အခန်း ၁၁၈၁
Vol. 79 Ch. 1181
အခန်း ( ၁၁၈၁ ) ရှောင်ချမ်ရွယ်။
ဤပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်က အစစ်ဟုတ်တာ၊မဟုတ်တာကို ဘေးဖယ်ထားလျှင်ပင်...
၎င်းတွင်ပါရှိသော စွမ်းအင်များက အလွန်အစွမ်းထက်သည်။
၎င်းကို အဓိပဓိတစ်ပါးလျှင်ပင် သတိထားပြီး သန့်စင်ရမည်။
သို့သော်လည်း ဤကလေးမလေးက အဆာပြေ မုန့်စားနေသကဲ့သို့ တစ်လုပ်တည်း ဝါးမျိုပစ်လိုက်သည်။
ထို့ပြင် သူ့ခန္ဓာကိုယ်က တုံ့ပြန်မှု လုံးဝမရှိပေ။
ဒါက အလွန်ထူးဆန်းသည်။
'သူက ဘယ်လိုတည်ရှိမှုမျိုးလဲ'
ကျွင်းရှောင်ယောက်မှာ အမှန်တကယ် အံ့အားသင့်မိသည်။
သူက တမင်တကာ စူးစမ်းမှုမျိုးတော့ မလုပ်ပေ။ မတော်တဆ ပြင်းထန်သော တုံ့ပြန်မှုမျိုး ဖြစ်ပေါ်လာပါက မကောင်းပါ။
သို့သော်လည်း ဤကလေးမလေး၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိနေတာကတော့ သေချာသည်။
ထိုစဥ် တိဟောက်ထျန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ကျွင်းရှောင်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။
"ဒီကလေးမလေးကို ငါ နည်းနည်းစိတ်ဝင်စားတယ်။ ညီနောင်ကျွင်း၊ မင်း ငါနဲ့ ခွဲယူလို့ရမလား"
သူက တစ်ခုလုံးကို အပိုင်သိမ်းရန် မစီစဉ်တော့ပါ။ နောက်ဆုံးတွင် သူ၏ လက်ရှိ ဝိညာဉ်စွမ်းအားက ယခင်တုံ့ပြန်မှုကြောင့် များစွာအားနည်းနေခဲ့ပြီ ဖြစ်သည်။
ထိုစကားကိုကြားတော့ ကျွင်းရှောင်ယောက်က ဘာမျှပြန်မပြောခင် ကလေးမလေးက နှာခေါင်းရှုံ့ကာ တိဟောက်ထျန်းကို လှည့်ပြောလိုက်သည်။
"လူဆိုးကြီး"
သူမက သက်မဲ့ပစ္စည်း မဟုတ်သောကြောင့် မည်ကဲ့သို့ တစ်ဝက်ခွဲရမည်နည်း။
ထို့ပြင် သူ့အဖေထံမှ လွှဲယူလိုခြင်း ဖြစ်သည်။
သူကမှ လူဆိုးမဟုတ်လျှင် မည်သူဖြစ်ဦးမည်နည်း။
တိဟောက်ထျန်းကတော့ ဂရုမစိုက်ပေ။
ကလေးမလေးကို အစပြုကာ တိုက်ခိုက်ခြင်းမပြုသရွေ့ သူမက အန္တရာယ်မရှိဘဲ ခြိမ်းခြောက်မှု မဖြစ်လာသင့်ပါ။
တိဟောက်ထျန်းက ကျွင်းရှောင်ယောက်ကို ကြည့်လိုက်သည်။
ကလေးမလေးကလည်း တောက်ပသော မျက်လုံးတို့ဖြင့် ကျွင်းရှောင်ယောက်ကို သနားစဖွယ် ကြည့်နေလေ၏။
သူမ နိုးလာသောအခါ ပထမဆုံး တွေ့ဆုံရသူမှာ ကျွင်းရှောင်ယောက် ဖြစ်သည်။
သူမက ကျွင်းရှောင်ယောက်ကို သူမ၏ဖခင်အဖြစ် အလိုလိုမှတ်ယူထားသောကြောင့် မစွန့်လွှတ်ချင်သည်မှာ သဘာဝပင်။
ကျွင်းရှောင်ယောက်ကလည်း မမိုက်မဲပါ။
ဤကလေးမလေး၏ မူလဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်ပြီး စိတ်ကူးမယဉ်နိုင်အောင် ဖြစ်နိုင်သည်။
ကျွင်းရှောင်ယောက်က ဤကဲ့သို့ ချစ်စရာကောင်းသော အသေးလေးများအား သဘောကျသည့်အချက်ကို ဘေးဖယ်ထားလျှင်ပင်...
