အခန်း ၁၁၇၄
Vol. 79 Ch. 1174
အခန်း ( ၁၁၇၄ ) မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေ။
ရွှီထျန်းလောက၏ နက်နဲရာအရပ်တွင် ကျွင်းရှောင်ယောက်က တစ်ယောက်တည်း လမ်းလျှောက်ရင်း တွေးနေသည်။
ယခင်က ရွှီထျန်းလောကကို ရိုးရှင်းသော အတွေ့အကြုံတစ်ခုဟုသာ သူထင်ခဲ့ပေသည်။
ယခုတော့ အခြေအနေများက ပိုမို ရှုပ်ထွေးလာသည်။
ရွှီထျန်းလောကတွင် လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံရ၏။
ဥပမာအားဖြင့် ရှေးဟောင်းမြင့်မြတ်ခန္ဓာသွေးကို လှုပ်ရှားစေသော လျှို့ဝှက်ချက် ဖြစ်သည်။
စန်းမျိုးနွယ်နှင့် ကောင်းကင်ကိုးပါးအထက်မှ လျှို့ဝှက်နေသော တားမြစ်မိသားစုလည်း ပေါ်လာ၏။
မူလက ဤအင်အားစုများသည် နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သည်။
ယခုတော့ အားလုံး ကိုယ်ယောင်လာပြီ။
သို့ဆိုလျှင် ကောင်းကင်ကိုးပါးအထက် အသက်တားမြစ်နယ်မြေကလည်း လှုပ်ရှားလာတော့မည်လော။
ထို့ပြင် စဉ်းစားရမည့် အချက်တစ်ခုလည်း ရှိနေဆဲ ဖြစ်သည်။
ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ကျိန်စာကို ဘယ်တုန်းကမှ မေ့လျော့ခြင်းမရှိပေ။
ယခင်က သူသည် မြေအောက်ကမ္ဘာရှိ ရှေးဟောင်းအပျက်အယွင်းဖြစ်သည့် ဟေးယွမ်ချောက်တွင် အခြေအနေအချို့ကို စုံစမ်းခဲ့ဖူးသည်။
မြင့်မြတ်ခန္ဓာ၏ကျိန်စာတွင် အမှောင်ကမ္ဘာအပြင် အခြားသူများလည်း ပါဝင်မှုရှိ၏။
အသက်တားမြစ်နယ်မြေမှ သက်ရှည်ကျွန်းလည်း တစ်ဦးအပါအဝင် ဖြစ်သည်။
အသက်တားမြစ်နယ်မြေက နောက်ပိုင်းတွင် ပေါ်လာခဲ့သည်ရှိသော် သက်ရှည်ကျွန်းလည်း သဘာဝအတိုင်း ပေါ်လာလိမ့်မည်။
'အသက်တားမြစ်နယ်မြေက အနာဂတ်မှာ ပေါ်လာနိုင်တာမို့ မြင့်မြတ်ခန္ဓာရဲ့ကျိန်စာကို ရှင်းရှင်းလင်းလင်းဖြစ်အောင် စုံစမ်းရမယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးနေမိသည်။
'ဒါပေမဲ့ အခုအချိန်မှာတော့ ရွှီထျန်းလောကမှာရှိတဲ့ အခွင့်အလမ်းတွေကို အာရုံစိုက်ဖို့ လိုသေးတယ်'
ထို့နောက် ရှေ့ကို ဆက်လျှောက်သွားလေသည်။
ရွှီထျန်းလောက၏ နက်နဲရာတွင် အင်မော်တယ်အကယ်ဒမီ၏ တပည့်များ များများစားစား မရှိပေ။
နောက်ဆုံးတွင်၊ ရွှီထျန်းလောက အတွင်းပိုင်းသို့ ပိုနက်ရှိုင်းလေလေ၊ အန္တရာယ်က ပိုများလေ ဖြစ်သည်။
ထိပ်သီးပါရမီရှင်တချို့မှလွဲ၍ မည်သူမဆို သူတို့၏ဝိညာဉ်ကို ဖျက်ဆီးမည်မဟုတ်ကြောင်း အာမခံရန် မလွယ်ပေ။
မကြာလိုက်ပါ။
ကျွင်းရှောင်ယောက်က နောက်ဆုံးတွင် ရွှီထျန်းလောက အတွင်းပိုင်းရှိ မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေသို့ ရောက်ရှိခဲ့သည်။
ဤနေရာက ရွှီထျန်းလောက၏ အနက်ရှိုင်းဆုံးမှ တားမြစ်နယ်မြေပင်။
