← Chapters

အခန်း ၁၁၈၃

Vol. 79 Ch. 1183

အခန်း ၁၁၈၃

Vol. 79 Ch. 1183

အခန်း ( ၁၁၈၃ ) ခြေရာများ၏ အဆုံး။

ဆည်ကမ္ဘာသည် ရှေးခေတ်ကတည်းက အလွန်လျှို့ဝှက်ဆန်းကြယ်ခဲ့သည်။

အကန့်အသတ်မဲ့ပင်လယ်ကဲ့သို့ပင်၊ ၎င်းက ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုတစ်ခု ဖြစ်၏။

ထိုနေရာက အစွမ်းထက်ဆုံးသောသူများသာ ခြေချနိုင်သော နယ်မြေတစ်ခုလည်း ဖြစ်ချေသည်။

ယခုအချိန်တွင်၊ ဆည်ကမ္ဘာအတွင်း၌...

ကျွင်းရှောင်ယောက်က ခြေရာများကို အမှန်တကယ် မြင်လိုက်ရသည်။

ထို့ပြင် ၎င်းက လူသားမျိုးနွယ်ဝင်နှင့် သက်ဆိုင်ကြောင်း ထင်ရှား၏။

ဆည်ကမ္ဘာ၏ နိယာမများက အင်မော်တယ်နယ်မြေကြီးနှင့် ကွဲပြားသည်။

ဤနေရာတွင် ခြေရာများကို ချန်ထားနိုင်ခဲ့ခြင်းက ထိုပုဂ္ဂိုလ်မှာ အလွန်တရာ အစွမ်းထက်ကြောင်း ထင်ရှားလှပေသည်။

"ဒီခြေရာတွေကို ချန်ထားခဲ့တဲ့ အကျော်အမော်က ပြီးပြည့်စုံတဲ့ မြင့်မြတ်ခန္ဓာ သွေးတစ်စက်ရဲ့ ပိုင်ရှင်ဖြစ်နိုင်မလား"

ကျွင်းရှောင်ယောက်က မှန်းဆကြည့်လိုက်သည်။

ဟုတ်ပေသည်၊ ဤသည်က စိတ်ကူးသက်သက် ဖြစ်သည်။

ကျွင်းရှောင်ယောက်အတွက် ဤထာဝရလျှို့ဝှက်ချက်များက နက်နဲလွန်းပေသည်။

ကျွင်းရှောင်ယောက်တွင် လုံလောက်သော သဲလွန်စတို့ မရှိသေးပေ။

ယခုအခါ ကျွင်းရှောင်ယောက်က ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရတော့မည်။

တစ်ခုက တိုက်ရိုက်ထွက်သွားရုံ ဖြစ်သည်။

နောက်တစ်ခုကတော့ ဤခြေရာများအတိုင်း လိုက်လျှောက်ပြီး သဲလွန်စတချို့ ရှာတွေ့နိုင်မလား ကြည့်ရန်ပင်။

ဤခြေရာများက ဆည်ကမ္ဘာအတွင်းသို့ နက်ရှိုင်းစွာ လျှောက်လှမ်းသွားခြင်း ဖြစ်သည်။

ယင်းက အန္တရာယ်မရှိဘူးဟု အတပ်မပြောနိုင်ပေ။

ကျွင်းရှောင်ယောက်က ခဏစဉ်းစားပြီးနောက် မတုံ့ဆိုင်းတော့ဘဲ ခြေရာများအတိုင်း တိုက်ရိုက် လျှောက်လှမ်းသွားသည်။

ကျွင်းရှောင်ယောက်က ဦးနှောက်မဲ့သော ဗလကြီး မဟုတ်ပါ။

သူဒီလိုလုပ်လိုက်တာက သူ့မှာ ယုံကြည်မှုရှိလို့ ဖြစ်သည်။

ကျွင်းရှောင်ယောက်က လွမ်ကုဧကရာဇ်အဆောင်ဖြင့် သူ့ကိုယ်သူ ကာကွယ်ကာ ခြေရာအတိုင်း လိုက်ခဲ့သည်။

