← Chapters

အခန်း ၁၁၇၅

Vol. 79 Ch. 1175

အခန်း ၁၁၇၅

Vol. 79 Ch. 1175

အခန်း ( ၁၁၇၅ ) လာတုန်းက လက်ဗလာဖြစ်ပြီး လက်ဗလာနှင့် ပြန်ရရှာသော ဟွမ်နျဲ့တောက်။

လွမ်ကုဧကရာဇ်အဆောင်က ပြိုးပြိုးပြက်ပြက် တောက်ပနေပြီး အဆုံးမဲ့ ကြီးကျယ်ခမ်းနားသော ဧကရာဇ်အရှိန်အဝါတို့ကို သယ်ဆောင်လာသည်။

ယခင်ကတော့ လွမ်ကုဧကရာဇ်အဆောင်ဟာ ဤမျှ မတောက်ပခဲ့ပေ။

အကြောင်းမှာ ဤဧကရာဇ်အဆောင်ကို ရရှိခဲ့သော်လည်း ကျွင်းရှောင်ယောက်တွင် ဧကရယဇ်လက်နက်တစ်ခုကို အသုံးပြုရန် လုံလောက်သောအင်အား မရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က အဓိပဓိနယ်ပယ်သို့ ရောက်ရှိနေပြီ။

ဧကရာဇ်လက်နက်၏ စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်လျှင်ပင်...

အနည်းဆုံးတော့ စွမ်းအားတချို့ကို အသက်သွင်းနိုင်သည်။

ဤလွမ်ကုဧကရာဇ်အဆောင်က ကျွင်းရှောင်ယောက်ကို အကြိမ်ကြိမ် ကူညီခဲ့ဖူးသည်။

ကြေးအင်မော်တယ်နန်းတော်နှင့် ရှန်းရွှီကမ္ဘာတို့တွင်၊ ကျွင်းရှောင်ယောက်၏ ရုပ်ခန္ဓာက ပြိုလဲသွားသောအခါ ရှေးဦးဝိညာဉ်အမျှင်ကို ကာကွယ်ထားခဲ့တာက လွမ်ကုဧကရာဇ်‌အဆောင်ပင်။

မိစ္ဆာသွေးမိုးကြိုးနဂါးနှင့် ဟွမ်နျဲ့တောက်တို့၏ တိုက်ခိုက်မှုများက လွမ်ကုဧကရာဇ်‌အဆောင်၏ အကာကွယ်ကို မချိုးဖျက်နိုင်ခဲ့ပေ။

တိုက်ခိုက်မှုအရ လွမ်ကုဧကရာဇ်‌အဆောင်သည် ဧကရာဇ်လက်နက်များထဲတွင် နောက်ဆုံးအဆင့် ဖြစ်နိုင်သည်။

သို့သော်လည်း စိတ်ဝိညာဉ်ကို ကာကွယ်ရေးနှင့် ပတ်သက်လျှင်တော့ လွမ်ကုဧကရာဇ်‌အဆောင်က ထိပ်ဆုံးတွင် သေချာပေါက်ရှိလိမ့်မည်။

"ချီးတဲ့မှပဲ... ဧကရာဇ်လက်နက်ပဲ"

ဟွမ်နျဲ့တောက်၏ မျက်နှာက အေးစက်သွားသည်။

အမှန်အတိုင်းပြောရလျှင် ကျွင်းရှောင်ယောက်၏ အထောက်အထားအားလုံးကို လူတိုင်း မသိပါ။ သူက လွမ်ကုဧကရာဇ်၏ ဆက်ခံသူ ဖြစ်သည်။

လွမ်ကုဧကရာဇ်၏ လွမ်ထျန်းလျှို့ဝှက်ကျင့်စဉ်ကိုလည်း သူထိန်းချုပ်ထား၏။

လွမ်ကုဧကရာဇ်၏ တိုက်ခိုက်ရေး ဧကရာဇ်လက်နက်ဖြစ်သော လွမ်ကုပုဆိန် အမှတ်အသားလည်း သူ့လက်ထဲတွင် ရှိသေးသည်။

"ဧကရာဇ်လက်နက်တွေ"

ဟွမ်နျဲ့တောက်၏ မျက်လုံးထောင့်များ လှုပ်ယမ်းသွားသည်။

သူသည် ရှေးဧကရာဇ်၏ တရားဝင်သားတော်ဖြစ်သော်လည်း၊ သူ့ဖခင်ထံမှ ဧကရာဇ်တစ်ပိုင်းလက်နက်တစ်ခုသာ ရရှိခဲ့သေးသည်။