၎င်းက အလွန်အန္တရာယ်များသည်။ ထိုထဲသို့ ဝင်ပြီးပါက ပြန်ထွက်လာနိုင်မည် မဟုတ်ပေ။
အမှန်တော့၊ မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် ၎င်းတို့၏ ဝိညာဉ်များက ပျက်သုဉ်းသွားမည် ဖြစ်သည်။
"မြင့်မြတ်ခန္ဓာသွေးရဲ့ တုံ့ပြန်မှုက ပိုပြီး အားကောင်းလာတယ်"
ကျွင်းရှောင်ယောက်က ရေရွတ်လိုက်သည်။
ထို့နောက် ရှေးဦးဝိညာဉ်စွမ်းအားကို ဖြန့်ကျက်ပြီး အဆုံးမဲ့ မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေအတွင်းသို့ ဝင်ရောက်သွား၏။
ရုတ်တရက်၊ ကျွင်းရှောင်ယောက်ဟာ သွေးကမ္ဘာထဲသို့ ရောက်လာပုံရသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါက မြင်မြင်သမျှ အရာအားလုံးမှာ သွေးချင်းချင်းနီနေ၏။
သွေးများ စွန်းထင်းနေသည့် ရှေးဟောင်းစစ်မြေပြင်တစ်ခုကဲ့သို့ပင်။
ရှေးခေတ်က ကျန်ခဲ့သည့် ထင်ယောင်ထင်မှား အမျိုးမျိုးတို့လည်း ပေါ်လာကြသည်။
ရှေးဧကရာဇ်များ တိုက်ခိုက်ကြပြီး ရှေးခေတ်မှ ရက်စက်ကြမ်းကြုတ်သော သားရဲများလည်း ရင်ဆိုင်နေကြ၏။
ခေတ်တစ်ခု၏ ပျက်စီးခြင်း၊ တုန်လှုပ်ချောက်ချားစရာကောင်းသော စစ်ပွဲကြီးတစ်ခုကဲ့သို့ပင်။
ယောင်ဝါးဝါးဖြင့်၊ ကျွင်းရှောင်ယောက်သည် ရွှေရောင်သွေးများနှင့် စွမ်းအင်က ကောင်းကင်သို့ ထိုးတက်ကာ စကြဝဠာအနှံ့ ပျံ့နှံ့သွားသည်ကို မြင်လိုက်ရသည်။
"အဲဒါက ကြီးမြတ်တဲ့ မြင့်မြတ်ခန္ဓာပဲ"
ကျွင်းရှောင်ယောက် အလွန်အံ့သြသွားသည်။
အဲဒါက ဘယ်လိုစစ်ပွဲမျိုးလဲ။ ရှေးဟောင်းမြင့်မြတ်ခန္ဓာမျိုးရိုးလည်း ဒီစစ်ပွဲမှာ ပါဝင်နေတာလား။
သို့ရာတွင်...
ထိုကဲ့သို့ ကြောက်စရာကောင်းသော စစ်ပွဲကြီး အမှန်တကယ် ရှိခဲ့လျှင် အဘယ်ကြောင့် မှတ်တမ်းတင်မထားသနည်း။
ယခုအခါတွင်၊ ရွှီထျန်းလောကနှင့်ပတ်သက်သည့် မရေရာသော မှတ်တမ်းများသာ ရှိသည်။ ယင်းက... အစွမ်းကြီးမားသည့် အကျော်အမော်များ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော အချိန်နှင့် ဟင်းလင်းပြင်အတွင်း ပရမ်းပတာနေရာတစ်ခုပင်။
သို့သော်လည်း ကျွင်းရှောင်ယောက်ကတော ဤတိုက်ပွဲသည် အလွန်အရေးကြီးသော အရေးပါသည်ဟု ယောင်ဝါးဝါး ခံစားမိသည်။
အင်မော်တယ်နယ်မြေကြီး၏ အဓိက အချိုးအကွေ့တစ်ခုပင် ဖြစ်လိမ့်မည်။
သို့ရာတွင် တစ်စုံတစ်ဦးက ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပစ်ကာ သမိုင်းမှတ်တမ်း မတင်ထားခဲ့ပေ။
ဤစစ်ပွဲတွင် မြင့်မြတ်ခန္ဓာမျိုးရိုး၏ အောင်မြင်မှုများကိုလည်း တမင်မြှုပ်နှံထားခဲ့သောကြောင့် ကမ္ဘာက ချီးမွှမ်းခြင်း မရှိကြတော့ပါ။
'ငါ မသိသေးတဲ့ လျှို့ဝှက်ချက်တွေ ပိုများလာတယ်'
ကျွင်းရှောင်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။
ထိုအချိန်တွင်...