အတွင်းပိုင်းသို့ နက်ရှိုင်းလေလေ၊ ဆည်ကမ္ဘာက ပို၍ တိတ်ဆိတ်လာလေပင်။

ဤဆည်ကမ္ဘာကို မည်သူက ဆောက်ခဲ့သလဲဆိုတာကို စိတ်ကူးရန်ခက်သည်။

ထို့ပြင် အကန့်အသတ်မဲ့ပင်လယ်ဆိုတာ ဘယ်လိုတည်ရှိမှုမျိုး ဖြစ်သနည်း။

ကျွင်းရှောင်ယောက်တွင် အတွေးတစ်ခုပင် ရှိသည်။ အကန့်အသတ်မဲ့ပင်လယ်က စိတ်ကူးမယဉ်နိုင်လောက်သော တည်ရှိမှုတစ်ခု၏ အတွင်းစကြာဝဠာ ဖြစ်မည်လော။

ဤကမ္ဘာကြီးမှာ လျှို့ဝှက်ချက်များ အများကြီးရှိသည်။

ကျွင်းရှောင်ယောက်ကဲ့သို့ ထက်မြက်သူပင်လျှင်ပင် တစ်ခါတလေ မမြင်နိုင်သောဘောင်တစ်ခုဖြင့် ချည်နှောင်ခံထားရသကဲ့သို့ ဉာဏ်နည်းသလို ခံစားခဲ့ရသည်။

ထို့ကြောင့်ပင် ကျွင်းရှောင်ယောက်က အမြင့်ဆုံး အထွတ်အထိပ်သို့ ရောက်ချင်သည်။

သူက ထာဝရ အချိန်နှင့်နေရာကို လျစ်လျူရှုကာ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်လိုပေသည်။

ကျွင်းရှောင်ယောက်က တွေးနေချိန်တွင်...

ရုတ်တရက် ငိုညည်းသံတစ်ခုကို သူကြားလိုက်ရသည်။

ပထမတော့ ကျွင်းရှောင်ယောက်က ဒါကို ထင်ယောင်ထင်မှားဖြစ်သည်ဟု ထင်ခဲ့သေးသည်။

နောက်ဆုံးတွင် ဤနေရာက ဆည်ကမ္ဘာ ဖြစ်သည်။ တစ်စုံတစ်ယောက်၏ ငိုညည်းသံကို မည်ကဲ့သို့ ကြားရနိုင်မည်နည်း။

သို့သော်လည်း နောက်အခိုက်အတန့်တွင် ကျွင်းရှောင်ယောက်၏ အမူအရာမှာ ပြောင်းလဲသွားသည်။

ဒါက ထင်ယောင်ထင်မှား မဟုတ်ပေ။ သူက ငိုညည်းသံကို အမှန်တကယ် ကြားလိုက်ရသည်။

ငိုကြွေးသံက နိမ့်ကျသည်၊ မှုန်ဝါးသည်၊ အက်ကွဲ၏။

၎င်းက လူများကို ပြောမပြနိုင်သော နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုကိုပင် ခံစားရစေသည်။

"ဘာတွေဖြစ်နေတာလဲ၊ ဒါက စိတ်ဝိညာဉ်ရဲ့ အနှောင့်အယှက်တစ်ခုလား"

ကျွင်းရှောင်ယောက်က ချက်ချင်းပင် သတိရှိလာသည်။

နောက်ဆုံးမှာတော့၊ ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များသော ဆည်ကမ္ဘာမဟုတ်လော။

ဤနေရာမျိုးတွင် အော်ညည်းသံကိုကြားကို ကြားရပါက မည်သူမဆို တခုခုမှားနေပြီဟု ခံစားရလိမ့်မည်။

ကျွင်းရှောင်ယောက်က သတိထားပြီး လျှောက်လှမ်းသွားသည်။

နောက်ဆုံးတွင်...

