး လျစ်လျူရှုထားသော စကားသံက ဤနေရာအနှံ့ ပဲ့တင်ထပ်သွားသည်။
မထွက်သွားရသေးသော အင်မော်တယ်အကယ်ဒမီမှ တပည့်များလည်း ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားကြလေသည်။
"နတ်ဘုရားသားတော် ရောက်လာပြီ"
ကျွင်းရှောင်ယောက်က ကောင်းကင်ထက်မှ တည်ငြိမ်စွာ လျှောက်လာသည်။
ယခင်က သူသည် စိတ်ဝိညာဉ်လွင့်ပြယ်မြူများဖြင့် သူ့ကိုယ်သူ လေ့ကျင့်နေသောကြောင့် အချိန်အနည်းငယ်ကြာခဲ့ပြီး ဤနေရာကို ချက်ချင်း မရောက်နိုင်ခဲ့ပေ။
"အစ်ကိုကြီးကျွင်း"
"သခင်"
"ရှောင်ယောက်"
ရှောင်ယီ၊ မင်းသမီးလုံကျိ၊ ကျွင်းပေါင်လီနှင့် အခြားသူများက ကျွင်းရှောင်ယောက်ကိုမြင်သောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
သူတို့၏စိတ်ထဲတွင် ထူးခြားသော တည်ငြိမ်အေးချမ်းမှုကို ခံစားလိုက်ရ၏။
ကျွင်းရှောင်ယောက် ပေါ်လာသရွေ့တော့ အခက်အခဲအားလုံး ပြေလည်သွားလိမ့်မည်ဟု ထင်ရသည်။
မသိလိုက်ခင်မှာပင် ကျွင်းရှောင်ယောက်က လူတိုင်း၏ နှလုံးသားကို တည်ငြိမ်စေနိုင်သော စွမ်းအင်တစ်ခု ဖြစ်လာပြီ။
"အစ်ကိုကြီးကျွင်း ရောက်လာပြီကွ၊ သူတို့တွေ အရင်လို မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့"
ရှောင်ယီက စိတ်လှုပ်ရှားစွာဖြင့် လက်သီးဆုပ်လိုက်သည်။
မဟာနေမင်း သထ္ထကထာ ဓမ္မခန္ဓာကြီးက အစီရင်ကို ဖိချလိုက်သည်။
“ဘယ်လောက်တောင် စွမ်းအားကြီးလိုက်တဲ့ ရှေးဦးဝိညာဉ်လဲ..."
တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်၏။
ထိုလူအဖွဲ့မှ ခေါင်းဆောင်က ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
"သူက တကယ်ရောက်လာတာပဲ၊ ဒါကလည်း ကောင်းတယ်။ တချို့အရာတွေကို တစ်ခါတည်း ဖြေရှင်းလိုက်လို့ရတာပေါ့"
ကျွင်းရှောင်ယောက်ကတော့ ထိုလူအုပ်စုကို ချက်ချင်း မကြည့်သေးပါ။
ထိုအစား သူက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ကို ကြည့်လိုက်သည်။
"ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ဆိုတာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ ရတနာတစ်ခုပဲ။ မဟာအကြီးအကဲက ငါ့ကို မလိမ်ညာခဲ့ဘူး"
ကျွင်းရှောင်ယောက်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။
သို့ရာတွင်၊ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်၏ အငွေ့အသက်များက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု သူ ခံစားလိုက်မိသည်။