ကျန်သော မြင်ကွင်းများက ရေလှိုင်းကဲ့သို့ တုန်ခါလာသည်။
မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေ၏ နက်နဲရာအရပ်မှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
ပြင်းထန်သော သွေးနှင့် စွမ်းအင်လှိုင်းများက သွေးစွန်းနေသော ကောင်းကင်အောက်တွင် လွင့်ပျံလာတော့သည်။
နောက်ဆုံးတွင် မိစ္ဆာသွေးမိုးကြိုးနဂါးကြီး ဖြစ်သွားသည်။
“ကြောက်စရာကောင်းလိုက်တဲ့ သွေးစွမ်းအား…”
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
စွမ်းအင်နှင့် သွေးတို့က မိစ္ဆာသွေးမိုးကြိုးနဂါးအဖြစ်သို့ ပြောင်းလဲသွား၏။
ထိုစွမ်းအင်နှင့် သွေးတို့က စိတ်ကူးမယဉ်နိုင်သော အကျော်အမော်တစ်ဦးထံမှ ဖြစ်ပေါ်လာခြင်း ဖြစ်သင့်သည်။
၎င်းက ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ ဘိုးဘေးတစ်ဦးပင် ဖြစ်နိုင်ချေရှိသေးသည်။
နောက်ဆုံးတွင် ကျွင်းရှောင်ယောက် သဘောပေါက်သွားသည်။
အဘယ်ကြောင့် သူ၏ ရှေးဟောင်းမြင့်မြတ်ခန္ဓာသွေးနှင့် ပတ်သက်သော အာရုံခံစားမှုကို ရသနည်း။
ဤသည်က အဖြေ ဖြစ်သည်။
'မြင့်မြတ်ခန္ဓာမျိုးရိုးရဲ့ ဘိုးဘေးတစ်ဦးက ရွှီထျန်းလောကကို ဖွဲ့စည်းဖို့ ဦးဆောင်လမ်းပြခဲ့တဲ့ အကျော်အမော်တစ်ဦး ဖြစ်နိုင်မလား'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်မိသည်။
"ဂါး"
မိုးကြိုးနဂါးကြီး၏ အရှိန်အဝါက အားကောင်းလွန်းသည်။
အထူးသဖြင့် မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေတွင် ပတ်ဝန်းကျင် အားသာချက်လည်း ရှိ၏။
ကျွင်းရှောင်ယောက်အတွက်တော့ မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေအတွင်းသို့ ဝင်လိုက်ကတည်းက သူ၏ရှေးဦးဝိညာဉ်ဟာ အလွန် ဖိနှိပ်ခံခဲ့ရသည်။
သူ့စိတ်ဝိညာဉ်က မသန်မာဘူးဆိုလျှင်...