ကျွင်းရှောင်ယောက်က ခြေရာများအတိုင်းလိုက်၍ ထူးခြားသော မြင်ကွင်းကို အဝေးမှလှမ်းမြင်လိုက်ရသည်။

ငိုညည်းသံက ထိုနေရာမှ ထွက်လာခြင်း ဖြစ်၏။

အကွာအဝေးတစ်ခုကြောင့် ကျွင်းရှောင်ယောက်ဟာ မြင်ကွင်းကို နောက်ကျောဘက်မှသာ မြင်နေရသည်။

နောက်ကျောဘက်မှ မြင်ရသလောက်ဆိုလျှင် အရပ်မြင့်မြင့် ထောင်ထောင်မောင်းမောင်းဖြင့် အမျိုးသားတစ်ယောက်နှင့် တူသည်။

ရှည်လျားသော အဖြူရောင်ဆံပင်များက သူ့နောက်ကျောတွင် ဖရိုဖရဲ ဖြန့်ချထား၏။

သူ့အရှေ့မှာတော့ ရေခဲခေါင်းတလားတစ်ခု ရှိနေသည်။

ထိုလူက ခေါင်းတလားရှေ့တွင် တိတ်တဆိတ် ငိုကြွေးနေခြင်းပင်။

"ဒါက..."

ကျွင်းရှောင်ယောက်က အလွန်အံ့သြသွားသည်။

ထူးဆန်းသော ဆည်ကမ္ဘာရှိ ခြေရာများ၏ အဆုံးမှာ ဤမြင်ကွင်းမျိုး ရှိခဲ့သည်။

ဤနေရာသာ ဆည်ကမ္ဘာမဟုတ်ပါက ကျွင်းရှောင်ယောက်သည် သေမျိုးကမ္ဘာသို့ ရောက်ရှိနေပြီဟု ထင်မှတ်မိလိမ့်မည်။

ယင်းက မယုံနိုင်စရာပင်။

"ဖြစ်နိုင်မလား..."

တစ်စုံတစ်ခုကို တွေးမိသောအခါ ကျွင်းရှောင်ယောက်၏ မျက်လုံးများက အံ့ဩမှုတို့ ပေါ်လာသည်။

အသက်ရှူနှုန်းမှာလည်း အနည်းငယ် ပိုမြန်လာ၏။

သူက ကြီးမားသော ဖိအားများကို တွန်းလှန်ရင်း ပို၍ နီးကပ်သွားလေသည်။

သူက ပို၍ နီးလာသောအခါ အခြေအနေကို သိလိုက်ရသည်။

ဒါက အစစ်အမှန် မဟုတ်ပေ။

"ဒါက ရှေးခေတ်ကနေ ဒီနေ့အချိန်ထိ ကျန်ရှိနေတဲ့ မြင်ကွင်းတစ်ခုပဲ"

ကျွင်းရှောင်ယောက်က အသက်ပြင်းပြင်းရှူလိုက်သည်။

ဆည်ကမ္ဘာ၏ အထူးနိယာမများကြောင့် ပုံရိပ်များ ချန်ထားရန် မလွယ်ပေ။ သို့ရာတွင်၊ ကျန်ခဲ့လျှင်လည်း သူ့အလိုလို ပျောက်ကွယ်သွားရန် ခက်သည်။

ဤသည်မှာလည်း ရှေးယခင်က ကျန်ရစ်ခဲ့သော မြင်ကွင်းတစ်ခု ဖြစ်သည်။

တစ်နည်းဆိုရသော်၊ သူ့ရှေ့မှ မြင်ကွင်းများက ရှေးယခင်က အမှန်တကယ် ဖြစ်ပျက်ခဲ့သော မြင်ကွင်းတစ်ခုပင်။

ထို့ထက် ကျွင်းရှောင်ယောက်ကို ပို၍ အံ့ဩစေသည့်အရာမှာ သူက တစ်စုံတစ်ယောက်ကို‌ တွေးမိသောကြောင့် ဖြစ်သည်။

စွမ်းအားကြီးမားပြီး အင်မော်တယ်နယ်မြေကြီး၏သမိုင်းမှာ နာမည်တစ်ခု ချန်ရစ်နိုင်ခဲ့သော သူ‌ရဲကောင်းတစ်ယောက်၏ အကြောင်းကို သူ တွေးလိုက်မိ၏။

အဆုံးမဲ့ဧကရာဇ်။

အဆုံးမဲ့ဧကရာဇ်သည် တစ်ချိန်က ရှေးဟောင်းမြင့်မြတ်ခန္ဓာတစ်ခုဖြစ်ပြီး မဟာအဆင့် ရောက်လုနီးအထိ လေ့ကျင့်နိုင်ခဲ့သည်။