သို့သော်လည်း မည်သို့ပင်ဆိုစေ... သိမ်းယူလိုက်ရဦးမည်။
ကျွင်းရှောင်ယောက်က မြင်သောအရာမှာ သူ့ဟာ ဖြစ်သည်။
"ဒါက ငါ့မျိုးရိုးက ကျိုးထျန်းတောက်ကျစ် လိုချင်တဲ့အရာနော်။ မင်း တကယ်ပဲ လုယက်ဝံ့လား"
လျှို့ဝှက်ဆန်းကြယ်သော လူစု၏ခေါင်းဆောင်က ပြောလိုက်သည်။
ထိုမှသာ ကျွင်းရှောင်ယောက်က သူတို့ကို အာရုံစိုက်မိခဲ့လေသည်။
သို့သော်လည်း သေချာကြည့်လိုက်ပြီးနောက် သူ့အမူအရာက တည်ငြိမ်သွားသည်။
"စန်းမျိုးနွယ်က လူတွေ မဟုတ်လား"
ကျွင်းရှောင်ယောက်က ပြောလိုက်သည်။
အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာက စိတ်ရှုပ်ထွေးနေကြသည်။ သူတို့က နားမလည်နိုင် ဖြစ်နေလေ၏။
သို့သော်လည်း လူတချို့၏ မျက်လုံးများမှာတော့ တွေးဆမှုအရိပ်အယောင်များ ပေါ်လာတော့သည်။
ထို့နောက် တစ်ခုခုကို တွေးလိုက်မိသကဲ့သို့ သူတို့၏မျက်လုံးများ တုန်လှုပ်သွားကာ အသက်ပြင်းပြင်းရှူလိုက်မိကြသည်။
"စန်းမျိုးနွယ်... ဒါက ရှေးသမိုင်းစာအုပ်တချို့မှာ ဖော်ပြထားတဲ့ မျိုးနွယ်တစ်ခုပဲ"
"စန်းမျိုးနွယ်အကြောင်းကို ငါတို့မျိုးနွယ်ရဲ့ အကျော်အမော်တစ်ဦးကပြောတာ ကြားဖူးတယ်။ ဒါက အင်မတန်လျှို့ဝှက်ဆန်းကျယ်တဲ့ တားမြစ်မျိုးနွယ်တစ်ခုပဲ"
"တကယ်ကို စန်းမျိုးနွယ်ဖြစ်နေတာပါလား"
ထိုအကြောင်းကိုသိသော ပါရမီရှင်အားလုံး အံ့ဩတုန်လှုပ်သွားကြလေသည်။
ဒီမျိုးနွယ်စုတောင် ကိုယ်ထင်ပြလာခဲ့ပြီလား။
စန်းမျိုးနွယ်မှ ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်သည်။ ကျွင်းရှောင်ယောက်က သူတို့၏ အထောက်အထားများကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားမည်ဟု မထင်ထားခဲ့ပေ။
သို့သော်လည်း သူတို့က ဂရုမစိုက်ပါ။
မည်သို့ပင်ဆိုစေ၊ သူတို့၏မျိုးနွယ်က ဤရွှေခေတ်တွင် တဖြည်းဖြည်း ပေါ်ထွက်လာတော့မည် ဖြစ်သည်။
သူတို့ရဲ့ တုံ့ပြန်မှုကိုမြင်တော့ ကျွင်းရှောင်ယောက်က သဘောပေါက်သွားသည်။
သူတို့ပြောသည့် ကျိုးထျန်းတောက်ကျစ်မှာ ကောင်းကင်သားတော် ရှစ်ဦးထဲမှ တစ်ဦးဖြစ်လိမ့်မည်။
ယခင်က ယွီဟွာဝမ်သည် စန်းမျိုးနွယ်နှင့် ကောင်းကင်သားတော် ရှစ်ဦးကို သတိထားရန် ပြောခဲ့သည်။
၎င်းတို့က ဆန့်ကျင်ခြင်း ဧကရာဇ်ခုနစ်ပါးနှင့် မတူပေ။
ကောင်းကင်သားရှစ်ယောက်တို့က စန်းမျိုးနွယ်၏ စစ်မှန်သော ထိပ်တန်းပါရမီရှင်၊ ကောင်းကင်၏ ကောင်းချီးပေးခံရသူများ ဖြစ်ကြသည်။