မိစ္ဆာသွေးမိုးကြိုးနဂါးပင် မလိုအပ်ပါ။ မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေမှ စွမ်းအင်များ၏ ဖျက်ဆီးခြင်းကိုပင် ခံရနိုင်ချေရှိသည်။
ဤသွေးစွမ်းအင်က အလွန်ပြင်းထန်ပြီး ယန်ဓာတ် ဖြစ်သည်။
ရှေးဦးဝိညာဉ်ကတော့ ယင်ဓာတ် ဖြစ်၏။
ထို့ကြောင့် ကြီးစွာသော ဖိနှိပ်မှုကို ခံရလိမ့်မည်။
မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေက ရွှီထျန်းလောကတွင် မည်သူမျှ ခြေမချဖူးသော တားမြစ်နယ်မြေတစ်ခုဖြစ်သည်မှာ အံ့သြစရာမဟုတ်တော့ပါ။
မိစ္ဆာသွေးမိုးကြိုးနဂါးက သူ့ပါးစပ်ကိုဟပြီး ကျွင်းရှောင်ယောက်ဆီသို့ မိုးကြိုးများကို ပစ်ချလိုက်သည်။
ဤမိုးကြိုးများက ရှေးဦးဝိညာဉ် စသည်တို့အပေါ် ကြီးစွာသော သက်ရောက်မာမှု ရှိ၏။
ကျွင်းရှောင်ယောက်က မဟာနေမင်း သထ္ထကထာကို အသက်သွင်းလိုက်သည်။
မဟာနေမင်း ဓမ္မခန္ဓာက မလှုပ်ရှားသော တောင်တစ်လုံးကဲ့သို့ ကျွင်းရှောင်ယောက်၏ရှေ့တွင် ရပ်နေသည်။။
"ဂျိန်း"
မိုးကြိုးက ကျဆင်းလာ၏။
ဓမ္မခန္ဓာ တစ်ခုလုံးက တုန်ယင်နေပြီး ခန္ဓာကိုယ် မျက်နှာပြင်မှာ အက်ကွဲကြောင်းများ ပေါ်လာတော့သည်။
"အရမ်းသန်မာတယ်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက လေးနက်နေသည်။
အကယ်၍ ဤနေရာတွင် သူ၏မူလခန္ဓာ ရှိနေပါက ဤမိစ္ဆာသွေးမိုးကြိုးနဂါးကို ကိုင်တွယ်ဖြေရှင်းရန် ပြဿနာမရှိပေ။
ယခုမူ၊ ကျွင်းရှောင်ယောက်က ဝိညာဉ်ခန္ဓာမျှသာ ဖြစ်သည်။ ထို့ပြင် သူ့ဝိညာဉ်စွမ်းအား၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သေးသည်။
မဟာနေမင်း ဓမ္မခန္ဓာက ပြိုကျသွားသည်။
ထိုကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင်...
အနက်ရောင် မီးတောက် ဓားငှက်မွှေးများက ကျွင်းရှောင်ယောက်၏အနောက်မှ ရုတ်တရက် တိုက်ခိုက်လာသည်။
"ဟွမ်နျဲ့တောက်"
ကျွင်းရှောင်ယောက်၏ မျက်လုံးများက အေးစက်သွားသည်။
သူ့နောက်ဘက်တွင် ဟွမ်နျဲ့တောက်၏ ရုပ်သွင် ပေါ်လာ၏။
ယခင်က သူသည် အင်မော်တယ်အကယ်ဒမီ၏ တပည့်တစ်ဦးထံမှ သတင်းရရှိခဲ့သည်။
နောက်ပိုင်းမှာ ကျွင်းရှောင်ယောက်ပေါ်လာပြီး စန်းမျိုးနွယ်မှ လူများကိုသတ်ကာ ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို ရရှိခဲ့၏။
ထိုရလဒ်ကို ဟွမ်နျဲ့တောက်က သဘာဝအတိုင်း လက်မခံနိုင်ပေ။
ထို့ကြောင့် သူက ကျွင်းရှောင်ယောက်ကို ခြေရာများခံရန် ရွှီထျန်းလောကထဲသို့ နက်နဲစွာ ဝင်လာခဲ့သည်။
ယခုကဲ့သို့ ကျွင်းရှောင်ယောက်က အန္တရာယ်ကြုံနေချိန်တွင် လျှို့ဝှက်စွာတိုက်ခိုက်ပြီး သတ်ပစ်ချင်ခဲ့ပေသည်။
"ကျွင်းရှောင်ယောက်... ငါ မင်းကို ရဲရင့်တယ်လို့ ခေါ်ရမလား ဒါမှမဟုတ် မိုက်မဲတယ်လို့ပဲ ပြောရမလား။ မင်းက စန်းမျိုးနွယ်ရဲ့ လူတွေကိုတောင် သတ်ဝံ့တယ်"