ခဏတာ ဖခင်တစ်ဦးဖြစ်ခြင်းအတွက် စိတ်ထဲမထားပါ။
သူက ကလေးမလေး၏ ဖြောင့်စင်းသောနှာတံကို ခပ်ဖွဖွ တို့ထိလိုက်သည်။
ကလေးမလေးကလည်း ပြုံးသွားပြီး ကျွင်းရှောင်ယောက်၏ ပါးပြင်တစ်ဖက်ကို နမ်းလိုက်လေသည်။
ကျွင်းရှောင်ယောက်က သူမကို မစွန့်လွှတ်ကြောင်း သိလိုက်ပြီ ဖြစ်သည်။
တစ်ဖက်တွင်၊ တိဟောက်ထျန်း၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူသည် ကလေးမလေးကို သက်ရှိသတ္တဝါထက် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ခဲ့၏။
ကျွင်းရှောင်ယောက်က သူပိုင်ဆိုင်ရမည့် အခွင့်အရေးကို ယူသွားခြင်း ဖြစ်သည်။
"မင်းက ဒီဧကရာဇ်ငယ်ကို အလေးအနက်မထားဘူးထင်တယ်"
တိဟောက်ထျန်းက ပြောလိုက်သည်။
ကျွင်းရှောင်ယောက်က အနည်းငယ် မျက်ခုံးပင့်ပြီး ကြည့်လိုက်၏။
"မင်းသိတာ ကောင်းတယ်"
ကျွင်းရှောင်ယောက်က စကားများများ မပြောပေ။ သို့ရာတွင်၊ သူ့စကားပြောပါက လူများကို ဒေါသထွက်လွန်းသဖြင့် သေသွားစေနိုင်သည်။
တိဟောက်ထျန်း၏ စရိုက်က မည်မျှပင် တည်ငြိမ်စေကာမူ၊ ဤအခိုက်တွင် သည်းမခံနိုင်တော့ပေ။
နောက်ပိုင်းမှာတော့ အထူးပြောနေရန် မလိုတော့ပါ။
သူက တိုက်ရိုက် လှုပ်ရှားလိုက်သည်။ ရွှေရောင်ဝိညာဉ်စွမ်းအားက တဟုန်ထိုးတက်လာပြီး နတ်ရွှေဖြင့် သွန်းလောင်းထားသကဲ့သို့ ရွှေရောင်လက်ဝါးကြီးအဖြစ် ပြောင်းလဲသွား၏။
ဟောက်ယန် နတ်လက်ဝါး။
တိဟောက်ထျန်း၏ ဤတိုက်ခိုက်မှုမှာ အလွန်ကြောက်စရာကောင်းသည်။
ရွှီထျန်းလောကတစ်ခုလုံးတွင် ဤလက်ဝါးကို လက်ခံနိုင်သူက အလွန်နည်းပေသည်။
ကျွင်းရှောင်ယောက်ကလည်း မဟာနေမင်း သထ္ထကထာကို ထုတ်ဖော်လိုက်သည်။
ရွှေရောင် ဓမ္မခန္ဓာကြီးက လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ပြီး ဟောက်ယန်နတ်လက်ဝါးကို ရိုက်ချလိုက်၏။
ရုတ်တရက်၊ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လှိုင်းလုံးကြီးများ ပေါ်လာခဲ့သည်။ မူလက ဖရိုဖရဲဖြစ်ခဲ့သည့် နေရာမှာ ယခုအခါ အပေါက်များနှင့် ပြည့်နေတော့သည်။
ကျွင်းရှောင်ယောက်က အချိန်မဆွဲလိုသောကြောင့် လက်ညှိုးတစ်ချက် ထပ်မံညွှန်လိုက်သည်။
သာမန်ပုံစံရှိသော ဓားအလင်းတစ်ခုက တိဟောက်ထျန်းနှင့် အခြားသူများဆီသို့ ဖြတ်သန်းသွား၏။
"ဟမ်"