"ငါက စန်းမျိုးနွယ်က လီကူပဲ။ ငါတို့ရဲ့ အထောက်အထားတွေကို မင်းသိတဲ့အတွက် မင်း အမှားကြီးမှားခဲ့တာကိုလည်း သိသင့်တယ်"
စန်းမျိုးနွယ်၏ခေါင်းဆောင် လီကူက အေးစက်စက် ပြောလိုက်သည်။
"ငါက ဘာမှားလို့လဲ"
ကျွင်းရှောင်ယောက်က အနည်းငယ် ပြုံးလိုက်သည်။
"ကောင်းကင်ကို ဆန့်ကျင်မှု"
လီကူက ပြောလိုက်၏။
ကျွင်းရှောင်ယောက်က ပြုံးနေဆဲ ဖြစ်သည်။ သို့သော်လည်း သူ့အပြုံးက အေးစက်မှုဘက်ကို ရောက်လာနေပြီ။
"တကယ်ကို မိုက်မဲပြီး ရယ်စရာကောင်းတာပဲ။ မင်းတို့လို ကောင်းကင်ရဲ့ လက်ပါးစေတွေကို မပြောနဲ့... ကောင်းကင်တောင်မှ ငါ့ကို မယှဉ်နိုင်ဘူး"
ကျွင်းရှောင်ယောက်၏ စကားသံကြောင့် တစ်နေရာလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
စန်းမျိုးနွယ်သည် ကမ္ဘာ့မြင်ကွင်း၏ နောက်ကွယ်မှ အမြင့်မြတ်ဆုံး ထိပ်တန်းမျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့က ကောင်းကင်၏ မျက်နှာသာပေးခံရပြီး သူတို့၏ကိုယ်ထဲမှာလည်း မိုးပြာရောင်သွေးများ စီးဆင်းနေ၏။
သူတို့၏အမြင်တွင်၊ သက်ရှိအားလုံးက ပုရွက်ဆိတ်များထက် ပို၍ နိမ့်ကျသည်။
သို့သော်လည်း ယခုတော့ ကျွင်းရှောင်ယောက်က သူတို့ကို လက်ပါးစေများဟု ပြောနေပြီ။
အခြားသူများကို မဆိုထားဘိ၊ လီကူနှင့် အခြားသူများပင်လျှင် နားကြားမှားသည်ဟု ထင်လိုက်မိကြသည်။
သို့ရာတွင်၊ ကျွင်းရှောင်ယောက်က သူတို့၏ တုံ့ပြန်မှုကို မစောင့်နေပါ။
ကျွင်းရှောင်ယောက်က သူ၏ ရှေးဦးဝိညာဉ်စွမ်းအားကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ မဟာနေမင်း သထ္ထကထာက ကြီးကျယ်ခမ်းနားသော ရောင်ခြည်တန်းများနှင့်အတူ တစ်ဖန် ထွက်ပေါ်လာ၏။
အနန္တအဆင့် ဝိညာဉ်စွမ်းအားအောက်တွင် လီကူတို့၏ အစီရင်က အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
"မောက်မာလိုက်တာ"
လီကူက ပထမဆုံး တုံ့ပြန်လိုက်သည်။ ကြောက်စရာကောင်းအောင် အေးစက်သော အလင်းရောင်တစ်ခုက သူ့မျက်လုံးထဲမှ ထွက်လာ၏။
ဒါက သူတို့ တစ်ခါမှ မခံစားဖူးသော အရှက်တရားတစ်ခုပင်။
စန်းမျိုးနွယ်ဝင်များက သူတို့၏ ရှေးဦးဝိညာဉ်စွမ်းအားကို စုစည်းလိုက်သည်။ ကောင်းကင်လမ်းစဥ်ကဲ့သို့ ကျယ်ပြောသော အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်လာ၏။