၎င်းက ရှေးဦးဝိညာဉ်ကို ကာကွယ်ရန်အတွက် သီးခြားလက်နက်လည်း မဟုတ်ပါ။

ထို့ပြင်၊ ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီး တစ်ခုလုံး၌ မည်သည့်လူငယ်က ကျွင်းရှောင်ယောက်ကဲ့သို့ ဧကရာဇ်လက်နက်များကို အလွယ်တကူ ထုတ်ယူနိုင်မည်နည်း။

အင်မော်တယ်အင်အားစုများ၏ အမွေဆက်ခံသူများပင်လျှင် ဤမျှလောက် မခမ်းနားနိုင်ပါ။

ယနေ့ခေတ်တွင် ပါရမီရှင်များအတွက် ဧကရာဇ်တစ်ပိုင်းလက်နက်တစ်ခုက အကောင်းဆုံးဖြစ်နေပြီ ဖြစ်သည်။

သို့သော်လည်း ကျွင်းရှောင်ယောက်၏ ဧကရာဇ်လက်နက်များက တစ်ခုမကပေ။ အကယ်၍ ထိုအကြောင်းကို ဟွမ်နျဲ့တောက်မှ သိလိုက်ပါက မည်သို့ခံစားရမလဲပင် မပြောတတ်ပါချေ။

လွမ်ကုဧကရာဇ်‌အဆောင်မှတပါး...

အတိအကျပြောရလျှင် ရှေးဟောင်းဘုရားကျောင်း၏ ဧကရာဇ်လက်နက်... ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်တန်ဆာကလည်း ကျွင်းရှောင်ယောက်၏ ရတနာ ဖြစ်သည်။

ကျွင်းရှောင်ယောက်က ပျက်စီးခြင်းနတ်ဘုရားချပ်ဝတ်ကို ဝူဟူ အသုံးပြုရန်အတွက် ယာယီလွှဲပြောင်းပေးလိုက်ခြင်းသာ။

ပျက်စီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးရှိ အင်မော်တယ်စစ်ပွဲတွင်လည်း ဘိုးဘွားနဂါးသိုက်၊ အလုံးစုံဖီးနစ်ဝိညာဉ်တောင်တန်းနှင့် မြောက်ပိုင်း ဝမ့်မိသားစုတို့၏ ဧကရာဇ်လက်နက်များကို ကျွင်းဧကရာဇ်ခုံရုံးက ရရှိခဲ့သည်။

ထို့ပြင်၊ ယင်းက ကျွင်းမိသားစု၏ ဧကရာဇ်လက်နက်များ မပါဝင်သေးပါ။

ထို့ကြောင့် ကျွင်းရှောင်ယောက်က ဧကရာဇ်လက်နက်များကို ရောင်းဝယ်ဖောက်ကားနိုင်သူဟုဆိုလျှင်ပင် မှားမည်မဟုတ်ချေ။

"ဟွမ်နျဲ့တောက်၊ မင်းမှာ ဖခင်ကောင်းတစ်ယောက်ရှိတယ်ဆိုတာနဲ့ ဟုတ်နေပြီမထင်နဲ့"

"မင်းက အင်မော်တယ်ရှေးဧကရာဇ်ရဲ့ သားတော်တစ်ဦးဖြစ်နေလို့သာ... မဟုတ်ရင် မင်း ဟွမ်နျဲ့တောက်ကို ကမ္ဘာကြီးက သိမှာတောင်မဟုတ်ဘူး"

ကျွင်းရှောင်ယောက်က လှောင်ပြောင်ပြီး အခြားတစ်ဖက်ကမ်းမှဝိညာဉ်တံတားကို အသုံးပြုလိုက်သည်။

ကောင်းကင်တွင် အနီရောင်လီလီပန်းများ ပေါ်လာ၏။ တံတားတစ်စင်းကလည်း ဟွမ်နျဲ့တောက်၏ ခြေဖဝါးအောက်တွင် ပေါ်လာတော့သည်။

ကျွင်းရှောင်ယောက်၏စကားကို ကြားရပြီးနောက် ဟွမ်နျဲ့တောက်၏ အမူအရာက ပြောင်းလဲသွားသည်။ သူ့မျက်နှာက မည်းမှောင်သွား၏။