တိဟောက်ထျန်းက ဤဓားအလင်း၏ ထူးခြားမှုကို သတိပြုမိသည်။
"ဓားနိယာမလား"
တိဟောက်ထျန်း အံ့ဩသွား၏။ သူက ပါးစပ်ဟပြီး အသံလှိုင်း ရှေးဦးဝိညာဉ်နည်းလမ်းကို ထုတ်ဖော်လိုက်သည်။
ရွှေရောင်အသံလှိုင်းများက တုန်ခါပြီး ထွက်ပေါ်လာတော့သည်။
ဤသည်မှာ မဟာဗြဟ္မာ ကောင်းကင်သံစဥ်ဟုခေါ်သော ရှေးဗုဒ္ဓကျင့်စဉ်တစ်မျိုး ဖြစ်သည်။
၎င်းကို အသုံးပြုပြီးသည်နှင့် တစ်ပြိုင်နက် ဓမ္မလောကသုံးထောင် အနှံ့ ပဲ့တင်ထပ်ကာ သန်းရာနှင့်ချီသော သက်ရှိသတ္တဝါများ၏ နားထဲတွင် ပဲ့တင်ထပ်နေလိမ့်မည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသော နည်းလမ်းတစ်ခုဖြစ်ပြီး သတ်ဖြတ်နိုင်စွမ်းရှိသလို ဝိညာဉ်အားလုံးကိုလည်း ကယ်တင်နိုင်သည်။
ဤနေရာတွင် သာမန်ပါရမီရှင်တစ်ဦးဖြစ်ပါက သူတို့၏ ရှေးဦးဝိညာဉ်မှာ အလွယ်တကူ ပျက်သုဉ်းသွားလိမ့်မည်။
သို့သော်လည်း ကျွင်းရှောင်ယောက်၏ သတ်ဖြတ်ခြင်းဓားက အလွန်ကြောက်စရာကောင်းသည်။ ၎င်းက မဟာနတ်ဘုရားသိုင်းကြီးငါးခု၏ အနှစ်သာရ ဖြစ်၏။
"ဝုန်း"
ထိပ်တိုက်တွေ့ဆုံပြီးနောက် ပုလော့ရွယ်နှင့် ဆံနီမိစ္ဆာတို့၏ ဝိညာဉ်များက တိုက်ရိုက်ပျက်သုဉ်းသွားတော့သည်။
သို့သော်လည်း မဟာဗြဟ္မာကောင်းကင်သံစဉ်က စွမ်းအားအများစုကို ချေဖျက်ခဲ့ခြင်းကြောင့် သူတို့၏မူလခန္ဓာမှာ သေဆုံးမည်တော့ မဟုတ်ပေ။
ထို့ပြင် တိဟောက်ထျန်း၏ ရှေးဦးဝိညာဉ်က မပျက်စီးသွားပါ။
သို့သော်လည်း သူ့ခန္ဓာကိုယ်က နောက်ပြန်ဆုတ်သွားရသည်။ သူ၏ ခန္ဓာကိုယ်က ပို၍ ဝေဝါးလာပြီး ပျောက်ကွယ်လုနီး ဖြစ်လာတော့သည်။
"ငါတကယ်ပဲ နောက်ပြန်ဆုတ်သွားရတာလား"
တိဟောက်ထျန်းက မယုံကြည်နိုင်သလို အံ့ဩသွားသည်။
"ငါ့ရဲ့ ဓားချက်ကို ရင်ဆိုင်ရတာတောင် မင်းရဲ့ဝိညာဉ်က မပျောက်ကွယ်သေးဘူး။ ဒါက ငါ့ရဲ့မျှော်လင့်ချက်ကို တကယ်ကျော်လွန်နေတာပဲ"
တစ်ဖက်တွင်လည်း တိဟောက်ထျန်း၏ စွမ်းရည်က ကျွင်းရှောင်ယောက်ကို အံ့အားသင့်စေခဲ့သည်။
ဟုတ်သည်၊ သူက အကောင်းဆုံး မလုပ်ခဲ့ပါ။
သို့ရာတွင် တိဟောက်ထျန်းကလည်း ပြီးပြည့်စုံသော အခြေအနေ မဟုတ်ပေ။ သူက ပြင်းထန်သော တုံ့ပြန်မှုကို ခံစားခဲ့ရပြီး သူ၏ ဝိညာဉ်စွမ်းအားမှာ အနည်းဆုံး တစ်ဝက်ခန့် အားနည်းသွားခဲ့သည်။