သူနှင့် အနောက်တိုင်း၏ မယ်တော်ဘုရင်မတို့သည် ကောင်းကင်ကိုးခု အင်မော်တယ်နယ်မြေကြီးတွင် လူတိုင်းက အားကျရသော တာအိုစုံတွဲ ဖြစ်ခဲ့ကြသည်။

နောက်ပိုင်းမှာတော့ အင်မော်တယ်နယ်မြေကြီး၌ ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတစ်ခု ဖြစ်လာခဲ့ပေသည်။

အဆုံးမဲ့ဧကရာဇ်က ကပ်ဘေးကို အဆုံးသတ်ရန် ကောင်းကင်ကိုးခုအထက်သို့ သွားလိုသည်။

အနောက်တိုင်း၏ မယ်တော်ဘုရင်ကလည်း သူနှင့်အတူ သေခြင်းရှင်ခြင်းကို အတူတူ ဖြတ်ကျော်လို၏။

ထိုအခါ အဆုံးမဲ့ဧကရာဇ်က တံခါးပိတ်လေ့ကျင့်ကာ အဆင့်တက်ပြီးမှ အတူတူသွားကြမည်ဟု ကတိပေးခဲ့သည်။

သို့သော်လည်း အဆုံးမဲ့ဧကရာဇ်က လိမ်ညာခဲ့ခြင်း ဖြစ်သည်။

သူက အနောက်‌တိုင်း၏မယ်တော်ဘုရင်မကို ချန်ထားခဲ့ကာ ကောင်းကင်ကိုးခုအထက်သို့ တစ်ဦးတည်း ထွက်သွားတော့သည်။

သို့သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ကောင်းကင်ကိုးခုမှ ပြုတ်ကျခဲ့ရသည်။

အနောက်တိုင်း၏မယ်တော်ဘုရင်မလည်း လွန်စွာ နာကျင်ခဲ့ရပြီး ချစ်ရသူအတွက် သူ့ကိုယ်သူ စတေးခဲ့သည်။

သူမက အသက်နှင့်လဲ၍အဆုံးမဲ့ဧကရာဇ်ကို ကယ်တင်ခဲ့ပေသည်။

ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် တာအိုစုံတွဲတစ်တွဲ ပျောက်ကွယ်သွားခဲ့သည်။

သို့သော်လည်း ပိုအစွမ်းထက်သော မြင့်မြတ်ခန္ဓာတာအိုသန္ဓေ ပေါ်လာ၏။

အဆုံးမဲ့ဧကရာဇ်က အနောက်တိုင်း၏ မယ်တော်ဘုရင်မကို အနှစ်တစ်သောင်း ရေခဲခေါင်းတလားထဲတွင် တံဆိပ်ခတ်ထားခဲ့သည်။

ထို့နောက်မှာတော့‌ ခေါင်းတလားကိုထမ်းကာ ကောင်းကင်ကိုးခုအထက်ကို စတင် ဖိနှိပ်လိုက်တော့သည်။

ကောင်းကင်ကိုးခုအထက် တားမြစ်နယ်မြေက ဆိုးဆိုးရွားရွား ခံစားခဲ့ရပြီး နှစ်ပေါင်းများစွာကြာသည်အထိ လှုပ်ရှားမှုတို့ မရှိတော့ပေ။

ဤအရာက အင်မော်တယ်နယ်မြေကြီးရှိ လူတိုင်းသိကြသော ဒဏ္ဍာရီတစ်ခု ဖြစ်သည်။

အဆုံးမဲ့ဧကရာဇ်ကိုလည်း အင်မော်တယ်နယ်မြေကြီးကို ကယ်တင်ခဲ့သော သူရဲကောင်းအဖြစ် မှတ်ယူခဲ့ပေသည်။

သို့သော်... နောက်ဆုံးတွင် အဆုံးမဲ့ဧကရာဇ်က ခေါင်းတလားကို ဆောင်သွားကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ယခုတော့ ကျွင်းရှောင်ယောက် မြင်နေရသော အမှတ်အသားက...