သူတို့က ဤလောကသို့ ဆင်းသက်လာသော နတ်ဘုရားများကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် ကြယ်ကောင်းကင်က တုန်ခါလာပုံရသည်။
မရေမတွက်နိုင်သော ကြယ်များမှ ကြယ်အလင်းရောင်က လီကူနှင့် အခြားသူများ၏ ရှေးဦးဝိညာဉ်များအပေါ် ဖြာကျလာတော့သည်။
"သူတို့ကို ကောင်းကင်ရဲ့လူလို့ ဆိုကြပြီး ကောင်းကင်လမ်းစဥ်ရဲ့ စွမ်းအားကိုတောင် အသုံးချနိုင်ကြတယ်။ ဒီစန်းမျိုးနွယ်က တကယ်ကို မရိုးရှင်းဘူး"
လီကူနှင့် အခြားသူများ၏ လှုပ်ရှားမှုကိုမြင်တော့ ကျွင်းပေါင်လီ၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။
သူတို့က ကောင်းကင်လမ်းစဉ်မှ စွမ်းအားကို အမှန်တကယ် ဆွဲယူသုံးစွဲနိုင်ကြ၏။
တစ်ဖက်က မိမိကိုယ်ကို ကောင်းချီးပေးနိုင်သည်။
အခြားတစ်ဖက်မှာတော့ မိမိ၏ ရန်သူကို ဖိနှိပ်ရန် ကောင်းကင်းလမ်းစဥ်၏ စွမ်းအင်ကို အသုံးပြုနိုင်ပေသည်။
ဟုတ်သည်၊ လီကူနှင့် အခြားသူများက စန်းမျိုးနွယ်၏ မျိုးဆက်သစ်များထဲတွင် ထိပ်တန်းအဆင့်ဟု မဆိုနိုင်ပေ။
ထို့ကြောင့် သူတို့ ဆွဲယူနိုင်သော စွမ်းအားက အကန့်အသတ် ရှိသည်။
သို့သော်လည်း ထိုသို့ဖြစ်လျှင်ပင် ကြောက်စရာကောင်းနေသေးသည်။
ဟွမ်နျဲ့တောက်နှင့် အခြားသူများပင်လျှင် စွမ်းအားအကုန် သုံးစွဲကြရမည် ဖြစ်သည်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော့ လွတ်လပ်ပေါ့ပါးပြီး တည်ငြိမ်နေဆဲပင်။
အကယ်၍ ကောင်းကင်သားတော်ရှစ်ပါးသာ တစ်ပြိုင်နက်တည်း ပေါ်လာပြီး တိုက်ခိုက်ကြပါက...
ကျွင်းရှောင်ယောက်သည် ရှားရှားပါးပါး တိုက်ခိုက်လိုစိတ်တို့ ရှိကောင်းရှိနိုင်သည်။
သို့ရာတွင် လီကူနှင့် အခြားသူများကတော့ မထိုက်တန်ပေ။
ကျွင်းရှောင်ယောက်က သူ့လက်နှစ်ချောင်းကို ဓားကဲ့သို့ အသုံးပြုကာ ရိုးရိုးလေး ညွှန်ပြလိုက်သည်။
ဓားအလင်းတစ်ခု ထွက်ပေါ်လာ၏။
ဤဓားအလင်းက သာမန်သာ ဖြစ်သည်။ ၎င်းတွင် ထူးကဲသော အရိပ်အယောင်တို့ လုံးဝ မရှိဘဲ ရိုးရှင်းလွန်းပုံရ၏။
လီကူနှင့် အခြားသူများက ဒါကိုမြင်တော့ အနည်းငယ် အံ့ဩသွားကာ လှောင်ပြောင်လိုက်ကြသည်။
"ဒါပဲ... ဒါပဲလား။ တစ်ချိန်က မျိုးဆက်သစ်လူငယ်တွေကြားမှာ ပြိုင်ဘက်ကင်းလို့ ဘွဲ့ခံယူထားသူက ငါ့စန်းမျိုးနွယ်ကို ကြောက်နေပြီလား"
မူလက ကျွင်းရှောင်ယောက်သည် ကြမ်းတမ်းသော စကားများကို ပြောထားသောကြောင့် ခပ်ကြမ်းကြမ်း တိုက်ခိုက်မည်ဟု ထင်ထားခဲ့ကြသည်။