ဤအချက်မှ တိဟောက်ထျန်းသည် ယခင်က သူကြုံတွေ့ဖူးသော ကြက်သွန်မြိတ်များနှင့် အလွန်ကွာခြားကြောင်း တွေ့နိုင်သည်။
သို့သော်... နောက်ဆုံးမှာတော့ ကြက်သွန်မြိတ်က ကြက်သွန်မြိတ်ပင်။
သန်မာပြီး ထူးခြားနေလျှင်ပင် အဆုံးမှာ သူလုပ်နိုင်သမျှက ရိတ်သိမ်းခံရရန် စောင့်ဆိုင်းခြင်း ဖြစ်သည်။
ကျွင်းရှောင်ယောက်က မျိုးဆက်သုံးခု ရှေးဦးဝိညာဉ် စွမ်းအားကို အသက်သွင်းလိုက်သည်။
အတိတ်ဝိညာဉ်၏ ပြန်လည်ဝင်စားခြင်းကပ်ဘေး။
ပစ္စုပ္ပန်ဝိညာဥ်၏ မဟာနေမင်း သထ္ထကထာ။
အနာဂတ်ဝိညာဉ်၏ အခြားတစ်ဘက်ကမ်းမှ ဝိညာဉ်တံတား။
အစွမ်းထက်သော ဝိညာဉ်နည်းလမ်းသုံးရပ်ကို ကျွင်းရှောင်ယောက်က တချိန်တည်း ထုတ်ဖော်လိုက်သည်။
ထိုစွမ်းအားများကြောင့် ရွှီထျန်းလောကတစ်ခုလုံး တုန်လှုပ်ပြီး မတည်မငြိမ်ဖြစ်လာတော့သည်။
"မင်းရဲ့ဝိညာဉ်က... မျိုးဆက်သုံးခု ရှေးဦးဝိညာဉ်ပဲ"
တိဟောက်ထျန်း လွန်စွာ အံ့သြသွားသည်။
ဤသည်က ကောင်းကင်ကို အံတုနိုင်သော ရှေးဦးဝိညာဉ် ဖြစ်၏။ ၎င်းက သူ၏ ရှေးဦးဝိညာဉ်ထက် အားမနည်းနိုင်ပေ။
သူ၏ ရှေးဦးဝိညာဉ်က ရှေးခေတ် အင်မော်တယ်ခုံရုံး၏ အသန်မာဆုံး အကျော်အမော်တစ်ဦးထံမှ အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။
"မင်းရဲ့ မူလခန္ဓာရောက်လာရင် ငါ့ကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်လိမ့်မယ်"
"ဒါပေမဲ့... လက်ရှိ မင်းက ဝိညာဉ်ခန္ဓာတစ်ခုပဲ၊ ပြီးတော့ သိပ်ပြီး အားနည်းတယ်။ မင်းက ငါ့ကို တိုက်ခိုက်ဖို့ အရည်အချင်းမရှိဘူး"
ကျွင်းရှောင်ယောက်က တည်ငြိမ်စွာပြောပြီး ရှေးဦးဝိညာဉ်သုံးခုဖြင့် တပြိုင်နက်တည်း ဖိနှိပ်လိုက်သည်။
သူက ခုခံရန်ကြိုးစားသေးသော်လည်း နောက်ဆုံးမှာတော့ သူ၏စိတ်ဝိညာဉ် ပြိုလဲသွားတော့သည်။
သို့သော်... ၎င်းက အမှန်တရား၏ သားတော်၊ ဟွမ်နျဲ့တောက်တို့နှင့် မတူပေ။
တိဟောက်ထျန်းက ဒေါသထွက်ခြင်းမရှိဘဲ သူ့စိတ်က တည်ငြိမ်နေခဲ့သည်။
"သွားရမဲ့လမ်းက ဝေးနေပါသေးတယ်။ ကျွင်းရှောင်ယောက်... မင်းနဲ့ငါ ထပ်တွေ့ကြတာပေါ့"
တိဟောက်ထျန်းက သူ့လက်နှစ်ဖက်ကို နောက်သို့ယှက်လိုက်သည်။ သူ၏ ဝိညာဉ်ခန္ဓာကလည်း ရွှေရောင် နှင်းရည်စက်များကဲ့သို့ လွင့်မျောကာ ပျောက်ကွယ်သွားတော့သည်။
ကျွင်းရှောင်ယောက်လည်း တည်ငြိမ်စွာပင် ကြည့်နေလိုက်သည်။