ရှေးယခင်က အဆုံးမဲ့ဧကရာဇ် ဖြစ်နေခဲ့ပြီ။

ယင်းက ကျွင်းရှောင်ယောက်၏ မျှော်လင့်ချက်ထက် အနည်းငယ် ကျော်လွန်သွားသည်။

ကမ္ဘာ၏အမြင်တွင်၊ အဆုံးမဲ့ဧကရာဇ်က သူရဲကောင်းတစ်ဦး ဖြစ်သည်။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုတစ်ခုပင်။

သူက ချစ်ခြင်းမေတ္တာတရားကြီးမားသူ၊ မရေမတွက်နိုင်သော သက်ရှိသတ္တဝါများကို ကယ်တင်ပြီး မြင့်မြတ်ခန္ဓာမျိုးရိုး၏ တာဝန်ကို ပြီးမြောက်စေခဲ့သည်။

ယခုမူကား...

ကျွင်းရှောင်ယောက်၏ မျက်လုံးများရှေ့မှ အဆုံးမဲ့ဧကရာဇ်မှာ ဧကရာဇ်တစ်ပါး၏အရိပ်အယောင် အနည်းငယ်မျှ မရှိတော့ပေ။

သူက ရေခဲခေါင်းတလားရှေ့တွင် တိတ်တဆိတ် ငိုကြွေးနေခဲ့သည်။

ဧကရာဇ်လည်း ဝမ်းနည်းပက်လက် ငိုကြွေးနိုင်တာလား။

ကျွင်းရှောင်ယောက် အံ့ဩသွားလေသည်။

ဧကရာဇ်အဆင့်အထိ လေ့ကျင့်နိုင်သူတိုင်းက အနည်းဆုံးတော့ ပြီးပြည့်စုံသော တာအိုနှလုံးသား ရှိကြသည်။

စိတ်ခံစားချက်တိုင်းကို အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။

အကြောင်းမူ၊ သူတို့က ကမ္ဘာပေါ်ရှိ ထင်ယောင်ထင်မှားများစွာကို ဖြတ်ကျော်ပြီး အမှန်တရားကို မြင်နိုင်သောကြောင့်ပင် ဖြစ်သည်။

ဧကရာဇ်များက စိတ်ခံစားမှု ခုနစ်ပါး နှင့် တပ်မက်မှု ခြောက်ပါးကို ခံစားနိုင်သော်လည်း အလွယ်တကူ ထိန်းချုပ်ခြင်း သို့မဟုတ် စွန့်လွှတ်ခြင်း ပြုလုပ်နိုင်ပေသည်။

ယခုမူ၊ ကျွင်းရှောင်ယောက်က ဝမ်းနည်းစွာဖြင့် ငိုကြွေးနေသော ဧကရာဇ်တစ်ပါးကို မြင်လိုက်ရပြီ ဖြစ်သည်။

ဤသည်မှာ မဟာဧကရာဇ်ကြီး ဖြစ်သည်။

သူ၏ စစ်မှန်သော ခွန်အားကလည်း ဧကရာဇ်တစ်ပါးမျှ မရိုးရှင်းနိုင်ပေ။

သူ့ကို အဆုံးမဲ့ဧကရာဇ်ဟုခေါ်သော်လည်း သူ၏ ကျင့်ကြံမှုက မဟာဧကရာဇ်အဆင့်တွင် ကန့်သတ်ထားခြင်းမျိုး မရှိပါ။

သူ့ကို အင်မော်တယ်နယ်မြေကြီး၏ သမိုင်းတစ်လျှောက်မှ အကျော်အမော်များကြားတွင် ထိပ်တန်းအဆင့်ဟု ဆိုနိုင်သည်။

သို့သော်လည်း လူငယ်လေးတစ်ဦးလို ငိုကြွေးနေသေးသည်။

ထိုအချိန်တွင် ကျွင်းရှောင်ယောက်က တစ်စုံတစ်ခုကို မြင်လိုက်ရပြန်သည်။ နံဘေးတွင် အထိမ်အမှတ်ကျောက်စာတိုင်သဏ္ဍာန် ကျောက်တုံးကြီးတစ်တုံး ရှိ၏။

ထို‌အပေါ်တွင် သွေးနှင့်ရေးထားသော စာကြောင်းနှစ်ကြောင်း ရှိသည်။

နောက်ကြောင်းပြန်လာမည့်ရက် မရှိပါ။

သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းက မရေရာဘူး။

All Chapters