ကျွင်းရှောင်ယောက်၏စကားက ဟွမ်နျဲ့တောက်၏ အရှိုက်ကို တိုက်ရိုက်ထိမှန်သည်။

မမှားပေ။

လောကကြီးက သူ့အဖေကို ကြောက်ရုံသာ ဖြစ်သည်။

သူ့ကိုတော့ လုံးဝ ဂရုမစိုက်ကြပေ။

စန်းမျိုးနွယ်မှ ထိုလူများကလည်း အင်မော်တယ်ရှေးဧကရာဇ်အတွက် သူ့ကို လွှတ်လိုက်မည်ဟု ဆိုခဲ့သည်။

ယင်းက ဟွမ်နျဲ့တောက်၏ ဒဏ်ရာတစ်ခုပင်။

ယခုတော့ ကျွင်းရှောင်ယောက်က သူ့ဒဏ်ရာကို ဆားဖြင့်ပက်လိုက်ပြီ ဖြစ်သည်။

"မင်းက ငါ့ရဲ့တာအိုနှလုံးသားကို ရှုပ်ထွေးအောင်လုပ်ချင်နေရင် မဖြစ်နိုင်ဘူးကွ"

ဟွမ်နျဲ့တောက်က အော်ဟစ်ပြီး အင်မော်တယ်မီးတောက်ဖြင့် ဝိညာဉ်တံတားကို လောင်ကျွမ်းစေရန် ကြိုးစားလိုက်သည်။

သို့ရာတွင်၊ လွမ်ကုဧကရာဇ်‌အဆောင်မှ ဧကရာဇ်အင်အားက သူ့ကို ဖိနှိပ်ထား၏။

ယင်းက ဟွမ်နျဲ့တောက်ကို လုံးဝ အားနည်းချက်တစ်ခု ဖြစ်စေခဲ့သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ ဟွမ်နျဲ့တောက်၏ ခန္ဓာကိုယ်က အင်မော်တယ်မီးတောက်များ လောင်ကျွမ်းလာသည်။

သူက ပြန့်ကျဲလာသော ရှေးဦးဝိညာဉ်ကို စုစည်းရန် ကြိုးစားလိုက်၏။

"အသုံးမဝင်ပါဘူးကွာ၊ ငါက အင်မော်တယ်ရှေးဦးဝိညာဉ်ကွ။ ရွှီထျန်းလောကမှာ ဘယ်သူက ငါ့ကို ဖျက်ဆီးနိုင်မှာလဲ"

ဟွမ်နျဲ့တောက်က အေးစက်စက် အော်ဟစ်လိုက်သည်။

ကျွင်းရှောင်ယောက်၏ အမူအရာကတော့ တည်ငြိမ်နေဆဲပင်။

ယခင်က၊ အမှန်တရား၏သားတော်သည်လည်း ထိုသို့သော ယုံကြည်မှုမျိုး ရှိခဲ့သည်။

"အင်မော်တယ်ရှေးဦးဝိညာဉ်က ပြိုင်ဘက်ကင်းလို့ မင်း တကယ်ထင်နေတာလား"

ကျွင်းရှောင်ယောက်က ဝါးမျိုခြင်းပညာရပ်အမျိုးမျိုးဖြင့် တစ်ခုတည်းသော တွင်းနက်ကို ဖန်တီးလိုက်သည်။

ဤသည်မှာ ဝါးမျိုခြင်းနိယာမ၏ အဆုံးစွန်သော ပြယုဒ် ဖြစ်သည်။

တစ်ခုတည်းသော တွင်းနက်က အရာအားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိ၏။

အင်မော်တယ်ရှေးဦးဝိညာဉ်ဆိုရင်ကော ဘာဖြစ်လဲ။

အကယ်၍ ၎င်းက ပြီးပြည့်စုံသော အင်မော်တယ်ရှေးဦးဝိညာဉ်ဖြစ်လျှင်၊ အချိန်တိုအတွင်း တစ်ခုတည်းသောတွင်းနက်၏ ဝါးမျိုခြင်းကို ခံရမည် မဟုတ်ပါ။

သို့ရာတွင်၊ ဟွမ်နျဲ့တောက်က ရှေးဦးဝိညာဉ် တစ်စိတ်တစ်ပိုင်းဖြင့်သာ ရွှီထျန်းလောကကို ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

သဘာဝအတိုင်း ယှဉ်ပြိုင်ရန်က သူ့အတွက် မလွယ်ပေ။

"မဟုတ်ဘူး"

ဟွမ်နျဲ့တောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက ကျွင်းရှောင်ယောက်ကို လုပ်ကြံရန်အတွက် လိုက်လာခြင်း ဖြစ်သည်။

ယခုမူ၊ သူကိုယ်တိုင် ကျဆုံးခဲ့ရပြီ။

ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်ခု အင်မော်တယ်အမြစ်ကို ရရှိရန် မဆိုထားဘိ...