တိဟောက်ထျန်းက သူ့အား ထူးဆန်းသလို ခံစားရစေ၏။
သူက အရာအားလုံးကို ထိန်းချုပ်ထားသူလို ယုံကြည်မှုရှိသည်။
ယခင်က ရွှီထျန်းလောကတွင် မည်သို့သောအခွင့်အလမ်းများ ရှိနေသည်ဆိုတာ သိနေသကဲ့သို့ပင်။
တိဟောက်ထျန်းက သူကဲ့သို့ အပြာရောင် ကမ္ဘာမြေမှ လူတစ်ယောက်ဖြစ်နေမလားဟုပင် အမှန်တကယ် သိချင်မိခဲ့သည်။
'ငါ ဒါကို နည်းနည်းပိုပြီး အလေးအနက်ထားသင့်တယ်'
ကျွင်းရှောင်ယောက်က သူ့စိတ်ထဲမှ တွေးလိုက်သည်။
သူက အခြားရန်သူများကို အထူးသဖြင့် သူ့တစ်ဘဝလုံးတွင် အမြဲတမ်း ပေါ့ပေါ့နေခဲ့သည်။
သို့သော်လည်း တိဟောက်ထျန်းကတော့ အနည်းငယ် အလေးအနက်ထားပေးရန် ထိုက်တန်ပေသည်။
"ဖေဖေက လူဆိုးတွေကို မောင်းထုတ်လိုက်ပြီ။ ဖေဖေက အားကြီးတော်တာပဲ"
ကလေးမလေးက ချစ်စဖွယ်ပြုံးရင်း အော်ဟစ်လိုက်သည်။
"ငါက တကယ်ကို မင်းရဲ့အဖေမဟုတ်ပါဘူး"
ကျွင်းရှောင်ယောက်က အနည်းငယ် အကူအညီမဲ့နေသည်။
"ရှင်က ကျွန်မရဲ့ ဖေဖေပဲ"
ကလေးမလေးက အခိုင်အမာဆုံးဖြတ်ထားဟန်ဖြင့် နှုတ်ခမ်းစူလိုက်၏။
သူမက လိမ္မာပုံရသော်လည်း ဤကိစ္စနှင့်ပတ်သက်၍ လုံးဝ ညှိနှိုင်းမရနိုင်ပါ။
"မင်းမှာ နာမည်ရှိလား"
ကျွင်းရှောင်ယောက်က မေးလိုက်သည်။
ကောင်မလေးက ခေါင်းခါလိုက်၏။
သူမ၏ တောက်ပသော ငွေရောင် ဆံပင်ရှည်များကို တစ်ချက်ကြည့်ပြီးနောက် ကျွင်းရှောင်ယောက်က ရုတ်တရက် ပြောလိုက်သည်။
"ဒီလိုဆိုရင် ငါ မင်းကို ချမ်ရွယ်... ရှောင်ချမ်ရွယ်လို့ ခေါ်မယ်။ ဘယ်လိုလဲ"
"ချမ်ရွယ်..."
ကလေးမလေးက စဉ်းစားနေဟန်ဖြင့် လှပသော မျက်လုံးဝိုင်းဝိုင်းကို မှိတ်လိုက်သည်။
"အဖေက နာမည်ရွေးတာ တော်လိုက်တာ။ အခုကစပြီး ကျွန်မရဲ့ နာမည်က ချမ်ရွယ်ပဲ"
ရှောင်ချမ်ရွယ်က ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။
"ဒါနဲ့ ဖေဖေ၊ ချမ်ရွယ်က အဲဒါကို ခံစားရတယ်။ အဲဒါရဲ့ အငွေ့အသက်က ရှိနေတုန်းပဲ"
သူမက ရုတ်တရက် ပြောလိုက်သည်။
"ဘယ်ဟာလဲ"
"ချမ်ရွယ်ကို ဖေဖေကျွေးလိုက်တဲ့ဟာမျိုး"
ရှောင်ချမ်ရွယ်က ပြောလိုက်၏။
ကျွင်းရှောင်ယောက်၏ မျက်လုံးများက တောက်ပလာသည်။
ရှောင်ချမ်ရွယ်က စစ်မှန်သော ပြန်လည်ဝင်စားခြင်း လမ်းကြောင်းခြောက်သွယ် အင်မော်တယ်အမြစ်ကို ခံစားမိခြင်း ဖြစ်မည်လော။