ယခုတော့... ဤလှုပ်ရှားမှုက ရယ်စရာကောင်းနေသေးသည်။
သို့သော်လည်း ကျွင်းရှောင်ယောက်က လက်ညှိုးတစ်ချက်ညွှန်ပြပြီးနောက် လီကူတို့ကို မကြည့်တော့ဘဲ တစ်ဖက်လှည့်လိုက်သည်။
သူက ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ဆီသို့ လျှောက်လှမ်းသွား၏။
"ကျွင်းရှောင်ယောက်... ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ် ကျိုးထျန်းတောက်ကျစ် လိုချင်တဲ့အရာလို့ ငါပြောနေတယ်"
လီကူနှင့် အခြားသူများက မျက်မှောင်ကြုတ်သွားကာ ဓားအလင်းကို ဖျက်ဆီးပစ်ရန် စိတ်ကူးလိုက်ကြသည်။
သို့သော်... ဓားအလင်းကို ကြည့်လိုက်ပြီးနောက် သူတို့အားလုံး၏ နှလုံးသားများ အေးခဲသွားကြသည်။
ဓားအလင်းက မမြန်ဆန်လဲ အနည်းငယ်ပင် နှေးကွေးပုံရ၏။
သို့သော်လည်း ၎င်းက ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ထင်ဟပ်နေပုံရသည်။
ထို့ထက် တုန်လှုပ်စရာအကောင်းဆုံးအရာက...
ထိုဓားအလင်း၌ သူတို့ကိုယ်သူတို့ ပြန်မြင်နေကြရခြင်းပင်။
"ဘာ... ဘာဖြစ်တာလဲ"
လီကူနှင့် အခြားသူများ၏ နှလုံးသားထဲတွင် တုန်လှုပ်ခြောက်ခြားသွားကြသည်။
တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။
ပို၍ ကြောက်စရာကောင်းတာက ထိုဓားအလင်းကို မခုခံနိုင်သလို မည်သူမျှ ရှောင်လွှဲ၍မရပေ။
ထိုဓားအလင်းက သူတို့ကိုသေခြင်းကို ဆုံးဖြတ်ထားပုံရသည်။
"ရွှပ်..."
မည်သို့မျှ ခုခံနိုင်ခြင်းမရှိဘဲ၊ လီကူနှင့် အခြား စန်းမျိုးနွယ်ဝင်များ၏ ဝိညာဉ်ခန္ဓာများက တိတ်တဆိတ် ပျက်သုဉ်းသွားတော့သည်။
ဤဓားက နှလုံးသားကို ဖြတ်တောက်နိုင်သည်။
၎င်းက ရှေးဦးဝိညာဉ်နှင့် နှလုံးသားကို ပို၍ ထိခိုက်စေနိုင်စွမ်းရှိ၏။ ၎င်းက ဝိညာဉ်များအတွက် အိပ်မက်ဆိုးပင်။
ယခုလေးတင် မာနထောင်လွှားနေသော စန်းမျိုးနွယ်ဝင်များမှာ နောက်အခိုက်မှာတော့ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
လူအားလုံးက ဆွံ့အနေပြီး ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် အင်မော်တယ်အမြစ်ဆီသို့ လျှောက်လှမ်းသွားနေပြီဖြစ်သော ကျွင်းရှောင်ယောက်ကို လှည့်ကြည့်လိုက်ကြသည်။
"ဒါက ဘယ်လို အင်မော်တယ်ပညာရပ်မျိုးလဲ"
အင်မော်တယ်အကယ်ဒမီမှ တပည့်များစွာတို့က အော်ဟစ်လိုက်ကြလေသည်။
ကျွင်းရှောင်ယောက်၏ နည်းလမ်းများက သူတို့၏ အသိအမြင် နားလည်မှုများကို တစ်ဖန်ပြန်လည်ဆန်းသစ်စေသည်။