အခွင့်အလမ်းများကို ရှာဖွေရန်ပင် အခွင့်အရေး မရှိတော့ပါ။

ထို့ထက် အရေးကြီးဆုံးက သူသည် ရွှီထျန်းလောကတွင် ကြီးကြီးမားမား အခွင့်အလမ်းများ လုံးဝ မရခဲ့ခြင်း ဖြစ်သည်။

"ဝမ်"

ဟွမ်နျဲ့တောက်၏ ရှေးဦးဝိညာဉ်က တစ်ခုတည်းသောတွင်းနက်တွင် ပျက်စီးသွားကာ ကျွင်းရှောင်ယောက်၏ သန့်စင်ခြင်းကို ခံလိုက်ရလေသည်။

'ယုံကြည်ခြင်းရှေးဦးဝိညာဉ်နဲ့ အင်မော်တယ်ရှေးဦးဝိညာဉ်တို့ကို ငါ့ရဲ့ ရှေးဦးဝိညာဉ်အတွက် ဝါးမျိုပြီး သန့်စင်နိုင်တာပဲ'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ဝါးမျိုခြင်းနိယာမကို ထိန်းချုပ်သော ကျင့်ကြံသူများက နတ်ဆိုးလမ်းစဉ်သို့ ကျရောက်လွယ်တာ အံ့ဩစရာမဟုတ်တော့ပေ။

၎င်းက တိုးတက်ရန်လွယ်သလို လူများကို ဝါးမျိုသန့်စင်လိုသည့် ခံစားချက်ကလည်း ထိန်းချုပ်ရန် ခက်သည်။

တစ်ဖက်တွင် မိစ္ဆာသွေးမိုးကြိုးနဂါးက ကျွင်းရှောင်ယောက်ကို ထပ်မံတိုက်ခိုက်လိုက်သည်။

သို့သော်လည်း လွမ်ကုဧကရာဇ်‌အဆောင်က ကာကွယ်ထားတာကြောင့် ကျွင်းရှောင်ယောက်ကို ခြိမ်းခြောက်မှု သိပ်မရှိခဲ့ပေ။

အတွေးတစ်ခုဖြင့် ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

ရှန်းရွှီကမ္ဘာတွင် ရှေးဟောင်းမြင့်မြတ်ခန္ဓာ ပြိုကျပြီးနောက် ကျွင်းရှောင်ယောက်က အဇူရာဧကရာဇ်၏ ဆက်ခံသူအနေဖြင့် ပြန်ပေါ်လာခဲ့သည်။

မြင့်မြတ်ခန္ဓာတာအိုသန္ဓေအကြောင်းကိုတော့ လျှို့ဝှက်ထား၏။

ထို့ကြောင့် လူအများက ကျွင်းရှောင်ယောက်အား ကစဉ့်ကလျားခန္ဓာအဖြစ်သာ သိကြသည်။

၎င်းက သူ့အတွက် ဝှက်ဖဲတစ်ခု ဖြစ်နိုင်ပေသည်။

ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာ၏ အငွေ့အသက်ကို ထုတ်လွှတ်လိုက်ပြီးနောက်...

မိစ္ဆာသွေး မိုးခြိမ်းနဂါးကြီးက ရုတ်တရက် ရပ်တန့်သွားသည်။

နောက်အခိုက်အတန့်တွင် သူသည် အံ့အားသင့်ဖွယ်ရာ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့၏။

မိစ္ဆာသွေးမိုးကြိုးနဂါးကြီးက ကျွင်းရှောင်ယောက်ကို အရိုအသေပေးနေသကဲ့သို့ ဦးညွတ်လိုက်တော့သည်။

ယင်းက ကျွင်းရှောင်ယောက်ကို အနည်းငယ် အံ့သြသွားစေသည်။

၎င်းက စွမ်းအင်နှင့် သွေးမှ ပေါင်းစပ်ထားသော မိုးကြိုးနဂါးတစ်ကောင်မျှသာ ဖြစ်သော်လည်း တကယ့်သက်ရှိသတ္တဝါတစ်ကောင်ကဲ့သို့ပင်။