"စန်းမျိုးနွယ်ကို နှိုးဆွတဲ့တွက် အကျိုးဆက်က ကောင်းမှာမဟုတ်ဘူး။ ဒီလိုဆိုမှတော့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ခု အင်မော်တယ်အမြစ် ငါ့ကိုပေးပြီး ဘာကြောင့် ကူညီခွင့်မပြုရတာလဲ"
ဟွမ်နျဲ့တောက်က လှောင်ပြောင်သရော်ဟန်ဖြင့် ပြောလိုက်သည်။
ကျွင်းရှောင်ယောက်၏ မျက်နှာက အေးစက်ပြီး လျစ်လျူရှုထား၏။ သူ့ပတ်ဝန်းကျင်ရှိ ရှေးဦးဝိညာဉ်စွမ်းအင်က တဟုန်းဟုန်းတောက်နေပြီး အနက်ရောင်မီးတောက် ဓားငှက်မွေးများကို ပိတ်ဆို့ထားသည်။
သို့သော်လည်း ဟွမ်နျဲ့တောက်က သူ့လက်ကို ထပ်မံ မြှောက်လိုက်ပြီး အဆုံးမဲ့ အင်မော်တယ်မီးကို အနက်ရောင်လှံအဖြစ်သို့ ပေါင်းစပ်လိုက်သည်။
ဤသည်က အင်မော်တယ်ရှေးဦးဝိညာဉ်၏ စွမ်းရည်ပင်။
အနက်ရောင်လှံကို အနက်ရောင် မီးတောက်များဖြင့် ဝန်းရံထားသည်။ ၎င်းက စိတ်ဝိညာဉ်ကိုပင် လောင်ကျွမ်းစေနိုင်ပုံရ၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာသွေးမိုးကြိုးနဂါးက ကျွင်းရှောင်ယောက်ကို ထပ်မံ တိုက်ခိုက်လိုက်တော့သည်။
ထူးခြားသော တစ်စုံတစ်ရာ မဖြစ်ခဲ့လျှင် ကျွင်းရှောင်ယောက်၏ ရှေးဦးဝိညာဉ်က ပျက်သုဉ်းသွားတော့မည်ဟု ဆိုနိုင်သည်။
ထိုအခါ ရွှီထျန်းလောကကို စူးစမ်းရန် သူ၏ အခွင့်အလမ်းလည်း ဆုံးရှုံးသွားလိမ့်မည်။
ဟွမ်နျဲ့တောက်က လှောင်ပြောင်ဟန် ပါးစပ်ဟလိုက်သည်။ သို့သော်... ကျွင်းရှောင်ယောက်၏ မျက်နှာက ကန်ရေပြင်ကဲ့သို့ တည်ငြိမ်နေသည်ကို သူတွေ့လိုက်ရသည်။
"ဟမ်"
ဟွမ်နျဲ့တောက်လည်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရ၏။
ကျွင်းရှောင်ယောက်က ဘာမျှမပြောပေ။
သူ၏ မျက်ခုံးနှစ်ခုကြားတွင် ရှေးဟောင်း ဧကရာဇ်အဆောင်တစ်ခု ပေါ်လာသည်။
ရုတ်တရက် ကြီးကျယ်ခမ်းနားသော ဧကရာဇ်အရှိန်အဝါက မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွား၏။
ကောင်းကင်နှင့်မြေပြင်ကြားတွင် ဧရာမ လူရိပ်ကြီးတစ်ခုက ဝိုးတဝါး ပေါ်လာတော့သည်။
ဤသည်မှာ လွမ်ကုဧကရာဇ်၏အရိပ် ဖြစ်သည်။
ကျွင်းရှောင်ယောက် ထုတ်ဖော်လိုက်သော ဧကရာဇ်အဆောင်ကလည်း သဘာဝအတိုင်း စိတ်ဝိညာဉ်ကို ကာကွယ်ပေးသော ဧကရာဇ်လက်နက်ဖြစ်သည့် လွမ်ကုဧကရာဇ်အဆောင်ပင်။
လွမ်ကုဧကရာဇ်အဆောင်၏ အငွေ့အသက်များ ဖြာထွက်လာချိန်တွင်...
ရွှီထျန်းလောက၏ တစ်နေရာတွင် အခွင့်အလမ်းများကို ရှာဖွေနေသော လျှို့ဝှက်ဆန်းကြယ်သည့် လူတစ်စုကလည်း ခံစားမိသွားကြသည်။ သူတို့၏ အမူအရာများကလည်း ချက်ချင်း ပြောင်းလဲသွားပြီး အလွန်အေးစက်သွားတော့သည်။
"အဲဒါက... လွမ်ကုရဲ့ ဆက်ခံသူတစ်ဦးဦး ပြန်ပေါ်လာတာများ ဖြစ်နိုင်မလား"