ယင်းက အချက်တစ်ခုကို သက်သေပြခဲ့သည်။

ဤသွေးပိုင်ရှင်က အလွန်တရာ အစွမ်းထက်လှပြီး စိတ်ကူးမယဉ်နိုင်သော တည်ရှိမှုပင်။

ကျွင်းရှောင်ယောက်က မိစ္ဆာသွေးပုံရိပ်ယောင်နယ်မြေထဲသို့ နက်နက်ရှိုင်းရှိုင်း ရောက်သွားတော့မည် ဖြစ်သည်။

ထိုစဉ်၊ ထူးဆန်းမှုတစ်ခုကို ရုတ်တရက် သတိပြုလိုက်မိ၏။

သူ့နောက်မှ အံ့အားသင့်နေပုံရသော အသံတစ်ခု ထွက်ပေါ်လာသည်။

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်အေးဆေးနေတာလဲ"

ကျွင်းရှောင်ယောက်က လှည့်ကြည့်လိုက်တော့ မနီးမဝေးတွင် လူတစ်စုကို တွေ့လိုက်ရသည်။

သူတို့၏ အရှိန်အဝါများက မှုန်ဝါးနေပြီး အားလုံးထက် သာလွန်ပုံရ၏။

သူတို့၏ အငွေ့အသက်က အင်မော်တယ်နယ်မြေကြီးနှင့်မတူဘဲ အလွန်ထူးဆန်းသည်။

"အဲဒါက လွမ်ကုဧကရာဇ်‌အဆောင်ပဲ။ မင်းက တကယ်ကို လွမ်ကုဧကရာဇ်‌ရဲ့ ဆက်ခံသူ ဖြစ်ပုံရတယ်"

လူအုပ်ကြားတွင် ခေါင်းဆောင်က ရှေ့သို့ထွက်လာပြီး ကျွင်းရှောင်ယောက်ကို မေးလိုက်သည်။

ထိုကဲ့သို့ အထက်စီးဆန်သော အမူအရာမျိုးက စန်းမျိုးနွယ်မှလွဲ၍ တားမြစ်မိသားစုသာ ရှိလိမ့်မည်။

'ဒီရွှီထျန်းလောကမှာ ကောင်းကင်ကိုးခုရှေးအပျက်အယွင်းနဲ့ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတစ်ခုမက ရှိနေပုံရတယ်။ အဲဒါက ဒီတားမြစ်မိသားစုတွေရဲ့ ပါရမီရှင်တွေအတွက်လည်း စမ်းသပ်ရာနေရာပဲ ဖြစ်ရမယ်'

ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

သို့သော်လည်း ထိုလူအုပ်စု၏ အမူအယာကိုကြည့်လျှင် သူတို့က ကျွင်းရှောင်ယောက်အပေါ် ရန်လိုစိတ်အပြည့်ရှိပုံရသည်။

ကျွင်းရှောင်ယောက်မှာ တိတ်တဆိတ် အံ့ဩသွား၏။ သူသည် ထိုလူများကို တစ်ခါမျှ မတွေ့ဖူးဘဲ ကောင်းကင်ကိုးခုအထက် တားမြစ်မိသားစုများနှင့်လည်း အဆက်အသွယ် သိပ်မရှိပေ။

တစ်ခုတည်းသော ပတ်သက်မှုက ကျိတောက်ရီ ဖြစ်သည်။

'သူတို့က လွမ်ကုဧကရာဇ်‌အဆောင်ကို အဓိကထားနေကြတာပဲ။ ဖြစ်နိုင်တာက...'

ကျွင်းရှောင်ယောက်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။

လွမ်ကုဧကရာဇ်‌သည် တစ်ချိန်က မုန်တိုင်းတစ်ခုကို ဖိနှိပ်ခဲ့ပုံရကြောင်း သူ အမှတ်ရမိ၏။

သူ၏ ဧကရာဇ်လက်နက်ဖြစ်သော လွမ်ကုပုဆိန်ကိုလည်း ထိုတိုက်ပွဲတွင် ဆုံးရှုံးခဲ့ပေသည်။

ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။

လွမ်ကုပုဆိန်နှင့် ပတ်သက်သော သဲလွန်စတစ်ခုကို သူ ရှာတွေ့တော့မည့်ပုံပင်။

All Chapters